ပဲတီချဉ်သုပ်
ဒီနေ့တော့ ကျွန်တော့်ဆီ လာလည်သူများကို အညာဒေသရဲ့အစားအစာ တခုဖြစ်တဲ့ ပဲတီချဉ်သုပ် လုပ်နည်းလေး မျှဝေပေးချင်ပါတယ်။ ကျွန်တော်တို့ ရွာမှာတော့ ပဲတီစိမ်းကို ကိုယ်တိုင်စိုက်တော့ ပဲပင်ပေါက် ပြုလုပ်ရာမှာလည်း ပဲတီစိမ်းကို အသုံးပြုပါတယ်။ ကျွန်တော်တို့ရွာက ရှင်ပြု၊နားသ မင်္ဂလာဆောင်၊ကထိန် ဘုရားပွဲတွေမှာ ပဲတီချဉ်ဟာလည်း ဟင်းအမည်တစ်မျိုး အဖြစ်ပါဝင်ပါတယ်။ ပဲဟင်းနဲ့ငါးခြောက်ကြော် ပဲတီချဉ်သုပ် ဟင်းအစပ်ကလည်း သန့်သန့်လေးနဲ့ စားကောင်းလှတဲ့ အညာအလှူ အကျွေးအမွေးတစ်မျိုးပါ။ ပဲတီချဉ်လုပ်နည်းကတော့ ပဲတီစိမ်းအစေ့ကို ရေနွေးပွက်ပြီးသားနဲ့ ပဲစေ့များပွလာအောင် စိမ်ပေးရပါတယ်။ ပဲစေ့များပွလာပြီဆိုရင် ရေနွေထဲမှဆယ်ယူပြီး အအေးခံထား ရပါတယ်။ ကိုယ့်မိသားစုစားဖို့အတွက် ဆိုရင်တော့ အေးပြီးသားပဲ့စေ့ကို တောင်းဖြစ်စေ၊ ရေအိုးထဲကို ကောက်ရိုးထည့်၍ဖြစ်စေ ပဲပင်ပေါက် ဖောက်ပေးရပါတယ်။ ကျွန်တော်တို့ ရွာမှာတော့ အလှူတစ်လှူစာ ပြုလုပ်ရတာဆိုတော့ ပဲပမာဏလည်း များများသုံးရပါတယ်။ ထို့ကြောင့် ပဲစေ့များကို ရေနွေးဖျော(ရေနွေးအိုးထဲထည့်ပြီးတော့ မီးဖိုပေါ်မှာတင် ပဲစေ့ပွအောင် မွှေပေးခြင်းဖြစ်ပါတယ်။)ပြီး ချောင်းထဲက သဲသောင်ပြင် သန့်သန့်မှာ နှစ်ညသုံးညခန့် ထားပြီးတော့ ပဲပင်ဖောက်ပါတယ်။ ကျွန်တော်တို့ရွာက ချောင်းနဲ့နီးပြီး သဲသောင်ပြင်များလဲ ရှိတော့ ပဲပင်ဖောက်ဖို့အတွက် အဆင်ပြေပါတယ်။ သဲသောင်ပြင် မရှိရင်တော့ အထက်ကပြောတဲ့နည်းအတိုင်း တောင်း(သို့မဟုတ်)ရေအိုးထဲမှာထည့်ပြီး ကောက်ရိုးနဲ့ ဖောက်လို့ရပါတယ်။ ကောက်ရိုးကိုတော့ ရေဖြန်းပေးရပါမယ်။ ဒီနည်းကတော့ တချို့ပဲစေ့ တွေအပင်မပေါက်ပဲ ကျန်ရှိနိုင်ပါတယ်။ ကျွန်တော်တို့ရွာဘက်က ပဲပင်ဖောက်နည်းကတော့ သဲသောင်ပြင် မှာပြုလုပ်တာ ဖြစ်တဲ့အတွက် အညှောင့်မပေါက်မှာ စိုးရိမ်စရာ မလိုပါဘူး။ ပဲပင်မဖော်ခင် ရေတော့ အနည်းငယ် ဖြန်းပေးရပါတယ်။ ပဲပင်ဖော်တော့လည်း အိမ်မှာသုံးနေကျ စပါးလှေ့တဲ့ ဆန်ကာထဲ ထည့်ပြီးတော့ ရေအိုင်ထဲမှာ ရေဆေးလိုက်ယုံပါပဲ။ သဲလည်းပြောင်စင်ပြီး ပဲပင်ပေါက်လည်း ရေဆေးပြီးသား ဖြစ်သွားတာပေါ့။ ရေးဆေးပြီး ရလာတဲ့ပဲပင်ပေါက် ဖြူဖြူဖွေးဖွေးလေး တွေကို အိမ်ရောက်တော့ ဒီအတိုင်းကြော်းစားနိုင်သလို အချဉ်တည်ပြီးလည်း စားသုံးကြပါတယ်။ အလှူမှာကျွေးဖို့အတွက်ကတော့ အလှူရက်နီးမှ ကပ်ပြီး လုပ်လို့ရ ပါတယ်။ ပဲတီချဉ် တည်တာလဲ မခက်ပါဘူး သန့်စင်ပြီးသား ပဲပင်ပေါက်ကို စဥ့်အိုးထဲမှာထည့်ပြီး ဆန်းဆေးရည် လောင်းထည့်ပေးရုံပါပဲ။ အရောင်လှစေဖို့ နနွင်း(ဆနွင်း)မှုန့် ထည့်ပေးရပါတယ်။ နှစ်ညလောက်ထားပြီးရင်တော့ ပဲတီချဉ်အဆင်သင့် ဖြစ်ပါပြီ။ တချို့ကတော့ ထမင်းရည်ကို အအေးခံပြီး အသုံးပြုပါတယ်။ သူလည်းချဉ်တာပါပဲ။ ဆန်ဆေးရည်ကတော့ အအေးခံစရာမလိုတော့ အချိန်ကုန်သက်သာ တာပေါ့ဗျာ။ ကျွန်တော်သုပ်စားတဲ့ ပဲတီချဉ်ကတော့ အသင့်ဖောက်ပြီးသားပဲပင်ပေါက်ကို ဆိုင်က၀ယ်ပြီး ကိုယ်တိုင် အချဉ်တည်လိုက်တာပါ။ ဒီမှာတော့ ပဲပင်ပေါက်နှစ်မျိုးလောက် တွေ့တယ်။ နောက်တစ်မျိုးက ဘာပဲစေ့ကို လုပ်ထားလည်းတော့ မသိဘူးဗျ။ သူက အရိုးရှည်ပြီးတော့ ပဲစေ့က နဲနဲကြီးတယ်။ကျွန်တော်က တော့ ပဲတီစိမ်းနဲ့ လုပ်တာကို ပိုကြိုက်တယ်။ ပဲဟင်းကိုဗူသီးရယ် ကြာဇံလေးနဲနဲ ထည့်ပြီးတော့ချက်တယ်။ ငါးခြောက်က ကြော်စရာမရှိလို့ အသားတုကို ငရုတ်သီးအငန်စပ်လေးရယ် တွဲပြီးတော့ စားလိုက်တယ်ဗျာ။ သုံးဆောင်သွားကြပါအုံး...
ပဲနဲ့ဗူးသီးဟင်းချို၊အသားတုအစပ်ချက်နဲ့ပဲတီချဉ်သုပ်
ပဲဟင်းချို...
အသားတုအစပ်ချက်...
ပဲတီချဉ်သုပ်...
1 comments:
ပဲတီချဉ်သုတ် ၊ ပဲနဲ့ ဗူးသီး ဟင်းချို ကြည့်ပြီး တဂြီဂြီကို ၿမည္သြားေရာ .. :)
Post a Comment