Pages

Saturday, August 25, 2012

အညာက မိုးခေါင်ရာသီမြင်ကွင်း

ဓာတ်ပုံလေးတွေတင်မယ်ဆိုပြီးကတည်းက အင်တာနက်လိုင်းတွေကျနေတာကြောင့် မတင်ဖြစ်တာဗျာ။ ဒီနေ့တော့ အင်တာနက်လေး ပြန်တက်လာလို့ အိပ်ရေးပျက်ခံပြီး ကြိုးစားတင်ပေးလိုက်ပါတယ်။ မိုးခေါင်နေတာကြောင့် အခုချိန်အထိ လယ်တွေမစိုက်ရသေးလို့ လယ်ကွင်းပြင်က စိမ်းစိမ်းစိုစိုမဟုတ်ပါဘူး။  ပုံထဲမှာမြင်ရတဲ့ အတိုင်းပါပဲဗျာ။

 မိုးတိမ်တွေကတော့ ပုံထဲမှာလို တက်နေတာပါပဲ...ဒါပေမဲ့ ညိုသာညို မပြိုတဲ့မိုးပါ....

 ရွာမြောက်ဘက်က လယ်ကွင်းပြင်ပါ...အရင်နှစ်တွေကဆို ပျိုးနှုတ်သူတွေ ကောက်စိုက်သမတွေ နဲ့စည်ကားနေတဲ့နေရာပေါ့....ဒီနှစ်တော့ ဒီအတိုင်းပဲရှိသေးတယ်...

 နှစ်တိုင်းရေတွေဖွေးနေတဲ့ ရွာအနောက်ဘက်က ကန် လည်း ဘောလုံးကွင်းဖြစ်နေပါတယ်....


သူတို့လည်း လယ်ထွန်ပျိုးနှုတ်စရာမရှိတော့ အခုလိုပဲ ပျော်ပျော်ပါးပါး ဘောလုံးကန်နေကြရဲ့....

တိမ်တွေကိုခမောက်ဆောင်းနေတဲ့ ပုပ္ပားတောင်ကြီးလည်း မိုးရွာအောင်မတတ်နိုင်တော့ဘူး...

ရွာချောင်းရေပြင်ကတော့ ရေမကျသေးသည့်အတွက် ကြည်လင်နေဆဲပါ....



Sunday, August 12, 2012

ရွာအပြန်တစ်ခေါက်....

ဒီတပတ်ကျောင်းပိတ်ရက်မှာ ရွှေညာသားလေး ရွာကိုခဏပြန်ဖြစ်တယ်။ ခဏဆို တကယ့်ကိုခဏပါပဲ။ ညရောက် မနက်ပြန်ပဲ။ ဆွေမျိုးတွေအိမ်တောင် စေ့အောင်မလည်ခဲ့ရပါဘူး။ ဦးကြီး ဒွေးလေးတွေက မင်းဟာ လာတဲ့အခါလေးများ အေးအေးဆေးဆေးတော့နေပါအုံးပေါ့တဲ့။ သူတို့တွေကတော့ သူတို့အတွေးနဲ့သူတို့ပြောကြတာပေါ့ဗျာ။ ဒါပေမဲ့ ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလိုပဲလေ ကိုယ်ကအဲ့လိုနေလို့ရအောင် လွတ်လပ်တာမှမဟုတ်တာနော်။ ဒီလိုပဲ သူတို့ကို နားလည်အောင်ပြောပြပြီး ပြန်ခဲ့ပါတယ်။ 

ရွှေညာသားလေးတို့ ရွာမှာ တောင်သူလယ်သမား အများစုနေထိုင်တာဆိုတော့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းက သူတို့တွေအတွက် အရေးပါလှတယ်။ မိရိုးဖလာ လုပ်ကိုင်စားသောက်လာတဲ့ လုပ်ငန်းဆိုတော့လည်း ပင်ပမ်းပေမဲ့ လုပ်စားနေကြရတာပါပဲ။ ဒီကြားထဲမှာ မိုးလေ၀သက မမှန်တော့ ပင်ပမ်းရကျိုးမနပ်ဘူးပေါ့ဗျာ။ အခုနှစ်ဆိုလည်း မိုးက အတော်လေး ခေါင်တာ။ အရင်နှစ်တွေက ဒီအချိန်ဆို လယ်တွေစိုက်နေပြီတဲ့။ အခုနှစ်တော့ လယ်စိုက်ဖို့ဝေးလို့ ပျိုးထောင်တာတောင် အပင်မပေါက်နိုင်ဘူးတဲ့လေ။ သူတို့တွေရဲ့ ရင်ဖွင့်သံတွေကို ကြားရတော့လည်း စိတ်မကောင်းဖြစ်မိတယ်။ ရွှေညာသားလေးလည်း ဒီဘ၀တွေကိုဖြတ်သန်းလာရတာဆိုတော့ သူတို့ခံစားချက်ကို နားလည်ပေးနိုင်တယ်လေ။ ရွှေညာသားလေး ရွာမှတုန်းက အခုလိုမိုးဦးကျနောက်ကျတဲ့ နှစ်ဆိုရင် ရွာအနောက်ဘက်က တောင်ရိုးတွေပေါ်ကို ဦးလေးတွေ အဒေါ်တွေနဲ့ နွားစာရှာခဲ့ဖူးတယ်။ မိုးခေါင်ပြီဆိုရင် လူစာထက် နွားစာက တော်တော်လေး ခက်ခဲတာ။ လူစာက သူများဆီမှာ ကူးပြီး(ချေး) စားလို့ရသေးတယ်။ နွားစာကျတော့ အဲ့ဒီလိုမရဘူးလေ။

မိုးကောင်းတဲ့နှစ်ဆိုရင်တော့ ၀ါဆိုဝါခေါင်ဆိုရင် ပြောင်းဖူးတွေလည်းပေါ်နေပြီ။ ရွာမြောက်ဘက်က လယ်ကွင်းပြင်မှာလည်း ရေတွေတဖွေးဖွေးနဲ့ ပျိုးနှုတ်ကောက်စိုက် လယ်ထွန် စတဲ့ မိုးတွင်းပန်းချီကားချပ်ကြီးက အသက်ဝင်စွာလှုပ်ရှားနေပြီပေါ့။ ဒါပေမဲ့ ဒီနှစ်ရွာပြန်တော့ ဒီပန်းချီကားချပ်ကြီးကို မြင်ရမည့်အစား ပတ်ကြားအက်တွေမပျောက်သေးတဲ့ လယ်ကွက်တွေနဲ့ အရွက်တွေခြောက်နေတဲ့ ပြောင်းဖူးခင်းတွေ မိုးမျှော်နေတဲ့ ၀ါဖျော့ဖျော့ စပါးပျိုးခင်းတွေကိုသာ မြင်ခဲ့ရတယ်။

မိုးတိမ်တောင်တွေကတော့ ညနေစောင်းရင် အနောက်တောင်ဆီက တက်တက်လာတာပဲတဲ့။ ဒါပေမဲ့ ညိုသာညိုတယ် မရွာတဲ့မိုးဖြစ်နေတာ ကြာပြီတဲ့လေ။ တွေ့တဲ့သူကို လယ်တွေစိုက်ရပြီလား၊ နှမ်းခင်းရော ဘယ်နှယ့်နေတုန်း စသဖြင့် မေးကြည့်တော့ လယ်ကတော့ကွာ ဒီနှစ်မျိုးဆုံးလောက်ပါတယ်။ နှမ်းကတော့ မျိုးလေးလောက် ပြန်ရလိမ့်အုံးမလားလို့ပဲ စတဲ့အားမရှိတဲ့အဖြေလေးတွေပေးကြတယ်။ နောက်ပြီးပြောသေးတယ် မင်းတို့ပညာတတ်တွေပဲ ဟန်ကျတယ် ဘယ်တော့မှမိုးမခေါင်ဘူးတဲ့။ မိုးတော့မခေါင်ဘူးပေါ့ဦးလေးရယ် ဒါပေမဲ့ ကိုယ့်ရပ်ကိုယ်ဒေသမှာ မိုးခေါင်တယ်ဆိုတော့ စိတ်မကောင်းဖြစ်မိတာပေါ့။ ရွှေညာသားလေးလည်း တောင်သူလယ်သမားဘ၀က ဆင်းသက်လာသူတစ်ယောက်မို့ ကိုယ်က အဆင်ပြေပြေ စားသောက်နေရပေမဲ့ ကိုယ့်ဒေသ ကိုယ်ရပ်ရွာမှာ မိုးလေးဝသမကောင်းဘူးဆိုတော့ ဘယ်လိုလုပ်ပြီး ၀မ်းသာနိုင်ပါ့မလဲလေ။

ချောင်းထဲကိုရေချိုး ဆင်းရင်း ရွာမြောက်ဘက်က ခြောက်သွေ့နေတဲ့ လယ်ကွင်းပြင်တွေနဲ့ တိမ်တွေခမောက်ဆောင်းနေတဲ့ ပုပ္ပားတောင်ကြီးရဲ့ ပုံလေးတွေကို တင်ပေးပါအုံးမယ်။ ပုပ္ပားတောင်ကြီးလည်း တိမ်တွေ ခမောက်ဆောင်းနေပေမဲ့ မိုးမရွာတော့ဘူး။ အရင်တုန်းကဆိုရင် ပုပ္ပားတောင်ကြီးဟာ ကျွန်တော်တို့ရွာလေးရဲ့ မိုးလေ၀သအချက်ပြ သင်္ကေတတစ်ခုပါ။ အခုတော့ သူလည်း သူ့တာဝန်ကိုပုံမှန်အတိုင်း ထမ်းဆောင်နေပေမဲ့ မိုးတွေကတော့ ညိုသာညို ပြိုမလာခဲ့ပါဘူး။ မိုးမရွာလို့ စိတ်အားငယ်နေတဲ့ ရွာသူရွာသား ဦးကြီးဦးလေးတွေရဲ့ မျက်နှာတွေကို မြင်ရလို့ ရွှေညာသားလေးလည်း စိတ်မကောင်းစွာနဲ့ နှုတ်ဆက်ပြီး အလုပ်ဌာနရှိရာဆီသို့ ပြန်လာခဲ့ပါတယ်။ စိတ်ထဲမှာတော့ မိုးတွေမြန်မြန် ရွာသွန်းပါစေလို့သာ ဆုတောင်းနေမိပါတယ်။

Thursday, August 2, 2012

ဘလော့ခ်သို့ အပြန်....

မရောက်တာ ကြာလို့ လာရတာလမ်းတွေမှားနေတယ်...။ ဘလော့ခ်လည်း ဖုန်တွေတော်တော်ထူနေလောက်ပြီဗျာ။ ရွှေညာသားလေး သင်တန်းတခုသွားတက်နေရလို့ ဘလော့ခ်နဲ့နှစ်လလောက်အဆက်ပြတ်သွားတယ်။ ရေးချင်တာတွေ ပြောပြချင်တာတွေကလည်း အများကြီးဗျာ။ ဘယ်ကစပြောရမယ်မှန်းမသိဘူး။ အညာအကြောင်းအဓိက ထားရေးတာဆိုတော့ အညာအကြောင်းပြောပြရမလား။ ကိုယ့်အလုပ်နဲ့ဆက်စပ်ပတ်သက်တာတွေပြောရမလား၊ သင်တန်းအတွေ့အကြုံလေးတွေပြန်မျှဝေရမလား စသည့် စသည့် ပြောစရာတွေပေါ့ဗျာ။ အညာမှာတော့ ဒီနှစ်မိုးခေါင်တယ်ဗျာ...ရွာကိုဖုန်းဆက်လို့ ဦးကြီး ဒွေးလေးတွေက ပြောပြတာပါ။ အလုပ်နဲ့ဆိုတော့ ရွာကိုလည်းမရောက်ဖြစ်ဘူး။ အခုချိန်အထိ လယ်တွေလည်း မစိုက်ရသေးဘူးတဲ့။ ပြောင်းဖူးဆိုလည်း ဘာမှမရှိဘူးတဲ့။ နှစ်တိုင်းဒီအချိန်ဆို ပေါတဲ့ ချဉ်ပေါင်ရွက်လည်း  မရှိဘူးပြောတယ်ဗျ။ 

တောင်သူလယ်သမားဆိုတာကတော့ မိုးလေ၀သကောင်းမှ အဆင်ပြေတာမို့ မိုးမရွာရင် သူတို့လုပ်ငန်းခွင်က အဆင်မပြေဘူးလေ။ အခုချိန်ထိ ပျိုးမထောင်ရသေးဘူးဆိုရင် လယ်တွေစိုက်ရဖို့ကမသေချာတော့ဘူးပေါ့။ ခြောက်ပျိုးထောင်တာကလည်း မိုးမရွာတော့ အပင်ကိုမပေါက်ဘူးတဲ့။ အဲ့ဒါတွေကြားတော့ ဟိုစကားပုံလေးကို သတိရမိတယ်။ ဘာတဲ့ ရေများရာ မိုးရွာ ဆိုတာလေ။ ရွှေညာသားလေး ရန်ကုန်ကို နှစ်လလောက် နေခဲ့တာ ရွာလိုက်တဲ့ မိုး တစ်ရက်မှမပြတ်ဘူးဗျာ။ ကျုပ်တို့အညာမှာများ ရွာလိုက်ရင် တန်းဖိုးရှိတဲ့ မိုးရေတွေပေါ့။ ရန်ကုန်ကပြန်လာတဲ့ လမ်းတစ်လျှောက်မှာလည်း ကြည့်ရတာ စိမ်စိမ်းစိုစိုနဲ့ စိတ်ချမ်းသာစရာကောင်းလိုက်တာ...။ အညာမြေဘက်ကိုလည်း တဖြည်းဖြည်းရောက်လာတော့ လယ်ကွက်တွေကြည့်ရတာ ဘာမှမကိုမရှိဘူး။ တကယ့်နွေရာသီအတိုင်းပဲ။ ဘယ်ကိုပဲ ကြည့်ကြည့် ခြောက်သွေ့နေတဲ့ ယာကွက်တွေပဲ မြင်ရတယ်။

ရန်ကုန်မှာကျတော့လည်း ကောင်းလိုက်တဲ့မိုးက အပြင်ထွက်ရင် ထီးကောက်ကြီးကို ကိုင်သွားရတာ။ ရောက်စကတော့ ထီးကိုင်ကျင့်မရှိတာကြောင့် စိတ်ထဲမှာတစ်မျိုးကြီးဗျာ။ နောက်တော့လည်းလူတိုင်းက ထီးကိုင်ပြီး သွားလာနေကြတာမို့ အကျင့်ရသွားတယ်။ အပြင်ထွက်မယ်ဆိုရင် ကျန်တာတွေထက် ထီးကိုအရင်ဆုံး လက်ကဆွဲတယ်။ အခု ကျောင်းကို ပြန်ရောက်တော့လည်း ထီးမကိုင်ချင်တော့ဘူး။ အညာမှာက သွားလေရာ ထီးယူစရာမလိုဘူးလေနော့။ ရန်ကုန်မှာကတော့ သွားလေရာမှာ ထီးမပါရင် မိုးအခါမှသိမယ်ဆိုသလိုမျိုးကို ဖြစ်နေပြီ။ 

အိမ်ပြန်ရောက်ပြီဆိုတော့ ပို့စ်လေးတွေလည်း ဆက်ပြီးရေးဖြစ်တော့မှာပါ။ လာလည်ကြတဲ့သူတွေအားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်ဗျာ။ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ....။