မိတ္ထီလာတက္ကသိုလ်ရှေ့မှာမဟုတ်ပါဘူး(မိတ္ထီလာတက္ကသိုလ်ပုံရှာရတာ ခေါင်းမူးလို့ ကိုယ်တိုင်ပဲ သရုပ်ဆောင်ထားတယ် :) )
"တောသားမြို့ရောက်"ဆိုတဲ့ စကားလေးကို ကြားဖူးကြမယ်ထင်ပါတယ်။ တောသားတွေ မြို့ကိုရောက်ရင် ဖြစ်တတ်တာလေးတွေကို တင်စားပြီးပြောကြတဲ့ စကားလေးပေါ့။ လူဆိုတာ မွေးဖွားကြီးပြင်းတဲ့ ပတ်ဝန်းကျင် ပေါ်မှာမူတည်ပြီး ကျင်လည်ကျက်စား ရတာဆိုတော့ မြို့မှာမွေးတဲ့သူ တောရွာတွေ အကြောင်းကောင်းကောင်း မသိသလို တောမှာမွေးတဲ့ တောသူတောင်သား တွေအတွက် မြို့အကြောင်းတွေ မသိတာကလည်း သိပ်ပြီး မဆန်းလှပါဘူး။ ဒါပေမဲ့ တောသားတွေ မြို့ရောက်ပြီး ဖြစ်လာတဲ့ ဒီစကားလေး ကတော့ ပုံခိုင်းစရာလေး တခုအနေနဲ့ ကျန်ရှိနေခဲ့တာပေါ့။ စာရေးသူကျွန်တော်သည်လည်း တောသားတစ်ယောက်ပါပဲ။ ဆယ်တန်းနှစ် ရောက်မှ မိတ္ထီလာမြို့ကို ရောက်ဖူးတာပါ။ ဆယ်တန်းတစ်နှစ်လုံး မြို့မှာ နေခဲ့တာတောင် မြို့ပါးမ၀ခဲ့တဲ့ ကျွန်တော်ရယ်ပါ။ ဆယ်တန်းဆိုတော့လည်း ဘ၀အတွက် အရေးကြီးတဲ့ အတန်းဖြစ်တာရယ် တောကနေမြို့ကို တက်ပြီး ကျောင်းတက်ရတာရယ်၊ ကိုယ်ကတွဲဘက်ကျောင်းကနေ ပြောင်းလာတာဆိုတော့ အခြေခံလည်း ပါသင့်သလောက်မပါတာရယ် တွေကြောင့်သူများတွေကိုမှီအောင် မနည်လိုက်လုပ်နေရလို့ စာသင်တဲ့အချိန် ကိုယ်တက်တဲ့ ဘော်ဒါဆောင်ကို သွားရတာကလွဲ ပြီးတခြားဘယ်ကိုမှ မရောက်ဖြစ်ခဲ့ပါဘူး။ နောက်တစ်ခုက ရွာကနေမြို့ကို ကျောင်းလာတက်တာ ကိုယ်တစ်ယောက်ထဲ ဆိုတော့ မြို့သွားကျောင်းတက်ပြီး စာမေးပွဲမှ မအောင်ရင် ငါ့မိဘလည်း မျက်နှာပျက်ရမယ်၊ ငါ့ကိုယ်တိုင်လည်းအရှက်ရမယ်၊ ဆိုတဲ့စိတ်ကလည်း အမြဲတမ်း ခြိမ်းခြောက်နေတော့ စာကိုပဲ တစာစာနဲ့ လုပ်နေခဲ့ပါတယ်။(ကြွားဝါခြင်းမဟုတ်ပါ) ။ကျောင်းပိတ်တော့လည်း ရွာသားဆိုတော့ မြို့ကဗဟုသုတ ရှာဖို့ထက် ရွာကိုပြန်ချင်တဲ့စိတ်က များနေတာနဲ့ မြို့ကိုတောင် လည်လည်ပတ်ပတ် မသွားဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ တောသားတွေကလည်း ပြောမယ်ဆိုရင်ပြောစရာလေ။လျှစ်စစ်မီးဖိုကို မီးတောက်မတွေ့ လို့ ကုန်းပြီးမှုတ်တဲ့လူစားမျိုတွေဆိုတော့ ပြောမယ်ဆို ပြောသင့်ပါတယ်။ကားခေါင်းထဲကို အပေါက်မဖွင့်တတ်လို့ အပေါ်ကမှန်ပေါက်ကနေ ၀င်တာတို့၊ ရုပ်ရှင်ရုံထဲမှာ သူများတွေ မတ်တတ်ရပ်ပြီး နိုင်ငံတော်အလံ အလေးပြုတာကို ရန်ဖြစ်တယ်ထင်လို့ ဖိနပ်ကိုချွတ်ပြီး ရုံထဲက ထွက်ပြေးခဲ့တဲ့သူကလည်း ရှိသေးတယ်ဗျ။ ရိုးလိုက်အလိုက်တဲ့ တောသားတွေနော်။ ကျွန်တော်ပြောမှာက တက္ကသိုလ်ရောက်တဲ့ တောသားတစ်ယောက် အကြောင်းလေးပါ။ ကျွန်တော် ဆယ်တန်းအောင်ပြီး ၂၀၀၂ ခုနှစ်မှာပဲ တက္ကသိုလ် တက်ခွင့်ရတယ်။ ကိုယ်ရတဲ့ အမှတ်နဲ့ ကိုယ်တင်တဲ့လျှောက်လွှာ ဦးစားပေး အစီအစဉ် အတိုင်း ကျွန်တော် ဓာတုဗေဒ မေဂျာနဲ့ မိတ္ထီလာ တက္ကသိုလ် မှာကျောင်းတက်ခွင့်ရတယ်။ ကျောင်းတက်ဖို့ အကြောင်းကြားစာလေး ရောက်လာတော့ ကျောင်းဆက်တက်ဖို့ရာ အတွက်လုံးပမ်းခဲ့ရတယ်ပေါ့။ စာပေးစာယူတက်မလား၊ ဒေးတက်မလား စတဲ့မေးခွန်းတွေကိုလည်း ဘာမှကောင်းကောင်းနားမလည်ဘူးဗျာ။ အိမ်ရဲ့စီးပွားရေး အခြေအနေအရ၊ ဒေးတက်ဖို့က သိပ်ပြီးမလွယ်လှဘူး ဆိုတာကိုတော့ ကောင်းကောင်းနားလည်ထားတယ်။ အဖေက ပညာရေးအကြောင်းကို နဲနဲပါးပါး နားလည်တော့ ပထမနှစ်ကို ဖြစ်သလိုပဲ ဒေးသင်တန်းတက်ခိုင်းတယ် နောက်နှစ်တွေမှ အခြေအနေကြည့်ပြီးတော့ အဝေးသင်(စာပေးစာယူ)ပြောင်းသင့်ရင် ပြောင်းတက်တာပေါ့ ဆိုပြီး ဒေးတက်ဖို့အတွက် မဲသာသွားတယ်။ ကျောင်းသွားအပ်မယ်ဆိုကတည်းက ပိုက်ဆံကထုတ်ရပြီ အမေ့ခမြာလည်း စုထားတဲ့ ပိုက်ဆံလေးတွေ ကျွန်တော့်ကျောင်းစရိတ်အတွက် ထုတ်လာရပြီ။ သားသမီး ဘ၀ရှေ့ရေးဆိုတော့လည်း စုထားဆောင်းထားတာလေးကို ထုတ်သုံးရတာပါပဲ။ အမေက ကျွန်တော်အတွက် လိုအပ်တာလေးတွေကို ကျောက်ပန်းတောင်းမှာ လိုက်ပြီးဝယ်ပေးတယ်။ လွယ်အိတ်၊ ဖိနပ်၊ ပုဆိုး၊အကျီင်္ စတာလေးတွေပေါ့။ နေဖို့အတွက်ကတော့ ဆယ်တန်းနှစ်က နေခဲ့တဲ့အဒေါ်အိမ်ကပဲ နေပြီးတက်ရမှာဆိုတော့ အဆောင်လခပေးဖို့ မလိုတဲ့အတွက် နဲနဲတော်သေးတယ်။ အဲ့ဒီလိုနဲ့ ကျွန်တော် အိပ်ယာလိပ် ထမ်းပြီး ဒုတိယအကြိမ်မြောက် မိတ္ထီလာမြို့ကို ရောက်လာခဲ့ရပြန်တယ်။နေတဲ့အဒေါ်အိမ်ကနေ တက္ကသိုလ်ထိအောင် သုံးမိုင်နီးပါးလောက် သွားရတယ်။ စက်ဘီးလေး အစီးသင်ထားတော့ အဒေါ်အိမ်က စက်ဘီးလေးနဲ့ပဲ ကျောင်းကိုသွားရတယ်။ ခရီးအကွာအဝေးက အလယ်တန်းကျောင်းတုန်းက ကျောင်းတက်ရတဲ့ အကွာအဝေးနဲ့ အတူတူပါပဲ။ စက်ဘီးနဲ့သွားရတာရယ်၊ မြို့ထဲကားရှုပ်၊လူရှုပ်မှာ သွားရတာရယ်ပဲ ကွာပါတယ်။ ကျောင်းအပ်တာကတော့ အဒေါ်ရဲ့ အသိ စာရေးမတစ်ယောက်ကအပ်ပေးလို့ အဆင်ပြေတယ်။ကိုယ်တိုင် ဘာမှမလုပ်လိုက်ရဘူး။ နောက်နေ့ကျောင်းတက်ဖို့ သွားတော့မှ တစ်ယောက်ထဲ လည်တော့တာပါပဲ။ ကျောင်းထဲကိုဝင်ပြီး ဘယ်အဆောင်မှာ စာသင်မယ်၊ ကိုယ့်ဌာနက ဘယ်နားမယ်ဆိုတာတွေကို ဘာမှမသိဘူး။ ကျောင်းရောက်ခါစ ဆိုတော့ သူငယ်ချင်းဆိုတာလည်း တစ်ယေက်မှ မရှိသေးဘူး။ ကျောင်းအပ်ပြီး ဒုတိယနေ့မှာ ကျောင်းတက်ရမှာပဲဆိုပြီးတော့ ကျောင်းကို စက်ဘီးနင်းပြီး သွားခဲ့တယ်။ ကျောင်းအ၀င်ပေါက်ရောက်တော့ ကျောင်းထဲကို ဆက်ပြီးမ၀င်ရဲတော့ဘူး။ တက္ကသိုလ်ဆိုတာကြီးကို စိတ်ထဲမှာ ကြောက်ရွံနေမိတယ်။ တစ်ယောက်ထဲ ယောင်လည်လည်နဲ့ ဘာလုပ်ရမှန်းလဲ မသိဘူး။ သူများတွေကတော့ သူငယ်ချင်းတွေနဲ့ တ၀ါးဝါးတဟားဟား အဆင်ကိုပြေလို့ဗျ။ ကျွန်တော်မှာတော့ ကျောင်းသားသစ်လဲဖြစ်ပြန်၊ သူငယ်ချင်းဆိုတာလဲ မရှိသေးတော့ ကျောင်းထဲဝင်ရမှာကို စိတ်ကမရဲဘူးဖြစ်နေတယ်။ အဲ့ဒီနေ့ကတော့ ကျောင်းရှေ့က ပလက်ဖောင်းပေါ်မှာပဲ နေမြင့်သည် အထိထိုင်ပြီးတော့ သူများတွေ အဖွဲ့လိုက်သွားပြန်နေကြ တာကိုကြည့်ပြီး ပြန်လာခဲ့ရတယ်။ အဒေါ်ဖြစ်သူကတော့ အဆင်ပြေလား စာတွေသင်လိုက်ပြီးလား စသဖြင့် အထင်တကြီးနဲ့ မေးခွန်းတွေ မေးပါတယ်။ ကျွန်တော်လည်း အလိုက်သင့်ဖြေရင်း နောက်နေ့သွားဖို့ရာအတွက် ကိုစိတ်ထဲမှာ လေးနေမိတယ်။ ဒုတိယနေ့လည်း အခန့်သားပြင်ဆင်ပြီး ကျောင်းရှေ့ရောက်ခဲ့ပြန်တယ်။ အရင်နေ့ကလိုပဲ ကျောင်းရှေ့ပလက်ဖောင်းမှာ စက်ဘီးလေးရပ်ပြီးတော့ ခဏထိုင်နေရင်း ကိုယ့်ဘာသာ စဉ်းစားမိတယ်။ ငါဒီလိုသာ နေ့တိုင်းဒီနားမှာပဲ ထိုင်နေရင်တော့ မဖြစ်သေးဘူး၊ ငါလည်းသူတို့တွေကို ဆယ်တန်းအောင်ထားတာပဲ၊ ဒီကျောင်းက ငါတို့တက်ဖို့အတွက်ပဲ ငါလည်းသူတို့လို ကျောင်းထဲဝင်လို့ရတာ ပဲလို့ ကိုယ့်ဘာသာ အားတွေပေးပြီးတော့ ကျောင်းထဲကို စက်ဘီးစီးပြီး ၀င်သွားခဲ့တယ်။ ကျောင်းထဲတော့ရောက်သွားပြီ ဘယ်အခန်း ဘယ်အဆောင်မှာ သင်မယ်ဆိုတာကိုတော့ ထပ်ပြီးတော့ စုံစမ်းရအုံးမယ်လေ။ အဲ့ဒီနေ့ကတော့ ကျောင်းရှေ့က ကန်ဘောင်မှာထိုင်ပြီး သူများတကာတွေကို ငေးရင်းနဲ့ နေ့လည်ပိုင်းမှာ ပြန်လာခဲ့တယ်။ အရင်နေ့ကနဲ့စာရင်တော့ သတ္တိနဲနဲရှိလာလို့ ကိုယ့်ဘာသာ ချီးမွမ်းရင်း ပြန်လာခဲ့တယ်။ တတိယနေ့မှာတော့ ကျောင်းထဲကို တန်းပြီးဝင်သွားခဲ့တယ်။ ဒုတိယနေ့က ထိုင်ခဲ့တဲ့ကန်ဘောင်ဆီကို သွားပြီးတော့ ခဏထိုင်ရင်း အမောဖြေတယ်။ ဒီနေ့တော့ စာသင်ခန်းနဲ့ ဌာနကို သိအောင်စုံစမ်းမယ်လို့ ကိုယ်ဘာသာ ပြောပြီး ကျောင်းထဲကို စက်ဘီးလှည့်စီးဖို့ ဆုံးဖြတ်လိုက်တယ်။ ဌာနဟုထင်ရသော အဆောင်တွေ ရှေ့ရောက်ရင် စက်ဘီးလေး အသာရပ်ပြီး စက်ဘီးပေါ်ကနေ ဆိုင်းဘုတ်ကို ဖတ်တယ်။ ရူပဗေဒဌာန၊ရုက္ခဗေဒဌာန၊ပထ၀ီဝင်၊သမိုင်း၊သတ္တဗေဒ စတဲ့ဌာနတွေ ရှေ့ရောက်ပြီး နောက်ဆုံးမှ ဓာတုဗေဒ ဌာနဆိုတဲ့ ဆိုင်းဘုတ်ကို မြင်လို့ စက်ဘီးစီးသွားပြီး သေချာအောင် ကြည့်ပြီး ဌာနရှေ့မှာ စက်ဘီးရပ်ရင်း ယောင်လည်လည်လုပ်နေခဲ့သေးတယ်။ ဌာနကတော့ တွေ့ပြီ ဘယ်သူကိုသွားမေးရမလဲဆိုတာ စိတ်ထဲမှာ မသိပြန်ဘူး။ ကျောင်းထဲမှာလဲ ကျောင်းသားတွေ အလျှိုအလျှို သွားလာနေကြတာ ကျွန်တော်လို ယောင်လည်လည်တစ်ယောက်မှ လည်းမမြင်မိဘူးဗျာ။ တောသားတွေများ မပါလို့လား၊ ပါခဲ့ရင်လည်း ငါထက် လည်ဝယ်သူတွေပဲ ဖြစ်မှာပေါ့လို့ တွေးပြီးတော့ ဌာနရှေ့မှဘဲ ပြန်လာခဲ့ပါတယ်။စတုတ္ထနေ့မှာတော့ စက်ဘီးကို ဓာတုဗေဒဌာန ရောက်အောင် တခါထဲနင်းသွားတယ်။ ဌာနရှေ့ခပ်လှမ်းလှမ်းမှာ စက်ဘီးရပ်ပြီးတော့ ဓာတ်ခွဲခန်းလို့ယူဆရတဲ့ အစွန်ဆုံးအခန်းရှေ့ ကော်ရစ်တာမှာ သွားထိုင်နေရင်း ဌာနရှေ့လာတဲ့ ကျောင်းသားကျောင်းသူ တွေကို အကဲခတ်နေတယ်။ ကျွန်တော်လို ယောင်လည်လည် များတွေ့မလားလို့ပေါ့။ နှစ်ကြီးသမားများ ဖြစ်ဟန်တူပါတယ်။ အားလုံးက တစ်ယောက်ကိုတစ်ယောက် စလိုက်နောက်လိုက် အဖွဲ့တွေကိုယ်စီနဲ့ ပျော်ရွှင်နေကြတာ သူတို့ကို ကြည့်ပြီးတာ့ အားကျမိပါတယ်။ကော်ရစ်တာမှာ လမ်းလျှောက်ရင်း ဌာနရှေ့က ကြောငြာသင်ပုန်းမှာ ကပ်ထားတဲ့ စာရွက်တွေကို လိုက်ဖတ်နေမိတယ်။ အတန်းခွဲအလိုက် အချိန်စာရင်းတွေ ကပ်ထားတာကို တွေ့ရတယ်။ ဆရာမကြီးတစ်ယောက် အနားလာတော့မှ အရဲစွန့်ပြီးတော့ ပထမနှစ် တွေအတွက် အချိန်စာရင်းထွက်ပြီးလား ဘယ်အခန်းမှာ စာသင်မှာလည်း စသည့် သိလိုတာလေးတွေကို မေးကြည့်တယ်။ အဲ့ဒီဆရာမကြီးက အချိန်စာရင်းမထွက်ရသေးကြောင်း၊ စာသင်ခန်းနံပတ်တွေ အဆောင်တွေကို ပြောပြပေးတယ်။ အဲ့ဒီနေ့ကတော့ ကျောင်းကိုလာရတာ အကျိုးရှိသွားတယ်ဗျာ။ ဆရာမကြီးက သေချာပြောပြတော့ ပိုပြီးလည်း အားရှိသွားတာပေါ့။ ဒီလိုနဲ့ ကျောင်းရှေ့ပလက်ဖောင်းမှာ ထိုင်ရင်းက တဖြည်းဖြည်း အရဲစွန့်ပြီး ကျောင်းဝင်းထဲကို အဆင့်ဆင့် ရောက်လာခဲ့တဲ့ တောသားကျွန်တော် နောက်ရက်တွေမှာ ကျောင်းသွားဖို့ရန်အတွက် အားတွေရှိလာပါတယ်။ကျွန်တော်က ကျောင်းအပ်တာ နဲနဲ စောတယ်။ အလယ်တန်းတုန်းကလို ကျောင်းအပ်ပြီးကတည်းက စာသင်မယ်ထင်ပြီး နေတိုင်းကျောင်းကို သွားနေတာပါ။ နောက်နေ့ ကျွန်တော်တို့ သင်ရမယ့်စာသင်ခန်းကို သွားပြီးလေ့လာတော့ ကျောင်းသားမစုံသေးလို့ စာမသင်သေးတဲ့အကြောင်း သိရတယ်။ စာသင်ခန်းမှာတော့ မိတ္ထီလာ မြို့ခံတွေလို့ ထင်ရတဲ့ ကောင်းမလေး တစ်စုက ဆူဆူညံညံနဲ့ ပွဲကျနေလိုက်ကြတာ သူတို့အဖွဲ့ ကျတော့လည်း တကယ့်ကို တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေရဲ့ အရသာကို ကျောင်းစဖွင့်ကတည်းက ခံစားနေကြရပါလားလို့ တွေးလိုက်မိပါတယ်။နောက်ရက်တွေမှာလည်း စာမသင်ပေမဲ့ ကျောင်းကို ရောက်ပါတယ်။ ကျောင်းသားစုံလို့ စာ စသင်တော့ ကျွန်တော်လိုပဲ ယောင်လည်လည်နဲ့ သူငယ်ချင်းများကိုလည်း တွေ့ရပါတယ်။ တောသားတွေများ ဘယ်နေရာရောက်ရောက် သူများပြောစရာဖြစ် နေပါလားဆိုတာကို ကိုယ်တိုင်ကြုံမှ နားလည်မိပါတယ်။ကျောင်းတုန်းက အကြောင်းလေးတွေကို သတိရမိလို့ ဒီပို့စ်လေးရေးတင် လိုက်တာပါ...
ဆက်ရေးပါအုံးမည်...
0 comments:
Post a Comment