Pages

Friday, April 27, 2018

ထိုင်းရောက် မြန်မာ မိသားစု ရဲ့ သင်္ကြန် ထမင်းပွဲ


 မုန့်လုံးရေပေါ် လူစုံလုံးတော့ အရွယ်စုံစားရတယ်
သင်္ကြန်အကျ နေ့တုန်းက ကျောင်းမှာရှိတဲ့မြန်မာမောင်နှမတစ်တွေစုပေါင်းပြီးမြန်မာထမင်းဟင်းနဲ့
မုန့်လုံးရေပေါ်လုပ်စားဖြစ်ကြတယ်။ကျောင်းက ၅ ရက်လောက်ပိတ်တော့နယ်ခံကျောင်းသားတွေအားလုံး
နီးပါးပြန်ကြတယ်။အဆောင်မှာနိုင်ငံခြားကျောင်းသားတွေနဲ့ထိုင်းအနည်းငယ်ပဲကျန်ခဲ့တယ်။ထမင်းဆိုင်တွေ
လည်းပိတ်ကုန်တော့ကိုယ်ရှိတဲ့ခေါက်ဆွဲလေးပြုတ်စားကြော်စားရတယ်။မိန်းခလေးဆောင်ဘက်ကထမင်းချက်
စားဖို့သတင်းပေးတော့ညနေစာကိုကျောင်းကမီးဖိုဆောင်မှာစုပြီးချက်စားကြတယ်။ရွှေညာသားနဲ့မီးဖိုချောင်က
ရင်နီးနေတော့မီးဖိုနဲ့ဒယ်အိုးမြင်တာနဲ့ချက်ပြုတ်ကြော်လှော်ချင်စိတ်ကတဖွားဖွားဖြစ်လာတယ်။အပြင်မှာ
သူများတွေမုန့်လုံးလုံးနေတာကူလုံးပြီးအထဲဝင်တော့ဟင်းချက်နေတဲ့အဖွဲ့နားရောက်သွားတယ်။တချို့က
ဟင်းချက်တတ်တာသိတော့ဟင်းကူချက်ဖို့ပြောကြတယ်။ငိုချင်ရဲ့လက်တို့ဆိုသလို ချက်ချင်လျက် အိုးတွေ့
ဘာချက်ဖို့ကျန်သေးလဲမေးပြီး ပဲကုလားဟင်းကူချက်ပေးလိုက်ပါတယ်။


သူတို့စီမံထားတဲ့ဟင်းစပ်ကခရမ်းချဉ်သီးငါးပိချက်၊ပဲကုလားဟင်း ငါးခြောက်ကြော်သရက်သီးစိမ်းအတို့နဲ့
စားလို့ကောင်းတဲ့ထမင်းဝိုင်းပါပဲ။ကိုယ်စိတ်ကြိုက်မဟုတ်ပေမဲ့သူတို့မှာရှိတာနဲ့စားလို့ဖြစ်အောင်လက်စွမ်းပြ
ပေးလိုက်ပါတယ်။အားလုံးထဲမှာပဲကုလားဟင်းမျက်နှာပွင့်သွားတယ်။ကိုယ်တိုင်ကတော့သိပ်ပြီးစိတ်တိုင်းမကျ
လှဘူး။သူများတွေကစားကောင်းတယ်ဆိုတော့လည်းပျော်ပါတယ်။မုန့်လုံးကတော့အကြိုက်ဆုံးပါပဲ။
ကောက်ညှင်းဆန်စစ်တော့ ပါးစပ်ထဲထည့်လိုက်တာနဲ့နူးညံ့ပြီးစားလို့အင်မတန်ကောင်းပါတယ်။
ကောက်ညှင်းကစေးတော့မုန့်လုံးကို ကိုက်လိုက်ရင်သွားချင်ထိသွားတာမုန့်ပါတယ်ဆိုတာကိုမသိရအောင်
စေးနေတာ။စားဖူးသမျှထဲမှာအကြိုက်ဆုံးမုန့်လုံးရေပေါ်ပါ။အိမ်မှာဆို အလွန်းဆုံး ငါးလုံးပဲ ပိုမစားဘူး။
ကောက်ညှင်းနဲ့ဆန်ကြမ်းရောပြီးလုံးတော့ဝါးရတာထန်းလျက်ကုန်သွားရင်ပေါ့သွားတာ။အခုကအဲ့လိုမဟုတ်
စေးစေးလေးနဲ့စားလို့ကောင်းတာ။နောက်ဆုံးအားလုံးသိမ်းဆည်းပြီးလို့အဆောင်ပြန်တော့ကျန်နေတဲ့မုန့်လုံး
ကိုယောကျာ်းလေးဆောင်ဘက်တထုပ်၊ငါးခြောက်ကြော်ကျန်တာလည်းတဝက်ခွဲထည့်ပေးလိုက်တယ်။
ညပိုင်းဗိုက်ဆာတော့မုန့်လုံးရေပေါ်ထပ်စားကြတယ်။အဲ့ဒီအချိန်မှာတလုံးနဲ့တလုံးကတော်တော်ကပ်နေပြီ
မနည်းဆွဲခွာပြီးစားရတယ်။

အညာသားလက်ရာ ပဲကုလားဟင်း
သင်္ကြန်စာလွတ်ပြီလို့တွက်ထားပေမဲ့မမျှော်လင့်ဘဲသူတို့စီစဉ်တဲ့မြန်မာထမင်းဝိုင်းလေးကမြန်မာပြည်အလွမ်း
ပြေသင်္ကြန်စာလေးပါ စားလိုက်ရလို့ ကျေနပ်မိပါတယ်။

ငါးခြောက်ကြော်ကလည်း ရှယ်ပါပဲ
 ခရမ်းချဉ်သီး ငါးပိချက်
 ပဲကုလားဟင်း ခရမ်းချဉ်သီးငါးပိချက် သရက်သီးတို့စရာ


အညာသားလက်ရာ ခေါက်ဆွဲကြော်
 
 ကြက်သွန်နီသံပုရာရည်ဆမ်း ငရုတ်သီးစပ်

 သင်္ကြန်တွင်း ထမင်းဆိုင်ပိတ်လို့ ကိုယ်တိုင်ဖန်တီးထားတာ

 ကြက်သွန်နီသခွားသီးသံပုရာဆမ်း 

 ထိုင်း ထမင်းဟင်းတွေနဲ့အကျင့်ဖြစ်နေသော်လည်း တခါတရံမြန်မာထမင်းဟင်းစားရတဲ့အခါဗိုက်ပြည့်လို့
တော်ရတယ်စိတ်ကစားချင်နေတုန်းဆိုတာလို ခေါင်းမဖော်တမ်းလွဲလိုက်ကြတာ အလှူအိမ်ရောက်နေသလို
ပါပဲ။မိဘအိမ်နဲ့ဝေးရာကိုရောက်နေတဲ့အခါအတမ်းတဆုံးကအမေ့လက်ရာထမင်းဟင်းလေးတွေကထိပ်ဆုံး
ကပါဗျာ။အိမ်မှာရှိတုန်းကချဉ်ပေါင်ဟင်းဆိုနှာခေါင်းရှုံ့ချင်ရှုံ့မယ် အိမ်နဲ့ဝေးပြီဆိုရင်တော့အဲ့ဒီဟင်းမျိုးကိုပိုပြီး
တမ်းတတတ်တယ်။တာဝန်တွေပြီးဆုံးလို့ အိမ်ကိုပြန်တဲ့အခါဒီမှာချက်စားခဲ့တာလေးတွေကိုပြန်တမ်းတမိအုံး
မယ်။အစားအသောက်ပုံတွေနဲ့နှိပ်စက်ရတာကိုအားတော့နာမိပါရဲ့ နောင်တချိန်မှာအမှတ်တရလေးတွေကို
ပြန်ကြည့်နိုင်အောင်လို့စုစည်းသိမ်းဆည်းတဲ့သဘောပါ။

နှစ်သစ်မှာအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား

Thursday, April 19, 2018

Hatyai Songkran ထိုင်းသင်္ကြန်သို့ အလည်တခေါက်


 အဆောင်မှာ ဘုရားကိုရေသပ္ပာယ်နိုင်အောင်စီစဉ်ပေးထားတာပါ နံနက်ပိုင်းမှာ ဘုရားကိုရေသပ္ပာယ်ခဲ့ပါတယ်

ဧပြီ၁၃ရက်သင်္ကြန်အကြိုနေ့မှာသူငယ်ချင်းတွေနဲ့မြို့ထဲကိုရေပက်ခံထွက်ဖြစ်ပါတယ်။နှစ်သစ်ကူးကျောင်းပိတ်လို့
စိတ်အေးလက်အေးနဲ့စိတ်အပန်းဖြေရင်းကျနော်တို့အဖွဲ့ကမ်းခြေဆီသို့ကားငှားပြီးသွားခဲ့ကြတယ်။
ကမ်းခြေမှာဘီယာအနည်းငယ်သောက်လေညှင်းခံရင်းပင်လယ်ရေစိမ်ကြတယ်။အလုပ်ပိတ်ရက်ဖြစ်တာကြောင့်
မြန်မာတွေတော်တော်များများကမ်းခြေမှာတွေ့ရတယ်။ဆားငန်ရေခါးသက်သက်မှာတနာရီနီးပါးရေစိမ်ပြီးနောက်
ဒုတိယနေရာဖြစ်တဲ့မြို့တွင်းသင်္ကြန်ရှိရာဆီသို့လာခဲ့ကြပါတယ်။


လမ်းတစ်လျှောက်ရေကစားသူများနဲ့စည်ကားနေပြီးချစ်စရာကောင်းတဲ့ဓလေ့တခုကိုလည်းမြင်တွေ့ခွင့်ရခဲ့တယ်။
ကျနော်တို့ဆီကအိုးမည်းသုတ်တဲ့ဓလေ့ကဲ့သို့သူတို့ဆီမှာပေါင်ဒါမှုန့်ကိုရေဖျော်ပြီးလူတိုင်းရဲ့မျက်နှာကိုသုတ်ပေး
ကြတယ်။အထူးသဖြင့်ချောမောလှပတဲ့မိန်းခလေးယောကျာ်းလေးတွေမျက်နှာမှာပေါင်ဒါအပြည့်နဲ့ကြည့်ရတာ
တမျိုးကြည့်ကောင်းနေပါတယ်။ကားကြပ်တဲ့အချိန်မို့ရေကစားမဏ္ဍပ်တွေရောက်ရင်ကျနော်တို့လည်းပေါင်ဒါသုတ်
ခြင်းခံရပါတယ်။လူငယ်အတော်များများလက်ထဲမှာခပ်ပျစ်ပျစ်ဖျော်ထားတဲ့ပေါင်ဒါမှုန့်ပါတဲ့ရေခွက်တွေတွေ့ရပြီး
လူကြီးလူငယ်ယောကျာ်းမိန်းမအပျိုအအိုမကျန်ပေါင်ဒါမှုန့်နဲ့လိမ်းသုတ်ပေးတာကိုမြင်ရတယ်။အသုတ်ခံရတဲ့
သူကလည်းပြုံးရွှင်စွာနဲ့လက်ခံလေ့ရှိတာကိုကြည့်ခြင်းအားဖြင့်သူတို့ရဲ့ချစ်စရာကောင်းတဲ့ဓလေ့တခုကိုမြင်တွေ့
ခဲ့ရပါတယ်။

ချောမောလှပတဲ့မိန်းခလေးတွေရဲ့ပါးတွေခမြာတော့လူတိုင်းရဲ့လက်နဲ့ပွတ်သပ်ထိတွေ့ခြင်းကိုပိုပြီးခံရရှာတယ်။
တချို့လည်းဖြူစင်တဲ့စိတ်ထားနဲ့ပေါင်ဒါသုတ်တာရှိသလိုတချို့ကျတော့လည်းအတွေ့အထိအပေါ်သာယာတဲ့
စိတ်နဲ့ပေါင်ဒါသုတ်ကြတာကိုအမူအရာကြည့်ချင်းဖြင့်ခွဲခြားနိုင်ပါတယ်။မြန်မာပြည်မှာများအဲ့ဒီအလေ့အထရှိ
ရင်မိန်းမပျိုတိုင်းရဲ့ပါးလေးတွေတော့လက်ရာတွေထင်နေမှာမြင်ယောင်မိရဲ့။နောက်တခုကရေကစားကြတာ
ညင်ညင်သာသာရှိကြတယ်။ရေခဲရေစိမ်ပြီးလောင်းတဲ့နေရာတွေရောက်တဲ့အခါတော့ကျော့ကော့အောင်ခံရပါ
တယ်။
ဒီဂျေဖျော်ဖြေရေးနားမှာ
အဲ့ဒီလိုနဲ့ကျနော်တို့အဖွဲ့ညပိုင်းမှာမြို့ထဲကအစည်ကားဆုံးနေရာကိုရောက်ခဲ့ကြတယ်။ဒီဂျေသံစဉ်ဆူဆူညံညံ
နဲ့အတူဘယ်ညာယိမ်းလို့ကခုန်ပျော်မြူနေကြတဲ့ထောင်ပေါင်းများစွာသောလူအုပ်ကြီးထဲကိုရေစိုခံပြီးဝင်သွား
ကြတယ်။အဲ့ဒီနေရာမှာလည်းရေသေနတ်နဲ့ရေဆော့သူပေါင်ဒါမှုန့်သုတ်လိမ်းသူတွေနဲ့ကြိတ်ကြိတ်တိုးစည်း
ကားနေတာတွေ့ရပါတယ်။ကျယ်လောင်လွန်းတဲ့ဒီဂျေသံစဉ်ကိုသည်းခံရင်းသူတို့ပျော်တာကိုကြည့်ရှု့အားပေး
ခဲ့တယ်။နိုင်ငံခြားသားအများစုပါဝင်ဆင်နွှဲကြတာလည်းတွေ့ရတယ်။သို့သော်အားလုံးကအေးအေးချမ်းချမ်းနဲ့
ရေဆော့ကစားကြသလိုဒီဂျေသံစဉ်နဲ့အတူစီးမျောလွင့်ပါရင်းကခုန်ကြသူတို့ကလည်းစည်းကမ်းတကျရှိတာကို
မြင်တွေ့ရတယ်။ထူခြားတာကလုံးခြုံရေးတာဝန်ယူတဲ့ရဲတွေများများမတွေ့ရတာပါပဲ။သူတို့လူမျိုးကိုသူတို့စိတ်ချ
ဟန်တူပါရဲ့။ကျနော်တို့ဆီမှာဆိုရင်တော့မြေကြီးပါတုန်အောင်ဆူညံတဲ့ဒီဂျေသံစဉ်နဲ့အတူကခုန်ရင်းတဦးကိုတဦး
ထိမိခိုက်မိတာကိုမထိန်းနိုင်သည်းမခံနိုင်လို့ထိုးကြကြိတ်ကြမှာကိုမြင်ယောင်မိတယ်။ဒါပေမဲ့သူတို့လူမျိုးတွေ
ပျော်တာစည်းကမ်းရှိကြတယ်။ဒီလောက်များတဲ့လူအုပ်ကြီးထဲမှာအားလုံးကအေးအေးချမ်းချမ်းပဲကခုန်ရင်း
တဦးကိုတဦး ညှာတဲ့စိတ်နဲ့ပျော်နေကြတာများမြင်ရတာစိတ်ထဲမှာကြည်နူးမိပါတယ်။

ဒီဂျေသံစဉ်ပြင်းပြင်းအောက်မှာခဏတာစီးမျောပြီးတဲ့နောက်ဗိုက်ဆာတွေကိုဖြည့်ဆည်းဖို့စားသောက်ဆိုင်တန်း
တွေရှိရာဆီကိုလူတောထဲမှတိုးထွက်လာခဲ့ကြတယ်။ပင်လယ်စာနဲ့ကြော်ထားတဲ့ထမင်းကြော်တပွဲမှာစားပြီး
ခဏတာအနားယူကြတယ်။ပင်လယ်ရေစိမ်ထားတာရောလမ်းတလျှောက်ပက်လိုက်တဲ့ရေခဲရေအေးအေးတွေ
ကြောင့်ရောလူတွေလည်းခိုက်ခိုက်တုန်နေကြတယ်။ပါးမှာအသုတ်ခံထားရတဲ့ပေါင်ဒါမှုန့်သင်းရနံ့ကလေအဝှေ့
မှာသင်းပျံ့ပျံ့နဲ့နှာခေါင်းဆီကိုရောက်ရှိလာတယ်။လူတိုင်းရဲ့မျက်နှာမှာပေါင်ဒါမှုန့်အဖွေးသားနဲ့မို့ကြည့်ရတာတမျိုး
လှနေပါတယ်။နောက်တကြိမ်လူအုပ်ထဲတိုးပြီးဒီဂျေသံစဉ်နဲ့ဘယ်ညာယိမ်းလို့စီးမျောပြီးတဲ့နောက်မှာတော့
ကျနော်တို့အဖွဲ့ကျောင်းတော်ရှိရာဆီသို့ပြန်လာခဲ့ကြပါတယ်။ဘယ်မှသွားဖို့ကြိုတင်စီစဉ်ထားတာမျိုးမဟုတ်ပေမဲ့
ထိုင်းသင်္ကြန်ရဲ့ပထမဆုံးအတွေ့အကြုံလေးကိုတော့မှတ်တမ်းလေးတခုအဖြစ်ရေးမှတ်နိုင်လိုက်ပါတယ်။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီးဘေးရန်ကင်းကွာကြပါစေ။စိတ်သစ်လူသစ်နဲ့နှစ်သစ်အခါသမယ
မှာလုပ်ဆောင်သမျှကိစ္စအဝဝအဆင်ပြေချော့မွေ့ကြပါစေလို့ ကျနော်ရွှေညာသားကဆုတောင်းမေတ္တာပို့သပါ
တယ်ဗျာ။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား

Thursday, April 12, 2018

ဆောင်ခလာမင်းသား ရဲ့ ရင်ခွင်ကနွေရာသီမြင်ကွင်း

ကျောင်းသွားရင်းသဘောကျတဲ့အခါဖုန်းနဲ့မှတ်တမ်းတင်ထားတဲ့နွေရာသီမြင်ကွင်းပုံလေးတွေပါ။ဓာတ်ပုံရိုက်
ရတာဝါသနာထုံသော်လည်းကင်မရာနဲ့သေချာလိုက်ပြီးမှတ်တမ်းမတင်နိုင်သေးဘူး။ကျောင်းထဲကိုတရက်
လောက်ရှု့ခင်းပုံတွေလိုက်ရိုက်မယ်လို့စိတ်ထဲမှာတော့စီစဉ်နေတာပဲ။ဒါပေမဲ့ လက်ကမရောက်သေးဘူး။
လွယ်လွယ်ကူကူလက်ထဲရှိတဲ့ဖုန်းနဲ့ဖမ်းရိုက်ထားတာလေးတွေတော့တော်တော်များများစုမိနေပါပြီ။အချိန်ရမှ
ကင်မရာနဲ့ကျောင်းဝန်းတခုလုံးနှံ့အောင်သွားပြီးဓာတ်ပုံမှတ်တမ်းတင်အုံးမယ်။နောက်ရောက်ဖို့တာမလွယ်လို့
နောင်တချိန်မှာအတိတ်ရဲ့ခြေရာလေးတွေအဖြစ်နဲ့ပြန်ကြည့်လို့ရအောင်ရိုက်ဖြစ်အောင်တော့ရိုက်ပြီးသိမ်းရ
မယ်။
ကျောင်းသားအိပ်ဆောင်သို့ သွားရာလမ်း

နွေဆိုသော်လည်း စိမ်းစိမ်စိုစို
အပင်အိုပေမဲ့ လောကကိုအလှဆင်နေဆဲ


ရွာမှာတော့ နဘဲ ပန်းခေါ်တယ်ထင်တာပဲ

သဘာဝ အလှ



ဒီနေ့ကစပြီး သူတို့ ထိုင်းနှစ်သစ်ကူးမို့ ကျောင်းလေးရက်ပိတ်ထားတယ်။ အဆောင်မှာနေရတာလည်းပျင်းလို့ဌာနမှာလာပြီး လုပ်စရာရှိတာလေးတွေလက်စသတ် စာလည်းဖတ်ရင်း 
ဘယ်ဆီနေမှန်းမသိတဲ့ သင်္ကြန်ကိုမျှော်ရင်း ငေးရင်း....
အာပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား

Tuesday, April 10, 2018

ရွှေအမှိုက်လေး တစ လွင့်နေတယ်

photo credit >>> Google images
ဖေ့စ်ဘွတ်သုံးတဲ့အချိန်တုန်းကကိုယ့်ဘဝအကြောင်းကိုရင်ထဲမှခံစားမိတဲ့ခံစားချက်စာစုလေးတွေရေးရင်း
ဆယ်တန်းအောင်ခါစကအဖြစ်လေးတခုကိုသတိရမိတာနဲ့စာတိုလေးတခုရေးပြီးတင်ခဲ့တယ်။
အဲ့ဒီစာစုလေးထဲက "အမှိုက်" ဆိုတဲ့ကလောင်နာမည်လေးပါယူပြီးစာစုလေးတွေဆက်ရေးဖြစ်တယ်။ ကျနော်ဆယ်တန်းအောင်တဲ့အချိန်က ကွန်ပျူတာတက္ကသိုလ်တွေ စပြီး ခေတ်စားခါစ ဆယ်တန်းအတူအောင်တဲ့သူငယ်ချင်းက ကွန်ပျူတာတက္ကသိုလ်တက်ဖို့ အမှတ်မီတယ်။ကျနော်က အမှတ်မမီတော့ ရိုးရိုးမေဂျာနဲ့ပဲ မိတ္ထီလာတက္ကသိုလ်မှာ ဒေး တက်ခွင့်ရတယ်။ ထိုစဉ်က ရိုးရိုးမေဂျာသင်တဲ့ ကျောင်းတွေကို အမှိုက်ပုံ ဆိုပြီး ပြောကြတဲ့အချိန်ပေါ့။ အဲ့ဒီမှာ ကျနော်က အမှိုက်တစ အဖြစ်နဲ့ရောက်ရှိခဲ့တယ်။ ဒါလေးကို သူငယ်ချင်းဆီပြန်ပြောတဲ့အနေနဲ့ စာစုလေးရေးခဲ့တာပါ။
အဲ့ဒီစာစုကို သဘောကျတဲ့ မေဂျာပထမနှစ်မှ ညီလေးတစ်ယောက်က ၂၀၁၇ ဒီဇင်ဘာမှာ နှစ်ကူးလက်ဆောင် အဖြစ်နဲ့ ပို့စ်ကခေါင်းစဉ်အတိုင်း ကဗျာလေးတစ်ပုဒ်ပို့လာတယ်။
သူပို့လာတဲ့ ကဗျာလေးကို ဒီမှာ အမှတ်တရအဖြစ်နဲ့ ပြန်သိမ်းရင်း မျှဝေပေးပါတယ်။

ရွှေအမှိုက်လေး တစ လွင့်နေတယ်
******************************
သူငယ်ချင်းရေ.....
ငါတို့တွေ ဝေးကွာသွားတာ
ရက်လနှစ်တွေ တော်တော်များများစားသုံးရင်းနဲ့
၂၀၁၈ နှစ်ကူးလို့ ရာသီတွေ
အလီလီပြောင်းပေါ့.....
နှစ်တွေဘယ်လောက်ပြောင်းပြောင်း
မင်းတို့အတွေးမှာ 
ငါဟာအမှိုက်ပဲလား......။
ဟုတ်တယ်....ငါဟာ
မင်းတို့အတွက်အမှိုက်
အခုလည်းအမှိုက် နောင်လည်းအမှိုက်
မင်းတို့ထင်သလို ချောင်မှာကပ်နေတဲ့ 
အမှိုက်တော့မဟုတ်ဘူး...။
လေနှင်ရာလွင့်နေတဲ့ 
အမှိုက်လည်းမဟုတ်ဘူး....။
ကောင်းကင်ယံမှာ လွင့်နေတဲ့
ရွှေအမှိုက်လေ....။
မင်းတို့ပြောတဲ့ အမှိုက်ထဲက ရွှေဖြစ်အောင်
ရုန်းကန်ခဲ့တယ်လေ....။ 
ဒီရွှေအမှိုက်ကတော့....
ငါ့ကို လိုအပ်သူမှန်သမျှ အတွက်
ရွှေဖြစ်အောင် ကြံဆောင်နေဦးမှာပါ။
သူငယ်ချင်းရေ.....
မလိုသူတွေအတွက် အမှိုက်ဖြစ်လည်း
ဆွဲလက်စ ပန်းချီကိုတော့ ဆွဲနေဦးမှာပဲ....
လှပတဲ့ အနာဂတ်အတွက်
ပစ္စုပ္ပန်မှာ လှလှပပ
ဆေးခြယ်နေပါတယ်။
အခုလည်း ဒီရွှေအမှိုက်လေး
သူ့ကျွန်တခါမှ မဖြစ်ဖူးတဲ့
အောင်မြေမှာ နှစ်ကူးရင်းနဲ့ပေါ့...။
ဝါးလုံးခေါင်းနဲ့ လွင်ပြင်ကျယ် 
ဘယ်မှာပဲ သာသာပေါ့
အလင်းနှစ်ရဲ့ မြန်နှုန်း သီအိုရီကို
မချိုးဖောက်ပါဘူး....သူငယ်ချင်း....။
သူငယ်ချင်းရေ....
၁၀ က ၉ ဖြစ်သွားတယ်
၈ က ၉ ဖြစ်လာတယ်....
မတူတာလေးရဲ့ ထုတ်ကုန်က
ရွှေအမှိုက်လေး တစ
လွင့်နေပါတယ်။
                                       ## သက်တန့်

သူငယ်ချင်းပြောတဲ့အချိန်တုန်းက အသက်အရွယ်အရ ငယ်သေးတော့ စိတ်ထဲမှာဘယ်လိုမှမခံစားတတ်ခဲ့
ပါဘူး။သူပြောတဲ့အမှိုက်ပုံကိုလည်းမရောက်ဖူးသေးတော့ ကိုယ့်မှာခွန်းတုံ့ပြန်စရာစကားလည်းမရှိခဲ့ပါဘူး။
ဒါပေမဲ့ အမှိုက်ပုံမှာနေတာကြာလာတဲ့အခါမှာတော့ သူပြောခဲ့တဲ့အမှိုက်ပုံဆိုတဲ့အဓိပ္ပာယ်ကို ကိုယ်ပိုင်အတွေးနဲ့ ရှင်းလင်းချက်ဖွင့်ကြည့်ရင်း အထက်ပါကဗျာထဲက စာသားလေးတွေလို ရင်ထဲကစကားလုံးတွေ ထွက်ကျလာပါတယ်။ အခုအချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ် အမှိုက်တစ ဖြစ်နေရတာကို ဂုဏ်ယူမိသလို ကျေနပ်နေမိတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီ အမှိုက် တစ သည်
ပြဿဒ်မီးလောင်စေတဲ့ အမှိုက်မျိုးမဟုတ်ဘဲ သူနဲ့ နီးစပ်ရာ အမှိုက်စတွေကို ရွှေရောင်ပြောင်းနိုင်အောင်
ပြုပြင်ပေးနိုင်တဲ့ တိုင်းပြည်အတွက် သဲတပွင့်နေရာမှ တာဝန်ထမ်းဆောင်နေသော အမှိုက်တစဖြစ်နေလို့ပါ။

လာရောက်လည်ပတ်ကြတဲ့ ချစ်မိတ်ဆွေညီအစ်ကိုမောင်နှမများကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး
ကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ဗျာ။

အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား

Friday, April 6, 2018

တူးပို့သံနဲ့ ဝေးတဲ့ ပိတောက်


photo credit>>google images
ဖေ့စ်ဘွတ်ပိတ်ပြီးကတည်းက သတင်းအချက်အလက်တော်တော်များအမှောင်ကျသွားသလိုခံစားရပေမဲ့
တဖက်ကကြည့်တော့စာတွေတော်တော်ဖတ်ဖြစ်တာအမြတ်ပေါ့။အရင်တုန်းကစာအုပ်တအုပ်ကိုသုံးလေးရက်
အချိန်ယူဖတ်ခဲ့ရတာကအခုဆိုတကယ်စိတ်ဝင်တစားဖတ်ရင်စာမျက်နှာ နှစ်ရာကျော်သုံးရာပါတဲ့ စာအုပ်ကို
တရက်တည်းပြီးအောင်ဖတ်နိုင်လာတယ်။ကျောင်းစာကိုပုံမှန်အချိန်တိုင်းလုပ်ဖေ့စ်ဘွတ်သုံးမည့်အချိန်ကိုစာအုပ်
ဖတ်ဖြစ်တယ်။ဖေ့စ်ဘွတ်ပိတ်လိုက်တာကသူငယ်ချင်းတွေနဲ့သိပ်စကားမပြောဖြစ်တော့ဘူး။အရင်ကပြောလက်စ ရှိတဲ့သူလောက်ပဲမက်ဆင်ဂျာမှာတခါတလေပြောဖြစ်တယ်။အဲ့ဒီတော့သူတို့ဘာလုပ်လဲဘယ်သွားလဲမသိရတော့
သလိုမကြာခင်ရောက်လာမည့်သင်္ကြန်နဲ့ပတ်သက်ပြီးတော့လည်းဘာမှမသိရတော့သာမန်ကျာင်းသွားကျောင်းပြန်
နဲ့တနေ့တာလုပ်စရာရှိတာလုပ်ရင်းအချိန်ကုန်တော့တယ်။

photo credit>>google images

ဒီအချိန်မြန်မာပြည်မှာဆိုရင်တော့နေရာအနှံ့သင်္ကြန်သီချင်းသံတွေတညံညံနဲ့နှစ်သစ်ကိုကြိုဖို့ပြင်ဆင်နေကြပြီပေါ့
သင်္ကြန်သီချင်းသံမကြားရပေမဲ့တနှစ်တခါပေါ်လာတတ်တဲ့သင်္ကြန်တေးသံကိုတော့လွမ်းမိတယ်။ဒီတော့ယူကျူ့ မှာတင်တဲ့သင်္ကြန်သီချင်းဗွီဒီယိုတွေနဲ့ပဲအခန်းပြန်ရောက်တဲ့အခါအမောဖြေရတယ်။တနေ့ကတော့မနက်အစော
ကျောင်းကိုသွားတဲ့အချိန်လမ်းမှာနွေရာသီရဲ့လေရူးကသယ်ဆောင်လာတဲ့သင်းပျံ့တဲ့ရနံ့တခုကိုအမှတ်မထင်
သတိပြုမိလိုက်တယ်။ကိုယ်နဲ့ရင်းနီးတဲ့အနံ့မိုပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်တော့ကိုယ်ရောက်နေတဲ့နေရာနဲ့
မလှမ်းမကမ်းမှာရွှေဝါရောင်ပိတောက်ပန်းတွေပွင့်နေတာကိုတွေ့တယ်။သြော်...သင်္ကြန်ကြိုပိတောက်တွေ ပွင့်နေတာပါလားလို့ စိတ်ထဲကရေရွတ်ရင်း ပိတောက်ပန်းနံ့တွေကိုတဝကြီးရှုရှိုက်ပြီးကျောင်းကိုဆက်သွားခဲ့
ပါတယ်။သင်္ကြန်သီချင်းနဲ့တူးပို့တွေသံမကြားရသော်လည်းဖြေသိမ့်စရာပိတောက်ပန်းတွေရှိလို့တော်ပါ
သေးတယ်။
photo credit>>google images

နောက်တပတ်ထဲမှာတော့သူတို့ဆီလည်းသင်္ကြန်ပွဲရှိလို့ကျောင်းလေးရက်ပိတ်ပါမယ်။ဆရာတွေကဘယ်သွားဖို့
အစီအစဉ်ရှိလဲမေးတယ်။လောလောဆယ်တော့အဆောင်မှာနေစာကြည့်ဖို့ပဲစိတ်ကူးထားတယ်လို့ဖြေလိုက်
ပါတယ်။ကျောင်းမှာလူသိပ်ကျန်မှာမဟုတ်ဘူးတဲ့။အများစုကကိုယ်နေရပ်ကိုပြန်ကြလိမ့်မယ်ပြောတယ်။မြို့ထဲမှာ
ရေကစားတာရှိတယ်သွားလည်ဖို့အကြံပေးပါတယ်။မြန်မာပြည်လိုရေကစားကြတာဆိုပေမဲ့တူးပို့သံမပါတဲ့
သင်္ကြန်ရေကစားပွဲဖြစ်မှာမို့လည်ဖို့စိတ်တော့မပါဘူး။ဒါပေမဲ့ရောက်တုန်းရောက်ခိုက်အခွင့်အရေးရတုန်းတရက်
လောက်တော့သွားလည်ဖို့စဉ်းစားထားပါတယ်။အသက်အရွယ်အရအပျော်အပါးကိုသိပ်ပြီးအာရုံမလာတော့
သလိုငယ်ငယ်တုန်းကလည်းသင်္ကြန်ကိုသာမန်ပဲဖြတ်သန်းခဲ့တာဆိုတော့သိပ်တော့ထူးခြားမှာမဟုတ်ပါဘူး။
ဒီပို့စ်ရေးနေရင်းသင်္ကြန်သီချင်းဖွင့်ဂူဂယ်လ်မှာပိတောက်ပန်းပုံလေးတွေရှာပြီးတူးပို့သံနဲ့ဝေးတဲ့ပိတောက်ပန်းတွေ ကိုယ်စားသင်္ကြန်အမှတ်တရပို့စ်လေးတင်လိုက်ပါတယ်။
photo credit>>google images
 အဝေးရောက်ရွှေမြန်မာများအားလုံးပိတောက်ပန်းတွေကြည့်ပြီးသင်္ကြန်အလွမ်းအိမ်အလွမ်းတွေဖြေနိုင်ကြပါစေ။ 

မကြာခင်ရောက်ရှိလာတော့မည့်နှစ်သစ်အခါသမယမှာမြန်မာပြည်သူပြည်သားအားလုံးနှင့်တကွအွန်လိုင်း
မိတ်ဆွေညီအစ်ကိုမောင်နှမများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီးဘေးဥပဒ်အန္တရာယ်အပေါင်း မှကင်းဝေးကြပါစေလို့ဆုတောင်းမေတ္တာပို့သပါတယ်။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား