Pages

Sunday, November 11, 2012

အညာသားအတွေး...




ဂူဂယ်ကတွေ့တဲ့ပုံလေးပါ...။

တစ်ခါတစ်လေ စာတွေလုပ်ရင်း စိတ်တွေညစ်လာတဲ့အခါ ပညာသင်နေတာတွေကိုရပ် ရွာကိုပြန်ပြီး နွားသာကျောင်းချင်တော့တယ်။ ကိုယ့်ရွာမှာသာဆို နေပူထဲအလုပ်လုပ်ရတာကလွဲလို့ စိတ်ဖိစီးစရာ ဘာမျှမရှိဘူး။ ယာထဲကိုင်းထဲသွားလည်း အိမ်ပြန်ရောက်ရင်း အေးအေးလူလူ နားနေနိုင်တယ်။ လုပ်စရာရှိလည်း နောက်နေ့မှာ သွားလုပ်မပြီးလည်း ဘယ်သူမှ ဖိအားပေးမယ့်သူမရှိဘူး။ ကိုယ့်ယာကိုယ်ကိုင်း ကိုယ့်သဘောကျ လုပ်စမ်းပါ့။ ဒီမှာတော့ ဟုတ်ပါဘူး များလိုက်တဲ့ ဖိအားတွေ။ မနက်အိပ်ယာထကတည်းက စာလုပ်ရမယ်ဆိုတဲ့ စိတ်ကကြီးစိုးနေတော့ ဘယ်သွားသွား လွတ်လပ်တယ်ကိုရှိလှဘူးဗျာ။

ကျုပ်ဆယ်တန်းအောင်ခါစက ရွာကအစ်ကိုတွေက ပြောကြတယ်။ ကြိုးစားနော် တောင်သူများလုပ်မည် စိတ်မကူးနဲ့ ငါတို့ကိုသာကြည့် နေပူစပ်ခါးလုပ်ရတာ ပင်ပန်းတယ်ကွာတဲ့။ အဲ့ဒီတုန်းကတော့ ငယ်စိတ်ဆိုတော့ ပညာတွေသင်လိုက်မဟဲ့ ဘွဲ့တွေယူလိုက်မဟဲ့နဲ့ပေါ့။ အသက်လေးလည်းနှစ် ဆယ့်ငါးကျော်လို့ လူကြီးတစ်ပိုင်းထဲရောက်လာတော့ စာတွေသင်ရတာ စိတ်ကုန်ချင်လာတယ်။ ဒီတော့ တောသားပီပီ တောအတွေးတွေက ၀င်လာတယ်။


ရွာကအကိုတွေကိုလည်း ပြောပြချင်သေး နေပူထဲမှာ လုပ်ရတာက ကိုယ့်စိတ်ကိုယ်ပိုင်တယ်ဗျ မလုပ်ချင် လှဲအိပ်နေလိုက် ဘယ်သူမှ လာပြီးဖိအားမပေးဘူးလို့။ စာသင်ရတာက မလုပ်ချင်ဘူးဆိုပြီး နေပြန်ရင်လည်း ကိုယ်ပဲမရမှာဆိုးတဲ့ပူပန်စိတ်ကြီးရယ်၊ ဆရာကငါ့ကိုမေးလို့များ မရရင်ဆိုတဲ့ ပူပန်စိတ်ရယ် ငါအိပ်နေလို့မဖြစ်သေးပါဘူး သူများတွေ စာလုပ်နေကြမှာပဲဆိုတဲ့ ပူပန်စိတ် စတဲ့ပူပန်မှုပေါင်း သောင်းခြောက်ထောင်နဲ့ အိပ်တာလည်း မဖြောင့် စားတာလည်းမဖြောင့် သွားတာလည်း မဖြောင့် အတော်ကိုဆိုးသဗျာလို့ နေပူမှာအလုပ်လုပ်နေရတဲ့ ရွာက ကျုပ်အစ်ကိုတွေကို ပြောပြချင်သဗျာ။

သူတို့တွေဘက်ကကြည့်တော့လည်း ဒီကောင်တွေ ပညာသင်ရတာ အရိပ်ထဲမှာနေပြီး ဖောင်တိန်လေးကိုင် စာလေးရေး သက်သက်သာသာရှိလှမယ်လို့ ထင်ကြမှာပေါ့လေ။ အဲ့ဒီလိုလုံးဝမထင်လိုက် ကြပါနဲ့ဗျာ။ကျုပ်တို့က  နေမပူပေမဲ့ ခေါင်းပူတယ်အစ်ကိုတို့ရေ။ အစ်ကိုတို့တစ်တွေနေပူတာက ခမောက်လေးဆောင်းလိုက် ရင်အေးသွားမှာ။ ချောင်းရိုးထဲဆင်းပြီး ရေစိမ်လိုက်ရင် အေးမြသွားမှာဗျ။ ဒီမှာခေါင်းပူတာက ဘာနဲ့မှ အေးအောင် လုပ်လို့မရဘူး။ အဲယားကွန်းလည်း မစွမ်းဆောင်နိုင်ဘူး။ တကယ်ဗျာဖြစ်ချင်တာဖြစ် ဆိုပြီးရွာကိုပြန်ပြေးလာလို့ရရင်သိပ်ကောင်းမှာပဲ။

ရွာမှာဆို အမေ့ရင်ခွင်မှာလည်း အေးအေးဆေးဆေးနေရသေး။ အမေချက်တဲ့ ဆီပါလေကာ ချဉ်ပေါင်ရေကျဲ ဟင်းနဲ့ ထမင်းမြိန်သေးဗျာ။ ဒါတွေကို အမေ့ပြောပြတော့ အို...  ငါ့သားနှယ် စိတ်ဆင်းရဲခံပြီး အဲ့ဒီလောက် လုပ်မနေနဲ့တဲ့ ငါ့သား တတ်သင့်သလောက်တတ်ထားပြီပဲ တော်ရောပေါ့တဲ့။ အမေ့စကားတွေက ရိုးရိုးရှင်းရှင်းနဲ့ နားထောင်လို့ကောင်းလိုက်တာဗျာ။ တက္ကသိုလ်တက်တုန်းက သူငယ်ချင်းတစ်ယောက် ညည်းလေ့ရှိတဲ့ စကားလေးကိုလည်း သတိရမိသေး...ဘာတဲ့ တစ်နေ့ကျတော့ ဒါတွေကထားခဲ့ရမှာပါတဲ့။ ဘယ် ပီအိတ်ခ်ျဒီ၊ ဘယ် အမ်အက်စ်စီ ကမှ ကိုယ့်ကို မကယ်နိုင်ပါဘူးတဲ့။ သူပြောတာလည်း ဟုတ်တော့ ဟုတ်သားပဲဗျ။ ဒါပေမဲ့ အဲ့ဒီတစ်နေ့ဆိုတာက ဝေးဝေးလား နီးနီးလား ဆိုတာ မသိတာခက်တယ်လေ။ အဲ့ဒီတစ်နေ့ ဆိုတာမရောက်ခင် ရပ်တည်ဖို့ကလည်း ရှိသေးသကိုး။

ဘာမှကိုမသိတော့ပါဘူးဗျာ...။ သိတာတစ်ခုကတော့ ကိုယ့်ရွာကိုပြန် ရသမျှလေးနဲ့ တင်းတိမ်ရောင့်ရဲပြီး ပူပန်မှုကင်းကင်းနဲ့ အမေ့အိမ်မှာ အေးအေးချမ်းချမ်း နေချင်တာပဲသိတော့တယ်။ စာတွေလည်း လုပ်ချင်စိတ် မရှိတော့ဘူး။ ငယ်ငယ်လေးကတည်းက အခုအသက်အရွယ်ထိ လုပ်လာခဲ့တဲ့ စာတွေ ရှေ့ဆက်ပြီးလည်း လုပ်နေရအုံးမှာပဲ ပြီးတယ်လို့လည်း ရှိမှာမဟုတ်ဘူး။ အဲ့ဒီတော့ ကိုယ့်အညာကိုပြန်ပြီး  စာဥတို့၊ ခင်နှောင်းတို့၊ လုံးတင်တို့၊ ဖိုးတုတ်တို့၊ သံချောင်းတို့နဲ့ ယာထွန်၊ ပျိုးနှုတ်၊ ပေါင်းသင်မြေဆွ တစ်ဦးကိုတစ်ဦး နောက်ပြောင်ကြရင်း အပူအပင်ကင်းတဲ့ အညာသားဘ၀ ကိုပဲ ပြန်လိုချင်တော့တယ်။ သူငယ်ချင်းတို့ရေ ငါတော့ ခေါင်းတွေပူလွန်းလို့ ရူးချင်နေပြီကွာ....။ မင်းတို့ကိုလည်း သိပ်ပြီး သတိရတာပဲ။


စိတ်ဖိစီးမှု့များကြောင့် ထွက်ပေါက်တခုအနေဖြင့် ရေးချလိုက်ခြင်းဖြစ်ပါသည်။ ကျုပ်ရွှေညာသားလေး၏ ကိုယ်ပိုင်အတွေးစိတ်ကူး များသာဖြစ်ပါသည်။ မည်သူ့ကိုမျှမရည်ရွယ်ပါ။ လာလည်သည့်အတွက် ကျေးဇူး တင်ပါသည်။

အားလုံးကိုလေးစားလျက်
မျိုးခန့်(စကားဝါမြေ)



Thursday, November 1, 2012

အမေ့အိမ်ကိုလွမ်းတယ်....

အခုတစ်လော ဘာရယ်မသိဘူး အမေ့အိမ်ကို အရမ်းသတိရတယ်ဗျာ...။ ရောက်တာလည်း တစ်လကျော်ကျော်လောက်ပဲ ရှိသေးတယ်...။ ဖုန်းလည်းအမေ့ဆီကို မကြာမကြာဆက်ဖြစ်တယ်...။ ကိုယ့်အခက်အခဲကို အမေ့နဲ့ဖုန်းဆက်ရင်း ရင်ဖွင့်ရတယ်။ စာတွေကလည်း အသစ်တွေသင်နေရတာမို့ အမေ့ကိုအဆင်မပြေကြောင်း ပြောပြမိတယ်...။အမေ့ကတော့ ငါ့သား စိတ်ပင်ပန်းခံပြီး မနိုင်တာကို လိုက်လုပ်မနေနဲ့နော်တဲ့...။ ကျန်းမာရေးကိုဂရုစိုက် လူထက်ဘယ်ဟာမှတန်ဖိုးမရှိဘူးတဲ့။  အမေကလွဲပြီး ကျန်တဲ့သူတွေက ဘယ်သူမှနားလည်မပေးကြဘူး...။ အသစ်သင်ရတော့လည်း အသစ်တွေသိတာပေါ့တဲ့ဗျာ။ မှန်တော့မှန်ပါတယ် ဒါပေမဲ့ အသစ်ဆိုတာကလည်း ကိုယ်တစ်ခါမှ မထိတွေ့ခဲ့ဖူးတဲ့ အသစ်လေ။ ဘယ်အခြေခံကနေစပြီး ဘယ်ဟာကိုနားလည်ရမှာလည်။ ဒီကလူကြုံနေရတဲ့ အခက်အခဲကို မသိရှာကြတော့ သူတို့ကိုလည်း အပြစ်မဆိုချင်ပါဘူး။ ဒါပေမဲ့ အမေတစ်ယောက်သာ နားလည်ပေးတယ်။ လူကတော့ အတော်လေးကို ပင်ပမ်းတယ်ဗျာ..။ စိတ်ဖိစီးမှု့များလာရင် အားလုံးကိုမေ့ပြီး တရားနာတယ်။အမေ့ကိုလွမ်းတဲ့အခါ အမေနဲ့သက်ဆိုင်တဲ့ သီချင်းလေးတွေကို နားထောင်တယ်...။ အခုသီချင်းလေးကလည်း ရွှေညာသားလေးအကြိုက်တွေထဲ အမေသီချင်းတစ်ပုဒ်ပါ။ကျွန်တော်လို့ အမေအိမ်နဲ့ ခွဲပြီး ပင်လယ်ရပ်ခြားမှာ ဘ၀တိုးတက်မှု့တွေဖွေနေတဲ့သူများ အလွမ်းပြေနားဆင်နိုင်အောင် မျှဝေပေးလိုက်ပါတယ်...။


ကျွန်တော်နေရာလေးကို လာလည်းရင်း အိမ်အလွမ်းတွေ ဖြေဖျောက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ရွှေညာသားလေး ဆုတောင်းမေတ္တာပို့သပါတယ်ဗျာ။

Saturday, August 25, 2012

အညာက မိုးခေါင်ရာသီမြင်ကွင်း

ဓာတ်ပုံလေးတွေတင်မယ်ဆိုပြီးကတည်းက အင်တာနက်လိုင်းတွေကျနေတာကြောင့် မတင်ဖြစ်တာဗျာ။ ဒီနေ့တော့ အင်တာနက်လေး ပြန်တက်လာလို့ အိပ်ရေးပျက်ခံပြီး ကြိုးစားတင်ပေးလိုက်ပါတယ်။ မိုးခေါင်နေတာကြောင့် အခုချိန်အထိ လယ်တွေမစိုက်ရသေးလို့ လယ်ကွင်းပြင်က စိမ်းစိမ်းစိုစိုမဟုတ်ပါဘူး။  ပုံထဲမှာမြင်ရတဲ့ အတိုင်းပါပဲဗျာ။

 မိုးတိမ်တွေကတော့ ပုံထဲမှာလို တက်နေတာပါပဲ...ဒါပေမဲ့ ညိုသာညို မပြိုတဲ့မိုးပါ....

 ရွာမြောက်ဘက်က လယ်ကွင်းပြင်ပါ...အရင်နှစ်တွေကဆို ပျိုးနှုတ်သူတွေ ကောက်စိုက်သမတွေ နဲ့စည်ကားနေတဲ့နေရာပေါ့....ဒီနှစ်တော့ ဒီအတိုင်းပဲရှိသေးတယ်...

 နှစ်တိုင်းရေတွေဖွေးနေတဲ့ ရွာအနောက်ဘက်က ကန် လည်း ဘောလုံးကွင်းဖြစ်နေပါတယ်....


သူတို့လည်း လယ်ထွန်ပျိုးနှုတ်စရာမရှိတော့ အခုလိုပဲ ပျော်ပျော်ပါးပါး ဘောလုံးကန်နေကြရဲ့....

တိမ်တွေကိုခမောက်ဆောင်းနေတဲ့ ပုပ္ပားတောင်ကြီးလည်း မိုးရွာအောင်မတတ်နိုင်တော့ဘူး...

ရွာချောင်းရေပြင်ကတော့ ရေမကျသေးသည့်အတွက် ကြည်လင်နေဆဲပါ....



Sunday, August 12, 2012

ရွာအပြန်တစ်ခေါက်....

ဒီတပတ်ကျောင်းပိတ်ရက်မှာ ရွှေညာသားလေး ရွာကိုခဏပြန်ဖြစ်တယ်။ ခဏဆို တကယ့်ကိုခဏပါပဲ။ ညရောက် မနက်ပြန်ပဲ။ ဆွေမျိုးတွေအိမ်တောင် စေ့အောင်မလည်ခဲ့ရပါဘူး။ ဦးကြီး ဒွေးလေးတွေက မင်းဟာ လာတဲ့အခါလေးများ အေးအေးဆေးဆေးတော့နေပါအုံးပေါ့တဲ့။ သူတို့တွေကတော့ သူတို့အတွေးနဲ့သူတို့ပြောကြတာပေါ့ဗျာ။ ဒါပေမဲ့ ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလိုပဲလေ ကိုယ်ကအဲ့လိုနေလို့ရအောင် လွတ်လပ်တာမှမဟုတ်တာနော်။ ဒီလိုပဲ သူတို့ကို နားလည်အောင်ပြောပြပြီး ပြန်ခဲ့ပါတယ်။ 

ရွှေညာသားလေးတို့ ရွာမှာ တောင်သူလယ်သမား အများစုနေထိုင်တာဆိုတော့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းက သူတို့တွေအတွက် အရေးပါလှတယ်။ မိရိုးဖလာ လုပ်ကိုင်စားသောက်လာတဲ့ လုပ်ငန်းဆိုတော့လည်း ပင်ပမ်းပေမဲ့ လုပ်စားနေကြရတာပါပဲ။ ဒီကြားထဲမှာ မိုးလေ၀သက မမှန်တော့ ပင်ပမ်းရကျိုးမနပ်ဘူးပေါ့ဗျာ။ အခုနှစ်ဆိုလည်း မိုးက အတော်လေး ခေါင်တာ။ အရင်နှစ်တွေက ဒီအချိန်ဆို လယ်တွေစိုက်နေပြီတဲ့။ အခုနှစ်တော့ လယ်စိုက်ဖို့ဝေးလို့ ပျိုးထောင်တာတောင် အပင်မပေါက်နိုင်ဘူးတဲ့လေ။ သူတို့တွေရဲ့ ရင်ဖွင့်သံတွေကို ကြားရတော့လည်း စိတ်မကောင်းဖြစ်မိတယ်။ ရွှေညာသားလေးလည်း ဒီဘ၀တွေကိုဖြတ်သန်းလာရတာဆိုတော့ သူတို့ခံစားချက်ကို နားလည်ပေးနိုင်တယ်လေ။ ရွှေညာသားလေး ရွာမှတုန်းက အခုလိုမိုးဦးကျနောက်ကျတဲ့ နှစ်ဆိုရင် ရွာအနောက်ဘက်က တောင်ရိုးတွေပေါ်ကို ဦးလေးတွေ အဒေါ်တွေနဲ့ နွားစာရှာခဲ့ဖူးတယ်။ မိုးခေါင်ပြီဆိုရင် လူစာထက် နွားစာက တော်တော်လေး ခက်ခဲတာ။ လူစာက သူများဆီမှာ ကူးပြီး(ချေး) စားလို့ရသေးတယ်။ နွားစာကျတော့ အဲ့ဒီလိုမရဘူးလေ။

မိုးကောင်းတဲ့နှစ်ဆိုရင်တော့ ၀ါဆိုဝါခေါင်ဆိုရင် ပြောင်းဖူးတွေလည်းပေါ်နေပြီ။ ရွာမြောက်ဘက်က လယ်ကွင်းပြင်မှာလည်း ရေတွေတဖွေးဖွေးနဲ့ ပျိုးနှုတ်ကောက်စိုက် လယ်ထွန် စတဲ့ မိုးတွင်းပန်းချီကားချပ်ကြီးက အသက်ဝင်စွာလှုပ်ရှားနေပြီပေါ့။ ဒါပေမဲ့ ဒီနှစ်ရွာပြန်တော့ ဒီပန်းချီကားချပ်ကြီးကို မြင်ရမည့်အစား ပတ်ကြားအက်တွေမပျောက်သေးတဲ့ လယ်ကွက်တွေနဲ့ အရွက်တွေခြောက်နေတဲ့ ပြောင်းဖူးခင်းတွေ မိုးမျှော်နေတဲ့ ၀ါဖျော့ဖျော့ စပါးပျိုးခင်းတွေကိုသာ မြင်ခဲ့ရတယ်။

မိုးတိမ်တောင်တွေကတော့ ညနေစောင်းရင် အနောက်တောင်ဆီက တက်တက်လာတာပဲတဲ့။ ဒါပေမဲ့ ညိုသာညိုတယ် မရွာတဲ့မိုးဖြစ်နေတာ ကြာပြီတဲ့လေ။ တွေ့တဲ့သူကို လယ်တွေစိုက်ရပြီလား၊ နှမ်းခင်းရော ဘယ်နှယ့်နေတုန်း စသဖြင့် မေးကြည့်တော့ လယ်ကတော့ကွာ ဒီနှစ်မျိုးဆုံးလောက်ပါတယ်။ နှမ်းကတော့ မျိုးလေးလောက် ပြန်ရလိမ့်အုံးမလားလို့ပဲ စတဲ့အားမရှိတဲ့အဖြေလေးတွေပေးကြတယ်။ နောက်ပြီးပြောသေးတယ် မင်းတို့ပညာတတ်တွေပဲ ဟန်ကျတယ် ဘယ်တော့မှမိုးမခေါင်ဘူးတဲ့။ မိုးတော့မခေါင်ဘူးပေါ့ဦးလေးရယ် ဒါပေမဲ့ ကိုယ့်ရပ်ကိုယ်ဒေသမှာ မိုးခေါင်တယ်ဆိုတော့ စိတ်မကောင်းဖြစ်မိတာပေါ့။ ရွှေညာသားလေးလည်း တောင်သူလယ်သမားဘ၀က ဆင်းသက်လာသူတစ်ယောက်မို့ ကိုယ်က အဆင်ပြေပြေ စားသောက်နေရပေမဲ့ ကိုယ့်ဒေသ ကိုယ်ရပ်ရွာမှာ မိုးလေးဝသမကောင်းဘူးဆိုတော့ ဘယ်လိုလုပ်ပြီး ၀မ်းသာနိုင်ပါ့မလဲလေ။

ချောင်းထဲကိုရေချိုး ဆင်းရင်း ရွာမြောက်ဘက်က ခြောက်သွေ့နေတဲ့ လယ်ကွင်းပြင်တွေနဲ့ တိမ်တွေခမောက်ဆောင်းနေတဲ့ ပုပ္ပားတောင်ကြီးရဲ့ ပုံလေးတွေကို တင်ပေးပါအုံးမယ်။ ပုပ္ပားတောင်ကြီးလည်း တိမ်တွေ ခမောက်ဆောင်းနေပေမဲ့ မိုးမရွာတော့ဘူး။ အရင်တုန်းကဆိုရင် ပုပ္ပားတောင်ကြီးဟာ ကျွန်တော်တို့ရွာလေးရဲ့ မိုးလေ၀သအချက်ပြ သင်္ကေတတစ်ခုပါ။ အခုတော့ သူလည်း သူ့တာဝန်ကိုပုံမှန်အတိုင်း ထမ်းဆောင်နေပေမဲ့ မိုးတွေကတော့ ညိုသာညို ပြိုမလာခဲ့ပါဘူး။ မိုးမရွာလို့ စိတ်အားငယ်နေတဲ့ ရွာသူရွာသား ဦးကြီးဦးလေးတွေရဲ့ မျက်နှာတွေကို မြင်ရလို့ ရွှေညာသားလေးလည်း စိတ်မကောင်းစွာနဲ့ နှုတ်ဆက်ပြီး အလုပ်ဌာနရှိရာဆီသို့ ပြန်လာခဲ့ပါတယ်။ စိတ်ထဲမှာတော့ မိုးတွေမြန်မြန် ရွာသွန်းပါစေလို့သာ ဆုတောင်းနေမိပါတယ်။

Thursday, August 2, 2012

ဘလော့ခ်သို့ အပြန်....

မရောက်တာ ကြာလို့ လာရတာလမ်းတွေမှားနေတယ်...။ ဘလော့ခ်လည်း ဖုန်တွေတော်တော်ထူနေလောက်ပြီဗျာ။ ရွှေညာသားလေး သင်တန်းတခုသွားတက်နေရလို့ ဘလော့ခ်နဲ့နှစ်လလောက်အဆက်ပြတ်သွားတယ်။ ရေးချင်တာတွေ ပြောပြချင်တာတွေကလည်း အများကြီးဗျာ။ ဘယ်ကစပြောရမယ်မှန်းမသိဘူး။ အညာအကြောင်းအဓိက ထားရေးတာဆိုတော့ အညာအကြောင်းပြောပြရမလား။ ကိုယ့်အလုပ်နဲ့ဆက်စပ်ပတ်သက်တာတွေပြောရမလား၊ သင်တန်းအတွေ့အကြုံလေးတွေပြန်မျှဝေရမလား စသည့် စသည့် ပြောစရာတွေပေါ့ဗျာ။ အညာမှာတော့ ဒီနှစ်မိုးခေါင်တယ်ဗျာ...ရွာကိုဖုန်းဆက်လို့ ဦးကြီး ဒွေးလေးတွေက ပြောပြတာပါ။ အလုပ်နဲ့ဆိုတော့ ရွာကိုလည်းမရောက်ဖြစ်ဘူး။ အခုချိန်အထိ လယ်တွေလည်း မစိုက်ရသေးဘူးတဲ့။ ပြောင်းဖူးဆိုလည်း ဘာမှမရှိဘူးတဲ့။ နှစ်တိုင်းဒီအချိန်ဆို ပေါတဲ့ ချဉ်ပေါင်ရွက်လည်း  မရှိဘူးပြောတယ်ဗျ။ 

တောင်သူလယ်သမားဆိုတာကတော့ မိုးလေ၀သကောင်းမှ အဆင်ပြေတာမို့ မိုးမရွာရင် သူတို့လုပ်ငန်းခွင်က အဆင်မပြေဘူးလေ။ အခုချိန်ထိ ပျိုးမထောင်ရသေးဘူးဆိုရင် လယ်တွေစိုက်ရဖို့ကမသေချာတော့ဘူးပေါ့။ ခြောက်ပျိုးထောင်တာကလည်း မိုးမရွာတော့ အပင်ကိုမပေါက်ဘူးတဲ့။ အဲ့ဒါတွေကြားတော့ ဟိုစကားပုံလေးကို သတိရမိတယ်။ ဘာတဲ့ ရေများရာ မိုးရွာ ဆိုတာလေ။ ရွှေညာသားလေး ရန်ကုန်ကို နှစ်လလောက် နေခဲ့တာ ရွာလိုက်တဲ့ မိုး တစ်ရက်မှမပြတ်ဘူးဗျာ။ ကျုပ်တို့အညာမှာများ ရွာလိုက်ရင် တန်းဖိုးရှိတဲ့ မိုးရေတွေပေါ့။ ရန်ကုန်ကပြန်လာတဲ့ လမ်းတစ်လျှောက်မှာလည်း ကြည့်ရတာ စိမ်စိမ်းစိုစိုနဲ့ စိတ်ချမ်းသာစရာကောင်းလိုက်တာ...။ အညာမြေဘက်ကိုလည်း တဖြည်းဖြည်းရောက်လာတော့ လယ်ကွက်တွေကြည့်ရတာ ဘာမှမကိုမရှိဘူး။ တကယ့်နွေရာသီအတိုင်းပဲ။ ဘယ်ကိုပဲ ကြည့်ကြည့် ခြောက်သွေ့နေတဲ့ ယာကွက်တွေပဲ မြင်ရတယ်။

ရန်ကုန်မှာကျတော့လည်း ကောင်းလိုက်တဲ့မိုးက အပြင်ထွက်ရင် ထီးကောက်ကြီးကို ကိုင်သွားရတာ။ ရောက်စကတော့ ထီးကိုင်ကျင့်မရှိတာကြောင့် စိတ်ထဲမှာတစ်မျိုးကြီးဗျာ။ နောက်တော့လည်းလူတိုင်းက ထီးကိုင်ပြီး သွားလာနေကြတာမို့ အကျင့်ရသွားတယ်။ အပြင်ထွက်မယ်ဆိုရင် ကျန်တာတွေထက် ထီးကိုအရင်ဆုံး လက်ကဆွဲတယ်။ အခု ကျောင်းကို ပြန်ရောက်တော့လည်း ထီးမကိုင်ချင်တော့ဘူး။ အညာမှာက သွားလေရာ ထီးယူစရာမလိုဘူးလေနော့။ ရန်ကုန်မှာကတော့ သွားလေရာမှာ ထီးမပါရင် မိုးအခါမှသိမယ်ဆိုသလိုမျိုးကို ဖြစ်နေပြီ။ 

အိမ်ပြန်ရောက်ပြီဆိုတော့ ပို့စ်လေးတွေလည်း ဆက်ပြီးရေးဖြစ်တော့မှာပါ။ လာလည်ကြတဲ့သူတွေအားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်ဗျာ။ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ....။

Monday, April 30, 2012

ရွာအပြန်လက်ဆောင်(၂)

ကျုပ်ရွှေညာသားလေး ရွာကိုနောက်တစ်ခေါက်ပြန်မှာမို့ ကျန်နေသေးတဲ့ ရှု့ခင်းပုံလေးတွေနဲ့ အညာနွေနေပူအောက်က ပန်းလေးတွေကိုတင်ပေးလိုက်ပါတယ်။ နောက်ဆုံးမှာ ရေနွေးကြမ်းနဲ့ ပြောင်းဖူးမီးဖုတ်ပြီးသားကို သုပ်ထားတာရယ် နေ့လည်ခင်း အိပ်ချင်ပြေ မချစ်စု သရက်သီး လတ်လတ်ဆတ်ဆတ်ကို တိုင်မှာညက်အောင်ထုပြီး ဆားဖြူးထားတာရယ်ကို သုံးဆောင်သွားအုံးဗျာ...။ ရွာကပြန်ရောက်ရင် နောက်တစ်ပိုင်း ထပ်တင်တာပေါ့နော့...။

 ရေလှောင်ဆည်ကနေ အခုလိုရေမြောင်းလေးနဲ့ သွယ်သွင်းယူသဗျာ....။

 နွေရာသီတော့ နွေရာသီပါပဲ ဒါပေမဲ့ ရေနားနီးတော့ အခုလို စိမ်းစိုနေတာ မိုးတွင်းတမျှပေါ့...။

 ခရမ်းသီးတွေလည်း သီးလို့နေပြန်သေးဗျာ...။

 ချဉ်ပေါင်ပင်တွေကလည်း နုနုဖောက်ဖောက်မို့ ခူးချင်စရာ လက်ကိုယားနေတာပဲ... သူများအခင်းမို့ ဓာတ်ပုံပဲရိုက်ခဲ့ရတယ်လေ...။
အပေါ်ကပုံကတော့ ရေလှောင်ဆည်ပါ နွေရာသီဆိုတော့ ရေကမြင်တဲ့အတိုင်းပဲ...။

 ဟော့သလို ပိုက်လေးနဲ့သွယ်ပြီးတော့ လွှဲယူကြတယ်ဗျ...။

 အရီးလေးတို့ ယာခင်းဘေး ရိုးထဲက ကျောက်စက်ရေတွင်းလေးပါ...ရေကအမြဲတမ်း ပြည့်နေတာ ခပ်လို့မကုန်ဘူး သောက်လို့လည်းကောင်းတယ် အေးမြပြီး ကြည်လင်နေတာပဲ မှန်ကြည့်လို့ရတယ်ဗျာ...။


ရေပြည့်လာရင် ဘေးကမြောင်းလေးကနေ စီးထွက်သွားတာပဲ...။

 ဒါကတော့ ရိုးရဲ့ အထက်ပိုင်းက ကျုပ်ဦးလေးတားထားတဲ့ ရေချိုးဖို့နေရာလေးပါ နွေနေပူပူမှာ ရေစိမ်လို့အတော်ကောင်းဗျာ...အေးစိမ့်နေတာပဲ...။ အထက်ကရေတွင်းလေးက အောက်နားက ကျောက်ခုံပေါ်မှာရှိပါတယ်...။
 ဒီပုံလေးက အထက်ကရေလှောင်ဆည်ထဲကို ဆယ့်နှစ်ရာသီ စီးဝင်နေတဲ့ သဘာဝရေထွက်လေးပါ...ဒီရေထွက်ရေကို ရွာအထိပိုက်နဲ့ သွယ်တန်းဖို့ ဆန္ဒရှိနေကြပေမယ့် ပိုက်ဆံအကုန်မခံနိုင်သေးတော့ ချောင်းထဲကရေကိုပဲ ပခုံးထမ်းနဲ့ သယ်နေကြရတယ်...။ ထီသာပေါက်ရင်တော့ သူတို့ဆန္ဒတွေ ဖြည့်ပေးနိုင်ကောင်းပါရဲ့ဗျာ...။

ဒါကတော့ ခါချဉ်ကောင်လေးတွေပါ...လူကိုများကိုက်ရရင် လေးပေါင်လေးဘက်ကားပြီး အသေခံကိုက်တယ်...။ ကြားဖူးတာတော့ ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးဖြိုမယ်ကြံ ခါးကမသန်ဆို လားပဲ...။ လူကိုကိုက်ရင်တော့ ခါးမသန်ပေမဲ့ အသေခံပြီးကိုက်တယ်...တော်တော်ဆိုးတဲ့ ဟာလေးတွေ...။

Saturday, April 28, 2012

ရွာအပြန်လက်ဆောင်...

အားလုံးသော အွန်လိုင်းမိတ်ဆွေ မောင်နှမများအတွက် ရွာပြန်တုန်း လက်ဆော့လာခဲ့တဲ့ အညာနွေရဲ့ ရှု့ခင်းပုံးလေးတွေနဲ့ အညာနွေနေပူပူမှာ ပွင့်လန်းနေတဲ့ ပန်းလေးတွေကို အညာအလွမ်းပြေကြည့်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။
 ဒီပုံလေးကတော့ အညာနွေ နေပူပူအောက်က ပုပ္ပားတောင်ကြီးရဲ့ပုံလေးပါ...

သူတို့လည်း နေပူပူမှာအလုအယက် စားနေကြတယ်....
 
ဒီပန်းလေးကတော့ ကျုပ်တို့ဆီမှာ နွားမဆေးပန်းလို့ ခေါ်ပါတယ် အပင်က ရဲယိုပင်နဲ့ဆင်တယ် အသီးလည်းဆင်ပါတယ်... ပန်းရနံ့ကတော့ သင်းသင်းလေးနဲ့ အတော်မွှေးပါတယ်...
 ဒီပန်းလေးကတော့ လက်ထုပ်ပန်းတဲ့ နွေရာသီမှာ ပွင့်ပါတယ် သူ့အနံ့လေးကလည်း မွှေးမွှေးလေးနဲ့ အမောပြေစေပါတယ်...

 ကျုပ်တို့ရွာ အရှေ့ဘက်က ချောင်းခုံပါ နွေရာသီမို့ ရေတွေခမ်းခြောက်နေပါတယ်... မိုးတွင်းဆိုရင်တော့ ခဲတွေမမြင်ရပါဘူး...ရေတွေအပြည့်ပေါ့....

 လေးလေးတို့ ကြက်သွန်ခင်းမှာ ကြက်သွန်တူးနေကြတာပါ...ကျုပ်လည်းနှစ်ရက်ဆက်တိုက် ကူပြီးတူးပေးခဲ့ပါသေးတယ်....။

 နေပူပေမဲ့ ကိုယ့်လယ်ယာကထွက်တဲ့ သီးနှံဆိုတော့လည်း အခုလိုပဲသိမ်းဆည်းကြရတာပေါ့... သူတို့အတွက်အမောပြေစရာတွေပဲလေ...

ဒါကတော့ ဓာတ်ပုံရိုက်ရင်း ဘယ်လိုမှစိတ်မထိမ်းနိုင်လို့ ခူးလိုက်တဲ့ နွေရာသီထွက် ဖရုံရွက်နဲ့ ဖရုံသီးနုနုလေးတွေပါ... အိမ်ရောက်တော့ အဖွားကို ဟင်းချိုချက်ခိုင်းတယ်...အဲ့ဒီညနေက စားလို့ကောင်းလိုက်တာများ မပြောပါနဲ့....


 ရေကနည်းနေတော့ ကျောက်ခဲတွေက ချောင်းခုံတခုလုံးမြင်နေရတာ တစ်မျိုးလှသဗျာ...


 ရေနည်းပေမယ့် ကြည်ကြည်လင်လင်လေးပါနော့....သောက်လို့တော့ရပါတယ်...

ဒီအပင်လည်း လက်ထုပ်ပင်ပါပဲ..သူကတစ်နေရာမို့ ထပ်ပြီးရိုက်လိုက်တာ...

 ကျောက်တုံးမျက်နှာပြင်က ညီညာနေတော့ အ၀တ်တင်လျှော်ဖို့အတွက် စိတ်ပူစရာမလိုတော့ဘူးပေါ့...

ကျောက်ခဲကြားက ရေအေးအေးက ချိုးလို့အတော်ကောင်းသဗျာ.....

ပုံတွေအများကြီးကျန်သေးတယ် နောက်ရက်မှ ဆက်ပြီးတင်ပေးမယ်နော်...ကွန်နက်ရှင်က စိတ်မချရလို့ ပြီးသလောက်လေးပဲ တင်လိုက်တာ...နောက်ဆက်ပြီးတင်ပေးမယ်...ဘာပဲဖြစ်ဖြစ် ဒီပုံလေးတွေကြည့်ပြီး တခုခု ကျေနပ်မှုရတယ်ဆိုရင် လက်ဆော့ရကျိုးနပ်ပါတယ်ဗျာ...
ရွှေညာသားလေး

Saturday, April 14, 2012

သင်္ကြန်ဆိုတာ...ဘာကိုခေါ်တာလဲလို့ မေးရတော့မယ်...


မနေ့က သင်္ကြန်ထွက်လည်မယ်ဆိုတဲ့အတိုင်း ညနေဘက်မှာ သူငယ်ချင်းတစ်ယောက်နဲ့ မြို့ထဲကို လျှောက်လည်ဖြစ်ပါတယ်။ အဆောင်ကနေထွက်ခါစတော့ အေးအေးချမ်းချမ်းပါပဲ... မြို့ထဲရောက်တော့ ဆိုင်ကယ် အိတ်ဇောတွေကို ဖွင့်ပြီးအဖွဲ့လိုက် သောင်းကျန်းနေတဲ့ လူငယ်အများစုကို တွေ့ရတော့တာပါပဲ။ ရေပက်ခံရဖို့ထက် သူတို့ဆိုင်ကယ်တွေနဲ့ တိုက်မိမှာစိုးလို့ ရှောင်နေရတာက တစ်လမ်းလုံးဆိုပါတော့...။ တချို့က ဆိုင်ကယ်ပေါ်ကနေ ခုန်နေသေးတယ် ပတ်ဝန်းကျင်တစ်ခုလုံး ဆိုင်ကယ်စက်သံဆူညံနေတာက သင်္ကြန်ဆိုတာထက် လူငယ်တွေရဲ့ ဆိုင်ကယ် ပုံစံမျိုးစုံနဲ့ စည်းကမ်းမဲ့စွာ စီးတဲ့ပွဲလို့နာမည်ပြောင်းရမလိုပါ။ ပျော်တာလဲပျော်ပေါ့လေ ဒါပေမဲ့ စည်းလွတ်ကမ်းလွတ်တော့ မဖြစ်သင့်ဘူးထင်ပါတယ်။ ပတ်ဝန်းကျင်ဆိုတာကိုလည်း ဂရုမစိုက် အသံမျိုးစုံထွက်တဲ့ ဆိုင်ကယ်တွေနဲ့ အဖွဲ့လိုက် အဖွဲ့လိုက် အော်ဟစ်နေတဲ့ လူငယ်အများစုကိုတွေ့ရပါတယ်။ အဆိုးဆုံးက ဆိုင်ကယ်သံတွေပါ လူကြားထဲရောက်ရင် လီဘာကိုအတင်းဆွဲညှစ်တော့ အသံတွေက နားကွဲမတတ် ဆူညံလွန်းပါတယ်။ သူတို့တွေအတွက်တော့ သာယာတဲ့တေးဂီတသံ ထင်မှတ်ပြီး ကခုန်မြူးထူးနေတာပါပဲ။ တစ်ရက်လေး ထွက်လည်မိပါတယ် တစ်ခါတည်းကို စိတ်ကုန်သွားတာပဲဗျာ...

မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန် ဆိုတဲ့စကားနဲ့အညီ ယဉ်ယဉ်ကျေးကျေးနဲ့ ရေပက်ဆော့ကစားတာက တော်တော်ကို ရှားနေပါပြီ။ တစ်နေရာမှာတော့ စင်တင်တေးဂီတနဲ့ ဖျော်ဖြေလေ့ရှိတဲ့ စားသောက်ဆိုင်ရှေ့က ရေကစား မဏ္ဍပ်ရှေ့ကို သူငယ်ချင်းနှစ်ယောက်ရောက်သွားခဲ့ပါတယ်။ လူတွေများလွန်းလို့  မဏ္ဍပ်ရှေ့ကဖြတ်ဖို့ နာရီဝက်လောက်စောင့်ရပါတယ်။ မဏ္ဍပ်ပေါ်မှာတော့ အမြင်မတော်တဲ့ အ၀တ်အစားတွေနဲ့ သင်္ကြန်အကဆိုတာနဲ့ မသက်ဆိုင်တဲ့ ကကွက်တွေကို ကပြဖျော်ဖြေနေတဲ့ မိန်းမပျိုလေးတွေကို မြင်ရပါတယ်။ ဒါကြောင့်လည်း လူစည်တာထင်ပါတယ်။

ကျုပ်က တောရွာသားစစ်စစ်ပါ အခုမှ မြို့ပေါ်မှာနေရတာ။ လူငယ်ဘ၀က ဖြတ်သန်းလာရသူတစ်ယောက်ပါပဲ လူငယ်သဘာဝ ပျော်ရွှင်တတ်တာကိုတော့ နားလည်ပေးပါတယ်။ တောမှာဆိုတော့ တောသဘာဝနဲ့ပဲ ပျော်ရွှင်ခဲ့ဖူးတာပေါ့။ ဒါပေမဲ့ ဒီလောက်ဆိုးဝါးတဲ့ ပျော်ရွှင်မှုမျိုးကိုတော့ မခံစားချင်ပါဘူး။ ကိုယ်တိုင်အတွက် ပျော်စရာဖြစ်ပေမဲ့ တခြားသူ ပတ်ဝန်းကျင်အတွက်တော့ ဘယ်လိုနည်းနဲ့မှ ပျော်စရာဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီကြားထဲ ကိုယ့်ပျော်ရွှင်မှု ကြောင့် တပါးသူကို အန္တရာယ်ဖြစ်စေတာကလည်း ရှိပါသေးတယ်။ အထက်ကပြောခဲ့တဲ့ ဆိုင်ကယ်စီးခြင်းမျိုးတွေပေါ့ လူကြားထဲရောက်လို့ ဆိုင်ကယ်လီဘာကို အတင်းဖိဆွဲပြီး အရှိန်မထိန်းနိုင်ရင် ဘေးကလူကိုတိုက်ဖို့က သေချာပါတယ်။ အဲ့ဒီလိုဖြစ်တာကိုလည်း နှစ်ခါသုံးခါလောက်လည်း မြင်ခဲ့ပါသေးတယ်။  ကျုပ်တော့ သူတို့တွေကြည့်ပြီး ကျောချမ်းမိတယ်။

သင်္ကြန်ကို မလည်ဖြစ်တာကြာလို့ မျက်စိစိမ်းနေတာပဲလားတော့မပြောတတ်ပါဘူး။ မြင်တွေ့ရတဲ့ မြင်ကွင်း အတော်များများ ကတော့ မြန်မာ့ယဉ်ကျေးမှုဆိုတာနဲ့ တော်တော်လေးကို ကင်းကွာနေတယ်ထင်ပါတယ်။ မြို့ထဲ နေရာအတော်များများလည်လို့ အပြီးမှာတော့ ခိုက်ခိုက်တုန်အောင် ချမ်းတာနဲ့ ကျုပ်တို့တွေ အဆောင်ကို ပြန်လာခဲ့ပါတယ်။ 

အဆောင်ရောက်တော့ ရေမိုးချိုးပြီး မိတ္တီလာကန် အနောက်ထိပ်က ဗဟိုရေကစား မဏ္ဍပ်ကို နောက်တစ်ခေါက် ထွက်ခဲ့ပါတယ်။ မဏ္ဍပ်ရှေ့ရောက်မှပဲ သင်္ကြန်ဒိုးသံလေးကြားရတော့ သင်္ကြန်ဆိုတဲ့ အရသာကို ခံစားရပါတယ်။ သြော် ဒါမျိုးလေးတွေ ရှိသေးလို့ တော်သေးတာပေါ့လို့ စိတ်ထဲကရေရွတ်မိပါတယ်။ မိတ္ထီလာမြို့ပေါ်ရှိ ရပ်ကွက်တွေက သင်္ကြန်ယိမ်းအကအဖွဲ့တွေ ယဉ်ယဉ်ကျေးကျေးနဲ့ ကပြယှဉ်ပြိုင်ကြတာပါ။  မြန်မာဆန်ဆန် အ၀တ်အထည်လေးတွေ ကိုယ်စီဝတ်ဆင်ပြီး ညီညီညာညာ ကပြယှဉ်ပြိုင်တာကို မြင်ရတာဖြင့် ဘ၀င်အေးစရာ ကောင်းလှပါတယ်။ ဆုပေးမဏ္ဍပ်ဖြစ်တာကြောင့် စနစ်ကျကျ ကပြယှဉ်ပြိုင်ကြတာ တွေ့ရပါတယ်။ ဒီလိုမဏ္ဍပ်မျိုးတွေ နေရာတိုင်းမှာ တိုးပွားလာအောင် လုပ်နိုင်ရင်တော့ မြန်မာ့ရိုးရာ အတာသင်္ကြန်ဆိုတာ ဒါပါပဲလို့ ပြောပြနိုင်စရာ ကျန်နေဦးမှာပါ...။

ဒီပို့စ်လေးက ရွှေညာသားလေး ကျုပ်ရဲ့ အမြင်မျှသာဖြစ်ပါသည်။ စာဖတ်သူ ကျုပ်မိတ်ဆွေ ညီအစ်ကိုမောင်နှမများ သဘောမတွေ့ဘူးဆိုရင် ကျုပ်ကိုခွင့်လွတ်ပါလို့ တောင်းပန်ပါတယ်ဗျာ။ မြင်ခဲ့ရတာ၊ ကြားခဲ့ရတာ လေးတွေကို မျိုသိပ်မထားနိုင်လို့ သင်္ကြန်တွင်းအမှတ်တရ ပို့စ်လေးရေးလိုက်တာပါ။ ဒီပို့စ်ရေးနေတုန်းတောင် လမ်းပေါ်က ဆိုင်ကယ်သံဆူဆူညံညံတွေ ကြားနေရလို့ ကျောချမ်းနေမိတယ်။ အားလုံးသော ကျုပ်မိတ်ဆွေ ညီအစ်ကိုမောင်နှမတွေ ဘေးဘယာဝေးကွာ ကျန်းမားချမ်းသာကြပါစေဗျာ။

အားလုံးကို လေးစားလျက်
ရွှေညာသားလေး

Friday, April 13, 2012

ပြန်ရောက်ပြီ...

 ပြန်ရောက်ပြီဆိုလို့ ဘယ်မှ ဝေးဝေးလံလံ သွားနေတာ မဟုတ်ပါဘူးနော်။ မြန်မာပြည်တွင်းမှာပဲ လုပ်စရာရှိတာလေးတွေ လုပ်နေရလို့ ဘလော့ခ်ကို ပြန်ရောက်ကြောင်းပြောတာပါ။ ဖေဖော်ဝါရီလထဲက စပြီးတော့ များလိုက်တဲ့အလုပ်တွေဗျာ... နားကိုမနားရဘူး...နောက်ဆုံးတော့ မနေ့က သင်္ကြန်အကြိုနေ့မှာပဲ ပြန်ရောက်တယ်။ ဒါနဲ့ ဒီနေ့တော့ ကွန်နက်ရှင်လေး ရတုန်း အွန်လိုင်းတက်ပြီး အိမ်ထဲကို ၀င်အုံးမှဆိုပြီး ရောက်လာတာ...ရွာပြန်ဖို့လည်း သင်္ကြန်တွင်းဆိုတော့ ကားတွေက အဆင်မပြေ... နှစ်လလောက် အသည်းအသန် ပင်ပမ်းထားတာမို့ သင်္ကြန်တွင်းတော့ အဆောင်မှာပဲ အေးအေးလူလူနေရင်း အနားယူမယ်လို့ ဆုံးဖြတ်ထားတယ်။ အဆောင်ကလည်း အေးအေးလူလူရှိတာကတော့ ပြောမနေပါနဲ့ တစ်ဆောင်လုံးမှ တစ်ယောက်ထဲ... ဘုတ်ဘုတ်တို့ အဖွဲ့တွေရှိလို့ တော်သေးတယ်...သင်္ကြန်နဲ့ မထိတွေ့ရတာလည်း သုံးနှစ်လောက်ကြာသွားတော့ မနေ့က သင်္ကြန်အကြိုနေ့ မန္တလေးကအပြန်လမ်းမှာ ရေပက်ခံရတာ ပျော်ဖို့ကောင်းချက်ဗျာ.... သင်္ကြန်ရေက အေးမြနေတာပဲ... ဒီနေ့ညနေပိုင်းတော့ မိတ္ထီလာသင်္ကြန်ကို လည်မယ်လို့ စိတ်ကူးထားတယ်... ညကျရင် အတွေ့အကြုံလေးတွေ ပြန်ပြော ပြမယ်ဗျာ...

Saturday, February 18, 2012

သမီးအချစ်....မြေးအနှစ်ဆိုတာ ဒါမျိုးထင်တယ်....

ကျွန်တော်တို့ လူသားတွေလောကမှာ သားအချစ် မြေးအနှစ် ဆိုပြီးပြောတတ်ကြတယ် မဟုတ်လား။ အခုကျွန်တော်ပြောချင်တာလေးက လူသားတွေလောက် အသိဥာဏ်မရှိတဲ့ ခွေးတွေမှာလည်း အဲ့ဒီလို အဖြစ်မျိုး ရှိတယ်ဆိုတာကိုပါ။ အဆောင်မှာ ခွေးတွေပေါတာက စပြီးပြောရင်တော့ အရှည်ကြီးပါပဲ။ အရင်ရောက်နှင့်တဲ့ အကိုဆရာတွေက ကျွေးထားလို့ အဆောင်မှာ ခွေးတွေအများကြီးပါပဲ။ အဲ့ဒီအထဲကမှ အကိုတစ်ယောက် အစာကျွေးရင် ခေါ်တဲ့ နာမည်တွေကို မှတ်မိနေတာကတော့ လုံးလုံး၊ ကျားမ(ဂျားမ)၊ ဗိုက်ပူမ၊ မိနက် စတဲ့ နာမည်တွေပါပဲ။ ခွေးဆိုပေမဲ့ နာမည်ခေါ်လိုက်ရင် နားလည်တယ်ဗျ။ သူ့နာမည်နဲ့သူ ခေါ်လိုက်ရင်ပြေးလာတာပဲ။
 ဂျားမနဲ့သူ့ကလေး လေးတွေ


သူကတော့ မြေးလေးတွေနဲ့အတူအိပ်နေတဲ့ ဂျားမအမေ ဗိုက်ပူမပါ

သူတို့တွေထဲက မိနက်ဆိုတဲ့ ခွေးမကြီးက မိုးရာသီမှာ ခွေးကလေး လေးကောင်မွေးတယ်။ အဲ့ဒီလေးကောင်ကလည်း အခု တော်တော်လေးကြီးနေကြပြီပေါ့။ သူတို့ကိုလည်း နာမည်တွေပေးထားသေးတယ်။ ကျွန်တော်ပေးထားတဲ့ တစ်ကောင်ကတော့ ဘုတ်ဘုတ် တဲ့။ ခွေးမည်းမလေး အမွေးစုတ်ဖွားလေးနဲ့မို့ ငယ်ငယ်လေးကတည်းက ဘုတ်ဘုတ် ဆိုပြီးခေါ်တာ အခုလည်း ဘုတ်ဘုတ်ဆိုရင် သုတ်သုတ်ပြေးလာတတ်နေပြီဗျ။ ကျန်တဲ့သုံးကတော့ အောင်နက်၊ ကုတ်ကျား(ဂုတ်ကျား)၊ မိနီ၊ အောင်နက် ဆိုပြီး ခေါ်ကြတယ်။ ဘုတ်ဘုတ်ကတော့ အားလုံးထဲမှာ အလည်ဆုံး အသွက်ဆုံးပဲ။ ကျွေးချင်အောင်လည်း တတ်ပါ့ဗျာ။ သူငယ်ချင်း တစ်ယောက်ကဆို ဘုတ်ဘုတ်ကို သမီးလို့ ခေါ်တယ်။ ဒါလည်း နာလည်တာပဲ။ သမီးလို့ခေါ်တဲ့သူကို ပိုပြီးခင်သေးတယ်။ ကျောင်းကပြန်လာရင် အမြီးကို ပြုတ်ကျမတတ် ခါယမ်းပြီး ပြေးကြိုတယ်။ ကျောင်းမှာ ကျောင်းသူကျောင်းသားတွေနဲ့ အမြဲထိတွေ့နေရတော့ အဆောင်ရောက်ရင် ယောင်လည်လည်နဲ့ နေရတာပျင်းဖို့ကောင်းတယ်။ ဘုတ်ဘုတ်တို့တွေ ရှိတော့ သူတို့ကို စလိုက်၊ ရိုက်လိုက်နဲ့ အပျင်းပြေတယ်။


ကလေးတွေနဲ့နွေးနွေးထွေးထွေးအိပ်နေတဲ့ ဗိုက်ပူမ

ဒီနှစ်ဆောင်းတွင်းမှာ ကျားမ(ဂျားမ)က ခွေးလေး လေးကောင်မွေးတယ်။ ရွာဘက်မှာ ဆိုရင်တော့ ခွေးလေးကောင် မွေးရင် ခွေးကုတင် လို့ခေါ်တာကြားဖူးတယ်။ အဲ့ဒီအထဲမှာ အမကတစ်ကောင် အထီးကသုံးကောင်ပါတယ်။ ဂျားမက အရင်နှစ်တုန်းက ဗိုက်ပူမမွေးထားတဲ့ ခွေးမလေးပေါ့။ ဒီနှစ်တော့ သူကလည်း ကလေးအမေဖြစ်နေပြီ။ ခွေးလေးတွေ မွေးခါစတုန်းကတော့ အဆောင်နဲ့ဝေးရာမှာပဲ မျက်စေ့ပွင့်တော့ အဆောင်နားကို ရွှေ့ထားပေးလိုက်တာ အခုတော့ ဂျားမကလေးတွေက အခန်းရှေ့မှာ ပြေးလွှားဆော့ကစားနေကြပြီ။ ညနေပိုင်းကျောင်းကပြန်ရောက်ရင် သူတို့လေးတွေနဲ့ ဆော့ရတာ အပျင်းပြေတယ်ဗျ။

Sunday, February 5, 2012

အန္တဂူ ရေလည်ဘုရား...

မိတ္ထီလာကန်ထဲက အန္တဂူရေလည်ဘုရား ပုံလေးများပါ။ ဓာတ်ပုံလေးတွေ ရိုက်ဖြစ်တော့လည်း တင်ရတာက အဆင်မပြေလို့ မတင်ဖြစ်ဘူး။ စာတွေလည်း ရေးဖြစ်ပေမဲ့ ကွန်နက်ရှင်အခက်အခဲကြောင့် ပို့စ်အနေနဲ့ မတင်ဖြစ်ဘူး။ အင်တာနက်လိုင်းတွေ မြန်မြန်ကောင်းပါစေလို့သာ ဆုတောင်းနေမိတယ်ဗျာ။ အခုလည်း စိတ်ရှည်ရှည်ထားပြီး ဓာတ်ပုံလေးတွေ တင်လိုက်ပါတယ်။ 




အဝေးရောက်နေသူတွေအတွက် အလွမ်းပြေပေါ့ဗျာ...

အားလုံးသော အွန်လိုင်းမိတ်ဆွေ ညီအစ်ကိုမောင်နှမများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်....။ လာရောက်လည်ပတ်တဲ့အတွက်လည်း ရွှေညာသားလေးက ကျေးဇူးအထူးတင်ပါတယ်ဗျာ...

Tuesday, January 3, 2012

ငါးပင်စိမ်းငရုတ်သီးစပ်…

 မြန်မာပြည်ပြန်ရောက်ကတည်းက အသီးအရွက်တွေပဲ နေတိုင်းချက်စားနေတာ ဒီနေ့တော့ ဈေးကိုရောက်လို့ ငါးတစ်ကောင်ကို ငါးရာနဲ့ဝယ်ပြီး ပင်စိမ်းရွက်၊နံနံပင်၊ငရုတ်သီးစိမ်း စတာတွေနဲ့ ငရုတ်သီးစပ် ဟင်းတစ်ခွက် ပထမဆုံး ချက်စားဖြစ်တယ်။ ကိုယ့်မြေကိုယ်ရေမှာဆိုတော့ အသီးအရွက်တွေကလည်း ပေါတယ်ဗျာ။ မုန့်ညှင်းဖူး တွေဆို လတ်လတ်ဆပ်ဆပ်နဲ့ ကြော်စားရတာ အတော်ကောင်းတာပဲ။

 ဆီသိပ်မပါပေမဲ့ စားလို့ကောင်းတယ်နော်...

ဈေးထဲကိုရောက်ရင် အသားတန်းဘက်ကို ခြေဦးမလှည့်ဘူး။ စိမ်းစိမ်းစိုစိုနဲ့ ဈေးပေါတဲ့ အသီးအရွက် လတ်လတ်ဆတ်ဆတ် တွေပဲ မရိုးရအောင် ချက်စားတယ်။ အသားကလည်း ဈေးကြီးတယ်ဗျ။ ငါးကတော့ ဈေးပေါတယ်။ ဒါပေမဲ့ အသားဆိုရင်ကို စိတ်ထဲကဘယ်လိုကြီးမှန်းမသိဘူး။ သုံးနှစ်နီးပါးလောက် အသားငါးတွေ စားလာရတော့ အသီးအနှံပဲ စားချင်တော့တယ်။ ကျန်းမာရေးအတွက်လည်း အထောက်အကူပြု ရောဂါလည်းကာကွယ်၊ ဈေးဖိုးလည်းသက်သာ ဆိုတော့ ကျွန်တော့်အတွက်ကတော့ အဆင်ကိုပြေနေတာပဲ။ အသီးအရွက်ဟင်းတွေလည်း မျိုးစုံနေအောင်ကိုချက်စားဖြစ်တယ်။ ဘလော့မှာ တင်ချင်ပေမဲ့ နှေးလွန်လှတဲ့ အင်တာနက် လိုင်းကြောင့် စာတောင်ပုံမှန်မရေးဖြစ်ဘူးဗျာ။ဒီနေ့တော့ ချက်စားဖြစ်တာလေးကို ဘလော့မှာတင်ဖို့ စိတ်အားထက်သန်နေလို့ နှေးလှတဲ့ အင်တာနက် လိပ်ဖိုးဖိုးကို စိတ်ရှည်လက်ရှည်စောင့်ပြီး ပုံလေးတွေပါတင်ပေးလိုက်ပါတယ်။

ချက်နည်းကတော့ လွယ်လွယ်လေးပါပဲ။ အရင်ဆုံး ခရမ်းချဉ်သီးကို ကြက်သွန်နီ၊ ဆား၊ငပိ စတဲ့ ဟင်းခတ်လေးတွေထည့်ပြီး အရင်ချက်လိုက်ပါတယ်။ ပြီးမှ ကိုင်ပြီးသားငါးကိုထည့် ရေလေးနည်းနည်းဖြည့်ပြီး အဖုံးအုပ်ထားလိုက်ပါတယ်။ ငါးမိနစ်လောက်နေတော့ ငါးတုံးတွေကို ဟိုဘက်သည်ဘက် လှည့်ပေးပြီး ငရုတ်သီးစိမ်းတောင့်ကို ဓားနဲ့ခွဲပြီး ထည့်ပါတယ်။ ဟင်းအရသာ မြည်းပြီး ဟင်းအိုးချခါနီးတော့ ပင်စိမ်းရွက်ရယ် နံနံပင်ရယ်ကို ရေဆေးပြီး အပေါ်ကအုပ်လိုက်ပါတယ်။ ပင်စိမ်းနဲ့ နံနံပင်လေးတွေ နွမ်းသွားတော့ ဟင်းအိုးကို ဖိုပေါ်ကချလိုက်တယ်။ ပင်စိမ်းနဲ့နံနံပင် နံ့လေးသင်းပြီး ငရုတ်သီးစပ်စပ်လေးနဲ့ ထမင်းမြိန်စေမည့် ငါးဟင်းတစ်ခွက် စားဖို့အသင့်ပါပဲ။  ငါးဟင်းနဲ့တွဲဖက်စားသုံးဖို့ကိုတော့ မုန့်ညှင်းဖူး ကိုကြော်ပါတယ်။ အရည်သောက်ကတော့ ရွှေဖီမိုးလွတ် လဘက်ခြောက်နဲ့ ရေနွေးပေါ့ဗျာ။ အားလုံးပေါင်းမှ မြန်မာငွေတစ်ထောင်မပြည့်တဲ့ ဟင်းတစ်ခွက်နဲ့ ထမင်းတစ်နပ် အတွက် အဆင်ပြေပါတယ်။ 

ဘလော့ကို လာလည်တဲ့သူတွေကိုတော့ ငါးဟင်းပုံလေးတွေနဲ့ပဲ ဧည့်ခံလိုက်ပါတယ်ဗျာ။ ရွှေညာသားလေး လက်ရာကို မြည်းစမ်းကြည့်ကြပါအုံးနော်။ လိုတာလေးတွေလည်း ပြောခဲ့အုံး။ နောက်တစ်ခါ ချက်ရင် ပြင်လို့ရအောင်လေ….။ 

အားလုံးသော ဘလော့မိတ်ဆွေ ညီအစ်ကိုမောင်နှမတွေ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေလို့ ရွှေညာသားလေး ဆုတောင်းပေးပါတယ်။

Sunday, January 1, 2012

နှစ်သစ်ဆုတောင်း

အားလုံးသော အွန်လိုင်းမိတ်ဆွေ ညီအစ်ကိုမောင်နှမများ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ရွှေညာသားလေး ဆုတောင်းပေးလိုက်ပါတယ်။ 2012 ခုနှစ် နှစ်သစ်မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်တဲ့ ဘ၀များကို သာယာဖြောင့်ဖြူးစွာလျှောက်လှမ်းနိုင်ကြပါစေ...။ ယခုလက်ရှိလုပ်ကိုင်နေသော စီးပွားရေး၊ ပညာရေး၊ ဘာသာရေး လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆက်လက်ဆောင်ရွက်နိုင်ကြပါစေ...။ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေဗျာ...။