အဲဒီမှိုတွေ တွေ့တဲ့နေ့က ထူးဆန်းတယ်ပြောရမလား တိုက်ဆိုင်တယ်ပြောရမလားမသိဘူး။ ကျနော် ကျောင်းသွားနေကျလမ်း ကျောင်းဝန်းတနေရာ အဆောင်တွေနောက်မှာ သစ်တောအုပ်လေးရှိတယ်။ အဲဒီသစ်တော လေးထဲက လျှောက်လမ်းလေးအတိုင်း နေ့စဉ်ဖြတ်လျှောက်ပြီး ဌာနကိုသွားနေကျပေါ့။ အဲဒီနေ့ မနက်ပိုင်း ကျောင်းကိုလာ သစ်တောအုပ်လေးဖြတ်တော့ အပင်တွေအောက်ခဏလှည့်ကြည့်ရင်း ဒီလိုမြေမျိုးတွေက တို့အညာမှာဆို ငှက်ဆွတ်မှိုတွေ ပေါက်တတ်တာလို့ စိတ်ထဲက ခဏတွေးမိလိုက်တယ်။ အဲလိုတွေးပြီး ဌာနကိုသွား လုပ်စရာရှိတာလုပ်ပြီး ညနေပိုင်းမှာ ကျောင်းထဲမှာ တရက်ခြားဖွင့်တဲ့ ညနေခင်း ဟင်းချက်စရာနဲ့ အစားအစာရောင်းတဲ့ ညနေခင်းဈေးလေးကို ခဏသွားတယ်။ အဲဒီဈေးသွားတဲ့လမ်းကလည်း မနက်တုန်းက ဖြတ်လာတဲ့ တောအုပ်လေးဘေးကပဲ သွားရတာမို့ လမ်းလျှောက်ရင်း မနက်က ကိုယ်တွေးမိတဲ့ မှိုအကြောင်း သတိရပြီး တောအုပ်လေးထဲကိုကြည့်လိုက်တာ ငှက်ဆွတ်မှိုတွေပေါက်နေတာမှ အများကြီးပဲ။ အဲဒါနဲ့ ဈေးကိုမသွားသေးဘဲ မှိုတွေနှုတ်နေတာ ပါလာတဲ့ လက်ဆွဲအိတ်နဲ့အပြည့်ပဲ။ လွန်ခဲ့တဲ့ ၂ ရက်ခန့်က ပေါက်နေတာဖြစ်မယ်။ တချို့မှိုတွေကတော့ ပိုစားနေပြီ။ အားလုံးနှုတ်လိုက်တာ ၂ ကီလိုလောက်ရှိတယ်။ မှိုနှုတ်ပြီးမှ ဈေးကိုသွား ဈေးမှာဟင်းချက်စရာဝယ်ရင်း မှိုနဲ့ချက်ဖို့ ဗမာပင်စိမ်းရွက်နဲ့ ငရုတ်သီးစိမ်းပါ တခါတည်းဝယ်ခဲ့တယ်။
ဌာနကိုပြန်ရောက်တော့ မှိုတွေကိုပြတာ သူတို့လည်းဝမ်းသာနေကြတယ်။ စားလို့ရတယ် ယူကြအုံးမလားဆိုတော့ မယူတော့ဘူးတဲ့။ ကိုယ်တယောက်တည်းအဝကို ချက်စားပစ်လိုက်တယ်။
နောက်တခု ထူးဆန်းတာက အဆောင်ကို မှိုထည့်ယူဖို့ ဌာနမှာ ပလပ်စတစ်အိတ်ရှာတော့ သူတို့တွေ ဆိုင်က ထမင်းပါဆယ်မှာစားတဲ့အခါ ထမင်းဗူးစုထည့်တဲ့ အိတ်တလုံးတွေ့တယ်။ ကြွတ်ကြွတ်အိတ်ဆိုဒ်ကြီးပါပဲ အဲဒီအိတ်ပေါ်မှာ ရေထားတာက ၂၄၆ တဲ့။ ဘာကိုရေးတာလဲတော့ ကိုယ်လည်းသေချာမသိဘူး။ အဲဒီမှာ သတိရပြီး ငါမှိုတွေ တွေ့က အတိတ်ကောင်းတယ် ဒီဂဏန်းနဲ့ ထီထိုးအုံးမှပဲဆိုပြီး နောက်ရက် ထီဆိုင်ရောက်တော့ အဲဒီ ဂဏန်း ၃ လုံးပါတဲ့ ထီလက်မှတ် ၂ စောင်ဝယ်ခဲ့လိုက်တယ်။ အဲဒီလ ထိုင်းထီထွက်တော့ နောက် ၂ လုံးတူဆုမှာ ကိုယ်ဝယ်တဲ့ လက်မှတ်က နံပတ် ၄၆ ဖြစ်နေတယ်။ ၂ လုံးတူရင် ဘတ် ၂ ထောင်ဆိုတော့ လက်မှတ် ၂ စောင်မို့ ဘတ် ၄၀၀၀ ရလိုက်သေးတယ်။ မှိုတွေ့ရင် ကံကောင်းတယ်လို့ အယူအဆရှိကြတာမို့ အမှတ်တရပါပဲ။ ဌာနမှာ အဲဒီဂဏန်း ရာဇဝင်ကို ပြန်ပြောပြတော့ သူတို့ကလည်း ယုံတောင်မယုံကြဘူး။ အိတ်ကိုရိုက်ထားတဲ့ ဓာတ်ပုံပါ ပြမှ အံ့ဩနေကြတယ်။ ကိုယ့်ဆရာမကလည်း မင်းက ကံအရမ်းကောင်းတာတဲ့။ ထီ ၂ လုံးတူကလည်း ခဏခဏ ပေါက်လို့ ဌာနက ထိုင်းတွေအားလုံးက ကိုယ့်ကို ထီကံကောင်းသူဆိုပြီး အမြဲတမ်းပြောကြတယ်။ ထီထွက်တဲ့နေ့ဆို သူတို့မျက်လုံးတွေက ကိုယ့်ဆီမှာပဲ။ သူတို့ဆို ထိုးတာကြာပြီ တခါမှ မပေါက်ဖူးသေးဘူးတဲ့။ ကိုယ်က ၂ လုံး ဘတ် ၂၀၀၀ မကြာခဏပေါက်တော့ သူတို့က ဂဏန်းဘယ်ကရလဲမေးကြတယ်။ တွက်ပြီးထိုးတာလားလို့လည်းမေးကြတယ်။ မဟုတ်ဘူးလို့ ငါက ထီဆိုင်ရောက်မှ ငါ့စိတ်က ဆန္ဒရှိတဲ့လက်မှတ်ကိုပဲ ရွေးတာလို့ပြောလိုက်တယ်။ တကယ်လည်း မတွက်တတ်ပါဘူး။ တခုတော့ရှိတယ် ထီထိုးသွားရင်း ပတ်ဝန်းကျင်ကိုတော့ ဂရုစိုက်တယ်။ နံပတ်လေးတွေ အမှတ်မထင် မြင်တာမျိုးဆို အဲဒီဂဏန်ပါတဲ့ ထီလက်မှတ်ကို ရွေးတယ်။ အတိတ်ကောက်တယ်ဆိုရမလားမသိဘူး။ ဘယ်နှစ်ကြိမ်မြောက်လဲတော့ မမှတ်မိတော့ဘူး တခါပေါက်တုန်းကလည်း ထီထွက်မည့်နေ့ မတိုင်ခင်တရက် ညနေပိုင်း ထီသွားထိုးတော့ လမ်းသွားရင်းနဲ့ စာရွက်အပိုင်းလေးတခု ရုတ်တရက်ကြည့်လိုက်တော့ ၆၈ ဆိုတဲ့ ဂဏန်းလေး ၂ လုံးရေးထားတာတွေ့တယ်။ ဘဏ်တို့ ဆေးရုံတို့မှာ တန်းစီဖို့ ယူရတဲ့ ဖြတ်ပိုင်းလေးလို့ထင်တာပါပဲ။ ကိုယ်လမ်းသွားရင်း တွေ့လိုက်တာနဲ့ ထီဆိုင်ရောက်တော့ အဲဒီဂဏန် ၂ လုံးနဲ့ ဆုံးတဲ့ ထီလက်မှတ်ယူခဲ့လိုက်တယ်။ နောက်နေ့ထီထွက်တော့ နောက်ဆုံး ၂ လုံးတူ ဘတ် ၂၀၀၀ ဆုက ကိုယ့်လက်မှတ်ရဲ့ နောက်ဆုံး ၂ လုံးဖြစ်နေတယ်။ ဘုရားတရားလုပ်လို့ပဲလားတော့ မသိဘူး နောက်ဆုံး ၂ လုံးတူ ဘတ် ၂၀၀၀ ဆုက မကြာခဏပေါက်တယ်။ နောက်ပိုင်းတော့ သူတို့က ဂဏန်းဘယ်ကရလဲမေးရင် ငါ တနေ့ကို ဘုရား ၂ ကြိမ် ရှိခိုးတယ်လို့ဖြေလိုက်တယ်။ နောက် ၃ လုံးတူ ဘတ် ၄၀၀၀ ဆုလည်း တခါ ပေါက်ဖူးတယ်။
သဘာဝစစ်စစ် ငှက်ဆွတ်မှို
အညာသားလက်ရာ မှိုပင်စိမ်းဟင်း
မြန်မာပြည်သားအားလုံး အာဏာရှင် စနစ်ဆိုးအောက်မှ အမြန်ဆုံး လွတ်မြောက်ကြပါစေ။ ၇ ရက်သားသမီးအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
ရွှေညာသား
၁၃၈၆ ခုနှစ် ဝါဆိုလဆန်း (၁၂) ရက်
၁၇ ဇူလိုင်လ ၂၀၂၄