Pages

Friday, April 29, 2011

တေးလက်ဆောင်


အညာဒေသရနံ့လေးတွေပါတဲ့ “လက်ပံကောက်” သီချင်းလေးကို ယူကျု့မှာ ရှာတွေ့လို့ အလည်လာရင်း အလွမ်းပြေ နားဆင်ခံစားနိုင်အောင် တင်ပေးလိုက်ပါတယ်။ ကျောင်းတုန်းကတော့ တေးသရုပ်ဖော် ကတဲ့ သီချင်းလေးပေါ့။ ရှာနေတာ ကြာပြီဗျာ။ မနေ့ကမှ တိုက်တိုက်ဆိုင်ဆိုင် သွားတွေ့တယ်။ ၀မ်းသာလိုက်တဲ့ ဖြစ်ချင်း မပြောပါနဲ့တော့။ မြန်မာသီချင်းလေးတွေကို ယူကျု့မှာ တင်ပေးတဲ့ သူတွေကိုလည်း ကျေးဇူးအထူးတင် မိပါတယ်။ ရိုးရိုးယဉ်ယဉ် အ၀တ်အစားလေးတွေ၊ သနပ်ခါးပါးကွက်လေးတွေနဲ့ သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကလည်း ကြည့်ရတာ ကျက်သရေရှိထားတာ။ အခုခေတ် ဒီလိုဝတ်တာ တော်တော်လေး ရှားနေပြီထင်ပါ့။ အကြိုက်ဆုံးထဲက သီးချင်းလေး တစ်ပုဒ်ပါပဲ။ နားထောင်းရင်းနဲ့ စိတ်က ရွာကိုပြန်ရောက်သွားတယ်ဗျာ။ အားလုံးပဲ ကျွန်တော်လို ထပ်တူဖြစ်လိမ့်မည်လို့ ထင်ပါတယ်။ ရွာသူရွာသားတွေ ဆိုရင်ပေါ့။ မြို့ကြီးသူ မြို့ကြီးသားတွေတော့ ပြောတတ်ဘူး။ နားဆင်သွားအုံး နော်။ အလွမ်းပြေပေါ့ဗျာ....

အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ...

သဘောင်္နဲ့ ငရံ့ပတူ

အခုရက်ပိုင်း အစားအသောက်တွေ အကြောင်းကို ဓာတ်ကျနေတယ်။ လုပ်မစား ဖြစ်ပေမဲ့ စိတ်ထဲကနေ ကြံစည်နေတာကို ပါးစပ်က ဖွင့်ဖွင့်ပြောနေမိလို့။ ဒီနေ့လည်း ဈေးရောက်ရင် မသွားချင်ဆုံး အတန်းဘက်ကို မျက်စိလည်ပြီး တည့်တည့်ရောက်သွား ပြန်သေးတယ်။ ကိုယ့်နိုင်ငံဆိုရင်တော့ ရွှေဆိုင်ဘက်ကို ခြေဦးမလှည့်သလိုပေါ့ဗျာ။ ဒီမှာက အသီးအနှံတွေက ရွှေဖြစ်နေတာ ဆိုတော့ မြင်ပါလျက်နဲ့ မကြင်ရတဲ့ အဖြစ်ဗျို့။ ကိုယ့်ဆီမှာ မြင်ဖူးစားဖူးတဲ့ အသီးအရွက်တော်တော်များများက ဈေးအမြင့်ဆုံး ဖြစ်နေတော့ မြန်မာပြည်က အသီးအနှံတွေကို ပြေးမြင်မိတယ်။ ဒီနေ့တော့ ရှားရှားပါးပါး သဘောင်္သီး တွေ့ခဲ့တယ်။ ဈေးကတော့ ထုံးစံအတိုင်း မြင့်တာပေါ့ဗျာ။ ဒါပေမဲ့ မကြာခင်ပြန်ရတော့မှာဆိုတော့ ရွာရောက်ရင် ပြန်ပြောပြရ အောင်လို့ သေချာတော့ ကြည့်ခဲ့သေးတယ်။ ကိုယ့်တောမှာများ သဘောင်္သီး ဘယ်သူ့အိမ်သွား ခူးခူး ပေါထားတာ။ ငရံ့ပတူ ဆိုတာတော့ ဒီမှာ မမြင်မိပါဘူး။ သဘောင်္ပွင့်နဲ့က တွဲဘက်မို့ ထည့်ရေးထားတာ။ ပြောနေတာထက် စိတ်ကူးနဲ့ပဲ သဘောင်္သီးတွေ ပျော်ပျော်ပါးပါး သုပ်စားကြမယ်ဗျာ။

ကျွန်တော်တို့ နယ်ဘက်မှာ သဘောင်္သီးဆိုတာ တကယ်ကိုပေါတာပါ။ အစိမ်းတွေကို ဆန်ကွဲနဲ့ ရောပြီး ၀က်ပြုတ်ကျွေးလို့ရတဲ့အထိပေါတယ်။ ပေါတော့လည်း သိပ်ပြီး တန်ဖိုးမထားတာပေါ့လေ။ အခုနေရာလိုများ ဆိုရင်တော့ သူဋ္ဌေးပဲ။ သဘောင်္သီး တစ်လုံး မြန်မာငွေနဲ့တွက်ရင် သောင်းကျော်လောက် ရှိတယ်။ ရွာမှာပေါတယ် ဆိုပြီး လုံးဝမသုံးတာတော့ မဟုတ်ပါဘူး။ တောရွာပဲလေနော့ နောက်ပြီး အပင်ဆိုတာက အသုံးဝင်တာချည်းပဲလေ။

အသီးမှည့်တွေနဲ့ သဘောင်္ပင်

သဘောင်္ပင်မှာကလည်း လူတို့များလို အဖိုနဲ့အမဆိုပြီး ရှိပြန်သေးတယ်။ ငယ်ငယ်တုန်းကတော့ သဘောင်္ပင်စိုက် တော့မယ်ဆိုရင် အဖိုပင်နဲ့အမပင် သိရအောင် အပင်ပေါက်လေးတွေကို နှုတ်ပြီး အမြစ်ကိုကြည့်ခွဲတယ်။ ရေသောက်မြစ်ခေါ်တဲ့ အမြစ်မကြီးက နှစ်ခွဖြစ်နေရင် အမပင် ခွမနေရင် အဖိုပင် ဆိုတာသိနိုင်တယ်။ အဖိုပင်ကတော့ အသီးမသီးဘူး အပွင့်တွေပဲ ပွင့်တယ်။ အပွင့်ကလည်း အသုံးဝင်ပါတယ်။ ရေနွေးပြုတ်ပြီးတော့ သုပ်စားရင် ကောင်းကောင်းမှကောင်းပေါ့ဗျာ။ အခါးဓာတ်လေးနဲနဲပါပေမဲ့ စားလို့ကောင်းတယ်။ ငရံ့ပတူရွက်နဲ့ ရောပြီးပြုတ်ရင် အခါးဓာတ်လည်း ပျောက်တယ်။ နှစ်မျိုးလုံး ရောပြီးတော့လည်း သုပ်စားလို့ကောင်းပါတယ်။

သဘောင်္ဖိုပွင့်က ဒီလို အခိုင်လိုက်လေး ပွင့်တယ်(photo from google)
ဒါလေးတွေကို ခူးပြုတ်ပြီး သုပ်စားနိုင်ပါတယ်(photo from google)
ငရံ့ပတူပင်ကလည်း ကျွန်တော်တို့နယ်ဘက်မှာ ပေါတာပါပဲ။ ပြောင်းဖူးခင်း နှမ်းခင်းထဲဆိုရင် သူတို့ကိုပဲ ပေါင်းလုပ်ပြီး နှုတ်နေရတာ။ အရွက်နုချိန်ဆိုရင် ခူးပြီးတော့ ပြုတ်ပြီး နှမ်းလှော်ထောင်းလေးနဲ့ သုပ်စားရင် နူးညံ့ညံ့လေးနဲ့ စားလို့ကောင်းတယ်ဗျာ။ သဘောင်္ဖိုပွင့်နဲ့ ရောပြုတ်ပြီး သုပ်စားရင်လည်း ထို့အတူပါပဲ။ ဆေးအဖြစ်နဲ့ကတော့ အဆိပ်ကိုနိုင်တယ်ပြောတယ်။ ကျွန်တော့်အသိ တစ်ယောက်ပြောပြတာတော့ သူတို့ရွာက လူယာခင်းထဲမှာ ပိုးထိ(မြွေကိုက်တာ) အနားမှာက ဘယ်သူမှလည်း မရှိတော့ ကြောက်ကြောက်လန့်လန့်နဲ့ အနားရှိတဲ့ ငရံ့ပတူရွက်တွေကို ၀ါးစားတာ မြွေဆိပ်တွေ ပြေသွားတယ်ဆိုပဲ။ အမြစ်လတ်လတ်ဆတ်ဆတ်ကိုလည်း ရေပြောင်အောင်ဆေးပြီး မြွေကိုက်တဲ့ အပေါ်မှာ အုံပေးရင် မြွေဆိပ်ကျတယ်လို့ ကြားဖူးတယ်။ အရွက်ကိုတော့ အိမ်မှာတုန်းက မကြာမကြာ စားဖူးတယ်။ ဆေးအသုံးကတော့ ကိုယ်တိုင်မသုံးကြည့်ဖူးဘူး။ သူများပြောပြလို့ သိရတာလေးကို ဗဟုသုတ အဖြစ်မျှဝေတာပါ။
ငရံ့ပတူပင်နဲ့ အပွင့် (photo from google)

သဘောင်္ပင်ကတော့ ဆေးအသုံးထက် အစားအသောက်ပဲ သုံးကြတာများတယ်။ စားတာလည်း ဆေးပဲပေါ့ဗျာ။ "အစာလည်းဆေး ဆေးလည်းအစာ" လို့ဆိုတာကိုး။ အများဆုံးကတော့ အသီးစိမ်းကို သုပ်စား၊ချက်စား ကြတာများတယ်။ သဘောင်္သီးစိမ်းကို ဗူးသီး၊ဖရုံသီးတို့လို အရည်သောက်လေး ချက်စားရင်လည်း ဟင်းဖြစ်တာပါပဲ။ အရင်ပို့စ်မှာတုန်းက ကြက်သားနဲ့ချက်စားတာလေး ပြောခဲ့ပါသေးတယ်။ အများစုသိကြတာ ကတော့ သဘောင်္သီးသုပ်ပေါ့။ အသုပ်စုံဆိုရင် သဘောင်္သီးစိမ်းက မပါမဖြစ်ပါပဲ။ ကျွန်တော်တို့ ရွာမှာကတော့ မိန်းခလေးအများစု ညလသာသာမှာ ဗိုင်းငင်ရင်း သဘောင်္သီးသုပ် သုပ်စားတတ်ကြတယ်။ ရခိုင်သုပ်လိုတော့ ငါးပိမပါဘူးဗျ။ ရွာမှာ သဘောင်္သီးသုပ်တာက ကျွန်တော်သိသလောက်ဆိုရင် သဘောင်္သီး၊ ကုလားပဲလှော်ပြီးသားကို မညက်တညက် ထောင်းထားတာရယ်၊ မန်ကျည်းသီးမှည့်ကို ရေနူးအောင်စိမ်ထားတဲ့ အဖတ်လိုက်ရယ်၊ ကုလားအော်သီးစပ်စပ် ထောင်းထားတာရယ်၊ ဆား၊ဟင်းချိုမှုန့် အဲ့ဒါလေးတွေပဲ။ ဆီတောင် မထည့်ဘူး။ ချဉ်စပ်စပ်လေးနဲ့ ကုလားပဲမညက်တဲ့အစေ့လေးတွေပါ ရောဝါးပြီး ရေနွေးပူပူလေး သောက်ရတာ တကယ်ကို့ အရသာရှိလှတယ်။

Tuesday, April 26, 2011

အညာက ဟင်းချက်နည်းလေးများ(၃)

ဒီတစ်ခါ ဆိုရင်တော့ ကျွန်တော်သိတဲ့ အညာဟင်းချက်နည်းလေးတွေ ကုန်လောက်ပြီ ထင်တာပဲ။ စပြီးသားလေး တွေလည်းရှိတော့ ပြီးအောင်ပဲ ဆက်ရေးပေးလိုက်ပါရဲ့ဗျာ။ အစားအစာဆိုတာကလည်း နေ့စဉ် ချက်ပြုတ်စားသောက်နေရတော့ နည်းအသစ်လေးများ သိရင် စမ်းပြီးချက်စားလို့ ရတာပေါ့နော့။ ကျွန်တော်က တော့မကြာခင် နွေရာသီ ရောက်တော့မှာမို့ ပျော်နေတယ်။ အသီးအရွက်တွေ နွေရာသီဆိုရင် ပေါပေါများများ ၀ယ်စားလို့ရလို့ပါ။ ဈေးလည်းပေါတယ် ဆိုတော့ ကျွန်တော်တို့တွေ အတွက် အဆင်ကိုပြေလို့..ဟဲ..ဟဲ..။ ဒီနေ့ရေးတဲ့ ဟင်းလေး တွေက တချို့လည်း သိချင်မှသိမယ် အညာမှာတော့ စားနေကျဆိုတော့ ဗဟုသုတအဖြစ် ရေးပေးလိုက်ပါတယ်။

သနပ်ဖူး ချဉ်ရည်ဟင်း
 
သနပ်ပင်ဆိုတာက ဆေးလိပ်တဲ့ သနပ်ဖက်မျိုးလားတော့ မသိဘူး။ ဆေးလိပ်တဲ့ သနပ်ဖက်ပင်ကိုတော့ မမြင်ဖူးပါဘူး။ ကျွန်တော်တို့ဆီမှာ ရှိတဲ့ သနပ်ပင်ကတော့ အပင်မြင့်တယ်။ ဖက်ရွက်က ဆေးလိပ်ဖြစ်အောင်တော့ မကြီးဘူး။ သနပ်ကိုင်းကိုတော့ ဓားနဲ့နုတ်နုတ်စင်း အခြောက်လှန်း၊ မောင်းစင်မှာထောင်းပြီး ဆေးရိုးတော့ လုပ်ကြတယ်။ ဖက်ကတော့ ပြောင်းဖူးဖက်ပေါ့။ သနပ်သီးက ရင့်မှည့်လာရင် အစေးတွေက ကော်နဲ့တူတယ်။ ကလေးတုန်းက စာအုပ်တွေပြဲရင် သနပ်သီးကို ဖျစ်ပြီးရတဲ့ အစေးတွေကို ကော်လုပ်ပြီး ကပ်ဖူးတယ်။ အကြာကြီး မခံပေမဲ့ သုံးလို့တော့ ရသဗျ။

သနပ်ဖူးချဉ်ရည်ဟင်းကတော့ သနပ်ရွက်နုချိန်မှာ အဖူးလေးတွေပါ တစ်ခါထဲ ထွက်ပါတယ်။ သင်္ကြန်မတိုင်ခင် ဆိုရင် သနပ်ရွက်တွေနုတတ်တယ်။ နွေရာသီမှာပဲ နုတာများတယ်။ ချက်စားတာကတော့ သနပ်ရွက်အနုနဲ့ အဖူးရောရာကို ခူးပြီးတော့ မန်ကျည်းသီးမှည့်အတောင့်လိုက် ထည့်လုံးပြီး ချဉ်ရည်သောက် ချက်စားလို့ ကောင်းပါတယ်။ သနပ်ဖူးက ဖန်တဲ့အရသာရှိလို့ အချဉ်ရည်ဟင်း ချက်စားလို့ပဲ အဆင်ပြေပါတယ်။ နွေရာသီမှာ စိုက်တဲ့ ကိုင်းခင်းထဲက ချဉ်ပေါင်ရွက်တို့၊ ဘိလပ်ရွက်တို့နဲ့ ရောပြီး အချဉ်ရည်သောက် ချက်စားရင်လည်း ကောင်းပါတယ်။

ပိတ်စွယ်ချဉ်

ဒီအပင်တွေကနေ လုပ်ပါတယ်(photo from google)
ဒီအပင်ကတော့ ရေထဲမှာပေါက်တာပါ။ အောက်ပိုင်းတွေမှာ ပိုပေါမယ်ထင်တယ်။ ကျွန်တော်တို့ဆီမှာတော့ ရေအမြဲရှိတဲ့ ရိုးတွေ၊အိုင်တွေ၊ ဗွက်တွေမှာ ပေါက်တာများတယ်။ အဲ့ဒီအပင်ကို နှုတ်ပြီးတော့ အပေါ်က ရင့်တဲ့ အခွံတွေကို ခွာပြီးတော့ ရလာတဲ့ အနုဆုံးအပိုင်းကို သုံးပါတယ်။ ဆန်ဆေးရည်နဲ့ စိမ်ထားရင် ချဉ်သွားတာပဲ။ မျှစ်နဲ့ခပ်ဆင်ဆင်ပေမဲ့ စားလို့တော့ အတော်ကောင်းပါတယ်။ ပိတ်စွယ်ချဉ်ကို ချဉ်ပေါင်ရွက်၊ ပဲသီး၊ ခရမ်းသီး စတဲ့ အသီးအရွက်လေးတွေနဲ့ ရောလို့ အချဉ်ရည်ဟင်း ချက်စားလို့ကောင်းပါတယ်။ သူ့ချည်းလည်း ကြော်စားရင် ကောင်းတယ်။ အသားနဲ့ရောချက်ရင်လည်း မျှစ်လိုပါပဲ စားလို့ကောင်းတယ်။ ကျွန်တော်ကတော့ အချဉ်ဟင်းချက်စားရတာကို ပိုပြီးသဘောကျတယ်။ ကျောက်ပန်းတောင်း ပျံကျဈေးထဲမှာဆိုရင် ပိတ်စွယ်ချဉ်ဖွေးဖွေးတွေ အမြဲလိုလို တွေ့ရတတ်တယ်။ ထမင်းဆိုင်တွေမှာလည်း ချဉ်ရည်ဟင်းဆိုရင် ပိတ်စွယ်ချဉ်ကို မျှစ်အစား ထည့်ချက်တတ်ကြတယ်။ တော်တော်များများ ပေါတော့ စားဖူးကြမယ် ထင်ပါတယ်ဗျာ။

အညာမျှစ်ချဉ်
မျှစ်ချဉ်(photo from google)
မျှစ်ချဉ်ကလည်း ဒေသလိုက်ပြီး အမျိုးမျိုးရှိတယ်ဗျ။ ပျဉ်းမနားမျှစ်ချဉ်၊ ရှမ်းမျှစ်ချဉ် စတဲ့ ၀ါးအကြီးစားတွေက ရတဲ့ မျှစ်ချဉ်တွေပေါ့။ ကျွန်တော်တို့ရွာက ပုပ္ပါးတောင်နား ရှိတာဆိုတော့ ပုပ္ပါးတောင်ပတ်ဝန်းကျင်က တောင်ရိုးတောင်တန်းတွေ ပေါ်မှာပေါက်တဲ့ ၀ါးရုံပင်လေးတွေကနေ ချိုးလို့ရတဲ့ မျှစ်ကိုပဲ အချဉ်တည်ရတာပေါ့။ အချဉ်တည် တယ်ဆိုတာထက် ဆားသိပ်တယ်ဆိုရင် ပိုမှန်ပါတယ်။ တောထဲကရလာတဲ့ မျှစ်ကို အိမ်ရောက်ရင် နှစ်ညလောက် ရေစိမ်ပြီး ထွန်းသွားတိုနဲ့ ခပ်ဆဆလေးထုပြီးတော့ ဆားနဲ့နယ်ပြီး အိုးထဲမှာသိပ်ထားတာပါ။ ပျဉ်းမနားနဲ့ ရှမ်းပြည်က မျှစ်ချဉ်တွေလို အရမ်း မချဉ်ပါဘူး။
ဒါကတော့ တစ်မျိုး(photo from google)
မိုးလည်လောက်ဆိုရင် တောင်ရိုးပေါ်မှာ မျှစ်တွေလှိုင်လှိုင်ပေါတယ်။ အဲ့ဒီအချိန်ဆို တောင်ရိုးတက်နိုင်တဲ့ သူကတော့ တက်နိုင်သလောက် မျှစ်ရတာပါပဲ။ အဲ့ဒီအချိန်ဆို ကိုယ့်အိမ် စားဖို့အတွက်တော့ ရွာကအိမ်တိုင်းလိုလို မျှစ်ချဉ် သိပ်ထားကြတယ်။ မျှစ်ကိုတော့ မျှစ်ချဉ်ရယ်မှ မဟုတ်ဘူး အမျိုးမျိုးလုပ်စားကြ ပါတယ်။ မျှစ်အစိုပေါတဲ့အချိန်ဆို မျှစ်ကိုပြုတ်ပြီးတော့ မျှစ်သုပ်၊ မျှစ်ကြော်၊ မျှစ်ဆတ်ဟင်းချို၊ မျှစ်နဲ့ဆန်လှော်ဟင်းခါး စတဲ့ အမျိုးမျိုးအထွေထွေလုပ်စားနိုင်ပါတယ်။

အညာက မျှစ်က ဒီလိုသေးသေးလေးတွေပါ
မျှစ်ချဉ်ကိုကျတော့ ရွာမှာ နွေရာသီရောက်လို့ ဟင်းစားရှားသွားမှ မျှစ်ချဉ်အိုးကို ဖောက်ပြီးချက်ပါတယ်။ ဆားနဲ့သိပ်ထားတာဆိုတော့ ချက်မယ်ဆိုရင် ရေနဲ့ သုံးထပ်လောက် ဆေးပစ်ရပါတယ်။ ဆေးပြီးတော့ ခရမ်းချဉ်သီးလေးနဲ့ အရည်စပ်စပ်လေး ချက်စားကြတယ်။ မျှစ်ချဉ်ရေဆေးပြီးသားကို ငရုတ်ဆုံမှာ မညက်တညက်လေး ထောင်းပြီး ကြော်စားရင်လည်း ကောင်းပါတယ်။ အမဲရိုနဲ့ ချက်စားရင်လည်း ကောင်းပါတယ်။ မျှစ်ကအပူဓာတ်ရှိတယ် ဆိုပေမဲ့ ငရုတ်သီးစပ်လေး ချက်စားမှ ပိုပြီးတော့ လေးလေးပင်ပင် ရှိပါတယ်။ အသားငါးနဲ့ ချက်စားရင်တော့ အရည်သောက်မို့ ငရုတ်သီးမထည့်နဲ့ပေါ့။ မျှစ်ချဉ်ငရုတ်သီးစပ် ချက်ကိုတော့ အတော်ကြိုက်တယ်။ စားပြီးရင် ရေနွေမပူမအေးလေးများ သောက်ရရင် ပါးစပ်ကို ပြဲနေတာပဲဗျာ။ ဒါကတော့ ကျွန်တော်တို့ ရွာထွက် မျှစ်ချဉ်ချက်စားနည်းလေးတွေပါ။ ကျန်တဲ့မျှစ်ချဉ်ကိုတော့ ငါးခေါင်းနဲ့ချက်စားတာ၊ ၀က်သားနဲ့ချက်တာ စသဖြင့် လူတိုင်းစားဖူးလောက်တာမို့ မရေးတော့ပါဘူး။

ဆန်စေ့ဟင်းချို
 
ဒီဟင်းကလည်း ကျွန်တော်တို့ရွာမှာ ဟင်းချက်စရာ ရှားပါးတဲ့အခါ ချက်ချက်စားကြတဲ့ ဟင်းတစ်မျိုးပါပဲ။ ဆန်စေ့ကို ချက်တာဆိုလို့ ဆန်ပြုတ်ကိုတော့ သွားမမြင်နဲ့နော်။ ကိုယ့်လယ်ရဆန် ကျွန်တော်တို့ဆီမှာတော့ မောင်းထောင်းဆန်ခေါ်တာပေါ့ ကိုယ်တိုင်ထောင်းထားတဲ့ မောင်းထောင်းဆန်ကို ဟင်းချိုချက်စားတာပါ။ မိုးဦးကျ ယာထွန်ချိန်ဆိုရင် ဆန်စေ့ဟင်းချိုက အတော်စားလို့ကောင်းတယ်။ တောထဲတောင်ထဲက မိုးဦးကျရင် ထွက်တဲ့ ဆူးပုတ်ရွက်၊ ငရှာရွက်၊ ကျီးအာရွက်၊ ဂုံရွက်၊ ခွေးတောက်စိန်ရွက် စတဲ့ ဟင်ချိုရွက်လေးတွေ ရောပြီး ထည့်ချက်စားရင် အတော်ကောင်းတဲ့ ဟင်းချိုတစ်မျိုးပါပဲ။ ကျွန်တော်အဖွား အင်မတန်ချက်တဲ့ ဟင်းတစ်မျိုးဆိုလည်း မမှားဘူးပေါ့ဗျာ။ သူက တောထဲ မထွက်နိုင်တော့ အိမ်ကနေ ထမင်းဟင်းချက်ရတာ။ ဟင်းချက်စရာ မရှိရင် ဆန်စေ့လေးလက်တဆုပ်လောက်ကို ဆား၊ငါးပိ၊ကြက်သွန်နီ၊ ဆီလေးပါလေကာထည့်ပြီး ရေများများနဲ့ မီးဖိုမှာ တည်ထားလိုက်တာပဲ။ တောထဲသွားတဲ့ သူပြန်လာခါနီးမှ အစောကပြောတဲ့ အရွက်လေးတွေ ရှိရင်ထည့် မရှိရင်လည်း မီးဖိုကချပြီး ပူပူလေး သောက်စားကြတာပဲ။ ဆန်စေ့ကိုပဲ ဟင်းချိုချက်ပြီး ထမင်းနဲ့ပြန်စားပေမဲ့ စားလို့တော့ ကောင်းတယ်ဗျ။သစ်ရွက်စိမ်းလေးတွေ ပါရင် ပိုပြီးစားလို့ ကောင်းပါတယ်။ နာမည်ကတော့ ဆန်စေ့ဟင်းချိုတဲ့ဗျာ….
(ခွေးတောက်စိန်ရွက်က ခွေးတောက်ရွက်နဲ့ ဆင်ပါတယ် နွယ်ပင်ပါပဲ။ ဒါပေမဲ့ သူက လုံးဝ မခါးပါဘူး။ ဟင်ချိုးချက်စားလို့ကောင်းပါတယ်။ အပင်လေးတွေ့လို့ ဗဟုသုတအဖြစ် တင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ဆီမှာတော့ မိုးဦးကျစ ဆိုရင် ပေါပါတယ်။ ခွေးတောက်စိန်ရွက်လို့ ခေါ်ကြတယ်။)
ခွေးတောက်စိန်ရွက်(photo from google)
နောက်ပြီး ရှိသေးတယ်။ ပဲငရှံဟင်းချို ဆိုတာ။ အဲ့ဒါလည်း အဖွားအလွန်ချက်တဲ့ဟင်းတစ်မျိုးပဲ။ ပဲစေ့နာမည်ကို ခေါ်တာပါပဲ။ ပဲငရှံတဲ့။ ကျွန်တော်တို့ဆီမှာတော့ ကောက်ညှင်းပေါင်းထဲ ထည့်ပေါင်းကြတာများတယ်။ အဲ့ဒီပဲစေ့ကို အဖွားက အိုးကင်းနဲ့လှော်ပြီး ကျောက်ပြင်မှာ အလုံးကွဲလေး အပေါ်က ကျောက်ပြားနဲ့ဖိပြီး ခွဲပါတယ်။ အခွံတွေပြောင်အောင်လုပ်ပြီးတော့မှ ဆန်စေ့လေးနဲနဲနဲ့ ရောပြီးတော့ ဟင်းချိုးချက်ပါတယ်။ အဲ့ဒီဟင်းကလည်း စားလို့ကောင်းတာပါပဲ။ မိုးဦးကျ ဦးလေးတို့ ယာထွန်ချိန်ဆိုရင် အဖွားအမြဲတမ်းချက်တဲ့ ဟင်းချိုတစ်မျိုးပေါ့။ ဦးလေးဖြစ်သူကလည်း သူ့အမေ အကြောင်းသိတော့ ယာထွန်းရင်း နွားတွေနားထားရင် ယာခင်ဘေးစပ် ချုံတွေပေါ်မှာ ဟင်းရွက်လေးတွေ ရှာခူးတယ်။ အိမ်ရောက်လို့ ထွန်ရှဉ်းဖြုတ်ပြီးတာနဲ့ အမေရော့ ဟင်းရွက်ထုပ် ဆိုပြီးပေးလိုက်ရင် အဖွားက သူတည်ထားတဲ့ ဟင်းချိုအိုးထဲ ဟင်းရွက်စိမ်းလေးတွေ ထည့်လိုက်တယ်။ အခုတော့ အဖွားလည်း မရှိတော့ပါဘူး။ ဒါပေမဲ့ သူချက်ချက်ကျွေးတဲ့ ဟင်းလေးတွေကိုတော့ ယခုတိုင်း သတိရနေမိတယ်ဗျာ။

Monday, April 25, 2011

ပွဲသွားကြော့ကြော့ ပွဲပြန်မော့မော့

မြိုင်မြိုင်ဆိုင်ဆိုင် နှစ်ပါးသွားအက
“လေးနွယ်ရေ… ဟေ့လေးနွယ်”
“ကိုရင်ဖိုးရွှေကြီး ဘာတုန်းတော့ အော်ကြီးဟစ်ကျယ်နဲ့”
“ဟ ငါ နင့်ကို သတင်းကောင်း ပြောမလို့ဟ ဘာလဲ နင်မသိချင်ဘူးလား”
“ဘာသတင်းတုန်း သိချင်တာပေါ့တော့ ကိုရင်ဖိုးရွှေကြီးနော် မဟုတ်တရုတ်တွေတော့ လျှောက်မပြောနဲ့”
“အေးပါဟ လေးနွယ်ကလည်း နင်က ငါ့ဆိုရင် အကောင်းကို မထင်ဘူး”
“မဟုတ်ရပါဘူး ကိုရင်ဖိုးရွှေရယ် ကျုပ်က စတာပါတော် ပြောမှာသာပြောပါ”
“ဒီလိုဟ မြောက်ဘက်ရွာက ငါတို့အရီးလေးက ရှေ့လထဲမှာ သူ့မြေးတွေကို ရှင်ပြုပေးမှာလေ အဲ့ဒါ သူ့အလှူမှာ ဇာတ်ပွဲနှစ်ည ထည့်မှာတဲ့ဟ အဲ့ဒါနင်တို့ သိရအောင်လို့ ငါပြောပြတာ မနေ့က ငါ အရီးလေးတို့ဆီ ရောက်ခဲ့လို့ သိလာတာ”
“ကိုရင်ဖိုးရွှေ တကယ်ပြောတာနော် တကယ်ပေါ့ဟ ငါနင့်ကို အရင်ဆုံးပြောပြတာ တခြားဘယ်သူ့ကိုမှ မပြောရသေးဘူး”

“အောင်မလေး ၀မ်းသာလိုက်တာတော် ကျုပ်တို့ပွဲငတ်နေတာ ကြာပြီတော့ ရွာကျောင်းဘုန်းကြီးပျံပွဲ ပြီးကတည်းက ပွဲမကြည့်ရတာ ကြာပြီ။ အေးခနဲ့ မယ်သစ်တို့ အဖွဲ့ကိုလည်း ကျုပ်ပြောလိုက်အုံးမယ်။ သူတို့လည်း ကြားရင် ၀မ်းသာမှာတော့… ဒါနဲ့ ဇာတ်က ဘယ်ကဇာတ်လဲတော့ ငှားပြီးပြီလား"
“အေးဟ ဇာတ်နာမည်က လမင်းကမ္ဘာ ဆိုလားပဲ  ချောက်ကလို့ ပြောတယ်”
“ဟုတ်လား ဒါဆိုရင် ဇာတ်အသစ်ကြည့်ရမှာတော့ ကျုပ်တို့ဘက်မှာ မ၀င်ဘူးသေးဘူး”
“ကိုရင်ဖိုးရွှေကြီးနော် ပွဲနီးရင် ကျုပ်တို့အတွက် နေရာကောင်းကောင်း သွားဦးထားပေးရမယ်”
“စိတ်ချပါ လေးနွယ်ရယ် ဇာတ်ခုံဆောက်ပြီးတာနဲ့ နင်တို့အတွက် ငါနေရာသွားဦးထားပေးမယ် စိတ်ချ။”
“ကဲ ငါ ချောင်းထဲရေခပ်သွားတော့မယ်ဟ နင်ရော ရေဘယ်နှစ်ခေါက်ရောက်ပြီလဲ”
“တစ်ခေါက်မှ မရောက်သေးပါဘူးတော် တောထဲကအပြန် ပြင်ဆင်ပြီး အေးခတို့ကို ရေခပ်သွားဖို့ သွားခေါ်မလို့ ကိုရင်ဖိုးရွှေ ရောက်လာတာပဲ”
“အော် အေးအေး ဒါဆို ငါအရင် သွားနင့်ပြီနော် နင်တို့ သူငယ်ချင်းတွေ နောက်က လာခဲ့ကြပေါ့ ”
“ကောင်းပါပြီတော်”
ကိုရင်ဖိုးရွှေ တစ်ယောက် သူ့အရီးလေးအလှုမှာ ဇာတ်ပွဲထည့်မည့် သတင်းကို သူ့နှမ ၀မ်းကွဲတော်သူ လေးနွယ်ကို ပြောပြပြီး ချောင်းထဲသို့ ရေခပ်ထွက်လာခဲ့သည်။

လေးနွယ်တို့အပျိုတစ်စုကလည်း ဇာတ်ပွဲဆိုတဲ့ အသံကြားလို့ကတော့ မကြည့်ရရင် မနေနိုင်။ ဘယ်လောက်ဝေးဝေး ရောက်အောင် သွားကြည့်တတ်သည်။ ကိုရင်ဖိုးရွှေနဲ့ ရွာကယောကျာ်းလေးတွေက သူတို့ သက်တော်စောင့်တွေအဖြစ် ပွဲကြည့်သွားရာ လိုက်ပေးရသည်။ တခြားရွာကို ကိုယ့်ရွာက မိန်းခလေးတွေ ပွဲသွားကြည့်ရင် ရွာက ကာလသား ကိုလူပျိုတို့မှာ ပွဲမကြည့်ချင်သော်လည်း နောက်ကလိုက်ပေးကြသည်။ ကိုယ့်ရွာသူကို တခြားရွာသားက စမှာ ပြောင်မှာကို စိုးရိမ်ကြသောကြောင့်ပင် ဖြစ်သည်။

အလှူရက်နီးကပ်လာတော့ လေးနွယ်တို့ အပျိုတစ်စုလည်း ပွဲကြည့်ဖို့ရာအတွက် စိုင်းပြင်းနေကြသည်။ ပွဲကြည့်သွားရာတွင် ထမင်းထုပ်သွားဖို့အတွက် ဘယာကြော် ကြော်ဖို့ရွာ ပဲခွဲသူကခွဲ နေကြာစေ့လှော်သူက လှော်နဲ့ တစ်ယောက်တစ်မျိုးစီ ပြင်ဆင်နေကြသည်။

အညာမှာပွဲကြည့်သွားလျှင် မိန်းခလေးအများစုက ထမင်းထုပ်များ ယူသွားလေ့ရှိသည်။ ပွဲခင်းထဲရောက်ရင် ပွဲဈေးတန်းက အသုပ်စုံ တစ်ပွဲလောက်ဝယ်ပြီး ကိုယ့်ပါလာတဲ့ ဘယာကြော်၊ ခရမ်းသီးချက် စတဲ့ ဟင်းလေးများနဲ့ ပွဲခင်းထဲမှာပဲ ကိုယ့်သူငယ်ချင်းတစ်တွေ စုပြီးစားကြသည်။ ယောကျာ်းလေးများကတော့  ယူလေ့မရှိ။ အိမ်ကတောင်းလာတဲ့ ပိုက်ဆံလေးများနဲ့ ပွဲဈေးတန်းရောက်မှ အကြော်၊ အသုပ်စုံ၊ မုန့်ဟင်းခါး၊ တို့ဟူးသုပ် စတာလေးတွေ တစ်မျိုးမျိုး ၀ယ်ပြီး ရွာကမိန်းမပျိုတို့နားမှာ ထမင်းအတူတူ စားကြသည်။ မိန်းမပျိုတို့ကလည်း အားကိုးရပါသည်။ ထမင်းကို တစ်ယောက်စာအတွက် မဟုတ်ဘဲ ပိုပိုသာသာ ထည့်ယူလာကြသည်။ တစ်ရွာတည်း သားချင်းတွေဆိုတော့ နဘေးရွာရောက်လျှင် စည်းစည်းလုံးလုံးရှိကြသည်။ ကိုလူပျိုတို့ကလည်း ပွဲမစခင်တော့ ပွဲဈေးခင်းပတ်ချင်ပတ်နေမည်။ ပွဲထွက်ပြီဆိုတာနဲ့ ကိုယ့်ရွာသူတွေ နဘေးမှ မထတော့။ တကယ့်ကို မောင်နှမရင်းတွေအလား စောင့်ရှောက်ကြသည်။ ကိုယ့်ရွာသူကို လာပြီး နောက်ပြောင်တာ မကြိုက်ကြသလို၊ သူများရွာသူကိုလည်း နောက်ပြောင်ကျီစယ်ခြင်း မလုပ်ကြ။

ပွဲနေ့ရောက်လာတော့ လေးနွယ်တို့ တစ်တွေလည်း မနက်ခင်းပိုင်းမှာ နွားစာ၊ရေစာ ပြည့်စုံအောင် လုပ်ထားခဲ့ကြသည်။ နောက်နေ့အတွက်ပါ ကိုယ်လုပ်ရမည့်တာဝန်အတွက် တစ်ခါထဲ လုပ်ထားခဲ့သည်။ ဒါမှ ပွဲကြည့်က ပြန်လျှင် အိပ်ရေး၀၀ အိပ်နိုင်ကြမည် မဟုတ်လား။ အားလုံး အလုပ်တွေပြီးတော့ ပွဲသွားကြည့်ဖို့ရာအတွက် ဖြီးလိမ်းပြင်ဆင်ကြသည်။ တခြားရွာကို သွားရမှာဆိုတော့ ကိုယ့်ရှိတဲ့ အ၀တ်အစားလေးကို သပ်သပ်ရပ်ရပ်လေး ၀တ်စားသွားမှ ဖြစ်ပေမပေါ့။ ပွဲကြည့်ဆိုပေမယ့် ကိုယ်ကပဲ ကြည့်မှာမဟုတ်ဘူးလေ သူများကလည်း ကိုယ့်ကိုပြန်ကြည့်မှာမို့ လှလှပပလေး ၀တ်စားသွားမှ အဆင်ပြေမယ် မဟုတ်လား။ အခုဇာတ်ပွဲသွားကြည့်မယ့် ရွာက လေးနွယ်တို့ရွာနဲ့ သိပ်မဝေးတာမို့ ညနေစောင်း နေ၀င်ခါနီးမှ သွားလျှင်အဆင်ပြေသည်။ ရွာနဲ့ ဝေးရင်တော့ စောစောလေးထွက်မှ ပွဲထွက်အမှီရောက်သည်။ ကိုရင်ဖိုးရွှေကတော့ သူ့အရီးလေး အလှူမို့ အရင်နေ့ကတည်းက သွားနှင့်သည်။ လေးနွယ်တို့ကိုလည်း ရွာက အေးမောင်တို့၊ ထွန်းလှတို့ အဖွဲ့နဲ့ အတူလာခဲ့ မှာထားခဲ့သည်။

"သမီး လေးနွယ် ဟိုရောက်ရင် ညည်းအကို ဖိုးရွှေကို တွေ့အောင်ရှာနော် သူလည်း သူ့အရီးလေး အလှူဆိုတော့ အလုပ်ကများမှာ၊ အနွေးထည်လေးဘာလေးထည့်သွားအုံး တပေါင်းလဆိုပေမဲ့ နေ့လယ်ပိုင်းသာ ပူတာ ညကျတော့ အေးသေးတယ်။ အမေ့ နှစ်စပ်တဘက် ကြီးလည်း ယူသွားလေ။ ချမ်းတော့ ခြုံရတာပေါ့။"

“အေးမောင်တို့ ထွန်းလှတို့ ဟိုရောက်ရင် ကိုယ့်နှမတွေကို ဂရုစိုက်နော် သူတို့ကို ထားပြီး ပွဲဈေးတန်း လျှောက်လည်မနေနဲ့အုံး အမူးသမားတွေနဲ့လည်း ရန်တွေဘာတွေမဖြစ်နဲ့နော် ကိုယ်ကပွဲကြည့်သွားတာ ပွဲကိုပဲ အေးအေး ဆေးဆေးကြည့်ကြ ကိုယ့်ကြောင့် သူတစ်ပါးပွဲမပျက်စေနဲ့ ဖြစ်ရင် ကိုယ့်ရွာလည်း နာမည်ပျက်တယ် ကြားလား” ဒေါ်စောချစ်တစ်ယောက် ပွဲကြည့်သွားမည့် သမီးလေးနွယ်နဲ့ သူငယ်ချင်းတွေကို မှာကြားနေခြင်းဖြစ်သည်။

“စိတ်ချပါ အရီးလေး စောချစ်ရယ် ကျွန်တော်တို့ သိပါတယ်။ နောက်ပြီးတော့ ကိုကြီးဖိုးရွှေလည်း ရှိပါတယ် ဘာမှပူမနေနဲ့နော်”
“အေးပါကွယ် အရီးလေးက စိတ်ပူလို့ပါ။ ပွဲဆိုတော့ သောက်ကြစားကြနဲ့ မူးလာရင် မင်းတို့လူငယ်တွေ ရန်ဖြစ်ကြမှာ စိုးရိမ်လို့ပါ ဒါဆိုလည်း သွားကြ သွားကြ နေတောင်ဝင်လုပြီ”
“ဟုတ်ကဲ့ အရီးလေး ”
“ဟေ့ လေးနွယ် နင်တို့တွေ ပြင်လို့မပြီးကြသေးဘူးလား သိပ်လည်း ပြင်မနေကြပါနဲ့ဟ နင်တို့ရုပ်တွေ ဒီထက်လဲ ပိုလှလာမှ မဟုတ်ပါဘူး” အစသန်သော ထွန်းလှက လေးနွယ်တို့အဖွဲ့ အိမ်ပေါ်ကဆင်းမလာသေးလို့ လှမ်းစလိုက်သည်။

“အောင်မလေး ကိုရင်ထွန်းလှ ကျုပ်တို့က လှပြီးသားနော် ပြင်စရာကိုမလိုတာ ဟိုရောက်ရင် တော်တို့တွေ စားဖို့ ထမင်းပိုထည့်နေတာ သိပြီလား ဟင်းဝယ်ဖို့ ပိုက်ဆံသာများများထည့်ခဲ့ ကျုပ်တို့ကတော့ ဘယာကြော်ပဲ ပါတယ်”
“အေးပါဟ ငါလည်း အမေ့ဆီက ပိုက်ဆံတောင်းလာပါတယ် ဟိုရောက်ရင် နင်တို့ကို အသုပ်စုံဝယ်ကျွေးမယ် ငါ့အတွက် ထမင်းများများထည့်ခဲ့ဟ”
“ပါပါတယ်တော် အေးခတို့၊ မယ်သစ်တို့လည်း ထမင်းတွေထည့်လာတာ အများကြီး ဟိုရောက်လို ကျုပ်တို့နားမကပ်ရင်တော့ ငတ်မယ့်သာပြင်ထား အကုန်စားပစ်မှာ”
“အေးပါဟာ သွားကြစို့ တော်ကြာ နောက်ကျနေလိမ့်မယ် ဇာတ်က ငါတို့နယ် မရောက်ဖူးတော့ အစောထွက်မယ်ပြောတယ် တော်ကြာ မမှီပဲနေမယ်”

လေးနွယ်တို့တစ်သိုက်လည်း သနပ်ခါးအဖွေးသားနဲ့ ထမင်းထုပ်၊ရေဗူး၊ ပွဲခင်းထဲရောက်ရင် စားဖို့ နေကြာစေ့လှော် စတာတွေကို လက်ဆွဲခြင်းထဲထည့်ဆွဲပြီး ပွဲကြည့်ဖို့ အတွက် ရွာကနေ တက်တက်ကြွကြွ ထွက်လာခဲ့ကြသည်။

Saturday, April 23, 2011

အညာက ဟင်းချက်နည်းလေးများ(၂)

ဒီတစ်ခါတော့ ကျွန်တော့်အစ်မတွေကို အသီးအနှံတောချက်လေးတွေ အကြောင်း ပြောပြအုံးမယ်။ ဆီနည်းနည်း ရေများများနဲ့ ဖောဖောသီသီ စားနိုင်တဲ့ ဟင်းတွေပေါ့ဗျာ။ နောက်ပြီးတော့ ပုံမှန်စားနေကျ ဟင်းလေးတွေ ဆိုလည်း မမှားပါဘူး။ အသီးအနှံဆိုတော့ အများစုက သိပြီးသားတွေ ဖြစ်ချင်လည်းဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ တောမှာချက်တဲ့ နည်းလေးတွေကတော့ တူမှာမဟုတ်လောက်ဘူး။ ချက်စားတာမစားတာထက် ဗဟုသုတ ပေါ့နော့။ မြို့ချက်တွေရိုးအီသွားတဲ့ အခါ နည်းသိထားတော့ တောချက်လေးတွေ ချက်စားလို့ရတာပေါ့ ဟုတ်ဘူးလားဗျာ။

ကြောင်လျှာသီးအညာချက်

ကျွန်တော့်အစ်မတွေ ရေးတဲ့ ဘလော့တွေမှာ ကြောင်လျှာသီးဟင်းတွေ မကြာမကြာ တွေ့ရပါတယ်။ အများစုက ကြော်စားတာ များကြတယ်။ ကျွန်တော်တို့ တောမှာတော့ ဟင်းချက်စားတာများပါတယ်။ အစိမ်းလိုက် ရိတ်ရိတ်ပါအောင် လှီးပြီးတော့ သုပ်ပြီးလည်းစားကြတယ်။ ဆားရည်စိမ်ပြီး စားရင်လည်းကောင်းတာပါပဲ။ ကြောင်လျှာသီးကတော့ ကျွန်တော်အကြိုက်ဆုံး အစားအစာထဲမှာ တခုအပါအ၀င်ပါပဲ။ ခါးတဲ့အရသာချင်း တူပေမဲ့ ကြက်ဟင်းခါးသီးကို ကြောင်လျှာသီးလောက် မကြိုက်ဘူး။ ကြောင်လျှာသီးကိုတော့ ဘယ်လိုပဲ ချက်ချက် အကုန်ကြိုက်တယ်။ အကြိုက်တွေ နောက်ထားလို့ ကြောင်လျှာသီး ဟင်းချက်နည်းလေး အရင်ပြောပြမယ်။

ကြောင်လျှာပင်နဲ့ အသီး(from google)

ကျွန်တော်တို့ တောမှာ ကြောင်လျှာသီးဟင်းချက်ရင် အရင်ဆုံး ကြောင်လျှာသီးကို မီးဖုတ်ပါတယ်။ မီးဖုတ်တယ်ဆိုတာကလည်း အရမ်းကျက်သွားအောင် မဟုတ်ပါဘူး။ မီးခဲပေါ်တင်လိုက်လို့ ကြောင်လျှာသီးအခွံလေးတွေ ဖောင်းတက်လာရင် ရပါပြီ။ မီးဖုတ်ထားတဲ့ ကြောင်လျှာသီးတောင့်ကို ဆန်ဆေးရည် ဒါမှမဟုတ် ရေနဲ့ စိမ်ထားလိုက်ပါ။ ကြာကြာစိမ်ထားရင်တော့ အခါးဓာတ်တွေပါ ထွက်ကုန်ပါတယ်။ သဘောကတော့ ညနေချက်မယ်ဆိုရင် မနက်ကတည်းက မီးဖုတ်ပြီး ရေစိမ်ထားလိုက်ပေါ့။ ချက်ခါနီးတော့ အတောင့်ကို ရေးထဲကဆယ်ပြီး အခွံတွေကို လက်နဲ့ပွတ်လိုက်ရင် မီးဖုတ်ထားတဲ့အတွက် အကုန်လုံး ကွာကုန်ပါတယ်။ အဲ့ဒီရေဆေးပြီးသားကိုမှ လက်သုံးလုံးလောက် အပိုင်းလေးတွေ ပိုင်းထားပါတယ်။ နောက်ပြီးတော့ မန်ကျည်းသီးစိမ်းသုံးလေးတောင့်ကို ညက်အောင်ထောင်းပြီး ဟင်းအိုးထဲမှာ ကြက်သွန်နီ၊ ခရမ်းချဉ်သီး တစ်လုံးလောက်ကို ငါးပိ၊ဆား၊နနွင်း၊အရောင်တင် စတာလေးတွေနဲ့ အရင်လုံးပါတယ်။ နောက်တော့မှ အစောကလှီးထားတဲ့ ကြောင်လျှာသီးအပိုင်းလေးတွေကို ထည့်ပြီးလုံးပါ။ ငရုတ်သီးနဲ့ကြက်သွန်ဖြူ ထောင်းပြီးသားထည့် အဖုံးအုပ်ပြီး ရေလေးနဲ့ လုံးချက်လေးချက်ပါ။ ကြောင်လျှာသီး နူးလောက်အောင် ရေထည့်ပြီး အဖုံးအုပ်ချက်ပေးပါ။ ကြောင်လျှာသီး ဖတ်လေးတွေ နူးသွားပြီဆိုရင်တော့ ရေစပ်စပ်လေးနဲ့ မီးဖိုမှချပြီး ထမင်းမြိန်စေတဲ့ ကြောင်လျှာသီး ဟင်းတခွက်ရပါပြီ။ မန်ကျည်းသီးစိမ်း ပါတဲ့အတွက် အခါးသက်သာပါတယ်။ လယ်ပုစွန်လုံး ထည့်ချက်ရင်လည်း အတော်စားလို့ ကောင်းပါတယ်။ ဒါပေမဲ့ စားပြီးရင် အကြောတော့ အတော်တက်တယ်။ အိပ်လို့လည်း အတော်ကောင်းတယ်ဗျို့။

ပြောရမယ်ဆိုရင် ကြောင်လျှာက တစ်ပင်လုံးကို အသုံးဝင်တယ်ဗျ။ အသီးမသီးခင်မှာ အရွက်နုလေးတွေကို ပြုတ်ပြီးတော့ သုပ်စားရင်လည်း ကောင်းတာပဲ။ မန်ကျည်းသီးမှည့်ဟင်းချက်ပြီး အတို့လုပ်စားရင်လည်း ကောင်းတယ်။ ကြောင်လျှာဖူးလေးတွေကိုလည်း ဟင်းချက်စားလို့ ရပြန်တာပဲ။ နောက်ပြီးတော့ ကြောင်လျှာပွင့် ကလည်း ဟင်းချက်စားရင် ကောင်းမှကောင်း။ ကြောင်လျှာခေါက်ကတော့ အနာတွေ အညှော်ဝင်ရင် သွေးပြီး လိမ်းပေးနိုင်တယ်။
ကြောင်လျှာအသီးနဲ့ အပွင့်(photo from google)

ကြောင်လျှာသီးအစိမ်းသုပ်မယ်ဆိုရင် ကြောင်လျှာသီး မနုမရင့်ကို ဓားထက်ထက်နဲ့ ပါးပါးပါအောင်လှီးပါ။ ပြီးရင် ဆားအနည်းငယ်ထည့်နယ်ပြီး အခါးရည်ထွက်လာအောင်နယ်ပါ။ ကြောင်လျှာသီးဖတ်လေးတွေ ပျော့သွားရင် ရေဆေးပြီးတော့ ရေပြောင်အောင် ညစ်ပြီး မြေပဲလှော်ထောင်း၊ နှမ်းလှော်ထောင်း၊ ကြက်သွန်နီတစ်လုံးလောက် ပါးပါးလှီးထည့်ပြီး ဆီ၊ဆား စတာလေးတွေထည့်လို့ သုပ်စားနိုင်ပါသည်။ အကျယ်ချဲ့ပြီး ဆီချက်တို့ ပုစွန်ခြောက်မှုန့်တို့ ထည့်ရင်တော့ ကောင်းသထက်ကောင်းမှာပေါ့။ တောမှာတော့ အဲ့ဒါတွေက လွယ်ဘူးလေနော့။ အဲ့ဒါကြောင့် တောစတိုင်ပဲ လွယ်လွယ်ကူကူ သုပ်စားကြတယ်ဗျို့။ ကြောင်လျှာသီးအစိမ်းသုပ်ကလည်း ထမင်းမြိန်တဲ့ ဟင်းတခွက်ပါပဲဗျာ။ မစားဖူးသေးရင်တော့ လုပ်စားကြည့်ဖို့ အကြံပေးပါတယ်။

ကြောင်လျှာဖူးကတော့ အခါးဆုံးပါပဲ။ အဖူးဆိုသလောက် အခါးမှန်သမျှက သူ့ဆီမှာသွားပြီး စုနေသလား ထင်ရတယ်။ ကျွန်တော်ကတော့ အခါးကြိုက်သူမို့ အဆင်ကိုပြေနေတာပဲ။ ကြောင်လျှာဖူးလေးတွေကို ခူးပြီးတော့ ထွန်သွားတိုလေးနဲ့ ခပ်ဆဆလေးထုပြီးရေစိမ်။ အသီးချက်တုန်းကလိုပဲ မန်ကျည်းသီးစိမ်းလေးနဲ့  ငရုတ်သီးစပ်လေး ချက်စားရင် အတော်လေး စားလို့ကောင်းပါတယ်။ အခါးဟင်းဆိုတော့ သူ့တွဲဖက်က ဟင်းချိုလေး၊ အငန်ထောင်းလေးပေါ့။ ကြောင်လျှာသီးချက်တဲ့ နေရာမှာ ချင်း(ဂျင်း) ကိုမသုံးရဘူးလို့တော့ ကြားဖူးတယ်။ ဓာတ်မတည့်ဘူး ဆိုလားပဲနော်။ ကိုယ်တိုင်တော့ မသုံးဖူးလို့ မသိကြောင်း ၀န်ခံပါတယ်။ သိချင်ရင်တော့ စမ်းသာကြည့်(ဟဲ…ဟဲ)။

ကြောင်လျှာပွင့်ဟင်း

ကြောင်လျှာဖူးနဲ့ ကြောင်လျှာပွင့်မှာ အပွင့်ကို ပိုပြီးတော့ စားသူများပါတယ်။ စဉ်းစားကြည့်တော့ အဖူးကိုစားမယ် ဆိုရင် တစ်မျိုးပဲစားရမှာဗျ။ အပွင့်ကျမှ စားမယ်ဆိုရင် နှစ်မျိုးစားရတယ်။ အပွင့်ရယ်၊ အသီးရယ်ပေါ့။ ဒါကြောင့် ကြောင်လျှာပင်ရှိတဲ့ အိမ်က အဖူးကို ခူးပြီးမစားကြတာဗျ။ တောထဲအလေ့ကျပေါက်တဲ့ ကြောင်လျှာပင်ကတော့ အဖူးကို ခူးလို့ရပါတယ်။ တစ်ခိုင်လောက်ဆိုလည်း ချက်စားဖို့ လုံလောက်တယ်။ ကြောင်လျှာအပွင့်ကို ချက်စားမယ်ဆိုရင် အပင်အောက်မှာ ကြွေကျနေတဲ့ ကြောင်လျှာပွင့်လေးတွေကို ကောက်ယူပြီး အထဲက ၀တ်ဆံချောင်းလေးတွေဖယ် ပွင့်ဖတ်ကို နှစ်ခြမ်းလောက်း ခွဲပြီးတော့ ဆန်ဆေးရည်းနဲ့ နှစ်ညလောက် စိမ်ထားရပါတယ်။ ရေစိမ်ကျသွားရင် ချက်စားလို့ ရပါပြီ။

Friday, April 22, 2011

တုံ့လှည့် ၀ဋ်ကြွေး

 
(၁)
တခုသော ဆောင်းရာသီ၏ မနက်ခင်းတခုမှာ ကိုလင်းတစ်ယောက် အိမ်မှာမွေးထားသော ၀က်မလေးများကို အစာကျွေးရန် ၀က်ခြံသို့အသွား ၀က်ခြံထဲမှာ သူမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် "အမေရေ…အမေ့… ဟော့ဒီမှာ လာကြည့်ပါအုံးဗျ မိဖြူနဲ့ညိုမ မှာ ဓားခုတ်ရာကြီးတွေနဲ့" ခြံထဲမှာ ဓားဒဏ်ရာများနဲ့ အိပ်နေသော ၀က်မလေးမိဖြူနဲ့ညိုမ တို့နှစ်ကောင်ကို ကြည့်ပြီး ကိုလင်း မိခင်ဖြစ်သူကို လှမ်းပြောလိုက်ပါသည်။ ကိုလင်း ခေါ်သံကြားတော့ မီးဖိုချောင်မှာ ထမင်းချက်ဖို ပြင်ဆင်နေတဲ့ ဒေါ်လေးစိန် အပြေးထွက်လာခဲ့၏။ ၀က်ခြံနားရောက်တော့ သူမမျက်စိတွေ ပြူးကျယ်သွားပါသည်။ ခြံထဲမှာ ဓားဒဏ်ရာများနဲ့ အိပ်နေသော မိဖြူနဲ့ညိုမ တို့နှစ်ကောင်ကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။ စိတ်ထဲမှာလည်း ခြံထဲထည့်မွေးထားတဲ့ ၀က်မလေးနှစ်ကောင်ကို ဘယ်သူကများ လာပြီးဓားနဲ့ခုတ်သွား ပါလိမ့်ဟု တွေးလိုက်မိသည်။

ဝက်ခြံထဲမှာတော့ ဘယ်ဘက်နံဘေးမှား တစ်ထွာခန့်ရှိသော ဓားဒဏ်ရာကြီးနဲ့ အိပ်နေသော ညိုမနဲ့ ညာဘက်နားရွက် တစ်ခြမ်းပြတ်နေတဲ့ မိဖြူတို့ ရှိနေပါသည်။ ဒေါ်လေးစိန်လည်း ၀က်ခြံထဲကိုဝင် အိပ်နေတဲ့ ၀က်မလေးတွေအနားကိုကပ်ကြည့်တော့ ဓားဒဏ်ရာများက နံနက်လင်းခါနီးအချိန်လောက်မှ ခုတ်ခံထားရဟန်တူသည်။ သွေးများပင် မခြောက်သေး။ ကိုယ့်အိမ်မှာမွေးထားတဲ့ တိရစ္ဆာန်လေးတွေမှာ ဒဏ်ရာတွေမြင်ရပြန်တော့ ဒေါ်လေးစိန်တစ်ယောက် စိတ်မကောင်းဖြစ်မိသည်။ ၀က်မလေးတွေ ဓားခုတ်ခံရတဲ့ အကြောင်းကိုလည်း နားမလည်နိုင်အောင် ဖြစ်နေသည်။

သိချင်စိတ်ကြောင့် ၀က်ခြံပေါက်ကို သွားစစ်ကြည့်တော့ ခြံပေါက်ဝမှာ ပိတ်ထားသော သစ်သားချောင်းများ နေရာပျက်နေတာကို သတိထားမိသည်။ မဟုတ်မလွဲရော သူတို့နှစ်ကောင် ညက ခြံထဲကတိုးထွက်ထားတာ ဖြစ်မည်ဟု တွေးလိုက်သည်။ တိရစ္ဆာန်ဆိုတဲ့ အမျိုးကလည်း အသိဥာဏ်ရှိတာမှ မဟုတ်တာ။ အစားအစာ ၀၀လင်လင် စားရသော်ငြား ခြံထဲမှာ ကြာရှည်နေရတော့ အပြင်ကို ထွက်ချင်ပေမပေါ့။ လောလောဆယ်မှာ ဖြစ်ပြီးတာတွေကို အသာထားလို့ သူတို့ကိုယ်ပေါ်က ဒဏ်ရာတွေကို သက်သာပျောက်ကင်းအောင် ကုပေးယုံ မှတပါး တခြားနည်းလမ်းမရှိပြီ။

"သား ကိုလင်းရေ အမေ့ကို ရေနွေးအိုးထဲက ရေကျက်အေးလေး နဲနဲယူပေးပါကွယ် မိဖြူနဲ့ညိုမတို့ ဒဏ်ရာတွေကို အမေ ဆေးပေးချင်လို့"ဆိုပြီး ကိုလင်းကို ရေနွေးယူခိုင်းလိုက်သည်။ ရေနွေးရတော့ ညိုမ ကိုယ်ပေါ်က ဒဏ်ရာကို ဆေးကြေားပေးလိုက်သည်။ ထို့နောက် တောင်ဘက်ရွာသို့သွားပြီး ဆေးဆရာခေါ်လာခဲ့သည်။ ဆေးဆရာက လိုအပ်သောဆေးတို့ ပြင်ဆင်ပြီးသောအခါ ညိုမကို ဖမ်းခိုင်းပြီးကိုယ်ပေါ်က ဓားဒဏ်ရာကြီးကို ချုပ်ပေးလိုက်သည်။ ထို့နည်းတူ ဖြူမကိုယ်ပေါ်က ပြတ်သွားသော နားရွက်မှာ ကွဲကျန်နေတဲ့ နားရွက်ပိုင်းကို ချုပ်ပေးလိုက်ပါသည်။

(၂)
ဒေါ်လေးစိန်တို့ အိမ်ရဲ့တောင်ဘက် နှစ်အိမ်ကျော်လောက်မှာ ကိုဖိုးအေးတို့ အိမ်ရှိပါသည်။ ကိုဖိုးအေးက ထန်းသမားတစ်ယောက် ဖြစ်သည်။ သူ့ဇနီးက မရွှေရီ။ သူတို့မိသားစုမှာ သားသမီး သုံးယောက်ရှိပါသည်။ ထန်းသမား ဆိုတော့ ထန်းရည်လေးသောက်တတ်သလို စရိုက်ကလည်း နည်းနည်းကြမ်းသည်။ အိမ်ထောင်ကျစကတည်းက လင်မယားနှစ်ယောက် ပြေလည်သည်မရှိကြ။ တကျက်ကျက် ရန်ဖြစ်နေတတ်သည်။ အဆိုးဆုံးက ကိုဖိုးအေး မူးလာလျှင် မိန်းမဖြစ်သူကို အကြောင်းမရှိ အကြောင်းရှာပြီး ရိုတ်တတ်ခြင်းပင်။ အိုးခွက်ပန်းကန်ခွဲတာလောက်တော့ အထူးအဆန်းမဟုတ်တော့။ မိန်းမ မရွှေရီကလည်း ယောကျာ်းအကြောင်းသိပေမဲ့ ယောကျာ်းမူးလာလျှင် မိန်းမတို့ သဘာဝ ဗျစ်တောက်ဗျစ်တောက် လုပ်တတ်သည်။ အဲ့ဒီအတွက်ကြောင့် အရိုက်ခံခဲ့ရပေါင်းလည်း မနည်းတော့။ ဒါလည်းသူက အမှတ်မထားတော့ ကိုဖိုးအေးကလည်း မူးလာရင် မိန်းမကိုသာ အပြစ်ရှာသည်။ မိန်းမကို ကျွဲရိုက်နွားရိုက် ရိုက်ပါသည်။ မိန်းမကိုရိုက်လို့ နဘေးလူက ၀င်တားပြန်လျှင် အဲ့ဒီလူက သူ့ရန်သူ။ နောက်ပြီး မိန်းမနဲ့ပါ စွပ်စွဲတတ်သေးသည်။ သူ့စရိုက် သူ့ဥာဉ်ကို သိထားတဲ့ ရွာသားအများစုက သူတို့လင်မယား ရန်ပွဲကို မသိသလိုပဲ နေကြသည်။ တခါတလေ မရွှေရီတစ်ယောက် အိမ်ပေါ်မှအိမ်အောက်ကိုပင် မဆင်းနိုင်။ တခါတလေ ဆေးဆရာခေါ်ပြီး ဆေးထည့်ရသည်က ရှိသေးသည်။ သူ့တစ်ကိုယ်လုံးမှာလည်း ကိုဖိုးအေး ရိုက်ချက်လွတ်တဲ့ နေရာက မရှိသလောက်ပင်။ ဒီလောက်ရိုက်နှက် ထိုးကြိတ်နေတဲ့ ယောကျာ်းကို သည်းခံပြီး ပေါင်းသင်းနေတာကလည်း မရွှေရီရဲ့ အချစ်စိတ်ကြောင့်လား၊ ရှေးရှေးက ၀ဋ်ကြွေးလို့ပဲပြောရလေမလားမသိ။ တစ်ခါတစ်ခါ ယောကျာ်းဖြစ်သူနဲ့ ရန်မဖြစ်တာ ကြာသွားရင် သူကပြောတတ်သေးသည်။ အရိုက်မခံရတာ ကြာတော့လည်း စိတ်ထဲမှာ တခုခု လိုနေသလိုပဲတဲ့ဗျာ။

အဲ့ဒီလို စရိုက်ရှိတဲ့ ကိုဖိုးအေးက အိမ်နီးနားချင်း အချင်းချင်း သည်းခံစိတ်ဆိုတာလည်း မရှိ။ တခြားအိမ်မှ ကြက်ကလေး ၀က်ကလေးများ သူ့အိမ်ကိုလာရင် အသာအယာ မောင်းလွှတ်သည်က ရှားသည်။ လေးဂွ၊ တုတ်၊ ဓား စသည့် နီးစပ်ရာနှင့် ကောက်ထုတတ်သည်။ သီးနှံရိတ်သိမ်းချိန်ဆိုရင် တခြားသူတွေကို တောထဲထွက်ပြီး တလင်းမလုပ်။ အိမ်ဝိုင်းထဲမှာတင် ပြောင်းနှံ၊ ပဲစင်းငုံ၊ နေကြာ စတဲ့ သီးနှံများကို ပုံပြီး ထားတတ်သည်။ ရွာဆိုတော့လည်း တိရစ္ဆာန်လေးတွေက အိမ်တိုင်းလိုလို မွေးတတ်ကြသည်။ သူ့အိမ်ဘက်ကို ရောက်သွားတဲ့ တိရစ္တာန်ကတော့ အကောင်းအတိုင်း ပြန်လာရသည်က အတော်ကို ရှားသည်။ ကျိုးရင်ကျိုး မကျိုးရင် သေတာက များသည်။ ရွာလူကြီးက တလင်းကို ရွာအပြင်မှာ လုပ်ဖို့ပြောတော့လည်း သူကတောင်သူကြီး မဟုတ်တော့ သူ့အိမ်ဝိုင်းထဲမှာပဲ လုပ်ပါရစေတဲ့။ ဒါပေမဲ့ အိမ်ဝိုင်းထဲရောက်လာတဲ့ တိရစ္ဆာန် လေးများကိုတော့ လုံးဝသည်းမခံတတ်။ ယခုလည်း ဒေါ်လေးစိန်အိမ်က ၀က်မလေးနှစ်ကောင်ကို ညတုန်းက အိမ်ဝိုင်းထဲလာပြီး ပြောင်းနှံပုံကို စားလို့ ထန်းလှီးဓားနဲ့ ခုတ်လွှတ်လိုက်သည်။

ကိုဖိုးအေး ခုတ်လိုက်ကြောင်း သိရတာက တခြားကြောင့်မဟုတ်။ သူ့အိမ်နဲ့ ကပ်လျက်မှာ ဒေါ်လေးစိန်ရဲ့ အဒေါ် အရီးလေးဖွားဆွေ အိမ်ရှိပါသည်။ မနက်မိုးလင်းတော့ ဒေါ်လေးစိန်အိမ်မှာ ၀က်တွေ ဓားခုတ်ခံရတယ် သတင်းကြားလို့ အရီးလေးဖွားဆွေ လာမေးရာမှ ညတုန်းက ကိုဖိုးအေးအိမ်ဝိုင်းထဲမှာ ပြောင်းနှံပုံကို လာစားတဲ့ ၀က်တွေကိုလိုက်မောင်းတဲ့ အသံကြားရကြောင်း။ နောက်ပြီး ၀က်တွေအော်သံတွေကိုလည်း သူကြားမိကြောင်း အရီးလေးဖွားဆွေက ဒေါ်လေးစိန်ကို ပြောပြပါသည်။ နောက်တခု ပိုသေချာတာက ကိုလင်းတစ်ယောက် ကိုဖိုးအေး အိမ်ဝိုင်းထဲက ပြောင်းနှံပုံဘေးမှ ၀က်နားရွက်ပြတ်အပိုင်း တခုနဲ့ သွေးကွက်တွေကို တွေ့ခဲ့ရခြင်းဖြစ်သည်။ တရားခံကို သိပြီးဖြစ်သော်လည်း ကိုယ့်တိရစ္ဆာန်က သူ့အိမ်ဝိုင်းထဲ ရောက်သွားတော့ ကိုယ့်ဘက်ကလည်း မှားတာပဲဆိုသော အသိနဲ့ ဒေါ်လေးစိန်လည်း ဘာသိဘာသာ နေလိုက်သည်။ သို့ပေမဲ့ အသိဥာဏ်မရှိတဲ့ တိရစ္ဆာန်တွေကို အခုလိုမျိုး လုပ်လိုက်တာကိုတော့ စိတ်ထဲက မကျေနပ်နိုင်။ အသာအယာ မောင်းလွှတ်လိုက်ရင် ရပါလျက် ဓားနဲ့ခုတ်လိုက်တာကိုတော့ သူစိတ်တိုမိသည်။

ဝက်မလေးတွေ ဒဏ်ရာတွေနဲ့ ခံစားနေရတာကို နေ့စဉ်မြင်တွေ့နေရတော့ ဒေါ်လေးစိန် တစ်ယောက်လည်း စိတ်ကိုထိန်းသည့်ကြားမှ စကားလုံးတွေအံထွက်လာပါတော့သည်။
"ဟေး ငါ့ဝက်တွေကို ဓားနဲ့ ခုတ်တဲ့သူတွေ အခုငါ့ဝက်မလေးတွေ ခံစားနေရသလို နင်တို့တွေ ပြန်ပြီးမခံစားရပါစေနဲ့လို့ ငါဆုတောင်းပေးပါတယ်"
"ငါ့ဝက်မလေးတွေ သွေးထွက်သံယို ဖြစ်သလို နင်တို့တွေလည်း မတွေကြုံမခံစားရပါစေနဲ့လို့ ငါဆုတောင်းပေးပါတယ်"
"ငါ့ဝက်မလေးတွေ ကိုယ်လက်အင်္ဂါမပြည့်မစုံနဲ့ နေရသလို နင်တို့တွေ မကြုံတွေ့ရပါစေနဲ့လို့ ငါဆုတောင်းပေးပါတယ်"
"ငါ့ဝက်မလေးမိဖြူ နားရွက်တိုသွားသလို နင်တို့တွေလည်း နားရွက်တိုနဲ့ မနေရပါစေနဲ့လို့ ငါဆုတောင်းပေးပါတယ်" ဆိုပြီး အော်ဟစ်ဆုတောင်းပေးရင်း မျက်ရည်များလည်း ကျနေလေသည်။ ဒေါ်လေးစိန် ဆုတောင်းကလည်း တခြားသူကို ပျက်စီးစေလိုခြင်းမဟုတ် သူ့ဝက်မလေးတွေ ခံစားနေရသလို ပြုလုပ်တဲ့သူတွေ ပြန်ပြီးမခံစားရပါစေနဲ့လို့ ဆုတောင်းပေးခြင်းဖြစ်ပါသည်။

Thursday, April 21, 2011

အညာက ဟင်းချက်နည်းလေးများ

အညာက အစားအသောက်ချက်နည်းလေးတွေ အကြောင်း ဖောက်သည်ချအုံးမယ်ဗျာ။ မြို့က ကျွန်တော့်အစ်မတွေ စမ်းပြီးချက်စားလို့ ရတာပေါ့။ ကျွန်တော် အချက်အပြုတ် ၀ါသနာပါတယ်ဆိုတာ အရင်လည်း ရေးဖူးပါတယ်(ဟဲဟဲ)။ အချက်အပြုတ်ဝါသနာပါပေမဲ့ အသားတွေဘာတွေကျတော့ သိပ်ပြီးမစားချင်ဘူး။ အိမ်မှာအသားဟင်းချက်ရင် အမေချက်တဲ့အခါ စားတယ်။ ကိုယ်တိုင်ချက်ရင်တော့ မစားတော့ဘူး။ ဒီရောက်တော့ ကိုယ်တိုင်ချက်တာပဲ စားနေရတာ။ ကိုယ်တိုင်ချက်တာဆိုတော့ တောချက်က များတယ်ဗျ။ ဒီရောက်တော့ ဟင်းအသစ်တွေလည်း တိုးလာတယ်။ မရ ရတာကို ကြံဖန်ပြီး ချက်ချက်စားလို့ပါ။ တခါတလေဆို ကိုယ်ချက်တဲ့ ဟင်းကို ကိုယ်တိုင်အမည်မခေါ်တတ်ဘူး။ ကဲ အညာ ဟင်းချက်နည်းလေးတွေ ဗဟုသုတ ယူသွားကြပါအုံးဗျာ။

အညာဝက်သားချက်

အညာမှာဆိုတာထက် ကျွန်တော်တို့ရွာမှာလို့ပဲ ပြောတာပိုပြီး အဆင်ပြေမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ တစ်နေရာနဲ့ တစ်နေရာ မတူကြဘူးလေ။ ကျွန်တော်တို့ ရွာမှာတင် ၀က်သားကို အလှူချက်နဲ့ အိမ်ချက်မတူပြန်ဘူး။ အလှူမှာချက်တာက အိုးကြီးချက်ပေါ့။ အိမ်မှာချက်ရင် ၀က်သားကို အချဉ်နဲ့ချက်စားကြတာများတယ်။ သရက်သီးခြောက်၊ ဇီးဖြူသီးခြောက်၊ ချဉ်ပေါင်နီသီးခြောက် စတဲ့ အချဉ်တစ်မျိုးမျိုးထည့် ချက်ြကတယ်။ ၀က်သားကို အချဉ်နဲ့ချက်တာက အဆီရော အခေါက်ရော စားရတာ မအီတော့ဘူး။ အလှူမှာတော့ အချဉ်ထည့်မချက်ပြန်ဘူး။ အလှူဟင်းမှာ အချဉ်ထည့်ချက်ရင်တော့ ချက်မလောက်ဖြစ်မှာ သေချာတယ်ဗျ။ အချဉ်မပါဘဲ ချက်တဲ့အလှူအိုးကြီး ချက်ကလည်း စားကောင်းလို့ကောင်းပါတယ်။
ဒါကတော့ မနေ့က မရမ်းသီးခြောက်နဲ့ ချက်ထားတဲ့ဝက်သားဟင်းဗျာ
အိမ်ချက် ချက်ရာမှာတော့ ရွာမှာက မြေဟင်းအိုးကို သုံးကြတာများတယ်။ ဟင်းချိုအိုးဆိုလည်း မြေနဲ့လုပ်ထားတဲ့အိုးပဲ သုံးတယ်။ အခုနောက်ပိုင်းတော့ ကျက်လွယ်ပြုတ်လွယ် ဒန်အိုးတွေကို သုံးလာကြပါပြီ။ မြေအိုးကထူတော့ ချက်ရတာနဲနဲတော့ ကြာတာပေါ့။ ဒါပေမဲ့ အသားဟင်းချက်ရင်တော့ သူကချက်လို့ကောင်းတယ်။ အသားနူးလွယ်တယ်။ ချက်တာကလည်း သိပ်တော့မခက်ပါဘူး အသားကိုအနေတော်တုံး၊ ချက်မည့်အိုးထဲထည့် ငါးပိ၊ဆား၊နနွင်း၊အရောင်တင်၊ ကြက်သွန်ဖြူ၊ဂျင်း စတာလေးတွေပါ တစ်ခါထဲထည့်နယ် ပြီးမှ ဆီလေး သင့်ယုံထည့်ပြီး လက်ဆေးရည်လေးနဲ့ အရင်ဆုံး အသားမာသွားအောင်လုံးလိုက် ပြီးမှ ရေမြုပ်အောင်ထည့်ပြီး မီးဖိုပေါ်မှာ ရေခန်းအောင် တည်ထားလိုက်တာပါပဲ။ ရေခန်းရင် အသားအနေအထားကြည့်ပြီးတော့ ဆီလည်ရေလည်လေး ချလိုက်ပေါ့။ ဆီများများ စားချင်ရင်တော့ ရေမကျန်အောင် ချက်ပေါ့ဗျာ။ ဆီပြန်ဆိုတာကလည်း မြို့နေလူတန်းစားတွေ စားကြတာက များပါတယ်။ တောမှာကတော့ ဆီလည်ရေလည်လေးပေါ့နော့။ နှမ်းစိုက်ပေမယ့် ဆီများများ မစားနိုင်ကြတာ ကျွန်တော်တို့ တောက တောင်သူလယ်သမားတွေပါ...

အညာငါးချက်

ငါးကိုကျတော့လည်း ၀က်သားလိုပဲ အချဉ်နဲ့ချက်စားတယ်။ ကျွန်တော်တို့ဆီမှာက ချောင်းငါးပဲ လွယ်လွယ်ရပါတယ်။ မြို့မှာဝယ်လို့ရတဲ့ ငါးကြင်း၊ ငါးခူ၊ ငါးဖယ်၊ ငါးမြင်း စတာတွေကိုကျတော့ ရွာကလူတွေက ငါးကြီးသားလို့ခေါ်ကြတယ်။ ချောင်းငါးလေးတွေကတော့ ကြော်စားလည်း ကောင်းတယ်။ချောင်းငါးဆိုတော့ သိပ်ကြီးကြီးတွေ မဟုတ်ဘူး။ ငါးခုံးမ၊ ငါးမွေထိုး၊ ငါးရံ့၊ ငါးသလဲထိုး စတာလေးတွေပေါ့။ ဆည်တို့ ကန်တို့က ငါးတွေလည်း တခါတလေ လာရောင်းတယ်။ အဲ့ဒီအခါဆိုရင်တော့ တီလားပီးယား(ဂျပန်)ငါးတို့၊ ငါးကြင်းတို့ စတောတွေ စားရတတ်တာပေါ့။

ဒါကငါးကို မရမ်းသီးခြောက်နဲ့ချက်ထားတာပါ
ငါးဟင်းချက်ရာမှာတော့ ၀က်သားလို တစ်ခါထဲ ထည့်ပြီးလုံးလို့ မရပါဘူး။ ငါးကို ဆားနနွင်းနယ်ထား ကိုယ့်ထည့်မည့်အချဉ်ကို အရင်ဆုံးအဆာပလာလေးတွေထည့်ပြီး ရေလေးနဲ့ ပွက်အောင်တည် အချဉ်နူးပြီဆိုမှ ငါထည့်ပြီး ရေခန်းအောင်ချက်ရတာ။ မွှေစရာလည်း မလိုတော့ဘူးလေ။ အချဉ်ဓာတ်လေးပါတော့ ငါးလေးတွေက အကောင်မပျက်တော့ဘူး မာပြီးတော့တောင့်နေတာပဲဗျ။ ဆီပြန်ချက်ရင်တော့ ရေမကျန်အောင်တည်ပေါ့။ ချောင်းငါးကို မန်ကျည်းသီးမှည့်နဲ့လည်း ချက်စားရင် ကောင်းသဗျ။ ငါးရံ့ကိုတော့ ဇီးဖြူသီးခြောက်နဲ့နှပ်ရင် ဘာပြောကောင်းမလဲ ဆွေးမျိုးမေ့သွားမယ်။ ကျွန်တော်တို့ရွာမှာ ငါးရံ့ဇီးဖြူသီးခြောက် နှပ်တာကို ယောကျာ်းသားတွေက ပိုပြီးနှပ်တတ်တယ်။ တခါတရံပဲ ချက်တာမို့လို့လား မသိဘူး သူတို့ချက်တာက ပိုကောင်းတယ်လို့ ရွာကျောင်းဘုန်းကြီးက ချီးကျူးတယ်ဗျာ။ အလှူဆိုရင် ဘုန်းကြီးဆွမ်းဟင်း မှာ ငါးရံ့ဇီးဖြူသီးခြောက်နှပ်က အမြဲတမ်းကို ပါရတယ်။ ချက်တာကလည်း ဘုန်းကြီးထိန်းအဖွဲ့က ယောကျာ်းသားတွေ ပဲချက်ကြတာ။ ကြုံရင် ချက်စားကြည့်ဖို့ အကြံပေးပါတယ်။ ကျွန်တော်လည်း ချက်စားဖြစ်တယ်။ ငါးတော့ မဟုတ်ဘူး။ ဒီမှာက ငါးရှားတယ်လေ။ ၀က်သားပေါတော့ ၀က်သားကို ဇီးဖြူသီးခြောက်နဲ့ ချက်စားတာ။ အခေါက်မကြိုက်တဲ့ သူတွေတောင် အခေါက်စားတယ်။ ဇီးဖြူသီးက အဖန်ဆိုတော့ ၀က်သားအဆီအခေါက်တွေကို မအီမအစ်တော့ဘူးဗျ။ အဲ့ဒါလေးလည်း အကြံပြုတယ်နော် အညာချက်လေး ချက်စားကြည့်။ လျှာလည်သွားစေရမယ်။

ကျောက်ဖရုံသီးနဲ့ ၀က်ဝမ်းတွင်သား(ကလီစာ)ချက်

ဒီဟင်းအမယ်ကတော့ ကျွန်တော်တို့ရွာအလှူတွေမှာ အလှူအ၀င်နေ့ ညနေပိုင်း ကျွေးနေကျဟင်း တစ်မျိုးပါ။ သူတို့နှစ်မျိုးကလည်း အတော်လိုက်ဖက်တဲ့ အတွဲပါပဲ။ ရွာမှာ အလှူအ၀င်နေ့ ညနေဆိုရင် တစ်ရွာလုံးနဲ့ ရပ်ဝေးက လာတဲ့ ဧည့်သည်တွေကို အလှူရှင်က ထမင်းခေါ်ကျွေးတယ်။ ဟင်းကတော့ ချဉ်ပေါင်ရည်သောက်၊ ငါးပိလိမ္မာကြော်နဲ့ ကျောက်ဖရုံသီးဝက်ကလီစာ ချက်ပေါ့။ အိုးကြီးချက်မို့လားမသိဘူး ကျောက်ဖရုံသီးထဲမှာ ၀က်ကလီစာအများကြီး မပါပေမယ့် စားလို့အတော်ကောင်းတယ်။ ကျောက်ဖရုံးသီး အနှစ်ကကို စားလို့ကောင်းတာဗျာ။

ကျောက်ဖရုံသီး(ရင့်ရင် ဖြူပြာပြာအရောင်ရှိသည်)
ချက်တာကတော့ ၀က်ကလီစာကို ဟင်းခတ်အဆာပလာတွေထည့်ပြီးတော့ အရင်ချက်လို့ တစ်ရေလောက်ခန်းမှ ကျောက်ဖရုံသီးထည့်ပြီး ကျောက်ဖရုံသီးနူးအိသွားအောင် ချက်ယုံပဲ။ မဆလာတို့ဘာတို့ ထည့်စရာမလိုပါဘူး။ ဆီလည်းနဲနဲပဲထည့်ပါ။ ကျောက်ဖရုံသီးက အနှစ်လိုဖြစ်သွားရင် ပိုစားကောင်းပါတယ်။ ကြုံရင်စမ်းသပ်ကြည့်ပါအုံး။ အညာအလှူရဲ့ ပင်တိုင် ဟင်းတစ်မျိုးပါ။

Wednesday, April 20, 2011

မိုးကျလ္ဘက်(သို့)ဒန့်ကျွဲပင်

သင်္ကြန်လည်း မကြာခင်ကပဲ ပြီးဆုံးသွားပြီဗျာ။ အညာက တောင်သူလယ်သမားတွေလည်း သိပ်မကြာခင်မှာ လယ်ယာလုပ်ငန်းတွေ ပြန်ဝင်ကြရတော့မည်။ အခုအချိန်မှာ ယာခင်းတွေထဲ ပေါင်းကောက်၊ နောက်ချေးချ(နွားချေး)၊ နောက်ချေးဖြန့် စတာတွေကို လုပ်နေကြရပြီပေါ့။ နောက်ချေးချ တာက အိမ်မှာ စုဆောင်းထားတဲ့ အမှိုက်၊ နွားချေးနဲ့မြေသြဇာတွေကို မိုးမကျခင် ယာခင်းထဲကို နွားလှည်းနဲ့တိုက်ပြီး ချတာကိုပြောတာပါ။ နောက်ချေးဖြန့်တာကတော့ ယာထဲရောက်ပြီးသား နွားချေးတွေကို တောင်းနဲ့ထည့်ပြီး ယာခင်းနှံ့အောင် လိုက်ဖြန့်ပေးရတာကို ဆိုလိုတာပါ။


ဒီအနေအထားဆိုရင် သုပ်စားလို့ရပြီ (from google)
ကိုင်း ဒါလေးတွေထားပါတော့ မိုးဦးကျပြီဆိုရင် တလင်းပြင်တွေနားမှာ စပါးပင်၊ ပဲပင်၊ ချဉ်ပေါင်ပင်၊ ပြောင်းပင် စသည့် ရိတ်သိမ်းချိန်တုန်းက ကျန်ခဲ့တဲ့ အစေ့လေးတွေက မိုးရေနဲ့ထိတွေ့ပြီး အပင်ပေါက်လေးများ အစုလိုက်ပေါက်လာပါသည်။ အဲ့ဒီအထဲက တလင်းစပ်တွေမှာ အများဆုံး ပေါက်တဲ့ ဒန့်ကျွဲဆိုတဲ့ အပင်အကြောင်းကို ဗဟုသုတ အလို့ငှာမျှဝေပေးလိုက်ပါတယ်။ ရေးသာရေးရတယ်ဗျာ အစ်မတစ်ယောက်က ကွန်မင့်မှာ “တွေ့သမျှအကုန် သုပ်၊ထောင်း စားနေတော့တာပဲ သူ့ရှေ့ကတောင် ဖြတ်မသွားရဲလောက်အောင်” ဆိုပြီး ရေးသွားတော့ ပြောရမှာတော့ခပ်လန့်လန့်ပဲ:):):)။

ကျွန်တော်ကလည်း တခြားမဟုတ်ပါဘူး ကိုယ့်ညီအစ်ကို မောင်နှမတွေ ရောက်နေတဲ့ နေရာမှာ တကယ်လို့ ကျွန်တော်ပြောတဲ့ အပင်လေးတွေများ တွေ့ခဲ့မယ်ဆိုရင် အသုံးပြုလို့ ရစေချင်တဲ့ စေတနာနဲ့ပါ။ ကျွန်တော်ဆို နွေရာသီမှာ လမ်းလျှောက်ထွက်ရင်း မြူရွက်တွေတွေ့လို့ ခူးလာတာ သူတို့လူမျိုးတွေက ဘာလုပ်ဖို့လဲမေးတော့ သုပ်စားရတယ်လို့ ပြောလိုက်တာ အံသြနေတယ်။ အဲ့ဒီလိုပေါ့ တချို့ကျတော့ အပင်ကို မြင်ဖူးပြီး ဘယ်လိုသုံးရတယ်ဆိုတာကို သိချင်မှ သိမှာလေနော့။ အဲ့ဒါကြောင့်ပါ။ ကျွန်တော်တို့အတွက်ကတော့ အညာမှာပဲ မွေးဖွားကြီးပြင်းလာတာဆိုတော့ အပင်အတော်များများကို စားဖူးသုံးဖူးတယ်လေ။ အခုလိုလေး ရေးသားပေးတော့ ကျွန်တော်မသိတာကိုလည်း သိတဲ့သူက ပြန်ပြီးမျှဝေနိုင်တာပေါ့နော်။ အဲ့ဒီရည်ရွယ်ချက်လေးတွေနဲ့ မျှဝေခြင်းပါဗျာ။


ဒါလေးက ဒန့်ကျွဲအပွင့်ဝါ၀ါလေးတွေပါ (from google)
အခု ဒန့်ကျွဲပင်ဆိုတာက အပင်နိမ့်အမျိုးအစားပါ။ အမြင့်က ဒူးလောက်အထိပဲ ရှိတယ်။ အပင်လေးတွေ ပေါက်ပြီး တစ်ထွာသာသာလောက် ရှိရင် အရွက်တွေကို ခူးလို့ရပါပြီ။ အပင်က ခက်ဖြာပြီးထွက်တာမျိုး မဟုတ်ပါဘူး။ တစ်ပင်မှ အညွှန့်တစ်ညွှန့်ပဲ အဲ့ဒီအညွှန့်ကို ခူးလိုက်ရင်တော့ အတက်လေးတွေ ထွက်လာပါတယ်။ အပွင့်ကလည်း အ၀ါရောင်လေးတွေ ပွင့်တယ်။ အသီးကတော့ အတောင့်ရှည်ရှည်လေးတွေ အထဲမှာ အစေ့တွေက အများကြီးပဲ။ အရွယ်အစား သိပ်ပြီးမကြီးပေမဲ့ တစ်စေ့နဲ့တစ်စေ့ထိနေပါတယ်။

Sunday, April 17, 2011

နှစ်သစ်ဆုတောင်း

ဒီနေ့ဆို မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် တန်ခူးလဆန်း(၁၄)ရက် နှစ်ဆန်းတစ်ရက်နေ့ ရောက်ပါပြီ။ နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေနဲ့ ဆေးကြောပြီး နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ရှေ့ဆက်ရမည့် ဘ၀ခရီးလမ်းကို အေးချမ်းပျော်ရွှင်ပြီး သာယာဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းများ တောင်းပေးပါတယ်။

ပြီးခဲ့နှစ်ဟောင်းမှာ ကျွန်တော်ရေးသားသမျှလေးတွေကို လာရောက်အားပေးကြတဲ့ အွန်လိုင်းက ကျွန်တော့်မိတ်ဆွေ ညီအစ်ကို မောင်နှမ တစ်တွေအားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ နှစ်သစ်မှာလည်း ဆက်လက်ပြီး လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

အမျိုးမျိုးသော အကြောင်း ကြောင်းတွေကြောင့် အမိမြန်မာပြည်နဲ့ခွဲပြီး အဝေးတစ်မြေမှာ ရောက်နေကြရတဲ့ ကျွန်တော့်ညီအစ်ကို မောင်နှမတွေ ရောက်ရာဒေသမှာ ဘေးရန်ကင်းကွာပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေ ချောမွေ့ကြပါစေ။ ပညာသင်ကြား နေကြတဲ့ ညီအစ်ကိုမောင်နှမတွေလည်း ပညာရေးမှာ အခက်အခဲ အတားအဆီးမရှိ လွယ်ကူချောမွေ့စွာနဲ့ ပညာရပ်တွေကို လေ့လာဆည်းပူးနိုင်ကြပါစေ။ ဖြေဆိုရမည့်စာမေးပွဲများကိုလည်း အမြင့်ဆုံးအဆင့်မှ အောင်မြင်နိုင်ကြပါစေ။

အားလုံးထဲမှာမှ အဓိကကျတဲ့ ကျန်းမာရေး ကောင်းမွန်ပြီး စိတ်သွားတိုင်းကိုယ်ပါ လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။ အဝေးရောက် ချစ်သူစုံတွဲများလည်း နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်ကြည်နူး နိုင်ကြပါစေ။ လူပျိုကြီးအစ်ကိုများ၊ အပျိုကြီးမမများလည်း နှစ်သစ်မှာ ဖူးစာရှင်ရှာတွေ့နိုင်ပါစေဗျာ။။။။ အခုလို ဆုပေးရသော အကျိုးအားကြောင့် ကျွန်တော်ရွှေညာသားလေးလည်း လူပျိုကြီးဘ၀မှ အမြန်လွတ်မြောက်ရပါစေ……:):):):)

Friday, April 15, 2011

ဟော့ဒီက ဂျုံလုံးရေပေါ်ဗျို့...

အရင်ပို့စ်တုန်းက စမ်းသပ်မယ်ပြောထားတာ ဒီနေ့အောင်မြင်သွားတယ်ဗျို့။ ဆန်မှုန့်နဲ့ လုပ်တာမဟုတ်လို့ ဂျုံလုံးရေပေါ်လို့ပဲ ခေါ်လိုက်တယ်ဗျာ။ သင်္ကြန်တွင်း ကျောင်းပိတ်ထားတော့ အားနေတာနဲ့ ဈေးက ဂျုံမှုန့်နဲ့ သကြားခဲ ၀ယ်ပြီး ဂျုံလုံးရေပေါ်လုပ်စားပါတယ်။ ဘယ်တတ်နိုင်မတုန်းဗျာ မရှိ ရှိတာကိုပဲ ကြံဖန်ပြီး လုပ်စားရတာပေါ့(အဟဲ)။ သကြားက အခဲလေးတွေ ၀ယ်လို့ရတော့ ပိုအဆင်ပြေသွားတယ်။ ဂျုံမှုန့်ကလည်း ပေါတော့ အိုကေသလားမမေးနဲ့ဗျာ။ ဒီနေ့သင်္ကြန်အကြတ်နေ့မှာ ကျွန်တော်ဆီလာလည်သူတွေ အဝေးရောက် မုန့်လုံးရေပေါ်(ဂျုံလုံးရေပေါ်)လေး စားသွားကြအုံးဗျာ… အရင်ပို့စ်တုန်းက ကိုယ်တိုင်လုပ်တာမဟုတ်လို့ နဲနေတယ်။ ဒီတစ်ခါတော့ ကိုယ်တိုင်လုပ်တာမို့ အားမနာတမ်း စားသွားနော်….  အများကြီးကျန်သေးတယ်....:):):):)

ဒါလေးတွေနဲ့လုပ်ပါတယ်...
 အရင်ဆုံးစားနိုင်အောင်လို့

သကြား
  
ဒီလိုအခဲလေးတွေ

ဂျုံမှုန့်

လုံးပြီးခါစ ဂျုံလုံးရေမပေါ်

ဒါကတော့ ပြုတ်ပြီးတဲ့ ဂျုံလုံးရေပေါ်

အုန်းသီးနဲ့ စားရန်အသင့်

သေချာအောင်လို့ အနီးကပ်ရိုက်ချက်

ဒီလိုလေး လှအောင်ပြင်ထားတယ်ဗျ
ကျွန်တော်ကိုယ်တိုင် လုပ်ထားတာမို့ အားမနာနဲ့နော် အ၀သာ စားသွားဗျာ...:P သင်္ကြန်တွင်း ကုသိုလ်ရတာပေါ့.....
လာရောက်လည်ပတ်သူအားလုံး နှစ်သစ်မှာ ကိုယ်စိတ်နှစ်ပါး ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ...

Thursday, April 14, 2011

အညာသင်္ကြန်က မုန့်ဖက်ထုပ်နဲ့ မုန့်လုံးရေပေါ်

အရောင်ကတော့ ထန်းလျက်နဲလုပ်ထားသလိုပါပဲ

ဒီနေ့သင်္ကြန်အကျနေ့ ဆိုတော့ မုန့်လုံးရေပေါ်နဲ့ မုန့်ဖက်ထုပ် အတူတူလုပ်စားကြမယ်ဗျာ။ ကျွန်တော်တို့ အညာမှာက ထန်းလျက်ပေါတယ်ဗျ။ အဲ့ဒါကြောင့် မုန့်ဖက်ထုပ်လုပ်ရင် ထန်းလျက်နဲ့ပဲ လုပ်စားကြတယ်။ ကျောင်းနေတုန်းက ညညဆိုရင် အဆောင်နားကို လာ ရောင်းတဲ့ မုန့်ဖက်ထုပ်ပူပူလေး ဆိုတာကတော့ ငှက်ပျောဖက်ထဲမှာ ရှာနိုင်မှ တွေ့ပါတယ်။ နောက်ပြီး ငှက်ပျောဖက်ကို ခွာရတာက ရင်တောင်ခုန်တယ်ဗျာ။ အထဲမှာမုန့်ဆိုတာ ပါမှပါမလားလို့လေ။ ဟောတွေ့ပါပြီ လက်ညှိုးလောက်ရှိတဲ့ မုန့်ဖက်ထုပ်ဆိုတာလေး။ စားလို့တော့ ကောင်းပါရဲ့။ တစ်ခါဝယ်ရင် ဆယ်ထုပ်လောက် စားမှအဆာပြေယုံပဲရှိပါတယ်။


ကျွန်တော်တို့ အညာမုန့်ဖက်ထုပ်ကတော့ နှစ်ထုပ်လောက်စားလိုက်ရင် ဗိုက်ပြည့်တယ်ဗျို့။ မြို့မှာရောင်းတာတွေလို အုန်းဆံနဲ့သကြားကို အထဲမှာဌာပနာပြီး လုပ်တာတော့ မဟုတ်ပါဘူး။ ကောက်ညှင်းမှုန့်ကို ဆန်ကြမ်းမှုန့် နဲနဲရောပြီးတော့ ထန်းလျက်ရည် ကျိုပြီးသားနဲ့ သမအောင်ရောနယ်။ မုန့်ညက်နယ်ပြီးသားကိုမှ ငှက်ပျောဖက်မှာ ဆီသုတ် ပြီးတော့ မုန့်ညက်ကို သင့်တော်ယုံယူပြီး လက်လေးနဲ့ပြားထည့် ဟိုဘက်ဒီဘက် ဖက်အစလေးတွေကို လုံအောင်ခေါက်ပြီး ထုပ်လိုက်တာပဲ။ အဲ့ဒီထုပ်ပြီးသားလေးတွေကိုမှ ကောက်ညှင်းပေါင်းတဲ့ မြေပေါင်းအိုးထဲမှာ တစ်ထုပ်ချင်း စီပြီးထည့်။ မီးဖိုပေါ်မှာ ပေါင်းအိုးတင်ပြီး တော့ပေါင်းလိုက်တာပဲ။ တချို့လည်း အုန်းသီးခြစ်ပြီးသားကို မုန့်နယ်တဲ့အထဲမှာ တစ်ခါထဲ ထည့်နယ်ကြတယ်။ မုန့်ပေါင်းအိုးမီးဖိုပေါ်ရောက်လို့ ငှက်ပျောဖက်တွေ အရောင်ပြောင်းသွားရင် တစ်ထုပ်လောက်ယူပြီး အနေအထားမြည်းကြည့် မုန့်နပ်ပြီးဆိုရင် အညာမုန့်ဖက်ထုပ်ပူပူလေး ရပါပြီ။ ငှက်ပျောဖက်က တစ်ထပ်ထဲဆိုတော့ ခွာလိုက်တာနဲ့ ထန်းလျက်နံ့လေးမွှေးနေတဲ့ မုန့်ဖက်ထုပ်ချိုချိုလေး စားယုံပဲ။ ဆန်ကြမ်းမရောဘဲ ကောက်ညှင်းမှုန့်ချည်းဆိုရင် စေးစေးလေးနဲ့ ပိုစားကောင်းတယ်ဗျ။ ဒါကတော့ အညာကသင်္ကြန်မုန့်ဖက်ထုပ်လုပ်တာလေးပေါ့။

တီတီဆွီ ဆိုဒ်မှ သမလာတာ.....:P

ဒါကတော့ ဂူဂယ်က မလာတာပါ

မုန့်လုံးရေပေါ်ကြတော့လည်း ကောက်ညှင်းမှုန့်ကို ဆန်ကြမ်းမှုန့်လေး နဲနဲရောပြီးရေနဲ့ သမအောင်နယ် မုန့်ညက်ကို လုံးလို့ရလောက်ရင် လောက်စာလုံးသလို သင့်တော်ယုံအရွယ်အစားလေးတွေလုံး ပြီးတော့ လက်ညှိုးလေးနဲ့ အရာလေးပေးပြီး ထန်းလျက်ခဲလေးထည့် အပေါ်ကနေထန်းလျက်ခဲလေး လုံအောင်ပြန်ပိတ်ပြီး ရေနွေးအိုးထဲပစ်ထည့်လိုက်ယုံပဲ။ မုန့်လုံးတွေ ရေပေါ်ပေါလောပေါ်လာရင် ဆယ်ပြီးတော့ ရေအေးထဲမှာ ထည့်ပြီးတော့ အအေးခံ။ အေးသွားရင် မုန့်လုံရေပေါ်စားလို့ရပြီပေါ့။ မချိုမှာကတော့ ဘာမှမပူနဲ့ အထဲမှာ ထန်းလျက်က အခဲလိုက်လေး။ ၀ါးလိုက်တာနဲ့ အပြင်ကမုန့်သားစေးစေးလေးရယ် ထန်းလျက်ခဲ ချိုချိုလေးရယ်က ရောဝါးပြီးသားပဲ။ အရသာကို ရှိနေတာပဲဗျာ။ အုန်းသီးဖြူးပြီး စားတာကရှားပါတယ်။ ရွာဆိုတော့ အုန်းသီးက ရဖို့မလွယ်ဘူးလေ။ ၀ယ်ပြန်တော့လည်း ဈေးကကြီးတယ်ဆိုတော့ မပါလည်းဖြစ်တာပဲနော့။ သင်္ကြန်တွင်းဆိုရင် ကျောင်းမှာ ဥပုသ်ယူရင်း အိမ်တိုင်းက ယူလာတဲ့ မုန့်ဖက်ထုပ်၊ မုန့်လုံးရေပေါ်တွေက ဥပုသ်သည်တွေ ပြန်ကျွေးလို့ကို မကုန်ဘူး။
သာကူကျိုခွက်လေးလည်း ပါသေးတယ် အမုန်းဆွဲ(photo from google)

ပုံရှာကြည့်တော့ မုန့်ဖက်ထုပ်လည်းတွေ့ပါတယ်။ ဒါပေမဲ့ကျွန်တော်ပြောတဲ့ အညာမုန့်ဖက်ထုပ်တော့ မဟုတ်ဘူး။ မုန့်လုံးရေပေါ်ကလည်း အထဲကိုမမြင်ရတော့ ထန်းလျက်လား သကြားလားဆိုတာ သေချာမသိဘူးဗျာ။ ပုံလေးတွေတော့ တွေ့လို့တင်ပေးလိုက်ပါတယ်။ ကိုယ်တိုင်သာ စားကြည့်ပါတော့နော်။ ကျွန်တော်ကတော့ ရွာကမုန့်လုံးရေပေါ်နဲ့ မုန့်ဖက်ထုပ်ကို အတော်လေးကြိုက်တယ်။ ထန်းလျက်နိုင်နိုင်နဲ့ ချိုချိုလေး စားရတာ အတော်ကောင်းတယ်ဗျို့။ ဒါပေမဲ့ အခုတော့ သကြားနဲ့ဂျုံမှုန့်ကလွဲလို့ ဘာမှမရှိဘူး။ ဂျုံမှုန့်နဲ့ လက်တည့်စမ်းကြည့်ဖို့တော့ စိတ်ကူးထားတယ်။ မနက်ဖြန်(သို့) သဘက်ခါပေါ့။ အောင်မြင်ရင် ပြန်ပြောပြမယ်။ ဒီနေ့တော့ အခုတင်ထားတာလေးတွေ စားသွားကြအုံးဗျာ…..

အားလုံးပဲ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ......

တေးလက်ဆောင်

ကျွန်တော်နဲ့အတူ အဝေးရောက် ညီအစ်ကိုမောင်နှမတွေ သင်္ကြန်မပျော်ရတာချင်း အတူတူ သင်္ကြန်သီချင်းလေးတွေပဲ နားထောင်ကြတာပေါ့။ သင်္ကြန်ကာလဆိုတော့လည်း တခြားအကြောင်းတွေက သိပ်ပြီးစိတ်ဝင်စားစရာ မကောင်းဘူးလေ။ အဲ့ဒါကြောင့် သီချင်းအတူနားထောင်ကြမယ်နော်။ ရေလည်း လောင်းရင်းပေါ့။ ကတော့ မကတတ်ဘူးဗျာ.....:P သူများတွေက ရေစိုလို့ “ဟောတော့” အော်ကုန်ကြပြီ။


Wednesday, April 13, 2011

အင်းလျားမြေမှာ တစ်လတာ

သစ်ပုတ်ပင်ကြီးရှေ့မှာ အမှတ်တရ
လောကကြီးမှာတစ်ခါတလေ မထင်ထားတာလေးတွေ ဖြစ်တတ်တယ်ဆိုတာ မှန်တယ်ဗျာ။ အကျိုးအကြောင်း တိုက်ဆိုင်တယ်လို့ပဲ ပြောရမလား၊ ကံကောင်းတယ်လို့ပဲ ဆိုရမလား မပြောတတ်ပါဘူး။ ၂၀၀၇ ခုနှစ်ထဲမှာ ကျွန်တော့်အတွက် တိုက်ဆိုင်တာလေးတွေ ရှိခဲ့တယ်။ ပထမဆုံးက ကျွန်တော်ဂုဏ်ထူးတန်းပြီးလို့ မဟာသိပံ္ပ ဆက်မတက်ဖို့ ဆုံးဖြတ်ရာက စပြီးပြောရမယ် ထင်ပါတယ်။ မိသားစုထဲမှာ ကျွန်တော်က ဒုတိယမြောက်သား ကျွန်တော့်အောက်မှာ ညီလေးယောက်နဲ့ အထက်မှာ အကိုကြီးတစ်ယောက် စုစုပေါင်း ညီအစ်ကို ၆ ယောက်ရှိတယ်။ အကိုကြီးကတော့ ၆ တန်းအောင်တာနဲ့ ကျောင်းထွက်တယ်။ အဖေနဲ့အမေက မထားလို့မဟုတ်ပါဘူး သူ့ဆန္ဒအလျောက် ကျောင်းမနေခြင်းပါ။ ကျွန်တော်ကတော့ ငယ်ငယ်လေး ကတည်းက ကျောင်းထွက်ဖို့ ဆိုတာကို စိတ်ကူးထဲကိုမရှိခဲ့တာ။ အဲ့ဒီတုန်းကတော့ ပညာရေးအကြောင်း ကောင်းကောင်း မသိသေးပါဘူး။ ဒါပေမဲ့ ကျောင်းနေချင်စိတ် ကတော့ လုံးဝမပျောက်ခဲ့ဘူး။ တခါတလေ အမေက စသလိုလိုနဲ့ သူကျောင်းစရိတ်မတတ်နိုင်လို့ ကျောင်းထွက်ခိုင်းရင် ကျွန်တော့်မှာ ထမင်းမစားနိုင်အောင် ဖြစ်ခဲ့ရတယ်။ တကယ်တော့ အမေက စိတ်ထဲကပါလို့ ပြောတာမဟုတ်ပါဘူး။ကျွန်တော်တို့ စိတ်ကို အကဲစမ်းကြည့်ခြင်း သာဖြစ်ပါတယ်။ အကိုကြီး ငါးတန်းနှစ်က ကျောင်းထွက်မယ်လို့ပြောပြီး ကျောင်းကိုဘယ်လိုမှ သွားခိုင်းမရလို့ အမေ မျက်ရည်ကျခဲ့တာကို အခုထိမှတ်မိနေပါသေးတယ်။ အဲ့ဒီတုန်းကအမေ့ပြောစကားက သားတွေကို သူလိုဆင်းရဲမှာကြောက်လို့တဲ့။ ကျွန်တော်တို့ အပေါ်ထားတဲ့ အမေ့ရဲ့စေတနာကို အခုအချိန်မှာ ပိုပြီးတော့ နားလည်ခံစားတတ်လာတယ်။ ကျောင်းထွက်ခိုင်းလို့ ကျွန်တော်အဲ့ဒီလို ထမင်မစားဘဲနေပြီဆိုရင် အမေကပြန်ပြန်ချော့ တတ်တယ်။ အမေက သားကိုစတာပါတဲ့။ ဘယ်တော့မှ ကျောင်းမထုတ်ဘူး သားကသာ စာကိုကြိုးစားပါတဲ့ အမေ့ဘက်က ၀တ္တရားမပျက်ယွင်း စေရပါဘူးတဲ့လေ။ ကျောင်းမထွက်ရဘူးဆိုမှ ထမင်းပြန်စားတယ်။ အဲ့ဒီလောက်အထိ ကျောင်းနေဖို့ကို စိတ်ဆန္ဒပြင်းပြခဲ့တာပါ

ဒါပေမဲ့ ကျွန်တော်မဟာသိပ္ပံဆက်တက်ရမယ့် နှစ်မှာတော့ ကျောင်းထွက်မယ်ဆိုတဲ့ စကားကို ပထမဆုံး အကြိမ်ပြောဖူးခဲ့ပါတယ်။ ကျွန်တော့်အောက်ကညီငယ်တွေကို ဦးစားပေးချင်တာရယ်၊ အဖေနဲ့အမေကို အားနာတာရယ်ကြောင့်ပါ။ နောက်ပြီး အိမ်ရဲ့အခြေအနေကိုလည်း ကောင်းကောင်းသိနေတယ်လေ။ ဒါပေမဲ့ အဖေနဲ့အမေက ဘယ်လိုမှခွင့်မပြုဘူး။ ကျောင်းပြီးအောင်တက်ဖို့ကိုပဲ ပြောပါတယ်။ အဲ့ဒါနဲ့ နောက်ဆုံးတော့ ကျောင်းဆက်တက် ဖြစ်ခဲ့တယ်ဆိုပါတော့ဗျာ။ အဖေနဲ့အမေက ကျွန်တော့်ဘ၀ရှေ့ရေးကိုပဲ ကြိုပြီးမြင်နေသလားထင်ရတယ်။ ကျွန်တော် ကျောင်းကိုရောက်တော့ ဂုဏ်ထူးတန်းပြီး အလုပ်ခေါ်တာနဲ့ တိုက်ဆိုင်နေတယ်။ ကျွန်တော်လည်း ဆရာဆရာမတွေကို မေးမြန်းပြီး အလုပ်လျှောက်လိုက်ပါတယ်။ ထပ်ပြီးတော့ ကံကောင်းတယ်ဆိုရမလား ကျွန်တော် အလုပ်ရခဲ့တယ်ဗျ။ ကျောင်းမပြီးခင် အလုပ်ရတော့ ၀မ်းသာလိုက်တဲ့ဖြစ်ချင်းဗျာ မပြောပါနဲ့။ အလုပ်လုပ်ရင်းနဲ့ ကျောင်းဆက်တက်ခွင့် ရမှာဆိုတော့ ကိုယ့်ကျောင်းစရိတ်အတွက် အမေ့ဆီကို ပြန်မတောင်းရတော့ဘူးလေ။ အဖေနဲ့အမေလည်း ကျွန်တော်အလုပ်ရတော့ ပျော်ရွှင်နေကြတယ်။ သူတို့ပျော်တာက ကျောင်းစရိတ်သက်သာ သွားလို့ပျော်ခြင်းမျိုး မဟုတ်ပါဘူး။ သူ့တို့သားက တက္ကသိုလ်မှာ ဆရာဖြစ်တယ်ဆိုတာကို ဂုဏ်ယူလို့ ပျော်တဲ့အပျော်မျိုးပါ။

နောက်ပြီးရွာမှာက ပေါက်ပေါက်မြောက်မြောက်လည်း သိပ်ပြီးမရှိဘူးဆိုတော့ ရွာအတွက်လည်းဂုဏ်ယူပြီး ပျော်ကြတာပေါ့။ ကျွန်တော့်အတွက်ကတော့ အလုပ်ရပြီးပြီးချင်း ရန်ကုန်မှာ သင်တန်းတက်ရမယ်ဆိုလို့ ပျော်တဲ့အပျော်ပါပဲ။ ရန်ကုန်ဆိုတာကို ကြားသာကြားဖူးနေတာ တစ်ခေါက်မှမရောက်ဖူးဘူး။ ရောက်လိမ့်မယ်လို့လည်း မျှော်လင့်မထားခဲ့ပါဘူး။ အဆက်အစပ်ဆိုတာကလည်း တစ်ယောက်မှမရှိဘူးလေ။ တချို့တွေက ဆွေမျိုးသားချင်းတွေ ရန်ကုန်မှာနေလို့ သွားလည်ရင်းရောက်နိုင်သေးတယ်။ နောက်ပြီး ရွာကနေ ဘုန်းကြီးဝတ်ပြီး ရန်ကုန်ရောက်နေလို့ ဘုန်းဘုန်းဆီကို သွားလည်ရင်းရောက်ရအောင်လည်း ဘုန်းဘုန်းကမရှိ။ အဲ့ဒီလောက် မြို့နဲ့အဆက်အသွယ်ပြတ်တဲ့ ရွာမှာ ကြီးပြင်းလာရတော့ ရန်ကုန်ဆိုတာကို သီချင်းထဲ၊ဗွီဒီယိုထဲမှာ လောက်သာကြားဖူးတဲ့ ကျွန်တော်အတွက် မရောက်နိုင်ဘူးလို့မျှော်လင့်ထားတာ မလွန်ပါဘူးနော်။
RC hall ရှေ့မှာ သူငယ်ချင်းများနဲ့ အမှတ်တရ
ဒါနဲ့ပဲ ကျွန်တော်အညာသား ရန်ကုန်မြို့ကြီးကို ရောက်လာခဲ့တယ်ဆိုပါတော့။ မမြင်ဘူး မူး မြစ်ထင်ဆိုတာလို မြို့ဆိုလို့ မိတ္ထီလာနဲ့ ကျောက်ပန်းတောင်း လောက်သာရောက်ဖူးတဲ့ ကျွန်တော်အတွက် ရန်ကုန်မြို့ကြီးမှာ မြင်သမျှအရာတိုင်းဟာ အံ့သြစရာတွေကြည့်ပါပဲ။ အထပ်မြင့်တိုက်ကြီးတွေ၊ ကြိတ်ကြိတ်တိုး စည်ကားနေတဲ့ လူတွေ၊ပုရွက်ဆိတ်အုံအလား များပြားလှတဲ့ကားတွေ၊ အ၀တ်အစား တောက်တောက်ပြောင်ပြောင်နဲ့ လူငယ်တွေစသဖြင့် အိုဗျာ စုံလို့ပါပဲ။ ကျွန်တော်သင်တန်းတက်ရမှာက မြန်မာပြည်မှာ သမိုင်းဝင်တက္ကသိုလ်ကြီုးဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ကြီးထဲမှာ။ သစ်ပုတ်ပင်ကြီးတို့၊ အဓိပတိလမ်းမနဲ့ ဘွဲ့နှင်းသဘင် အဆောက်အဦးကြီးရယ် ကံ့ကော်ပင်တန်းနဲ့မြေနီလမ်းဆိုတာရယ်တွေက သီချင်းထဲမှာ ကြားဖူးထားတဲ့ ကျွန်တော့်အတွက်  ကိုယ်တိုင်မြင်တွေရတော့မှ ပိုပြီးအံသြရပါတယ်။

Tuesday, April 12, 2011

ကြက်သားငါးပိချက် နဲ့ ပဲပြားအသီးအရွက်ကြော်

ဒီနေ့ကျောင်းကပြန်ရောက်တော့ စိတ်ကူးရတာနဲ့ မီးဖိုချောင်သွားပြီး စိတ်ကူးပေါက်တာလေးတွေ ချက်ဖြစ်တယ်။ အခါတိုင်းတော့ ဖြစ်သလိုပဲ အသုပ်အနယ်လေးနဲ့ စားဖြစ်တယ်။ ဟင်းချက်ရတာကို ၀ါသနာပါတယ် ဆိုပေမဲ့ နေ့စဉ်ချက်စားလာရတော့လည်း ပျင်းလာတယ်ဗျ။ ဒါပေမဲ့ ချက်ကျွေးမယ့်သူ မရှိတော့လည်း ပျင်းသော်ငြား ချက်စားရတာပါပဲဗျာ။

အခုဟာလေးတွေက အညာဟင်းလို့တော့ မခေါ်နိုင်ပါဘူး။ အညာမှာက ပဲသီးရှိတယ် ပဲပြားကျတော့ မရှိဘူး။ မုန့်ညှင်းကလည်း အညာကမုန့်ညှင်းမျိုး မဟုတ်ပါဘူး။ ဒီမှာခေါ်တာကတော့ တရုတ်မုန့်ညှင်းလို့ ပြောတာပဲ။ ကြက်သားကတော့ အတုံးလိုက်မစားချင်လို့ ဖွပြီးတော့ ငရုတ်သီးစပ်ချက်ထားတယ်။ အမေ့အိမ်ဆိုရင်တော့ ဒါလေးတွေက အမေချက်တာလေးတွေ ဖြစ်မှာပေါ့ဗျာ။ ထမင်းစားရင် အမေ့အိမ်ကို သိပ်လွမ်းတယ်။ အသားဟင်းမပါဘဲ မိသားစုတွေ စုံစုံလင်လင်နဲ့ ၀ိုင်းဖွဲ့စားသောက်ရတာက ပျော်ဖို့ကောင်းတယ်လေ။  ဒါပေမဲ့လည်း အမေသင်ပေးထားလို့ ဒီလိုလေးတွေချက်စားတတ်တာကိုပဲ မဆိုးဘူးပြောရမှာပေါ့။ အလည်လာရင်း သုံးဆောင်သွားအုံးဗျာ။ လက်ရာကတော့ သိပ်ပြီးတော့ မကောင်းဘူးနော်....:P

  ကြက်သားငါးပိချက်

ပဲသီး၊ပဲပြား၊မုန်ညှင်းနဲ့ဗူးသီး

ဒါလည်းအတူတူပါပဲ
 
ဘေးကနေရိုက်ကြည့်တာ

အရသာ အပေါ့အငန်ကို ပြောသွားအုံးနော်....နောက်တစ်ခါ ချက်ရင် ပြင်လို့ရအောင်....:D

ကျွန်တော့်ညီအစ်ကိုမောင်နှမတွေ ဘေးရန်ကင်းပြီး ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လမ်းကြပါစေ...