ဘလော့တခုမှာတွေ့လို့သိမ်းထားတဲ့ပုံလေးပါ
မီးဖိုချောင်ဆိုတာ တကယ်တော့ အိမ်ရှင်မ အများစုရဲ့အစားအသောက် ချက်ပြုတ်ပြင်ဆင်ရာ နေရာတစ်ခုဖြစ်ပါတယ်။ယောကျာ်းလေးများနဲ့မသက်ဆိုင်သောနေရာ လို့တော့သတ်မှတ်လို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့ အစားအသောက်ဆိုတာ လူတိုင်းနဲ့ပတ်သက်နေလို့ပဲ ဖြစ်ပါတယ်။ ယနေ့မြို့ကြီးများရှိ ထင်ရှားလှသော ဟိုတယ်ကြီးများ၊စားသောက်ဆိုင်ကြီးများမှာ စားဖိုမှုးအများစုဟာ ယောကျာ်သားများဖြစ်ကြပါတယ်။ချက်ပြုတ်တာကို ၀ါသနာပါလို့ဖြစ်စေ၊စားဝတ်နေရေးအရဖြစ်စေ ပြုလုပ်ကြရတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့ဗျာ။ကျွန်တော်တို့အညာဒေသ ရွာတွေမှာတော့ ယောကျာ်းလေးတွေလည်း ထမင်းဟင်းချက်တတ်ကြတယ်။အလှူတွေမှာဆိုရင် ဟင်းချက်ကြတာက ယောကျာ်းသားတွေကြည့်ပဲဗျ။အညာအိုးသူကြီးတွေပေါ့။တောသူတောင်သားတွေဆိုတော့လည်း သူ့အလုပ်ကိုယ့်အလုပ်ရယ် ခွဲခြားနေလို့မရဘူးလေ။တစ်ယောက်မအားတော့ တစ်ယောက်က၀င်လုပ် ဒီလိုနဲ့ထမင်းအိုးလောက်တော့ လူတိုင်းချက်တတ်သွားကြတာပါပဲ။မီးဖိုချောင်က အမေ့တာဝန်ဆိုပေမဲ့ အမေမအားတဲ့အခါ ၀င်းပြီး ထမင်းအိုးလေးမီးထိုးလိုက်၊ဆူပွက်လာတော့ဝင်မွှေလိုက် နဲ့နောက်ဆုံးတော့ ထမင်းချက်တတ်သွားကြတာပါပဲ။မှတ်မိသလောက် ကျွန်တော်ငယ်ငယ်ကတည်းက ထမင်းချက်တတ်တာ။ထမင်းအိုးနိုင်တဲ့အရွယ်ကစလို့ပေါဗျာ။အဖေနဲ့အမေယာခင်းထဲသွားရင် အဖွားအိမ်မှာ ထမင်းအိုးကိုချက်ဖို့ပေးထားခဲ့ တောထဲက(ယာခင်းထဲသွားပြီးအလုပ်လုပ်တာကိုပြောပြခြင်းဖြစ်ပါသည်) ပြန်ရောက်မှ အမေကဟင်းချက်ပြီး မိသားစုစားသောက်ကြရတာများတယ်။ ကိုယ်ခွဲမရှိတော့လည်း တောထဲမှာ ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ရပေမဲ့ အိမ်ပြန်ရောက်တော့ အမေမနားရရှာဘူး။အရွယ်မရောက်သေးတဲ့ ကျွန်တော်တို့တစ်တွေကို ချက်ပြုတ်ကျွေးမွေးရသေးတယ်။
ကျွန်တော်ဒုတိယတန်းလောက် ရောက်တော့ ကျွန်တော့်အကိုက ထမင်းကောင်းကောင်းချက်တတ်နေပြီဗျ။ အမေနဲ့အဖေ တောထဲသွားရင် အရင်ကလို အဖွားအိမ်ကို ထမင်းအိုးမပေးခဲ့တော့ဘူး အကိုက ကျောင်းပြန်ရောက်ရင် ထမင်းအိုးတော့ နှပ်ထားတတ်ပြီ။ဟင်းကတော့အမေပြန်လာမှ ယာထဲကပါလာတဲ့ ဖရုံညွှန့်လေး၊ဗူးညွှန့်လေးကို ဆီနည်းနည်း ရေများများနဲ့ ချက်စားရတာပေါ့။အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့မိသားစုမှာ ကျွန်တော့်အကိုရယ်၊ကျွန်တော်ရယ်၊ကျွန်တော့ညီလေးရယ်၊အဖေနဲ့အမေရယ်ဆိုတော့ မိသားစုငါးယောက်ရှိတယ်။အဖေနဲ့အမေက တောထဲသွား ကျွန်တော်တို့ညီအစ်ကိုတစ်တွေက ရွာကျောင်းမှာကျောင်းတက် ကျောင်းပြန်ရောက်တော့ ကျွန်တော်နဲ့ညီလေးက ချောင်းထဲမှာရေသွားခပ်ရတယ်။ ကျွန်တော့်အကိုကတော့ ထမင်းချက်တာဝန်ယူတယ်။ သူထမင်းအိုးလေး ချက်ထားတော့ အမေတောထဲက ပြန်လာတဲ့အခါ အမောလေးတော့ပြေတာပေါဗျာ။
ဒီလိုနဲ့ကျွန်တော်လည်း နောက်ပိုင်းမှာ အကိုရဲ့သင်ကြားမှု့နဲ့ ထမင်းချက်တတ်လာပါတယ်။ စချက်ခါစ ဆိုတော့ ပျော့တဲ့အခါလည်းပျော့၊ မာတဲ့အခါလည်းမာ၊တူးတဲ့အခါလည်းတူးပေါ့ဗျာ။ထမင်းအိုးပျော့တဲ့နေဆိုရင် ကျွန်တော့်မှာ အမေဆူမှာကြောက်လို့ နေစရာမရှိခဲ့ဘူး။ အမေကတော့ ပျော့လည်းဘာမှမပြောဘူး။မာလည်းဘာမှမပြောဘူး။ ချက်တဲ့သူ စိတ်ချမ်းသာအောင်တော့ အမြဲတမ်းချီးကျူးပါတယ်။ သူ့ကိုကူညီတာပဲ ၀မ်းသာလှပါပြီတဲ့။ နောက်ပိုင်းတော့ အမေကပဲ ဟင်းချက်နည်းလည်း သင်ပေးတယ်။ ကျွန်တော့်အကိုလည်း ကျွန်တော်ထမင်းချက်တတ်ပါပြီးဆိုကတည်းက ထမင်းအိုးကို လှည့်မကြည့်တော့ဘူးဗျာ။ သူကျွန်တော့်ကိုသင်ပေးတာက ရည်ရွယ်ချက်နဲ့လေ။ အဲ့ဒီလိုနဲ့ထမင်းနဲ့ဟင်းကိုတော့ ကျွန်တော်ချက်တတ်လာခဲ့တာ ကလေးဘ၀အရွယ်ကတည်းကဆိုပါတော့ဗျာ။ဟင်းကတော့ ဆားငန်တာရှိသလို၊ငါးပိများတဲ့အခါလည်းရှိတာပေါ့ဗျာ။ဆီကတော့ များတယ်ဆိုတာမရှိပါဘူး။မပါတဲ့အခါသာရှိပါတယ်။အဖေနဲ့အမေကတော့ ဘာပဲချက်ချက် ကြိတ်မှိတ်ပြီးစားရှာပါတယ်။သားသမီးဆိုတော့လည်း မဆူမငေါက်ခဲ့ပါဘူး။ ကိုယ်ချက်ထားတဲ့ထမင်းနဲ့ဟင်းကို အဖေနဲ့အမေ အားပါးတရ စားတော့လည်း ၀မ်းသာမိတယ်။
ကျွန်တော်လည်းအကိုနေရာရောက်ပြီဆိုတော့ အောက်ကညီလေးကို ထမင်းချက်ပြန်သင်ပေးပါတယ်။ကျွန်တော့်ရည်ရွယ်ချက်ကတော့ အကိုကြီးတုန်းကလိုမဟုတ်ပါဘူး သူလည်းချက်တတ်ထားတော့ အမေ့ကိုကူဖော်လောင်ဖက်ရတာပေါ့ ဆိုပြီးသင်ပေးတာပါ။ ညီအစ်ကိုသုံးယောက်လုံး ချက်တတ်သွားတော့ တစ်ယောက်မအားတစ်ယောက်ချက်ဆိုတော့ အဆင်ပြေတာပေါ့ဗျာ။ အဲ့ဒီလိုနဲ့နောက်ပိုင်း အမေမီးဖိုချောင်ကို ပြန်မကြည့်ရအောင်အထိ ကျွန်တော်တို့ ညီအစ်ကို သုံးယောက်မီးဖိုချောင်ကို နိုင်နင်းလာတယ်ဗျ။ ကိုယ့်အထက်မှာ အစ်မတွေရှိရင်တော့ ကျွန်တော်တို့တစ်တွေ ထမင်းချက်တတ်ကြမှာ မဟုတ်ဘူး။ မရှိတော့လည်း ကိုယ်တိုင်ပဲချက်တာပေါ့ဗျာ။ အငတ်မှမနေနိုင်ဘဲကိုး။ဒီလိုနဲ့ကျွန်တော်တို့မိသားစုထဲကို နောက်ထပ်ညီလေးသုံးယောက် ထပ်ရောက်လာခဲ့တယ်။ကျွန်တော်တို့တစ်တွေကတော့ မိန်းခလေးများ အားကိုးစရာပါမလားပေါ့လေ။သူတို့ကလည်း ရှေ့ကအကိုကြီးသုံးယောက် ထမင်းကောင်းကောင်းချက်တတ်နေပြီဆိုတာ သိခဲ့ကြဟန်တူပါရဲ့ဗျာ။သုံးယောက်တောင်ဆက်တိုက် ယောကျာ်းလေးတွေကြည့်ပဲလေ။ အမေကတော့ ပြောပါတယ် ငါ့ထမီလျှော်မယ့်သူတော့ မပါတော့ဘူးတဲ့။ ကျွန်တော်တို့မိသားစုမှာ ယောကျာ်းလေးတွေကြည့်ပဲ (၆)ယောက်ရှိလာခဲ့တယ်ဗျ။ တန်းစီစနစ်အရ ကျွန်တော့်ဒုတိယမြောက်ညီလေးအထိ ထမင်းချက်တာတတ်အောင် သင်ပေးခဲ့တယ်။ အငယ်ဆုံးနှစ်ယောက်ကတော့ ကင်းလွတ်ခွင့်ရသွားတယ်။ အကိုကြီးလေးယောက်က ကောင်းကောင်းချက်တတ်ပြီဆိုတော့ သူတို့တွေက ကံကောင်းသွားတာပေါ့ဗျာ။
(မှတ်ချက်။ ။ကျွန်တော်တို့ဒေသမှာ ယာခင်းထဲကို ပေါင်းနှုတ်ဖြစ်စေ၊လယ်ရိတ်တာဖြစ်စေ ယာတောသွားပြီးအလုပ်လုပ်တာကို တောထဲသွားသည် ဟု သုံးပါသည်-စာရေးသူ)
အပိုင်း(၂)မျှော်...
0 comments:
Post a Comment