ကျွန်တော်တို့အဖွဲ့
ကျောင်းဖွင့်ပြီး တစ်လလောက်ကတော့ စာရယ်လို့ ကောင်းကောင်းမသင်ပါဘူး။ကျောင်းသားမစုံ သေးတာကို အကြောင်းပြပြီး တစ်ချိန်နှစ်ချိန်လောက် ၀င်ပြီးဆရာတွေက မိတ်ဆက်တာ လောက်ပဲ။ တက္ကသိုလ်ဆိုတာ ဘယ်လိုကြီးလဲပေါ့။နောက်တော့လည်း နားလည်သွားပါတယ်။ ပါမောက္ခ ဆရာကြီး ဆရာကြီးတွေ အတန်းချိန် ၀င်သင်တော့ ပြောတာတွေကလည်း မြန်သလားမမေးနဲ့။ စာအုပ်ကို ဖတ်ပြပြီးပြောသွားတာ ဆိုတော့ ကျောင်းသားတွေက ဘာကို လိုက်ရေးရမှန်း မသိဘူး။တစ်ခါတစ်လေ စာရှင်းပြရင်းက သင်ပုန်းပေါ်မှာ ချရေးတာလေးကိုပဲ လိုက်မှတ်ရတာပေါ့။သူများတွေပြောတဲ့ လက်ချာလိုက်တာ ဆိုတာကို ကိုယ်တွေ့ကြုံမှ နားလည်မိတယ်။ဒီလိုနဲ့ ဆရာတွေ တစ်ယောက်ပြီးတစ်ယောက် ၀င်သင်။ ရေးခိုင်းတော့ ရေးမှတ်လိုက်၊ ပြောပြတာကို နားထောင်လိုက်နဲ့ပဲ တက္ကသိုလ် စာသင်ကြားမှု့စနစ်ကို ရင်းနှီးလာပါတယ်။ကျောင်းဖွင့်တာလဲ အနည်းငယ်ကြာလာတော့ သူငယ်ချင်းအပေါင်းအသင်းတွေလည်း ရှိလာတယ်။ပေါင်းသမျှကလည်း ဘ၀တူ တောသားတွေကြည့်ပါပဲ။မြို့သားဆိုလို့ ကျွန်တော်တို့ အဖွဲ့မှာ မိတ္ထီလာသား တစ်ယောက်ပဲပါတယ်။ ကျန်တာ တွေက အားလုံးတောသားတွေ များတယ်။ရွာမှာဗွီဒီယိုတွေ ကြည့်ရတုန်းကတော့ တက္ကသိုလ်ကျောင်းသားတွေ များမိန်းခလေးတွေနဲ့ အဖွဲ့လိုက် ပျော်ပျော်ပါးပါး စလိုက်နောက်လိုက်နဲ့ တကယ်ကိုပျော်စရာပါပဲ။ကျွန်တော်တို့ အဖွဲ့ကတော့ မိန်းခလေးတစ်ယောက်မှ မပါဘူး။ပထမနှစ်ကျောင်းသားတွေဆိုတော့ မိန်းခလေးတွေနဲ့လည်း သိပ်ပြီး မရင်းနှီးကြသေးတာလည်း ပါတာပေါ့ဗျာ။ နောက်တော့လည်း မေဂျာတူဆိုတဲ့ စိတ်နဲ့ မောင်နှမတွေလို ခင်မင်သွားကြတော့ ပျော်ဖို့ကောင်းပါတယ်။ပထမနှစ်မှာ မောင်မယ်သစ်လွင် ကြိုဆိုပွဲဆိုတာကို လုပ်ပေးတယ်။ ကျောင်းကိုဝင်လာတဲ့ ပထမနှစ်ကျောင်းသူကျောင်းသား အားလုံးအတွက် လုပ်ပေးတာပါ။ပွဲရယ်လို့တော့ ထူးထူးခြားခြား မပါပါဘူး။ ပါမောက္ခချုပ် ကမိန့်ခွန်းပြောပြီး သက်ဆိုင်ရာ ဌာနအသီးသီးက ပါမောက္ခဆရာကြီး ဆရာမကြီးများနဲ့ မိတ်ဆက်ပေးတယ်။ ကျောင်းကို ၀င်ရောက်လာကြလို့ နွေးထွေးစွာကြိုဆိုပါကြောင်း၊ ကျောင်းစည်းကမ်းနဲ့ ပတ်သက်တာတွေ ပြောကြာတာလောက်ပါပဲ။ နောက်မှ သက်ဆိုင်ရာ ဌာနအလိုက် မေဂျာဝဲလ်ကမ်း ပြန်လုပ်ပေးပါတယ်။မေဂျာဝဲလ်ကမ်း မှာတော့ ဌာနတခုချင်းစီ ပြုလုပ်တာဆိုတော့ ဌာနတစ်ခုနဲ့ တစ်ခုမတူရလေအောင် အစီအစဉ်လေးတွေနဲ့ ဖျော်ဖြေတင်ဆက် ကြပါတယ်။အစားအသောက်ကတော့ ဒံပေါက်နဲ့အအေး ကျွေးပါတယ်။ဖျော်ဖြေရေးအနေနဲ့ကတော့ သီချင်းဆို ၀ါသနာပါသူကသီချင်းဆို၊ အက၀ါသနာပါသူက အက၊ တေးသရုပ်ဖော်၊ ဟာသ စတဲ့အစီအစဉ် လေးတွေနဲ့ ပျော်ပျော်ပါးပါး တင်ဆက်ကြပါတယ်။နောက်တစ်ခုက တက္ကသိုလ်မှာ ထင်ရှားတဲ့ ကွင်း(Queen) ကင်း(King) ဆိုတာကို မေဂျာဝဲလ်ကမ်းမှာပဲ ရွေးပါတယ်။ ကျွန်တော်တို့ မေဂျာကတော့ ပွဲမကျင်းပခင် ကတည်းက ရုပ်ရည်အသင့်တင့် ရှိသူ ယောကျာ်းလေးဆယ်ယောက် မိန်းခလေးဆယ်ယောက်စီ ဆရာမတွေက ဦးဆောင်ပြီးရွေးပါတယ်။ ၀ဲလ်ကမ်းနေ့မှာ အဲ့ဒီအရောက် နှစ်ဆယ်ကို ရှေ့ထွက်ခိုင်းပြီးတော့ ပရိတ်သတ်နဲ့ မိတ်ဆက်ပေးပါတယ်။ ပရိတ်သတ်ဆိုတာကလည်း မေဂျာတူ မောင်နှမတွေပါပဲ။ အတန်းကြီးတဲ့ အစ်ကိုအစ်မတွေ ပေါ့။အားလုံးတစ်ယောက်ချင်းစီ မိတ်ဆက်ပြီးတော့ ပရိတ်သတ်ကနေ မဲပေးပြီးတော့ မဲများဆုံးလူကိုရွေးချယ်ပါတယ်။မှတ်မိပါသေးတယ် ဆရာမတွေ လက်ရွေးစင်ဆယ်ယောက်စီ လာရွေးတော့ ကိုယ့်ကိုကိုယ် ယုံကြည်တဲ့သူက ခေါင်းတွေမော့ထားပါ။ ကိုယ့်အကြောင်းကိုယ်သိတဲ့ သူတွေကတော့ ခေါင်းငုံ့ထားဆိုပြီး ဆရာမတွေက ရယ်စရာပြောပါသေးတယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့ တောသားအဖွဲ့ ခေါင်းတွေငုံ့နေလိုက်ကြတာ ခုံအောက်ကို ၀င်တောမတတ်ပါဘဲ။ကျွန်တော်တို့နှစ်က မေဂျာကွင်းကို မလှိုင်နားက ရုန်းစင်ကြီးသူ ရသွားပါတယ်။ ကင်းကိုတော့ မိတ္ထီလာသားက ရသွားပါတယ်။ ကင်းက ကျွန်တော်တို့မေဂျာ ယောကျာ်းလေးတွေထဲမှာ အသက်အငယ်ဆုံးဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းက တော့ ဘာမှမဟုတ်ခဲ့သလိုနဲ့ အခုအချိန်မှာ ပြန်ပြီးတွေးကြည့်တော့ တကယ်လွမ်းမောဖွယ်ရာ တက္ကသိုလ်နေ့ ရက်လေးတွေပါပဲဗျာ။ နောက်ပြီးတော့ ကျွန်တော်တို့မေဂျာဝဲလ်ကမ်းမှာ နှစ်စဉ်ပါတဲ့ အစီအစဉ်တခုက ဓာတုကလျာ ရွေးချယ်တာဖြစ်ပါတယ်။ ရုပ်ရည်အသင့်တင့်ရှိတဲ့ ကျောင်းသူတွေကို ရွေးပြီးတော့ ဆရာမဆရာမတွေနဲ့ ကျောင်သူကျောင်းသားတွေက မဲပေးပြီးရွေးချယ်ပါတယ်။ ကိုအံ့ကြီးရဲ့ ယဉ်တစ်ကိုယ်မယ် သီချင်းနဲ့ ကိုယ်ဟန်ပြ လမ်းလျှောက်ရပါတယ်။ အဲ့ဒီထဲကမှ အကောင်းဆုံးတစ်ယောက်ကို ရွေးပြီး ဓာတုကလျာစာတမ်းပါ စလွယ်နဲ့သရဖူ ချီးမြှင့်ပါတယ်။ ကွင်းနဲ့ဓာတုကလျာက တစ်ယောက်ထဲတော့ ရတဲ့နှစ်မရှိပါဘူး။ ဓာတုကလျာမှာက ကိုယ်ဟန်ပြလမ်းလျှောက် မှု့ကိုကြည့်ပြီးဆုံးဖြတ်တာဖြစ်ပါတယ်။ဖျော်ဖြေမှု့အပိုင်းမှာတော့ သင်္ကြန်အက၊ တေးသရုပ်ဖော်၊ တစ်ပင်တိုင်အက စသည့်ဖြင့် ဖျော်ဖြေကြပါတယ်။ ပထမနှစ်မှာ ခေါင်းငုံနေခဲ့ကြတဲ့ ကျွန်တော်တို့တောသားတွေလည်း ဒုတိယနှစ်၊တတိယနှစ် မေဂျာဝဲလ်ကမ်းတွေမှာ သီချင်းလည်းတက်ဆိုပါတယ်။ တေးသရုပ်ဖော်မှာလည်းဝင်ပါတယ်။ မီပုံပွဲကတဲ့ အထဲမှာလည်း မလွတ်ရပါဘူး။ တောသားလည်း မြိုပါးဝ သွားပြီပေါ့ဗျာ။
ကျွန်တော်နဲ့သူငယ်ချင်းများ
ဒုတိယနှစ်မှာတော့ တက္ကသိုလ်အကြောင်း သိသွားပြီဆိုတော့ ကျောင်းကိုအစောသွားမအပ် ဖြစ်တာ့ဘူး။ ကျောင်းဖွင့်ပြီးလို့ လ၀က်လောက်နေမှ သွားအပ်ပြီးတစ်ခါထဲ ကျောင်းတက်တယ်။ ပထမနှစ်မှာ တုန်းက ယောင်လည်လည်နဲ့ ကျွန်တော်၊ ကျောင်း ကဲင်တင်း(Canteen) ဆိုင်ကို ကိုယ်နဲ့မဆိုင်သလို နေခဲ့တဲ့ ကျွန်တော် ဒုတိယနှစ်မှာတော့ သူငယ်ချင်းတွေနဲ့ အတူကဲင်တင်းမှာ ထိုင်တတ်ပါပြီ။ဒုတိယနှစ်မှာ ဂုဏ်ထူးတန်း ခွဲမယ်ပြောလို့ စာတွေလည်း တစ်ဖက်က လုပ်ရင်းနဲ့ တက္ကသိုလ်ကျောင်းသား ဘ၀ဆိုတာလေး ကိုဖြတ်သန်းခဲ့ပါတယ်။ သူငယ်ချင်းတွေနဲ့လည်း ပျော်လိုက်ပါးလိုက် စလိုက်နောက်လိုက်နဲ့ ဒုတိယနှစ် နောက်ဆုံးစာမေးပွဲကို ရောက်လာခဲ့တယ်။ စာမေးပွဲတွေ ဖြေဆိုပြီးလို့ သူငယ်ချင်းတွေနဲ့ ခွဲကြရပြန်တော့ လည်းစိတ်ထဲမှာ ၀မ်းနည်းမိပြန်တယ်။ကျောင်းပိတ်လို့ ရွာပြန်ရောက်တော့လည်း တက္ကသိုလ်က အကြောင်းလေးတွေကို ပြန်လည်မျှဝေဖြစ်ခဲ့တယ်ပေါ့။ စာမေးပွဲအောင်စရင်းထွက်တော့ ကျွန်တော်တို့အဖွဲ့က အားလုံးနီးပါး ဂုဏ်ထူးတန်းဝင်ခဲ့တယ်။ ယောကျာ်းလေးတွေထဲမှာ ကျွန်တော်ရယ်၊ မလှိုင်နားက ရွာမှ ၀င်းထိုက်ကျော်၊ ပုဂံညောင်ဦးသား ၀င်းကိုကို၊ အောင်ကျော်မိုး၊ ရှမ်းပြည်နယ် တီဂျစ်နားက လုံးပိုးရွာမှ ခွန်ကြီး(ခ)ခွန်အောင်နိုင်မိုးရယ်၊ မိန်းခလေးတွေထဲက ထွေးထွေးညွန့်၊ ၀မ်းတွင်းသူ မစန္ဒာ၊ ရွေဘိုသူ သင်းဆွေဦး၊ ကျောက်ပန်းတောင်သူ ခိုင်ယဉ်မွန်၊ သဲတောသူ ချိုချိုနွဲ့၊ ရမည်းသင်းသူ ချိုချိုနွယ်နဲ့သူဇာဝင်း၊ သာစည်သူ သဲစုလွင်(ယခု လထ/ကထိက တိမွေးကု တက္ကသိုလ်ရေဆင်း)၊ ကျောက်ပန်းတောင်မြို့နယ်က လဲဂွရွာသူ နန်းနွယ်၊ မိတ္ထီလာသူများဖြစ်ကြတဲ့ ရွှေရည်ဝင်းနဲ့ခင်သိပ္ပံ၊ မိတ္ထီလာတောမသူ အေးသန့်ချို(သူက ဂုဏ်ထူးတန်းပြီးတော့ အထက်တန်းပြဆရာမ ၀င်လုပ်)၊စန်းညွှန့်ရွှေ(သူလည်းယခုအထက်တန်းပြ ဆရာမ) အပါအ၀င် ကျွန်တော်တို့ သူငယ်ချင်းတွေ ဂုဏ်ထူးတန်းတက်ခွင့်ရခဲ့ရတယ်။တတိယနှစ်မှာတော့ ကျန်တဲ့သူငယ်ချင်း တွေနဲ့အတူ စာသင်ကြရသေးတယ်။ မေးခွန်းမှာတော့ ကျွန်တော်တို့အဖွဲ့က တစ်စုံဖြေရတယ်။ သူတို့တွေက သုံးနှစ်နဲ့ ကျောင်းပြီးသွားတော့ ကျွန်တော်တို့ အဖွဲ့တွေက ဒုတိယနှစ်ဂုဏ်ထူးတန်းဆိုတော့ တစ်နှစ်ဆက် တက်ဖို့ကျန်နေခဲ့ရတယ်။ ဒုတိယနှစ်ဂုဏ်ထူးတန်းမှာတော့ အရင်နှစ်တွေကလို သူငယ်ချင်းတွေ မများတော့ဘူးပေါ့။ ရှိတဲ့အဖွဲ့လေးနဲပဲ ပျော်အောင်နေခဲ့ကြတယ်။ မေဂျာဝဲလ်ကမ်းတွေမှာလည်း နောက်က ရောက်လာတဲ့ ညီလေးညီမလေးများကို ဦးဆောင်ပြီး သူတို့နဲ့အတူ ပျော်ပွဲရွှင်ပွဲတွေကို ဆင်နွှဲရင်းနဲ့ ကျန်ရှိတဲ့ တက္ကသိုလ်နေ့ရက်လေးတွေကို ဖြတ်သန်းခဲ့ကြပါတယ်။ ကျွန်တော်တို့ အဖွဲ့ထဲကပဲ မဟာသိပ္ပံတန်း ဆက်တက်ဖို့ ရကြပါတယ်။ တချို့လည်း ဂုဏ်ထူးတန်း ပြီးတော့ ဆက်မတက်ကြတော့ဘူး။အားလုံးက ကျောင်းပြီးတော့ ကျောင်းကြီးကို ခွဲသွားကြပေမယ့် တက္ကသိုလ်ဆိုတာ ကိုယောင်လည်လည်နဲ့ ရောက်လာခဲ့တဲ့ တောသားကျွန်တော်ကတော့ ကျောင်းက ဓာတုဗေဒဌာနမှာ သရုပ်ပြတာဝန်နဲ့ ဆက်ပြီးတော့ ကျောင်းထဲမှာ ကျန်နေခဲ့တယ်။အချိန်ဘယ်လောက်ကြာမှ နောက်တက္ကသိုလ် တခုကို ယောင်လည်လည်နဲ့ ကျောင်းသားအဖြစ်မဟုတ်ပဲ သရုပ်ပြယောင်လည်လည် အဖြစ်နဲ့ ရောက်မလဲဆိုတာကိုတော့ စောင့်မျှော်နေရင်းနဲ့သာ....
(၂၀၀၂ ခုနှစ်တက္ကသိုလ်ဝင်တန်းအောင် မိတ္ထီလာတက္ကသိုလ်မှာ ဓာတုဗေဒမေဂျာနဲ့ ကျောင်း အတူတက်ခဲ့ကြသော သူငယ်ချင်းများသို့ အမှတ်တရ...)
0 comments:
Post a Comment