Pages

Tuesday, March 20, 2018

အညာအလွမ်းပြေ ခရမ်းချဉ်သီးချက် နဲ့ ပဲသီးသုပ်

ဒီတခါတော့ ခရမ်းချဉ်သီးကို ဆီပြန်မဟုတ်ဘဲ အညာချက်လေး ချက်ထားပါတယ်ဗျ။အိမ်မှာတုန်းက မီးဖိုချောင်ဝင်ရတဲ့အခါ ဟင်းချက်ရင် ဟင်းချိုဟင်းကလွဲပြီး ကျန်တဲ့ဟင်းတွေချက်ရင် ကိုယ်ထည့်ချင်တာစုံအောင်ထည့်ပြီး ရေးနည်းနည်းနဲ့ အရင်လုံးပါတယ် ပြီးမှ အရည်သောက်ဆို ရေများများထပ်ဖြည့်၊ နယ်စားဖို့ဆို ရေစပ်စပ်လေးနဲ့ ဆီကပါတယ်ဆိုစလောက်ထည့်ပြီး
ချက်တာများပါတယ်။အမေဟင်းချက်တဲ့အခါလည်း တခါတရံအသားဟင်းငါးဟင်းကလွဲပြီး
ဆီတွေအမျာကြီးမသုံးပါဘူး။ဆီပြန်ချက်စားနိုင်တဲ့အခြေအနေလည်းမဟုတ်တော့
တခါတလေများဆိုဆီပုလင်းကဟင်းအိုးပေါ်မှာဝဲတယ်ဆိုယုံလေးဝဲတာ အလွန်ဆုံးကျပါမှ သုံးလေးစက်ပေါ့ဗျာ။ ဆီတွေသိပ်မစားခဲ့ရလို့ လူတွေလည်းကျန်းမာရေးကောင်းကြတယ်။
နောက်ပိုင်းဆီတွေအစားများလာတော့ ရောဂါတွေထူပြော၊လောဘသမားတွေက အစစ်ဆိုတာကို နာမည်လောက်သာထည့်ပြီး အကြံအဖန်တွေနဲ့မို့ ဝယ်စားရသမျှအစားအသောက်တွေက စိတ်မချရတော့သလို ရှောင်နိုင်လေကောင်းလေပါပဲ။


ခရမ်းချဉ်သီးချက်နည်းကတော့ - အရင်ဆုံး အဆင်ပြေရာခရမ်းချဉ်သီးကို ရေဆေးပြီး ချက်မည့်အိုးထဲမှာ
ပါးပါးလှီးထည့်၊ ကြက်သွန်နီတစ်လုံး၊ငါးပိသင့်တော်ယုံ၊ဆား၊နနွင်း ဆီအနည်းငယ်ထည့်
ရေနည်းနည်းနဲ့အရင်လုံးပြီးချက်။ခရမ်းချဉ်သီးတွေကြေပြီးငါးပိနံ့ပျောက်သွားရင် လိုအပ်သလောက်ရေနွေးထပ်ထည့်၊ ကြက်သွန်ဖြူထောင်းထားတာအုပ်၊ ပုစွန်ခြောက်ထည့်လိုက ထည့်နိုင်ပါတယ်။နောက်ဆုံးမှအရသာမှုန့်သင့်တော်ယုံထည့်၊နံနံပင် နဲ့ငရုတ်သီးစိမ်းအုပ်ပြီး
စားလို့ရပါပြီ။ ရေစပ်စပ်လေးနဲ့နယ်စားလို့ရအောင်ချက်ထားပါတယ်။ ကြိုက်နှစ်သက်ရာ အတို့အမြှုပ် အသီးအရွက်ကြော်တို့နဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။

ပဲသီးသုပ်အတွက်က - ပဲတောင့်ရှည်ကို လက်နှစ်ဆစ်စာ အနေအထားရအောင် အပိုင်းလေးတွေပိုင်း
ရေစင်အောင်ဆေးပြီး အိုးထဲမှာ ရေသင့်တော်ရုံထည့်ပြုတ်ပါ။
ပဲသီးတွေနူးလာရင်ဆယ်ပြီးရေအေးနဲ့စိမ် ရေစစ်ထားပါ။ မြေပဲလှော် သိုမဟုတ် နှမ်းလှော်ကို
ထောင်းပြီး ကြက်သွန်ဖြူဆီချက် ဒါမှမဟုတ် ဆီစိမ်းဆမ်းပြီး ဆား အရသာမှုန့်အနည်းငယ်နဲ့
သုပ်လို့ရပြီ။ မြေပဲလှော်ဆိုရင်တော့ သိပ်မညက်စေဘဲဆို ဝါးရတာ ပိုကောင်းပါတယ်။
ကြက်သွန်နီ ပါးပါးလှီးထည့်လိုကထည့်နိုင်ပါတယ် အချဉ်ကြိုက်ရင်တော့ သံပုရာသီး တစိတ်လောက်ညှစ်ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။

ပဲသီးသုပ်


တွဲဖက်အနေနဲ့ကတော့ ဒန့်သလွန်ရွက်ဟင်းချိုပူပူလေးနဲ့ ငါးကြော်လေးပါ ပါရင် ပိုပြီးစားလို့မြိန်တာပေါ့ဗျာ။
ဒါတွေမရနိုင်တော့လည်း ရွှေညာသားအကြိုက် စံပယ်ပန်းခြောက်ရေနွေးနဲ့ပဲ တွဲဖက်ပြီး လွေးလိုက်တယ်။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
လာရောက်လည်ပတ်တဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်ဗျာ။
လေးစားမှုဖြင့်-
ရွှေညာသား

Monday, March 12, 2018

အညာသားလက်ရာ ကြက်သားဗူးသီးဟင်း

အညာသားလက်ရာ ကြက်သားဗူးသီး

ထိုင်းကိုရောက်ခါစတုန်းကတော့သိပ်ဝါသနာပါတဲ့ချက်ပြုတ်ခြင်းကိုအတတ်နိုင်ဆုံးမချက်ဖြစ်အောင်နေမယ်လို့
ဆုံးဖြတ်ထားသော်လည်းဈေးထဲရောက်တဲ့အခါဟင်းချက်စရာတွေမြင်ရင်စိတ်ကဘယ်လိုမှထိန်းမရလေတော့
ဝယ်ပြီးချက်စားဖြစ်တယ်။နေ့တိုင်းမချက်စားဖြစ်ပေမဲ့ဈေးကိုရောက်တဲ့အခါစားချင်တဲ့အသီးအရွက်တွေ့တဲ့အခါ
ဝယ်လာပြီးဟင်းကိုအခန်းမှာချက်ထမင်းကိုတော့အဆောင်အောက်ထမင်းဆိုင်ကဘတ်(၁၀)ဖိုးဝယ်ပြီးစားတယ်။

အမြဲတမ်းမဟုတ်ပေမဲ့ချက်စားဖြစ်တဲ့အခါတိုင်းတော့ပုံလေးတွေရိုက်ပြီးသိမ်းထားဖြစ်တယ်။ဘလော့ခ်ထဲဝင်ဖြစ် တဲ့အခါဘလော့ခ်မှာတင်ပြီးအမှတ်တရသိမ်း။လာလည်တဲ့သူတွေလည်းအပျင်းပြေအောင်ဟင်းချက်ဝါသနာပါတဲ့
သူတွေလည်းချက်စားလို့ဖြစ်အောင်ပါ။ဟင်းချက်ပုံကိုအသေးစိတ်မရေးတာကကိုယ်ချက်တဲ့ဟင်းကိုအဆင့်ဆင့်
ပြန်ရေးရင်ပိုပြီးကြာတယ်ထင်လို့စကားပြောတဲ့အနေနဲ့ရေးဖြစ်တာကများပါတယ်။

ဒီဟင်းကလည်းချက်ရတာသိပ်ပြီးမခက်ခဲပါဘူး။ကြက်သားဗူးသီးဆိုမြန်မာအတော်များများသိဖူးစားဖူးကြမယ်
ထင်ပါတယ်။မြန်မာပြည်အောက်ပိုင်းနဲ့အထက်ပိုင်းမှာနေတဲ့သူတွေအတွက်သေချာမပြောတတ်ပေမဲ့အလယ်ပိုင်း
မှာနေတဲ့သူတွေအညာသူအညာသားတွေကတော့မစားဖူးသူမရှိလောက်ပါဘူး။ကျနော်တို့ဆီမှာတော့ကြက်သား ကာလသားချက်လို့လည်းခေါ်တယ်၊ဗူးသီးမရရင်သင်္ဘောသီးနဲ့ချက်တယ်။ရွာမှာဆိုတော့ဗမာကြက်နဲ့ပဲချက်စား
တာများပါတယ်။

ဗမာကြက်ပဲဖြစ်ဖြစ်စီပီကြက်ပဲဖြစ်ဖြစ်ချက်နည်းကတော့အတူတူပါပဲ။အညာကချက်နည်းအတိုင်းကြက်သားကို
တုံးပြီးချက်မည့်အိုးထဲမှာထည့်ကြက်သွန်ဖြူနဲ့ချင်းထောင်းပြီးထည့်နနွင်း၊အရောင်တင်နည်းနည်းစီထည့်ငါးပိ
အနည်းငယ်(ငံပြာရည်လည်းသုံးနိုင်)ဆားထည့်ပြီးနှံ့အောင်နယ်၊ပြီးမှလက်ဆေးရည်နည်းနည်းနဲ့ဆီအနည်း ငယ်ထည့်ပြီးကြက်သားမာအောင်လုံးချက်ချက်။ကြက်သားမာပြီးဟင်းနဲ့မွှေးလာမှရေနွေပွက်ပြီးသားလိုအပ်
သလောက်ထပ်ထည့်။ကြက်သားဗူးသီးဆိုအရည်သောက်ချက်တာများလို့ကြက်သားမြုပ်အောင်ရေထည့်တာ
အဆင်ပြေပါတယ်။ရေနွေးအစားရေအေးထည့်လို့ရပါတယ်၊ဒါပေမဲ့ရေနွေးနဲ့ကအသားမြန်မြန်နူးသလို
ဟင်းကျက်တာလည်းမြန်ပါတယ်။ရေနွေးထည့်ပြီးမီးအေးအေးနဲ့ပွက်အောင်တည်ထားတုန်းဗူးသီးကိုအခွံခွာ
သင့်တော်သလိုအရွယ်အစားတုံးရေစင်းအောင်ဆေးပြီးထည့်ပါ။ဗူးသီးကနူးလွယ်ပါတယ်ထည့်ပြီးဆယ်မိနစ်
လောက်ဆိုအဆင်သင့်ဖြစ်ပါပြီ။ဟင်းအိုးချခါနီးမှငရုတ်သီးစိမ်းသုံးတောင့်ထက်ပိုင်းချိုးထည့်ပင်စိမ်းရွက်အုပ်ပြီး
သရက်ချဉ်သုပ်၊ငါးပိကြော်တို့တဲ့တွက်ဖက်စားသုံးနိုင်ပါပြီ။


အညာသားချက်ထားတဲ့ကြက်သားဗူးသီးဟင်းလေးသုံးဆောင်သွားပါအုံးဗျာ။မီးဖိုချောင်မှာမဟုတ်ဘဲအခန်း
နောက်ကအဝတ်လှန်းဖို့လုပ်ထားတဲ့ဝရံတာမှာဒယ်အိုးနီတစ်လုံးနဲ့ဖြစ်အောင်ချက်ထားတာပါ။ဒီလိုမဖြစ်
ဖြစ်အောင်ဖန်တီးပြီးချက်ပြုတ်ရတာကိုပဲ စိတ်ထဲမှာပျော်နေတာ ကျောင်းမှာဘယ်လောက်ပင်ပမ်းခဲ့ပါစေ
ထမင်းဟင်းချက်ပြုတ်ရမယ်ဆိုအမောတွေပြေရော။

အားလုံးကိုယ်စိတ်နှစ်ဖြားကျန်းမာချမ်းသာကြပါစေဗျာ။လာရောက်လည်ပတ်ကြတဲ့အတွက်လည်းကျေးဇူး
အထူးတင်ပါတယ်။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား
 

Monday, March 5, 2018

ပုပ္ပားနဲ့ဝေးတဲ့ စကားဝါ


ငယ်ငယ်တုန်းကရွာမှာလူကြီးတွေပြောကြတာကြားဖူးတယ်။စကားဝါပန်းကပုပ္ပားတောင်ကိုမြင်နေရတဲ့ဒေသ
မှာစိုက်မှရှင်သန်ပြီးပန်းပွင့်တယ်။မဟုတ်ရင်ပုပ္ပားတောင်ကိုလွမ်းပြီးပန်းမပွင့်ခင်သေတယ်ဆိုပြီးပြောလေ့ရှိကြ
တယ်။ငယ်ငယ်တုန်းကတော့လူကြီးတွေပြောသမျှအဟုတ်ထင်ပြီးပုပ္ပားရောက်လို့စကားဝါပင်တွေဝယ်ချင်တာ
ကိုတောင်အဲ့ဒီစကားကြောင့်မဝယ်ဖြစ်ဘူး။တကယ်ဆိုကျနော်တို့ရွာမှာစိုက်ပျိုးရင်ဖြစ်နိုင်တယ်။ဘာလို့လဲဆိုတော့ ပုပ္ပားတောင်မကြီးကိုကျနော်တို့အိမ်ပေါ်ကနေလှမ်းမြင်နေရတာဆိုတော့စကားဝါပင်လည်းမြင်ရမှာသေချာတယ်။ အရွယ်ရောက်လို့စဉ်းစားဆင်ခြင်တတ်လာတော့အဲ့ဒီစကားတွေမမှန်ဘူးဆိုတာတွေ့လာရတယ်။ဖိလစ်ပိုင်မှာ
ကျောင်းတက်တုန်းကကျောင်းထဲမှာစကားဖြူပန်းတွေပွင့်တာတွေ့ခဲ့တယ်။စကားဝါမဟုတ်ပေမဲ့ စကားဖြူပန်း အရောင်ဖြူတာကလွဲပြီးအနံ့ကတထပ်တည်းတူတယ်။အပင်နဲ့အရွက်လည်းအတူတူပါပဲ။

နောက်တခါကပုပ္ပားတောင်နဲ့ဝေးလှတဲ့မန္တလေးရန်ကင်းတောင်ခြေနားကတရားရိပ်သာတခုမှာတွေ့ခဲ့တာပါ။
အဲ့ဒီမှာလည်းစကားဖြူပန်းပါပဲ။ပုပ္ပားတောင်ကိုမမြင်ရပေမဲ့စကားဖြူပန်းတွေဝေနေအောင်ပွင့်နေတာမြင်ခဲ့တယ်
အခုနောက်ဆုံးတစ်ကြိမ်ကတော့လက်ရှိကျနော်ပညာသင်နေတဲ့ထိုင်းနိုင်ငံတောင်ပိုင်းကဆောင်ခလာတက္ကသိုလ်
ဝန်းထဲမှာပါ။ဒီမှာကတော့စကားဖြူရော၊စကားဝါရောနှစ်မျိုးစလုံးပွင့်တာတွေ့ရတယ်။အဆောင်နောက်ကရေကန်
ဘေးလမ်းတစ်လျှောက်မှာဆိုစကားဖြူပင်တွေချည်းသုံးဆယ်လောက်ရှိတယ်။စကားဖြူပန်းတွေပွင့်ချိန်ဆိုကန်ကို ပတ်ပြီးလမ်းလျှောက်ရင်းလေကောင်းလေသန့်ရှုရတာရင်ထဲမှာလန်းဆန်းနေတာပါပဲ။

 စကားဝါပန်းတွေကတော့ ကျနော်တို့ဌာနကိုသွားရာလမ်းတစ်လျှောက်မှာပွင့်တယ်။စကားဝါပန်းတွေပွင့်တဲ့ အချိန်ကဆိုအဲ့ဒီနားရောက်ရင်လမ်းကိုဖြေးဖြေးလျှောက်ပြီးစကားဝါပင်မော့ကြည့်ပန်းရနံ့ကိုရှုရှိုက်ရတာ
အမောကိုပြေနေတာပဲ။ဌာနကိုအသွားအပြန်စကားပန်းရနံ့ရှုရှိုက်ရတာစိတ်ထဲကြည်နူးမိတယ်။ပုပ္ပားတောင်ကို
တက်စဉ်တုန်းကစကားဝါပင်တွေတွေ့ရင်အပင်ပေါ်တက်စကားပန်းတွေသူငယ်ချင်းတွေနဲ့လုပြီးခူး၊တောင်ပေါ်
ဆက်တက်နဲ့မောရမှန်းမသိခဲ့ပါဘူး။အညာသားပီပီစကားဝါပန်းတွေမြင်ရပန်းရနံ့ကိုရှုရှိုက်ရတော့မွေးရပ်မြေကို
လွမ်းမိတယ်။
ဘာပဲဖြစ်ြဖစ်လေ ပျော်ရာမှာမနေရ တော်ရာမှာနေရ ဆိုတဲ့စကားလို ကိုယ့်ဘဝအတွက်တော်ရာမှာခဏတာ နေရတယ်လိုပဲစိတ်ထဲမှာမှတ်ယူပြီးအညာအလွမ်းပြေပုပ္ပားအလွမ်းပြေကိုယ့်အနားမှာရှိတဲ့စကားဝါပန်းတွေပွင့်
တာကိုငေးရင်းစကားပင်တွေအောက်အသွားအပြန်လမ်းလျှောက်ရင်းနဲ့တနေ့ပညာတွေစုံလို့ပုပ္ပားတောင်ခြေက
အမေ့အိမ်ရှိရာရွာလေးဆီပြန်ရောက်တဲ့အခါမှစကားဝါပင်တွေအများကြီးစိုက်အုံးမယ်ဆိုပြီးစိတ်ကူးနဲ့အလွမ်းဖြေ
နေပါတယ်။အညာမြေမဟုတ်ပေမဲ့အညာမြေရဲ့သင်္ကေတပုပ္ပားရဲ့အထင်ကရစကားဝါပန်းတွေပွင့်တဲ့နေရာလေး မှာခဏတာခိုလှုံရင်းကိုယ့်ရပ်ကိုယ့်ရွာအကျိုးသယ်ပိုးနိုင်ဖို့ပညာတွေသင်ရင်း...အောင်မြင်မှုပန်းတိုင်းကိုရောက်ဖို့ ဆက်လက်လျှောက်လှမ်းနေဆဲပါ။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။လာရောက်လည်ပတ်တဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။

အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား

Thursday, March 1, 2018

အညာသားရယ် ထိုင်းတောင်ပိုင်းက ရွှေတိဂုံ ပုံတူစေတီတော်ရယ် တပေါင်းလပြည့်ရယ်


 ထိုင်းနိုင်ငံတောင်ပိုင်း ဆောင်ခလာခရိုင် ဟတ်ရိုင်က မြန်မာဘုန်းတော်ကြီးကျောင်းအတွင်းရှိ ရွှေတိဂုံပုံတူစေတီတော်
ဒီနေ့တပေါင်းလပြည့်နေ့မှာကျနော်တို့ကျောင်းတည်ရှိရာဟတ်ရိုင်ကမြန်မာဘုန်းတော်ကြီးကျောင်းကို
သွားဖြစ်ပါတယ်။ရောက်ခါစကတည်းကမြန်မာဘုန်းတော်ကြီးကျောင်းနဲ့ရွှေတီဂုံပုံတူစေတီရှိတယ်ဆိုလို့သွားချင်
တဲ့ဆန္ဒဖြစ်ခဲ့တာ(၆)လပြည့်ပြီးမှရောက်ဖြစ်ပါတယ်။တန်ဆောင်မုန်းလပြည့်တုန်းကသူများတွေသွားကြပေမဲ့
အတန်းချိန်တွေမပျက်ချင်လို့လိုက်မသွားဖြစ်ပါဘူး။ဒါပေမဲ့ဒီနေ့တပေါင်းလပြည့်နေမှာတော့ကျနော့်ဆန္ဒလေး
ပြည့်ဝခဲ့ပါပြီ။
စေတီတော်မှာတင်လှူမည့် ထီးတော်
အဆောင်ကနေသူငယ်ချင်းသုံးယောက် သုံးဘီးကားကို အသွားအပြန်တစ်ယောက် ဘတ်(၁၀၀)ပေးပြီးငှား
သွားကြပါတယ်။ကျောင်းဝန်းထဲရောက်တယ်ဆိုရင်ပဲဘုရားရိပ်တရားရိပ်ရဲ့အငွေ့အသက်ကအေးမြမှုကိုပေးစွမ်း
ပါတယ်။မွန်လူမျိုးအများစုတည်ရှိရာနေရာမို့ မွန်ရိုးရာဝတ်စုံနဲ့မိန်းခလေးတွေရောယောကျာ်းလေးတွေရော
တွေ့ရတယ်။မွန်ရိုးရာတေးသီချင်းနဲ့အကတိုက်နေတာလည်းတွေ့ခဲ့ရတယ်။ထီးတော်တင်ပွဲအတွက်ကြိုတင်
ပြင်ဆင်နေကြဟန်တူပါတယ်။ဘာပဲဖြစ်ဖြစ်ကိုယ့်နိုင်ငံကပါလားဆိုတဲ့အသိနဲ့မြင်ရတွေ့ရကြားရတာကို
စိတ်ထဲမှာပီတိဖြစ်ရပါတယ်။ဗမာစကားပြောတဲ့ယောကျာ်းလေးအဖွဲ့လည်းကားတစ်စီးနဲ့လာတာတွေ့မိတယ်။
အလုပ်ပိတ်ရက်မို့အလုပ်ရှင်ကသူ့ကားနဲ့လိုက်ပို့ဟန်တူပါတယ်။ကိုယ့်မြေကိုယ့်ရေမဟုတ်ပေမဲ့အခုလိုမျိုး
ဘုရားကျောင်းကန်သွားလို့ရတာပဲတော်တော်ကံကောင်းလှတယ်။
စေတီတော်ကားရပ်နားရာမှ မြင်ရတဲ့မြင်ကွင်း

အခါကြီးရက်ကြီးလပြည့်လကွယ်နေ့တွေဆိုရင်တော့လူတော်တော်စည်တယ်ပြောပါတယ်။
တကယ့်ကိုယ်မြေကိုယ်ရေကဘုန်းတော်ကြီးကျောင်းကိုရောက်သွားသလိုပါပဲ။ဘုရားရင်ပြင်တော်ကတော့
အားလုံးလက်စမသတ်ရသေးပါဘူး။မုဒ်ပေါက်လေးခုနဲ့ နေ့နံထောင့်တွေပါအားလုံးပါအောင်တည်ထားတာ
မို့ဘာသာရေးနဲ့ပတ်သက်ပြီးကုသိုလ်ပြုစရာနေရာတခုပါ။ကိုယ့်အခန်းမှာရည်စူးပူဇော်ထားတဲ့ပရိဘောဂ
စေတီမှာနေ့တိုင်းဘုရားရှိခိုးပဌာန်းပရိတ်ဓမ္မစကြာကိုဝတ္တရားတခုအနေနဲ့ပြုနေကြမို့ဘုရားကျောင်းကန်
မရှိသော်လည်းပြဿနာမဟုတ်ပေမဲ့တကယ့်မြေပြင်မှာရှိတဲ့ဘုရားကျောင်းကန်မှာသွားရောက်ကုသိုလ်ပြုရ
တော့စိတ်ထဲမှာပိုပြီးကြည်နူးရပါတယ်။

 တပေါင်းလပြည့်ည အဆောင်ပေါ်မှ မြင်ရသော လမင်းကြီး
 
ကိုယ့်မွေးနံထောင့်မှာဘုရားရှိခိုးပရိတ်ရွတ်မေတ္တာပို့အမျှဝေပြီးတဲ့အခါမှာတော့အဆောင်ကိုပြန်လာခဲ့ကြပါ
တယ်။ကျနော့်အတွက်တော့ဒီနှစ်တပေါင်းလပြည့်နေ့ဟာသူတပါးတိုင်းပြည်မှာရှိတဲ့မြန်မာဘုန်းတော်ကြီး
ကျောင်းမှာပထမဆုံးကုသိုလ်ပြုခွင့်ရတာမို့မမေ့နိုင်တဲ့အမှတ်တရနေ့လေးအဖြစ်ရှိနေမှာပါ။
ညနေပိုင်းမှာတော့အရှေ့မိုးကောင်းကင်ဆီမှပြည့်ပြည့်ဝန်းဝန်းနဲ့တဖြည်းဖြည်းထွက်ပေါ်လာတဲ့
လမင်းကြီးကိုငေးရင်း နွေဦးလေပြေနဲ့အတူ အဖေနဲ့အမေရှိရာဆီကိုစိတ်ကူးနဲ့လွမ်းနေမိပါတယ်။ 

အားလုံးကိုယ်စိတ်နှစ်ခြားကျန်းမာချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေဗျာ။ယနေ့ကျနော်ပြုခဲ့
သမျှကုသိုလ်အားလုံးကိုအမျှပေးဝေပါတယ်။အားလုံး ၀မ်းမြောက်စွာနဲ့ သာဓုခေါ်ဆိုနိုင်ကြပါစေ။
လာရောက်လည်ပတ်အတွက်လည်းကျေးဇူးအထူးတင်ပါတယ်ဗျာ။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား