Pages

Monday, September 29, 2025

ထော်ကိုင်းတို့ အညာသားလက်ရာကို လျှာလည်သွားခြင်း (၂)

အညာသားလက်ရာ ပုစွန်ခြောက်ဘာလချောင်ကြော်ကို စားပြီးနောက်ပိုင်း သူတို့တွေ ကိုယ်ဘာဟင်းပဲပေးပေး စိတ်ဝင်တစားနဲ့မြည်းကြည့်ကြတယ်။ စားပြီးရင်လည်း အရသာကိုသူတို့ချင်း ပြန်ဆွေးနွေးကြတယ်။ ပါဝင်ပစ္စည်းကဘာတွေ သူတို့ထိုင်းဟင်းတွေနဲ့ဘာတွေကွာတယ်စသဖြင့်ပေါ့။ ကိုယ့်ဆရာမက သူ့အိမ်မှာစိုက်ထားတဲ့အသီးအရွက်တွေပေါပြီဆို ခူးလာပြီး ဌာနမှာပြန်မျှဝေပေးတယ်။ ကိုယ်ချက်စားတာကိုလည်း သူသိနေတော့ ယူလာတိုင်းလည်း ကိုယ့်ကိုအမြဲတမ်းပေးတယ်။ ဒီတခါတော့ သူ့အိမ်သရက်ပင်မှ သရက်သီးစိမ်းလေးတွေယူလာတာ ကိုယ့်ကိုယ်လည်း စားဖို့ယူသွားခိုင်းလို့ နည်းနည်းယူလာခဲ့တယ်။ ပုံမှန်ဆိုရင် သရက်သီးစိမ်းဆို ကြာကြာထားလို့ရအောင် သရက်ချဉ်တည်ထားတာများတယ်။ တခါတလေလည်း အလုံးလိုက်ဆားရည်စိမ်ထားလိုက်တယ်။ သရက်သီးလေးတွေကလည်း အစေ့မဆတ်ခင်ဆိုတော့ အရသာကတော်တော်ချဉ်တာနဲ့ ဘာလုပ်စားရမလဲစဉ်းစားရင်းနောက်ဆုံးမှာ သရက်သီးငါးပိချက်ချက်ကြည့်ဖို့အကြံရပြီး အဆောင်နားက ဈေးဆိုင်မှာလိုအပ်တာလေးတွေသွားဝယ်တယ်။ အချဉ်ဓာတ်ထိန်းအောင် ငါးသေတ္တာတဗူးနဲ့ မြေပဲလှော်ဝယ်ခဲ့တယ်။ ကျန်တာကတော့ ပုစွန်ငါးပိ၊ ငံပြာရည် ကြက်သွန်ဖြူနီ ငရုတ်သီးပေါ့။ ကြက်သွန်နီဥကြီးနှစ်လုံးလောက်ကိုပါးပါးလှီးပြီးအရင်ကြော်လိုက်တယ်။ နွမ်းသွားတော့ ပုစွန်ငါးပိ (ထိုင်းတွေရောင်းတဲ့ငါးပိ) ထည့်ကြော်တယ်။ အသားချည်းပါတဲ့ငါးသေတ္တာကိုထည့်ပြီးဆီသတ်တယ်။အဲဒီနောက်မှ အခွံခွာပြီးပါးပါးလှီးထားတဲ့ သရက်သီးစိမ်းကိုထည့်ပြီးမီးအေးအေးနဲ့ကြော်တယ်။ သရက်သီးနူးအိသွားတော့မှ ကြက်သွန်ဖြူနဲ့ငရုတ်သီးထောင်းထားတာကိုထည့်တယ်။ အားလုံးကျက်မှ မြေပဲလှော်ထောင်းထားတာထည့်ပြီး အရသာပြင်တယ်။ ကိုယ်တိုင်ချက်ပြီးမြည်းကြည့်တော့ ထင်မထားလောက်အောင်ကို အရသာကမျှတပြီးစားလို့ကောင်းနေတယ်။ ညနေစာမစားတဲ့ကိုယ်တောင် သရက်သီးငါးပိချက်မြည်းပြီးတော့ ဗိုက်ဆာလာတယ်။ တနင်္ဂနွေနေ့ ညနေပိုင်းမှာချက်ထားတာဆိုတော့ နောက်နေ့ရုံးဖွင့်ရက်ထမင်းဗူးထည့်တော့ ကိုယ့်အတွက်လည်း နည်းနည်းချန် သူတို့အတွက် မြည်းဖို့ဆိုပြီး ဗူးနဲ့တဗူးထည့်သွားတယ်။ နေ့လယ်စာ စားကြတော့ ဒါက ဆရာမ‌ပေးတဲ့ သရက်သီးကိုဘာလချောင်ကြော်ထားတာ မြည်းကြည့်ကြအုံးဆိုပြီး သူတို့ထမင်းဝိုင်းထဲ ဟင်းဗူးချပေးလိုက်တယ်။ ဗူးဖွင့်လို့အနံ့ရကတည်းက မွှေးလိုက်တာ စားချင်စရာလေးဆိုပြီး စိတ်ဝင်တစားနဲ့ဝိုင်းကြည့်ကြတယ်။ အဲဒီနောက် တယောက်တဇွန်းစီမြည်းရင်းနဲ့အရသာတွေ့သွားကြတော့ အရမ်းကောင်းတယ်လို့ ထအော်ကြပါရော။ ပုစွန်ခြောက်ဘာလချောင်ကြော်ထက် စားလို့ကောင်းတယ်တဲ့။ သရက်သီးကအချဉ်ဓာတ်လေးလည်းပါ ငရုတ်သီးစပ်လေးဆိုတော့ ထမင်းပူပူလေးနဲ့ဆို တခြားဟင်းမလိုတော့ဘူး။ ကိုယ်တိုင်လည်းပထမဆုံးချက်စားပြီးတော်တော်သဘောကျနေတာ။ ကိုယ်မြန်မာအစားအစာပေးတိုင်းအမြဲတမ်းမြည်းတဲ့တယောက်ကတော့သူသရက်သီးဘာလချောင်ကိုအရမ်းကြိုက်လို့အဆောင်ကိုပါယူသွားပြီး အဆောင်မှာလည်း ထမင်းဖြူနဲ့စားတာတဲ့။ ဖြစ်ချင်တော့ ဌာနအောက်ထပ်က သရက်ပင်မှာလည်း သရက်သီးတွေသီးနေတော့ သူတို့သွားခူးလာပြီး သရက်သီးဘာလချောင် ချက်ပေးပါအုံး လိုအပ်တဲ့ပစ္စည်းတွေအတွက်သူတို့ပိုက်ဆံပေးပါမယ်ဆိုပြီး သရက်သီးတွေပေးလိုက်တယ်။ ကိုယ်ကလည်းချက်ရပြုတ်ရမယ်ဆိုရင် အမြဲတမ်းတက်ကြွနေတာမို့ ချက်ပေးမယ်ဆိုပြီး ယူလာခဲ့တယ်။ အရင်တခါက ပါဝင်ပစ္စည်းတွေအတိုင်း ထပ်ချက်ပြီးနောက်နေ့ကျတော့ သူတို့အဖွဲ့ကိုပေးလိုက်တယ်။ သူတို့ကပိုက်ဆံဘယ်လောက်ပေးရမလဲမေးတာ ရတယ်ဒါငါ့ရဲ့အလှူပေါ့လို့ ပြောပြီးနောက်တခါချက်မှယူတော့မယ်လို့ပြောလိုက်တယ်။ ကိုယ်ချက်တာကို စားလို့ကောင်းတယ်လို့ ပြောတဲ့အခါ ခံစားရတဲ့ ခံစားချက်က တခြားဘာမှကိုမလိုချင်တော့ဘူး။ အဲဒီကနေ စလိုက်တဲ့ သရက်သီးဘာလချောင်ကြော်ဟာလေ ၃ ရက်ခြားတခါလောက် သရက်သီးမကုန်မချင်း ချက်လိုက်ရတာ အခုပုံထဲကတော့ ၅ ကြိမ်မြောက်ချက်တုန်းက ဓာတ်ပုံရိုက်ထားတာ။ ဒီတကြိမ်မှာသရက်သီးကနည်းနည်းရင့်နေတော့သိပ်မချဉ်လို့ မြေပဲဆံမထည့်ဘဲချက်ပေးလိုက်တာ။ လေးကြိမ်မြောက်ချက်တုန်းကတော့ ငါးသေတ္တာဖိုးပဲပေးပါဆိုပြီး ဘတ် ၁၀၀ ယူလိုက်တယ်။ သူတို့က အချိန်ပေးပြီးချက်ရတာမို့ အားမနာနဲ့ပိုက်ဆံယူပါလို့ ခဏခဏပြောတာ။ ကိုယ်က စားကောင်းပါစေဆိုတဲ့စေတနာနဲ့ချက်ပေးတာမို့ သူတို့စားပြီး စားလို့ကောင်းတယ်ဆိုတဲ့စကားနဲ့တင် ကျေနပ်နေပြီ။ နောက်ပြီး ကိုယ်တတ်နိုင်သလောက်ပေးကမ်းဝေမျှခြင်းဟာလည်း ဒါနကုသိုလ်တမျိုးလို့ခံယူလို့ ပိုက်ဆံပေးမယ်ဆိုရင် ငြင်းတာကများတယ်။ သူတပါးကို အစားအစာပေးစားရတဲ့ အကျိုးကတော့ ကိုယ့်ကိုကျွေးမည့်သူမရှားဘူး။ တခါတလေ ကိုယ်နဲ့မသိတဲ့သူကတောင် လိုလိုလားလားနဲ့ ခေါ်ကျွေးတာမျိုး ခဏခဏကြုံရတယ်။ အဲဒီတိုက်ဆိုင်တာလေးတွေလည်း နောက်ပို့စ်တွေမှာ မျှဝေပါအုံးမယ်ဗျ။
 

၇ ရက် သားသမီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မင်းဆိုးမင်းညစ်ဘေးမှ ကင်းဝေးကြပါစေ။ 

လေးစားမှုဖြင့် 
အညာသား
၁၃၈၇ ခုနှစ် သီတင်းကျွတ်လဆန်း (၈) ရက်။
၂၀၂၅ ခုနှစ် စက်တင်ဘာလ (၂၉) ရက်၊ တနင်္လာနေ့။

Friday, September 26, 2025

ထော်ကိုင်းတို့ အညာသားလက်ရာကို လျှာလည်သွားခြင်း

ကိုယ်ကအချက်အပြုတ်ဝါသနာပါလို့ ထိုင်းရောက်ပြီး သိပ်မကြာခင်မှာပဲ ကိုယ်တိုင်ချက်စားတာ ယနေ့အထိပေါ့။ ထိုင်းအစားအစာတွေကိုလည်း ကြိုက်ပေမဲ့ နေ့စဉ်စားရတော့လည်း ငြီးငွေ့လာတယ်။ ကျောင်းထဲမှာလည်း တရက်ခြား ညနေပိုင်း ဟင်းချက်စရာအသီးအရွက်၊ အစားအသောက်နဲ့ ငါးရောင်းတဲ့ ဈေးလေးရှိလို့ ဟင်းချက်စရာဝယ်ရတာက အဆင်ပြေတယ်။ ချက်ပြုတ်ခြင်းက စိတ်ဖိစီးမှု ဖြေဖျောက်ရာဝါသနာတခုမို့ ဘယ်လောက်ပဲစာနဲ့ပင်ပမ်းပါစေ အချက်အပြုတ်တော့ မပျက်ကွက်စေရဘူး။ ကိုဗစ်တွေဖြစ်ပြီးနောက်ပိုင်းမှာ နံနက်တိုင်းဘုရားဆွမ်းကပ်တဲ့ကုသိုလ်ပါအကျင့်လုပ်ထားလို့အဲဒီအကျင့်ကနေ့စဉ်နံနက်တိုင်းမပျက်မကွက်လုပ်ရတဲ့ကုသိုလ်ဖြစ်နေပြီ။ ဆွမ်းကပ်ဖို့အတွက် အိပ်ရာအစောထပြီးချက်ပြုတ်တယ်။ နံနက်စာကိုလည်းအဆင်ပြေပြေစားနိုင်ပြီး နေ့လယ်စာအတွက် ထမင်းချိုင့်လည်းထည့်သွားတယ်။ ကိုယ်ကတော့ မြန်မာဟင်းလေးတွေချက်တဲ့အခါတိုင်း သူတို့နဲ့ထမင်းအတူစားဖြစ်တဲ့အခါ မြည်းကြည့်ခိုင်းတယ်။ သူတို့တွေအများစုက ဆိုင်ကနေဝယ်ပြီးစားကြလို့ ကိုယ့်ဟင်းကိုမကြိုက်တာလား၊ ရွံတာလားတော့မသိဘူး မြည်းခိုင်းရင် မစားကြဘူး။ တချို့တလေပဲ နည်းနည်းလေးတို့ကြည့်ရုံလောက် မြည်းကြည့်တယ်။ အဲဒီလိုသိပြီးနောက်ပိုင်း ဘာဟင်းပဲချက်ချက် ကိုယ့်ဘာသာပဲစားဖြစ်တာများတယ်။ ခုနောက်ပိုင်း အွန်လိုင်းပေါ်မှာ အစားအသောက်တွေစားပြကြ ချက်ပြကြနဲ့ဆိုတော့ တစ်တော့ပ်မှာ မြန်မာပြည်ကဟင်းချက်တဲ့ဗွီဒီယိုတွေကြည့်ပြီး စိတ်ဝင်စား လာဟန်တူပါရဲ့။ တရက်ကတော့ အွန်လိုင်းပေါ်မှာနာမည်ကြီးတဲ့ ဘာလချောင်ကြော်ကိုဝယ်ပြီး ကိုယ့်ကိုမြန်မာပြည်ကအရသာနဲ့တူလားမြည်းကြည့်ခိုင်းတယ်။ ရောင်းတဲ့သူက ထိုင်းလူမျိုးသူ့အဖွားက မြန်မာလူမျိုးမို့ သူ့အဖွားကြော်နည်းအတိုင်း ကြော်ထားတာပါပေါ့၊ စီးပွားဖြစ်လုပ်ရောင်းနေတာဆိုတော့ အရသာက သိပ်တော့မဆိုးပါဘူး ဒါပေမဲ့ ကိုယ့်အကြိုက်တော့ မဟုတ်ဘူး။ သူတို့ကမြည်းကြည့် ခိုင်းတော့လည်း မြည်းပြီး ကိုယ့်အထင်ကို ပြောပြလိုက်တယ်။ ဘာလချောင်ကြော်တတ်သလားမေးတော့ ဒီထက်ကောင်းအောင်တောင်ကြော်တတ်သေးဆိုပြီး ပြောလိုက်တာ။ အဲဒါဆိုကြော်ခဲ့လေ သူတို့စားကြည့်မယ် မြန်မာအစားအစာတွေစိတ်ဝင်စားလို့ဆိုပြီး တောင်းဆိုလာတယ်။ တကယ်တော့ ဘာလချောင်ကို ကိုယ်တိုင်ဖြစ်ဖြစ်မြောက်မြောက်ကြော်ဖူးတာမဟုတ်ဘူး။ သူတို့ကိုအာမခံထားပြီးမှမကြော်ဖူးဘူးပြောရင်လည်း မကောင်းလို့ ပုစွန်ခြောက်ရှိတာနဲ့ သေချာလေးကြော်ပေးလိုက်တယ်။ ပထမဆုံးလက်ရာဆိုပေမဲ့ အရသာကကိုယ်ကိုယ်တိုင်တောင်မယုံနိုင်အောင်အစပ်တည့်လှတယ်။ တနင်္ဂနွေမှာကြော်ထားပြီး တနင်္လာနေ့ ကျောင်းဖွင့်တော့ ဗူးနဲ့ထည့်ပြီးယူသွားတယ်။ ကိုယ်ကနေ့လယ်စာ စားတာနောက်ကျလို့ သူတို့တွေနေ့လယ်စာစားတဲ့အချိန် ဘာလချောင်ကြော်ဗူးသွားပေးပြီး ဒါငါကြော်ခဲ့တဲ့ဘာလချောင်ကြော် မြည်းကြည့်ပြီး ဝယ်စားတဲ့အရသာနဲ့ဘာကွာလဲပြောပြဆိုပြီး ဗူးလိုက်ပေးခဲ့တယ်။ ဗူးဖွင့်ပြီး မြင်လိုက်ကတည်းက စားချင်စရာလေး မွှေးနေတာပဲနဲ့ စားလိုက်တာလူ ၁၀ ယောက်လောက်ဝိုင်းစားနေတဲ့ထမင်းဝိုင်းမှာ ကိုယ့်ဘာလချောင်ကြော်ဗူးက လက်ဆင့်ကမ်းပြီး စားကြ ကောင်းတယ်ပြောကြနဲ့တကယ်ကိုနှစ်နှစ်ခြိုက်ခြိုက်စားကြတယ်။ ထိုင်းမလေးတယောက်ကတော့ အဆောင်ကသူ့သူငယ်ချင်းကိုကျွေးချင်လို့ နည်းနည်းခွဲပြီးယူသွားတာ သူ့သူငယ်ချင်းကလည်း စားလို့အရမ်းကောင်းတယ်လို့ပြောတယ်တဲ့။ အဲဒီဘာလချောင်ကြော်ကနေ လျှာစည်းပေါက်သွားတာ၊ နောက်တခါလည်းကြော်ပေးအုံးနော် ကျသင့်တာကို သူတို့ပိုက်ဆံပေးမယ်တဲ့။ နောက်တကြိမ်တော့ သူတို့ပုစွန်ခြောက် ဝယ်လာပေးလို့ လိုအပ်တာကိုယ်မှာရှိတာဖြည့်ကြော်ပြီး ဗူးနဲ့ထည့်ပေးထားလိုက်တယ်။ သူတို့ရဲ့နေ့လယ်စာထမင်းဝိုင်းမှာ ဘာလချောင်ကြော်က ဟင်းတမည်ပါနေရော။ ကိုယ်ချက်တာကို အားပါတရ စားကြတာကိုမြင်တာနဲ့တင် ပျော်ရွှင်မှုပီတိဖြစ်ပြီး ပိုက်ဆံယူဖို့လည်းစိတ်ကူးမဖြစ်မိဘူး။ ကိုယ့်စေတနာ ကိုယ့်ကုသိုလ်ပဲလို့တွက်ထားလိုက်တယ်။ အလှူကြီးတောင် လှူရသေးတာ သူတို့ကြိုက်တာ ကိုယ်ချက်ပေးရတာလည်း လှူဒါန်းမှုတမျိုးပဲပေါ့။ သူတို့စားကြတာလည်း တဗူးကို အလွန်ဆုံးကြာမှ သုံးလေး ရက်ပဲကြာတယ်။ကိုယ်နေတဲ့ နေရာမှာကပုစွန်ခြောက်ဝယ်ရတာက နည်းနည်းဈေးကြီးလို့ ကမ်းခြေဘက်ကမြို့ကိုရောက်မှပဲ ပုစွန်ခြောက်များများဝယ်ထားပြီး ကြော်ပေးတော့မယ်။ နောက်ထပ်သူတို့ကြိုက်တဲ့ဟင်း ၂ မျိုးကျန်သေးတယ်။ စာနဲ့ပတ်သက်ပြီး ကိုယ့်ကိုချီးကျူးတိုင်း မင်းတို့ထင်လို့ပါ ငါက အပင်စိုက်တာနဲ့ ထမင်းဟင်းချက်တာကိုပဲ ငါ့ကိုယ်ငါ ယုံကြည်မှုအပြည့်ရှိတယ်လို့။ ကိုယ့်ကိုယ်ကိုယ်လည်းသတိထားမိတယ် အပင်စိုက်တာနဲ့ ဟင်းချက်တာဆို ကိုယ်တိုင်လည်းပျော်သလို ယုံကြည်မှုလည်းအပြည့်ရှိတယ်။ ကိုယ်ချက်တာကို စားမိရင် အနည်းဆုံးနောက်တခါလောက်တော့ထပ်စားချင်စိတ်ဖြစ်တယ်ပေါ့။ နောက်ပို့စ်တွေမှပဲ ကျန်တဲ့ဟင်းတွေထပ်တင်တော့မယ်ဗျ။ ကျောင်းလည်းပြီးပြီဆိုတော့ အညာသားချက်ဖြစ်တာလေးတွေ ပြန်တင်တော့မယ်။ ငယ်ငယ်ကအကြောင်းလေးတွေလည်း ပြန်ရေးအုံးမယ်။
အညာသားလက်ရာ ထော်ကိုင်းတွေကြိုက်တဲ့ ပုစွန်ခြောက် ဘာလချောင်ကြော်ပါ လာရောက်လည်ပတ်အတွက်ကျေးဇူးတင်ပါတယ်ဗျာ။

(၇) ရက်သားသမီးအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး မင်းဆိုးမင်းညစ်ဘေးမှ အမြန်ဆုံးကင်းဝေးကြပါစေ။ 
လေးစားမှုဖြင့်
အညာသား 
၁၃၈၇ ခုနှစ် သီတင်းကျွတ်လဆန်း(၅) ရက်။
၂၀၂၅ ခုနှစ် စက်တင်ဘာလ (၂၆) ရက်၊ သောကြာနေ့။

Tuesday, September 23, 2025

အပြည့်အဝ မပျော်နိုင်ခဲ့တဲ့နေ့

 
ဒီဝတ်ရုံကို တရားဝင် ဝတ်ဆင်ခွင့်ရဖို့အတွက် ၅ နှစ်နီးပါး အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတယ်။ ရုန်းကန်နေတုန်းမှာတော့ ဖိအားတွေပေါ့။ တခါတလေလည်း လွှတ်ချလိုက်ချင်စိတ်ဖြစ်ခဲ့တယ်။ အရာအားလုံးကိုကျော်ဖြတ်ပြီးလို့ ဒီဝတ်ရုံကိုဝတ်ဆင်လိုက်ရတဲ့အခါမှာတော့ ငါလုပ်နိုင်ခဲ့ပါလားဆိုတဲ့အတွေးနဲ့ပြုံးမိတယ်။ တကယ်တော့ ပါရဂူဘွဲ့ဆိုတာ လူတယောက်ရဲ့ သည်းခံနိုင်စွမ်း စူးစမ်းလိုစိတ်နဲ့ ဇွဲ လုံ့လ ဝီရိယတို့ကို တဆင့်ချင်းအသေးစိတ်စိစစ်စမ်းသပ်ဖော်ထုတ်တာပါပဲ။

ဒီနေ့ကိုမရောက်ခင် တိုင်းပြည်နိုင်ငံရေးအခြေအနေတွေကောင်းနေတုန်းအချိန်၊ ကိုယ်တိုင်လည်းဒီနေ့ကိုရောက်ဖို့အတွက် အခက်အခဲအကြပ်အတည်းပေါင်းများစွာကိုခုခံတော်လှန်နေချိန်တုန်းက အမေ့ဆီဖုန်းဆက်တိုင်း အမေကျနော်ဘွဲ့ယူရင်လာမှာလားလို့မေးဖြစ်တယ်။ ကိုယ့်စိတ်ကူးထဲမှာလည်းဒီတခါဘွဲ့ယူရင်တော့အဖေနဲ့အမေကိုမဖြစ်ဖြစ်အောင်ခေါ်မယ်လို့တွေးထားခဲ့တယ်။အမေကတော့သူလေယာဉ်မစီးရဲဘူးဆိုပြီး ရိုးရိုးပဲဝန်ခံပါတယ်။ ဟာ အမေကလည်း ထိုင်းနဲ့မြန်မာဒီလောက်နီးနီးလေးသိပ်မကြာပါဘူး လေယာဉ်နဲ့ခဏပဲစီးရမှာလို့ပြောတော့ အဲလောက်အမြင့်ကြီးမှာ တက်ပျံတဲ့စက်ကြီးနဲ့မလိုက်ရဲပါဘူးလို့ပဲပြန်ပြောတယ်။ နောက်တော့မှ အမေ့မှာအမြင့်ကိုကြောက်တဲ့စိတ်ရှိပုံရတယ်လို့တွေးမိပြီးထပ်ပြီးမမေးတော့ဘူး။ လာဖြစ်ရင်လည်းနီးမှပဲလမ်းကြောင်းရှာ စီစဉ်ပြီးခေါ်မယ်လို့တေးထားလိုက်တယ်။ အဖေကတော့ဘာမှထွေထွေထူးထူးမငြင်းဘူး။ ခေါ်ရင်တော့လာမှာပေါ့။ ကိုယ်ဒီရောက်ခါစ ဒီမှာနေရတဲ့အခြေအနေကိုပြောပြရင်း ကျောင်းသားဆောင်ရဲ့ ၁၅ ထပ်မြောက်မှာနေရတယ်အမေလို့ပြောတုန်းကလည်း ကိုယ့်အတွက်စိုးရိမ်နေတာ။ လူလေးနေရတဲ့အဆောင်ကလည်းမြင့်လိုက်တာ အောက်ထပ်တွေကိုပြောပြီးပြောင်းနေလို့မရဘူးလားရရင်အောက်ထပ်ပြောင်းနေပါ ဒီလောက်အမြင့်ကြီးမှာနေရတာအမေစိတ်ပူလို့တဲ့။ ကိုယ်ကပြောတော့ သူ့စိတ်ထဲမှာ ၁၅ ထပ်မြင့်တဲ့အဆောင်ဆိုတာကိုမြင်ယောင်ကြည့်မှာပေါ့လေ။ အဲဒီအဆောင်အမြင့်ကိစ္စလည်း နောက်ဖုန်းဆက်တိုင်းမေးလို့ စိတ်ချမ်းသာအောင် အောက်ထပ်ပြောင်းနေမယ်လို့ပဲပြောလိုက်ရတယ်။ တကယ်တော့ ကျောင်းပြီးမှပဲ ၁၅ ထပ်အဆောင်ပေါ်မှဆင်းလာခဲ့တာ။ သူတို့ကနိုင်ငံခြားကျောင်းသားတွေကို ဦးစားပေးအနေနဲ့ ၁၅ ထပ်ဆောင်မှာထားတာမို့ အောက်ထပ်တွေကို ပြောင်းနေလို့မရဘူး။ အောက်ထပ်တွေမှာက သူတို့ထိုင်းကျောင်းသားတွေပဲထားတာ။ ကိုယ်တွေကလည်းအေးအေးဆေးဆေးရှိလို့ အပေါ်ဆုံးထပ်မှာနေရတာကိုသဘောကျတယ်။ အားလုံးကို အပေါ်ဆုံးထပ်မှစီးပြီးမြင်ရတာဆိုတော့ ပတ်ဝန်းကျင်ရှု့ခင်းကလည်းတော်တော်သာယာတာလေ။ မြန်မာပြည်မှာနိုင်ငံရေးကပ်ဘေးမဆိုက်ခင်အထိတော့ အမေနဲ့ပုံမှန်ဖုန်းဆက် တခါတလေလည်းမက်ဆင်းဂျာဗွီဒီယိုကောနဲ့ပေါ့။ ကျောင်းမှာဘယ်လောက်ပဲခက်ခဲခဲ့ပါစေ အဆောင်ရောက်လို့အမေနဲ့ဖုန်းပြောလိုက်ရရင် အမေ့အသံက ကိုယ့်အတွက်အားဆေးတမျိုးပဲ။ ကိုယ်ဘာတွေလုပ်နေရတယ်ဆိုတာ အမေသေချာမသိပေမဲ့ ကျန်းမာရေးဂရုစိုက်ဖို့ အအိပ်အစားမှန်ဖို့အမြဲတမ်း သတိပေးတယ်။ အမေနဲ့ ဖုန်းပြောပြီးတိုင်းလည်း စိတ်ဓာတ်ခွန်အားတွေပြည့်နေသလိုမျိုးခံစားရတာခုချိန်အထိပဲ။ ရယူလိုခြင်းကင်းတဲ့ မိဘမေတ္တာဓာတ်ဟာ အေးမြလွန်းလှတယ်။ တိုင်းပြည်မအေးချမ်းဖြစ်နေချိန် ဘေးဒုက္ခမျိုးစုံနဲ့ ကြုံနေရတဲ့သူက ကိုယ်ကာယအားဖြင့်လုံခြုံနေတဲ့သူအတွက် အမြဲတမ်းစိုးရိမ်ပြီး စိတ်ပူနေတယ်။ မိဘတိုင်းရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာထင်ပါရဲ့။ ကျောင်းပြီးလို့ ဘွဲ့ယူခါနီးတော့ ကိုယ့်တိုင်းပြည်တွင်းအခြေအနေတွေကပိုဆိုးလာတာ သွားရေးလာရေးစိတ်မချရတာနဲ့အမေလည်းလေယာဉ်စီးရမှာကြောက်တာနဲ့ နောက်ဆုံးတော့ ကိုယ့်ရဲ့အဖေအမေကိုခေါ်ချင်တဲ့စိတ်ဆန္ဒကိုချိုးနှိမ်ပြီးတယောက်တည်းပဲဘွဲ့နှင်းသဘင်ကိုတက်ခဲ့တယ်။ ကြားထဲမှာ ကမ္ဘာကပ်ရောဂါကြောင့် ဘွဲ့နှင်းသဘင် ၂ ကြိမ်နောက်ဆုတ်ထားလိုက်ရလို့ ကိုယ်တွေနဲ့ကျောင်းပြီးတဲ့အသုတ်က ၂၀၂၄ စက်တင်ဘာမှဘွဲ့နှင်းသဘင်တက်ရောက်ခွင့်ရတယ်။ ဒါတောင် ၂၀၂၃ ခုနှစ်မှာပြီးတဲ့သူတွေနဲ့ပေါင်းပြီးပေးလို့။ ဒီနှစ် စက်တင်ဘာဆိုတော့ ဘွဲ့ယူပြီးတာတောင် ၁ နှစ်ပြည့်သွားပြီပေါ့လေ။ ဘွဲ့နှင်းသဘင်က မိုးတွင်းမှာဆိုတော့ မိုးကောင်းတဲ့ထိုင်းတောင်ပိုင်းရဲ့ရာသီဥတုက နေသာလိုက် မိုးရွာလိုက်ကြားထဲကပဲ ဘွဲနှင်းသဘင်တက်ခဲ့ရတယ်။ အမှတ်တရဓာတ်ပုံလည်း အားပါးတရမရိုက်လိုက်ရဘူး။ အမေ့ဆီကိုတော့ ဓာတ်ပုံပဲပို့ပေးနိုင်တယ်။ အမေရယ်ဘွဲ့နှင်းသဘင်ရက်မှာ မိုးရွာလိုက်တာဆိုတော့ အမေတို့မိသားစုက မိုးနက္ခတ်မလွတ်ဘူးထင်ပါရဲ့ အမေနဲ့အဖေမင်္ဂလာဆောင်တုန်းကလည်း မိုးရွာတယ်၊ လူလေးတို့ ရှင်ပြုတုန်းကလည်းမိုးရွာလို့ ဆိုင်းတွေဗုံတွေမိုးကာနဲ့အုပ်ထားရတယ်လို့ပြောတယ်။ မိသားစုမစုံလို့မပျော်နိုင်ရတဲ့ကြားမှာမိုးကပါထပ်ပြီးနှိပ်စက်လိုက်သေးတယ်။ နောက်ဆုံးတော့ ဘဝရဲ့ပညာရေးရည်မှန်းချက်တခု အောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွားခဲ့ပါပြီ။ ကိုယ့်ခေတ်တုန်းက ရွာမှာရှားရှားပါးပါးဆယ်တန်းနှစ်ချင်းပေါက်အောင်၊ တက္ကသိုလ်တက်ဘွဲ့ရ၊ တက္ကသိုလ်မှာဆရာဖြစ်၊ နိုင်ငံခြားပညာတော်သင်ဆုနဲ့ကျောင်းဆက်တက်ခွင့်ရတာတွေဟာ ပညာသင်နိုင်အောင် အဖေနဲ့အမေ ဆင်းဆင်းရဲရဲနဲ့ ကြိုးစားရုန်းကန်ပြီးထောက်ပံ့ပေးခဲ့တဲ့ကျေးဇူးကြောင့်သာမဟုတ်ရင် ဒီနေ့ ဒီအချိန်မှာ ဒီအခြေအနေကို ရောက်လာမှာမဟုတ်ပါဘူး။ အဖေနဲ့အမေအသက်ရှင်နေတုန်းမှာ အနီးကပ်ပြုစုပြီးကျေးဇူးဆပ်ခွင့်ရဖို့ကိုလည်း အစွမ်းကုန်ကြိုးစားနေပါတယ်။ မကြာတော့တဲ့ အချိန်မှာ အဖေနဲ့အမေ့ရင်ခွင်ကိုပြန်လည်ခိုလှုံခွင့်ရမယ်လို့လည်း အကြွင်းမဲ့ယုံကြည်ပါတယ်။ အဖေနဲ့အမေ ဘေးရန်ကင်းကွာပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။
လေးစားမှုဖြင့်
အညာသား 
၁၃၈၇ ခုနှစ် သီတင်းကျွတ်လဆန်း (၂) ရက် ၊ 
၂၀၂၅ ခုနှစ် စက်တင်ဘာလ (၂၃) ရက်၊ အင်္ဂါနေ့။