နောက်ထပ်အကြောင်းလေးတခုကလည်း ရယ်စရာလေးအဖြစ်ကျန်ခဲ့တယ်။ တစ်နေ့ ကျွန်တော်ကို အမေက ပဲဟင်းချက်ထားခိုင်းတယ်။အမေပဲဟင်းချက်ရင် ပဲကိုအရင်ပြုတ်ပြီးချက်တတ်သလို၊ပဲခြမ်းကိုရေဆေးပြီး ကြက်သွန်နီ၊ဆီ၊ဆား၊ငါးပိ၊ဆနွင်း စတဲ့ဟင်းခတ်လေးတွေတစ်ခါထဲ ထည့်ပြီး ရေလေးနည်းနည်းနဲ့ အရင်လုံးတယ်။ပြီးမှ ရေများများထည့်ပြီး မီးဖိုပေါ်မှာပဲနူးသည်အထိ တည်ထားတတ်တယ်။ စားခါနီးမှ ခွေးတောက်ရွက်၊ဆူးပုတ်ရွက် စတဲ့အရွက်လေးများ ခတ်ပြီးတော့ မီးဖိုပေါ်ကချပြီးစားတယ်။ နောက်တစ်မျိုးကတော့ ဧည့်သည်လာရင်ချက်တဲ့နည်းပေါ့။ ကျွန်တော်တို့ရွာမှာ ကုလားပဲက ကိုယ့်ယာခင်းထွက်တာဆိုတော့ ပဲဟင်းကို ကုလားပဲနဲ့ ချက်တာများတယ်။ ပဲကြီးဆိုတာလည်း ရှိတယ်။ ပဲကြီးကလည်း ဟင်းချိုချက်ရင် စားလို့သိပ်ကောင်းတယ်ဗျ။အိမ်မှာဧည့်သည်လာတဲ့အခါ ဒါမှမဟုတ် ယာခင်းကိုပျော်ပွဲစား ၀ိုင်းပြီးထွန်တဲ့အခါမျိုးမှာ အမေက ပဲကိုအရင်ပြုတ်ပြီးတော့ အိုးထဲမှာအေးအောင်ထားတယ်။ ပဲပြုတ်ထားတာ အေးသွားတော့မှ အရည်ကိုစစ်ယူပြီး ဟင်းအိုထဲမှ ပဲပြုတ်ပြီးသားကို သစ်သားငရုတ်ကျည့်ပွေ့နဲ့ ခပ်ဖွဖွလေးထောင်းပေးတယ်။ ပြီးမှ ပန်းကန်ထဲပြောင်းထည့်ပြီး အဲ့ဒီဟင်းအိုးနဲ့ပဲ ကြက်သွန်ဖြူနီဆီသတ်ပြီးတော့ ပဲပြန်ထည့်ပြီး ချက်တယ်။ ကြက်သွန်ဖြူ ဆီသတ်ပြီးချက်ထားတော့ ပဲဟင်းက မွှေးပြီးတော့ စားလို့တစ်မျိုးကောင်းတာပေါ့ဗျာ။ ကျွန်တော်လည်း အမေချက်တာကို သေချာကြည့်ထားတော့ သူလုပ်တဲ့အတိုင်းပဲ လိုက်လုပ်တာပေါ့လေ။ အစပိုင်းတော့အဆင်ပြေနေတာပဲဗျ။ ပဲပြုတ်ပြီးသားကို သစ်သားငရုတ်ကျည်ပွေ့နဲ့ ထောင်းတော့မှ ပြဿနာတက်တော့တာပါပဲ။ ကျွန်တော်တို့ရွာမှာက ဟင်းချိုအိုးကို မြေနဲ့လုပ်တဲ့ဟင်းအိုး သုံးတာများတယ်။ ကျွန်တော်ပဲပြုတ်တာလည်း မြေဟင်းအိုးနဲ့ဆိုတော့ အဲ့ဒီအိုးထဲမှာ ပဲပြုတ်ပြီးသားကို အမေ့နည်းအတိုင်း ငရုတ်ကျည်ပွေ့နဲ့ထောင်းတာမှာ ခပ်ဖွဖွမဟုတ်ဘဲ အားထည့်ထောင်းလိုက်တော့ ဟင်းအိုးက ဖင်ကနေအကွင်းလိုက် ထွက်သွားပါတော့တယ်ဗျာ။ အဲ့ဒီနေ့ကတော့ အိမ်ကလူတွေလည်း ဧည့်သည်ချက်ဟင်းချိုကို မစားလိုက်ရဘူး။ ပုံမှန်ချက်နေကြနည်းနဲ့ချက်တဲ့ ပဲဟင်းနဲ့ ထမင်းစားခဲ့ရတယ်။ အမေကတော့ ငါ့သားနောက်ဆို ပဲဟင်းချက်ရင် ပဲကိုဟင်းအိုးထဲမှာမထောင်းတော့နဲ့တဲ့။ ပဲကိုငရုတ်ဆုံမှာညက်နေအောင် ထောင်းပြီးချက်ပေါ့တဲ့။ဟင်းအိုးဖိုးမတတ်နိုင်တော့လို့နဲ့ ထင်ပါတယ်။
အဲ့ဒီလိုနဲ့ ကျွန်တော်ထမင်းချက်လာခဲ့တာ အခုအချိန်ထိဆိုပါတော့ဗျာ။ ချက်တာကြာတော့လည်း အရသာကောင်းအောင် စီမံပြီးချက်တတ်သွားတာပါပဲ။ကျွန်တော်က အစားအစာတခုကို အပြင်ဆိုင်မှာ ၀ယ်စားတယ်ဆိုရင် မစားခင်ဘယ်အရာတွေပါလဲ အရသာဘယ်လိုလဲ ဆိုတာကို သေချာမှတ်သားတတ်တယ်။ နောက်ကိုယ့်ဘာသာ စားချင်စိတ်ပေါက်ရင် စမ်းပြီးချက်စားတယ်။ မြို့ပေါ်ကအစားအစာ တော်တော်များများကို ကျွန်တော်အဲ့ဒီနည်းနဲ့ချက်တတ်ခဲ့တာပဲ။ တောဟင်းကတော့ မြို့ဟင်းလောက် ချက်ရတာမခက်ဘူးလေ။တက္ကသိုလ်တက်တဲ့ ကာလတစ်လျှောက်မှာတော့ အဆောင်ကချက်ပေးတဲ့ထမင်းကို ဆိုင်က၀ယ်လို့ရတဲ့ ဟင်းနဲ့ပဲ စားခဲ့တာများတယ်။ ကိုယ်တိုင်ချက်ဖို့ကျတော့ အဆင်မပြေတာရယ် ကျောင်းစာကလည်းတဖက်ရယ်ကြောင့် မချက်ဖြစ်ခဲ့ဘူး။ ကျောင်းပိတ်လို့ ရွာပြန်ရင်တော့ ကျွန်တော့်အဖေက ငါ့သားလက်ရာလေးမစားရတာကြာပြီ ကောင်းကောင်းလေးချက်ကျွေးပါအုံးကွ ဆိုပြီးလိုလိုလားလားနဲ့ တောင်းဆိုတယ်ဗျ။ ကိုယ်ချက်တာလေးကို အဖေနဲ့အမေ အားပါးတရစားတာမြင်ရတော့လည်း စိတ်ထဲမှာဝမ်းသာပီတိဖြစ်ရတယ်ဗျာ။ကျောင်းပိတ်လို့ရွာပြန်ရင် မြို့မှာစားရတဲ့အစားအစာလေးတွေကို အဖေနဲ့အမေ့ကို ပြန်ချက်ကျွေးဖြစ်တယ်။သင်္ကြန်တွင်း ရွာဦးကျောင်းမှာ အလှူလုပ်ရင်လည်း မုန့်ဟင်းခါး၊ကြာဇံချက်၊အုန်းနို့ခေါက်ဆွဲ စတာလေးတွေကို ရွာသူရွာသားတွေစားဖူးအောင် ချက်ကျွေးခဲ့တယ်။ သူတို့တွေကတော့ မုန့်ဟင်းခါးဆိုလည်း မြို့မှာလို ငါးတို့အသားတို့နဲ့မဟုတ်ဘူးလေ။ ပဲကပေါတော့ ပဲဟင်းပျစ်ပျစ်နဲ့ပဲ ချက်စားကြတာ။ ကြာဇံဟင်းခါးဆိုရင် မစားဖူးသူကများတယ်။ ကျွန်တော်ကတော့ အလှူတွေမှာဆိုလည်း ကိုယ်ကျရာနေရာကနေ ၀ိုင်းပြီးတော့ကူညီတယ်။အများအားဖြင့်တော့ အလှူတို့မင်္ဂလာဆောင်တို့မှာ ကျွန်တော်တို့ကျောင်းသားတွေကို စာရင်းကိုင်တဲ့နေရာမှာပဲ ခိုင်းပါတယ်။ချက်တာပြုတ်တာကတော့ ရွာကလူကြီးတွေက သူ့အဖွဲ့နဲ့သူဖွဲ့ထားတာဆိုတော့ သူတို့တစ်တွေပဲ အလှည့်ကျနဲ့ တာဝန်ယူကြတယ်။ကျွန်တော်တို့ရွာမှာတော့ အလှူဆိုရင် ၀က်သားဟင်း၊ချဉ်ပေါင်ရွက် ချဉ်ရည်နဲ့ ငါးပိကြော်စပ်စပ်လေးက အမြဲတမ်းလိုက်ဖက်တဲ့ အညာအိုးသူကြီးတို့ရဲ့လက်ရာတွေပါပဲ။ငါးခြောက်ကြော်ကျွေးရင် ပဲဟင်းချိုနဲ့သရက်ချဉ်သုပ်ကလည်း မပါမပြီးတဲ့ သူတို့ရဲ့အညာဟင်းအစပ်လေးတစ်မျိုးပါပဲဗျာ။အခုလိုရွာနဲ့ဝေးရာကိုရောက်နေတော့ အညာကထမင်းဟင်းတွေကို လွမ်းမိတာကတော့ ပြောမပြတ်တတ်လောက်အောင်ပါပဲ။အခုပြောပြခဲ့တဲ့အကြောင်းလေးတွေကဟာ အမေ့အိမ်မှာကျွန်တော်တို့ညီအစ်ကိုတစ်တွေ ထမင်းချက်တာဝန်ယူခဲ့ကြတာလေးက အခုအချိန်အမေ့အိမ်နဲ့ ဝေးနေပေမယ့် အမေ့မီးဖိုချောင်ကနေ အမေသင်ပေးလိုက်တဲ့ ထမင်းဟင်းချက်နည်းလေးတွေနဲ့ ရောက်ရာနေရာမှာ ကိုယ့်အစာကိုတော့ ကောင်းကောင်းစီမံပြီး ချက်ပြုတ်စားသောက်တတ်နေခြင်းပဲဖြစ်ပါတယ်။သားသမီးတို့ဘ၀မှာ အမြဲတမ်းအသုံးချလို့ရမယ့် ပညာတွေကိုသင်ပေးခဲ့တဲ့ အမေနဲ့အမေ့မီးဖိုချောင်လေးရယ်၊ဆီမပါပေမဲ့စားလို့ကောင်းလှတဲ့ အမေ့လက်ရာအညာဟင်းလေးတွေကိုတော့ အဝေးရောက်နေတဲ့အမေ့ရဲ့သား နေ့စဉ်နဲ့အမျှ သတိရနေပါတယ်အမေ။
မျိုးခန့်(စကားဝါမြေ)
0 comments:
Post a Comment