Pages

Saturday, March 23, 2013

ဆေးဖက်ဝင်မယ်ဇလီကြီးရွက်...

မယ်ဇလီကြီးပင်...

အပေါ်ကအပင်ပုံလေးကို လူတိုင်းမြင်ဖူးတွေ့ဖူး ကြမယ်ထင်ပါတယ်။ ရွှေညာသားလေးတို့ဆီမှာတော့ မယ်ဇလီကြီးလို့ခေါ်ပါတယ်။ မယ်ဇလီအသေးကတော့ တန်ဆောင်မုန်းလပြည့်ညမှာ သုတ်စားတဲ့အပင်ပါ။ မယ်ဇလီကြီးကတော့ ဆေးအဖြစ်နဲ့သုံးတာများပါတယ်။ အပင်အရွယ်အစားကလည်း မယ်ဇလီအသေးနဲ့ ယှဉ်ရင် ပင်နိမ့်အမျိုးအစားပါ။ အရွက်တွေကတော့ မယ်ဇလီအသေးထက်ကြီးပါတယ်။ အပွင့်ချင်းလည်း မတူပါဘူး။ အရွက်ရဲ့ အရသာက ခါးသက်သက်ရှိပါတယ်။ မယ်ဇလီကြီးရွက်ကို အထူးသဖြင့် ၀မ်းနှုတ်ဆေး အဖြစ်အသုံးပြုပါတယ်။ အသုံးပြုတာကတော့လွယ်ပါတယ် မယ်ဇလီကြီးအရွက် မနုမရင့်ကို ညနေထမင်း စားချိန်မှာ ထမင်းနဲ့အတူ ရောစားပေးလိုက်ယုံပါပဲ။ ရွက်မွှာလေး နှစ်ရွက်သုံးရွက်လောက်ဆိုရင် လုံလောက်ပါတယ်။ အစ်မတစ်ယောက်ကို ဆေးနည်းပေးတာ သူကအညွှန့်လေးတစ်ခက်ကို ခူးပြီးတော့ ငါးပိရည်နဲ့တို့စားလိုက်တယ်တဲ့။ စားပြီးတော့ အစွမ်းပြလိုက်တာ အိမ်သာကိုလေးငါးခါလောက်ပြေးလိုက်ရ တယ်လို့ပြောပါတယ်။

နောက်တစ်နည်းကတော့ ယောကျာ်းလေးများ  ပေါင်တွေမှာ မှိုစွဲတဲ့အခါ မယ်ဇလီကြီးရွက်က အတော်လေး အသုံးဝင်ပါတယ်။ မှိုစွဲတယ်ဆိုတာ ပွေးကဲ့သို့ အနာပုံစံမဖြစ်ပါဘူး။ အသားအရေမှာ ငါးပြားစေ့ ဆယ်ပြားစေ့၊  အရွယ်ခန့်ဖြူဖြူအကွက်တွေဖြစ်တာပါ။သိပ်တော့မနာပေမဲ့ အင်မတန် ယားပါတယ်။ ထူးသဖြင့်ပေါင်ကဲ့သို့သော အလင်းရောင်ကောင်းကောင်း မရတဲ့နေရာမျိုးတွေမှာ ဖြစ်တတ်ပါတယ်။ပေါင်မှာ
ဖြစ်တာဆိုတော့ လူကြားထဲ ကုတ်ပြန်ရင်လည်း အမြင်မတော်ဘူးလေ။ အတော်ကို ဆိုးပါတယ်။ ရေနဲ့ ဗက်တီးရီးယား ပိုးတစ်ခုခုကြောင့်ဖြစ်တယ်လို့ ထင်ပါတယ်။ ဆရာဝန်မဟုတ်တော့ သေချာတော့မသိပါဘူး။


မှတ်မှတ်ရရရွှေညာသားလေး ဆယ်တန်းနှစ်ကကျောင်းတက်တဲ့ ဘော်ဒါဆောင်မှာ ဖြစ်ဖူးပါတယ်။ရွှေညာ
သားလေးကအပြင်ကနေတက်တာမို့ သူငယ်ချင်းတွေနေတဲ့ အဆောင်ပေါ်သွားသွားလည်ပါတယ်။အဲ့ဒီမှာ နမ့်ဆန်ဘက်က ဂေါ်ရခါးသူငယ်ချင်းတစ်ယောက်က သူ့မှာအဲ့လိုဖြစ်နေတယ်ငါ့ကိုဆေးရှိရင်ပေးပါအုံးဆို လို့အိမ်မှာရှိတဲ့ မယ်ဇလီရွက်ကိုခူးပေးလိုက်ပါတယ်။ ကုတာကတော့လွယ်ပါတယ်ဖြစ်နေတဲ့မှိုကွက်ပေါ်ကို မယ်ဇလီကြီးအရွက်နဲ့ခပ်နာနာလေးပွတ်ပေးယုံပါပဲ။နှစ်ရက်လောက် ပွတ်တိုက်ပေးလိုက်ရင်လုံးဝပျောက် ပါတယ်။အဲ့ဒီဂေါ်ရခါးသူငယ်ချင်းအနာပျောက်သွားတော့မှတခြားသူငယ်ချင်းတွေကလည်းဆေးနည်းမေး ကြပါတယ်။ နောက်ဆုံးတော့ ယောကျာ်းလေးဆောင်တစ်ဆောင်လုံး ဖြစ်နေတယ်ဆိုတာသိလိုက်ရတယ်။ ဘယ်လောက်ထိလဲဆို အဒေါ်အိမ်မှာရှိတဲ့ မယ်ဇလီကြီးပင်က အရွက်လည်း အနုအရင့်တစ်ရွက်မှကို မကျန်အောင်ပါပဲ။ အဒေါ်က ကောင်လေး ဒီအပင်ကအရွက်တွေ ပိုးစားတာထင်တယ်နော်တဲ့ ပြောင်နေတာ ပဲလို့ပြောပါတယ်။ ဆေးကုသမားလည်း အင်းဟုတ်မှာပေါ့အဒေါ်လို့ ပြုံးစိစိနဲ့ပြောလိုက်ပါတယ်။

ဆေးဆရာလည်း အကုကောင်းလို့ မှိုစွဲခံရပါသေးတယ်။ ကိုယ်တိုင်ကုဖို့ကျတော့ဆေးကမကျန်တော့ပါဘူး။ ကိုယ့်အလှည်ကျတော့ အပင်ကကျန်တဲ့အရိုးကို ကျောက်ပြင်မှာသွေးပြီး လိမ်းလိုက်ရပါတယ်။မယုံမရှိနဲ့  ကိုယ်တွေ့ပါဗျာ။ ဖြစ်တာတော့ဖြစ်ခဲပါတယ်။ ဒါပေမဲ့ဖြစ်လာခဲ့ရင် ဆေးနည်းသိတော့ ငွေမကုန်ပဲအလွယ် တကူကုသလို့ရတာပေါ့ဗျာ။ ၀မ်းနှုတ်ဆေးအတော်များများမှာသုံးပါတယ်။သူတို့ဆေးညွှန်းမှာတော့ ဘုမ္မရာဇာ ဆိုတာ မယ်ဇလီကြီးကိုပြောတယ်လို့ ထင်ပါတယ်။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို အခြားနာမည်အခေါ်အဝေါ်များလည်း ရှိနိုင်ပါတယ်။ တခြားနာမည်လေးများရှိရင်လည်း ဗဟုသုတ အဖြစ်မျှဝေပေးစေချင်ပါတယ်ဗျာ။ 

ရွှေညာသားလေးဆီကို လာရောက်လည်ပတ်ရင်း အနည်းငယ်မျှသော ဗဟုသုတလေးရသွားတယ်ဆိုရင် ၀မ်းသာပါတယ်။ ကျွန်တော့်မိတ်ဆွေ ညီအစ်ကိုမောင်နှမများအားလုံး ရောဂါကင်းဝေးပြီး ကျန်းမာချမ်းသာ ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်ဗျာ။
မျိုးခန့်(စကားဝါမြေ)

Sunday, March 17, 2013

ကျောက်ဖရုံသီးနဲ့ အညာအလှူ






ကျောက်ဖရုံပင်ကိုလူတိုင်းမြင်ဖူးကြမည်ထင်ပါတယ်။ ကျုပ်တို့ရွာမှာတော့ အခုလိုနွေရာသီ အလှူတွေပေါ တဲ့အချိန်ဆို ကျောက်ဖရုံးသီးစိုက်တဲ့သူက ၀င်ငွေကောင်းကြတယ်။ ဘာလို့လဲ ဆိုတော့ အလှူရှင်က အလှူ လှူဖို့ စီစဉ်ပြီဆိုကတည်းက အကျွေးအမွေးအတွက် ကျောက်ဖရုံသီးကို မပါမဖြစ် ထည့်စီစဉ်ရတယ်။ ရွာရဲ့ထုံးစံက အလှူဝင်နေ့ညနေ ကစပြီးတစ်ရွာလုံး မီးခိုးတိတ်ကျွေးတာဆိုတော့ ၀က်သားကျွေးတဲ့ အလှူဆိုရင် အလှူဝင်နေ့ ညနေပိုင်းမှာ ကျောက်ဖရုံသီးနဲ့ ၀က်ကလီစာကို ချက်ကျွေးတဲ့ဓလေ့က ယနေ့ထိတိုင်ပါပဲ။ ကျောက်ဖရုံသီးများများ ၀က်ကလီစာ ပါလေကာနဲ့အလှူဝင်ညနေထမင်းက စားလို့ အတော်ကောင်းပါတယ်။

အလှူပွဲကြီးနေ့မှာတော့ ၀က်သားဟင်းနဲ့ချဉ်ပေါင်ရွက်ချဉ်ရည်ဟင်း၊ ငါးပိကြော် နဲ့ ဖိတ်ကြားထားသမျှ ရပ်နီးရပ်ဝေးဧည့်သည်တွေကိုကျွေးမွေးဧည့်ခံပါတယ်။ ထမင်းဆိုလည်း အလျှံအပယ်၊ ဟင်းဆိုလည်း မိုးဗြဲဒယ်လေးငါးလုံးခန့်နဲ့ လာသမျှလူမစားရသူမရှိအောင် အလှူ့ရှင်က ကျွေးမွေးပါတယ်။

အိမ်ဝိုင်းထဲမှာ ကျောက်ဖရုံပင် သုံးလေးပင်လောက်စိုက်ထားရင် ငွေသုံးလေးထောင်ကတော့ အသာလေး ပါ။ ကျောက်ဖရုံပင်ကစိုက်ထားပြီးရင်အထူးတလည် ပြုစုနေဖို့မလိုပါဘူး။ နွားတင်ကုတ်အမိုးပေါ်တင်ပေးလိုက် ရင် သူ့ဘာသာဖူးပွင့်ပြီးသီးနေတာပါပဲ။ တချို့လည်းစင်ခံပြီးတော့ စိုက်ကြတယ်။ တချို့လည်း တောထဲက အသစ်တက်ထားတဲ့လယ်ကန်သင်းမှာ စိုက်ကြတယ်။ ကျောက်ဖရုံသီးတွေ ရင်မှည့်လာပြီဆိုရင် အခွံတွေက ဖြူပြာပြာဖြစ်လာပါတယ်။ 

နွားတင်းကုတ်အမိုးပေါ်မှာများ ကျောက်ဖရုံပင်တင်ထားရင် ကျောက်ဖရုံသီတွေရင့်တဲ့အခါဆို အဝေးကနေ ကြည့်ရတာ အမြင်တစ်မျိုးကောင်းလှတယ်။ လသာတဲ့ ညမျိုးတွမှာ ဖြူဖွေးဖွေးကျောက်ဖရုံသီးတွေကို တင်းကုတ်အမိုးပေါ်မှာ အထင်းသားမြင်တွေ့နိုင်ပါတယ်။ နောက်ပြီး တခြားအသီးအနှံလို လှည့်လည်ရောင်း ချစရာမလိုဘူး။ ကျောက်ဖရုံသီးရှိတယ်ဆိုတာသိရင် ၀ယ်ချင်သူက အိမ်တိုင်ယာရောက်လာဝယ်ပါတယ်။ တခြားရွာတွေကလည်း လှည်းနဲ့လာဝယ်ကြတယ်။ အရင်းမရှိ အမြတ်များများရတဲ့ သီးနှံတစ်မျိုးပေါ့ဗျာ။

ကျောက်ဖရုံသီးကို မနုမရင့်အချိန်မှာ ဟင်းချိုချက်စားရင်လည်း စားလို့ကောင်းပါတယ်။ သူ့အရွက်ကတော့ ဖရုံရွက်နဲ့ယှဉ်ရင် အမွှေးထူတာကြောင့် သိပ်ပြီးဟင်းချက်မစားကြပါဘူး။ အကောင်းဆုံးတွဲဖက်ကတော့ ၀က်ကလီစာ ဒါမှမဟုတ် ၀က်သားနဲ့ အတော်လေး ဖက်မိပါတယ်။ ကျုပ်ကတော့ ရွာကအလှူတွေမှာ  ကျွေးနေကျ ၀က်ကလီစာနဲ့ချက်တာကိုပဲ စားဖူးပါတယ်။ နောက်ပြီး အဲ့ဒီဟင်းက လူရွှင်တော် တွေအတွက် ပျက်စရာပြက်လုံးတစ်ခုလည်း ဖြစ်ပါတယ်။ အလှူဝင်နေ့ည အငြိမ့်စင်ပေါ်ရောက် ရင် လူရွှင်တော်တွေ အမြဲတမ်းထည့်ပြက်တဲ့ ပြက်လုံးပေါ့။ အဓိကကတော့ ဟင်းထဲမှာ ကျောက်ဖရုံသီးက များများဝက်ကလီစာကနည်းနည်းမို့ဝက်ကလီစာဖတ်ဘယ်လိုရှာရတယ်ဆိုတာကိုရယ်စရာအဖြစ် ပြက်တာပါ။

ကျောက်ဖရုံသီးကို ဆေးဘက်မှာလည်းသုံးတယ်လို့တော့ကြာဖူးပါတယ်။ ရွာမှာတော့ သိပ်ပြီးသုံးတာမတွေ့ မိပါဘူး။ ကျောက်ဖရုံယိုဆိုတာလည်း စားတော့စားဖူးတယ် ဘယ်လိုလုပ်လဲဆိုတာမသိပါဘူး။ ရွာမှာတော့ ဟင်းချက်စားတာကလွဲရင် ဆေးဘက်မှာသုံးတာ မတွေ့ဖူးပါဘူး။ သိသူများရှိရင် ဗဟုသုတအဖြစ် မျှဝေပေး ပါအုံးဗျာ....။
မျိုးခန့်(စကားဝါမြေ)

Saturday, March 16, 2013

လက်ပံပွင့်ချိန်...


တစ်နေ့က ကျောင်းသွားရင်း လမ်းမှာပန်းပွင့်နီနီရဲရဲတွေပွင့်နေတာ မြင်လို့ ဘာပင်လဲသေချာကြည့်လိုက်တော့ ရှားရှားပါးပါး လက်ပံပင်တစ်ပင်ဖြစ်နေတယ်ဗျ။ မြို့ပေါ်မှာ လက်ပံပင်မြင်ရဖို့ သိပ်မလွယ်ဘူးလေ။ အညာမှာဆိုရင်တော့ အခုချိန်မျိုး နေပူကျဲကျဲအောက်မှာ ရဲရဲနီနေအောင်ပွင့်တဲ့ လက်ပံပင်တွေကပေါတာကိုး။ နွေရာသီရောက်ရင် နွေလေရူးတွေကတိုက် သစ်ပင်တွေကသစ်ရွက်တွေကြွေ လက်ပံပင်တွေက အပွင့်တွေပွင့် တကယ့်လွမ်းမောစရာကောင်းတဲ့ ရှု့ခင်းတွေပါပဲ။ အခုတွေ့ရတဲ့ လက်ပံပင်ကိုမြင်ရတော့ နွေရဲ့ရှု့ခင်းကတခုခုလိုနေသလို၊ အဓိပ္ပာယ်မဲ့နေသလို ခံစားလိုက်ရတယ်။ ပတ်ဝန်းကျင်က ရိုးတံပြိုင်းပြိုင်း သစ်ပင်တွေအစား အထပ်မြင့်တိုက်တာအဆောက်အအုံတွေ၊ သစ်ရွက်ကြွေတွေအစား လှုပ်ရှားသွားလာနေကြတဲ့ များပြားလှသောလူတွေ၊ ကားတွေက လက်ပံပင်ရဲ့ပတ်ဝန်းကျင်မှာ နေရာယူနေကြတယ်။ အေးမြတဲ့နွေလေရူးတွေအစား ယာဉ်အမျိုးအစာပေါင်းစုံကထွက်တဲ့ မီးခိုးငွေ့တွေ ရောယှက်နေတဲ့ မွန်းကြပ်ကြပ်လေပူတွေက တိုက်ခတ်နေတယ်။ ကျေးငှက်သာရကာတို့ရဲ့အသံတွေအစား ကားသံ၊လူသံ၊ ဆောက်လုပ်ဆဲ တိုက်တာတွေဆီမှ အသံတွေက ဆူညံလို့ နေတယ်။ သြော်...ဘာမဆိုင်ညာမဆိုင် လက်ပံပင်ကိုမြင်တာနဲ့ တောကလက်ပံပင်နဲ့ မြို့ပေါ်ကလက်ပံပင်ရဲ့ ပတ်ဝန်းကျင်ကွာဟမှုလေးကို ယှဉ်ပြီးတော့ တွေးလိုက်မိသေးတယ်။

တခုတော့လည်းကောင်းပါတယ်လေ။ ဒီလက်ပံပင်လေးရှိနေတော့ တောရွာမှာကြီးပြင်းလာခဲ့တဲ့ အညာသားတစ်ယောက် အတွက်တော့ အညာအလွမ်းပြေ လက်ပံပွင့်လေးတွေ ကြည့်နိုင်တာပေါ့။ ရာသီဥတုပူပြင်းနေလို့သာ နွေရာသီရောက်နေပြီဆိုတာ သိရပေမဲ့ ပတ်ဝန်းကျင်မှာတော့ ဒါနွေရာသီပါလားဆိုတဲ့ သင်္ကေတပြစရာရယ်လို့ ထွေထွေထူးထူးမရှိလှဘူးလေ။ ဒီလက်ပံပင်လေး တစ်ပင်ရှိလို့ တော်သေးဗျ။  ကျောင်းသွားကျောင်းပြန် အညာနွေအလွမ်းပြေ ကြည့်ခွင့်ရနေတယ်။ လက်ပံပင်ကိုမြင်တိုင်းလည်း ရွာကဆွေမျိုးသားချင်တွေကိုသတိရ၊ သူငယ်ချင်းတွေကို သတိရနဲ့ အလွမ်းဝေဒနာတွေက ထထလာတယ်။ 

ရွာမှာကျောင်းတက်တုန်းကတော့ လက်ပံပွင့်ချိန်ရောက်ပြီဆိုရင် နောက်ဆုံးအတန်းတင်စာမေးပွဲတွေဖြေကြ၊ ကျောင်းမှာသူငယ်ချင်းတွေနဲ့ နှုတ်ဆက်ကြ။ စာမေးပွဲနောက်ဆုံးနေ့ဆို ရှိသမျှပေးသမျှမုန့်ဖိုးကို ကျောင်းမှာတင်အကုန်သုံး ပျော်စရာသိပ်ကောင်းခဲ့ရတာပေါ့လေ။ စာမေးပွဲပြီးလို့ ကျောင်းမှရွာသို့ပြန်ရာလမ်းတစ်လျှောက် နေပူပူအောက်မှာ တစ်ယောက်ကို တစ်ယောက်စလိုက်နောက်လိုက်နဲ့ ရွာထိပ်ကလက်ပံပင်ကြီးအောက်ရောက်ရင် ကိုယ်စီဝယ်လာခဲ့တဲ့ မုန့်ထုပ်လေးတွေကို ဖွင့်ဖောက်ပြီး သူငယ်ချင်းတွေ ပျော်ပျော်ပါးပါး စားကြသောက်ကြရင်း အေးအေးလူလူအနားယူပြီးမှ အိမ်ကိုပြန်ကြတာလေ။ တကယ့်အမှတ်တရအဖြစ်လေးတွေပေါ့ဗျာ...။ 

အခုအချိန်ကျတော့လည်း သူငယ်ချင်းတွေနဲ့လည်း တကွဲစီ တချို့လည်းအလုပ်တွေကိုယ်စီနဲ့၊ တချို့လည်းအိမ်ထောင်တွေကျ၊ သားတွေသမီးတွေနဲ့၊ တချို့လည်း တိုင်းတစ်ပါးမှာ အလုပ်တွေထွက်လုပ်သူလုပ် ဒီထဲမှာမှ အခုချိန်ထိ ကျောင်းသားလုပ်လို့ မပြီးသေးတဲ့ ကျုပ်တစ်ယောက်အတွက်သာ လက်ပံပွင့်ချိန်က အဓိပ္ပာယ်ရှိနေတော့တယ်။ လက်ပံပွင့်ချိန်မှာပဲ သူငယ်ချင်းတွေနဲ့ ခွဲခဲ့ရ၊ လက်ပံပွင့်ချိန်မှာပဲ သူတို့နဲ့ပျော်ရွှင်ခဲ့ရတာတွေကို အဆုံးသတ်ခဲ့ရတာဆိုတော့ ကျုပ်အတွက်တော့ လက်ပံပွင်ချိန်ရောက် တိုင်း သူငယ်ချင်းတွေကိုလည်းသတိရရင်း လွမ်းနေရအုံးမှာပါ။ သူတို့တွေကတော့ အကြောင်းကိုယ်စီနဲ့ သတိမှရနိုင်ကြသေးရဲ့ လားမပြောတတ်ပါဘူးဗျာ။ ဘာပဲဖြစ်ဖြစ်လေ လက်ပံပွင့်ချိန်တိုင်းဟာ ကျုပ်အတွက်တော့ ကျောင်းသားဘ၀က အဖြစ်လေးတွေကိုအမြဲတမ်းအမှတ်တရ ဖြစ်စေမှာပါ။ သူငယ်ချင်းတို့ရေ ငါကတော့မင်းတို့တွေနဲ့ ခွဲခွာခဲ့ကြတဲ့ လက်ပံပွင့်ချိန်မှာ အခုထိစာမေးပွဲတွေ ဖြေနေတုန်းပဲကွာ။ မင်းတို့တွေ သတိရမရဆိုတာ ငါမပြောနိုင်ပေမဲ့ ငါ့အတွက်တော့ မင်းတို့ကိုယ်စား လက်ပံပင်နဲ့လက်ပံပွင့်တွေ ရှိနေလို့ ဖြေသာပါသေးတယ်။ လက်ပံပွင့်ချိန်ရောက်တိုင်းလည်း ငါတို့ငယ်ငယ်ကကျောင်းသားဘ၀ကို ငါအမြဲတမ်းသတိရနေမှာပါ....။

အားလုံးပဲ လက်ပံတွေပွင့်တဲ့ နွေရာသီအချိန်လေးမှာ တစ်ချိန်တုန်းက သတိရစရာအဖြစ်လေးတွေကို ပြန်လည် အောက်မေ့နိုင်ကြပါစေဗျာ။  
မျိုးခန့်(စကားဝါမြေ) 

Friday, March 8, 2013

ပန်းကလေးများ....

 ဇွန်ပန်း- အပွင့်သေးသော်လည်း သင်းပျံ့တဲ့မွှေးရနံ့ပေးစွမ်းတဲ့ပန်းလေးတွေပါ။ အိမ်ဝိုင်းထဲမှာဇွန်ပန်းရုံ တစ်ရုံလောက်ရှိလျှင် ပန်းပွင်ချိန်ဆို တစ်အိမ်လုံးမွှေးပျံ့နေတာပါပဲ။ မိတ္ထီလာမှာ တာဝန်ကျနေစဉ်တုန်းက ညနေပိုင်းဆို ဇွန်ပန်းကုံးလေးတွေကိုဝယ်ပြီး ဘုရားလှူပါတယ်။ ဘုရားစင်မှာတင်ထားပေမဲ့ တစ်ခန်းလုံး ကိုမွှေးပျံ့နေတာပါပဲ။ ဇွန်ပန်းလေးတွေ ခြောက်သွားရင်တော့ ရေနွေးထဲမှာ ထည့်သောက်ရင်လည်း အဆင်ပြေပါတယ်။ ကျွန်တော်ကတော့ ရေနွေးကြိုက်သူမို့ ဇွန်ပန်းခြောက်လေးတွေကို လဘက်ခြောက်နဲ့ ရောပြီး ရေနွေးခတ်သောက်ပါတယ်။ အနံ့သိပ်မပြင်းတော့ သောက်ရတာ တစ်မျိုးကောင်း ပါတယ်။ လဘက်ခြောက်အရသာ သီးသန့်ကြိုက်ရင်တော့ မထည့်ပါနဲ့။ စံပယ်ပန်း လဘက်ခြောက် ကြိုက်သူများ စံပယ်ပန်းအစား ဇွန်ပန်းလည်း ထည့်သောက်ရင် ကောင်းပါကြောင်း သတင်းကောင်းပါးပါရစေဗျာ။

 ဇလပ်ပန်း


စံပယ်ပန်း

 ဇီဇ၀ါပန်း

ညမွှေးပန်း
ဒီပန်းလေးတွေထဲမှာ အောက်ဆုံးပုံထဲက ညမွှေးပန်းဆိုတဲ့ ပန်းလေးကို ယနေ့အထိအမှတ်တရ ရှိပါတယ်။  ရွှေညာသားလေး ဘုန်းကြီးကျောင်းသားတုန်းက မနက်အစောစော အိပ်ယာထပြီး ပန်းကောက် ဘုရားလှူခဲ့ရတဲ့ပန်းလေးမို့ပါ။ ရှားရှားပါးပါး ရွာကဘုန်းကြီးကျောင်းမှာ တစ်ပင်တည်းရှိတဲ့ ပန်းပင်လေးပါ။ သူက ညပိုင်းမှပွင့်တာဆိုတော့ နေလည်နေ့ခင်းမှာ ပန်းပွင့်ကိုမမြင်ရပါဘူး။ ညနေပိုင်းရောက်ရင်တော့ ညမှာပွင့်မည့် ပန်းအဖူးလေးတွေကို မြင်ရတတ်တယ်။ ပန်းပင်က ရွာဘက်နဲ့နီးတဲ့ ဘုန်းကြီးကျောင်းဝန်း ခြံစည်းရိုးနားမှာမို့ ရွာထဲကပန်းကြိုက်သူတွေလည်း တခါတခါ လာလာကောက်ပါတယ်။ 

အဲ့ဒီပန်းပွင့်ချိန်ဆိုရင် ဘုန်းကြီးကျောင်းသား ကျုပ်အတွက်တော့ ပန်းကောက်ပြီး ဘုရားလှူရတာ တာဝန်တခုလိုပါပဲ။ ဘုန်းကြီးကျောင်းသားဆိုတော့ မိုးလင်းအောင်လည်း မအိပ်ရဘူးလေ။ မနက်လေးနာရီထိုးပြီ ဆိုတာနဲ့ အိပ်ယာထ မျက်နှာသစ်၊ မီးလင်းဖိုထဲမှာ ရေနွေးအိုးတည်။ ပြီးတာနဲ့ ပန်းပင်အောက် ပန်းသွားကောက်။ ရလာတဲ့ ပန်းလေးတွေကို ရေဖလားထဲမှာ ရေဆေး ပန်းကန်ပြားလေးနဲ့ ထည့်ပြီး ဘုရားရှိခိုးရင်း ပန်းကပ်ပါတယ်။

တခါတလေတော့ ရွာထဲကပန်းလာကောက်သူတွေဦးသွားရင် ကျုပ်အတွက် ပန်းပွင့်ရတာနည်းပါတယ်။ နည်းသော်လည်း ရှိသမျှလေးနဲ့ ၀တ်မပျက်ရအောင်တော့ ကပ်လှူတာပါပဲ။ ဘာရယ်တော့မဟုတ်ပါဘူး အဲ့ဒီအချိန်တုန်းကတော့ ဘုန်းကြီးကျောင်းသားအတွေးနဲ့ ဒီပန်းလေးတွေ အပင်အောက်မှာ အလကားထားရင်လည်း ညှိုးနွမ်းသွားမှာပဲ ဘုရားလှူတော့ ကုသိုလ်ရတာပေါ့ဆိုပြီး ဘုရားပန်းကပ်တာပါ။ အဲ့ဒီလိုလေး မနက်တိုင်းပြုလုပ်ရတော့ စိတ်ထဲမှာလည်း ပျော်ရွှင်မှု့ကိုခံစားရတယ်။ ရေနွေးတည်ရင်း မီးဖိုဘေးမှာထိုင်နေရတာထက် ပန်းပင်အောက်သွားပြီး ပန်းကောက်ရတာက အိပ်ချင်စိတ် ကိုပြေစေတယ်လေ။ ဆောင်းတွင်းဆိုရင် မီးတင်းကုပ်ထဲက မီးဖိုဘေးမှာ ဘုန်းဘုန်းအတွက် ရေနွေးအိုးတည်ရင်း  ပုဆိုးလေးနဲ့ ကွေးပြီးအိပ်ခဲ့ရတာကိုလည်း မှတ်မိသေးတယ်။

 အခုတော့ ငယ်ဆရာဖြစ်တဲ့ ဘုန်းဘုန်းလည်း မရှိတော့ပါဘူး။ ဘုန်းဘုန်းစိုက်ခဲ့တဲ့ ညမွှေးပန်းပင်လေးလည်း မရှိတော့ပါဘူး။ ဘုန်းဘုန်းတပည့်လဲ ရွာကနေထွက်လာ ခဲ့တာ နှစ်တော်တော် ကြာပါပြီ။ ရွာကိုပြန်ရောက်လို့ ဘုန်းဘုန်းကျောင်းကိုရောက်ရင် ငယ်ငယ်က ဘုန်းကြီးကျောင်းသား ဘ၀ကို တွေးမိတိုင်း ဘုန်းဘုန်းကို သတိရမိပါတယ်။ ဘုန်းဘုန်းနားမှာ နေခဲ့ရလို့  ကျုပ်လည်း သစ်ပင်စိုက်ရတာ အတော့်ကိုဝါသနာပါပါတယ်။ ဘုန်းဘုန်းကလည်း ကျောင်းဝန်းထဲမှာ သစ်ပင်တွေ စုံနေအောင်စိုက်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်လူတွေက သိပ်ပြီးဂရုမစိုက်တော့ တော်တော်များများ သစ်ပင်တွေလည်း မရှိတော့ပါဘူး။

လာရောက်လည်ပတ်ရင်း ပန်းလေးတွေကြည့်ပြီး စိတ်ကြည့်နူးမှုရနိုင်ကြပါစေဗျာ။

Saturday, March 2, 2013

ပြောင်းဖူးနဲ့မုန်ညှင်းကြော်

ဒီဟင်းလေး ကစာကြည့်ရင်း ဗိုက်ဆာလာတာနဲ့ နေ့လည်  (၂) နာရီလောက်မှ ကမန်းကတန်း ချက်စားဖြစ်တဲ့ ဟင်းလေးပါဗျာ။ ဗိုက်ကလည်း အရမ်းဆာတာမို့ ပြောင်းဖူးတစ်ဖူးကို ပါးပါးလှီးပြီး မီးဖိုပေါ်ဒယ်အိုးတည် ဒယ်ပူတော့ဆီထည့် ဆီကျက်တော့ လှီးထားတဲ့ပြောင်းဖူးထည့်ပြီး မွှေပါတယ်။ ဒယ်အိုးကို ခဏဖုံးထားပြီး ပြောင်းဖူးကျက်တော့ မုန်ညှင်းနှစ်ပင်ကို ရေဆေးလှီးဖြတ်ပြီးထည့်မွှေပါတယ်။ မုန်ညှင်းလည်းနွမ်းသွားတော့ ဒယ်အိုးကိုမီးဖိုကချပြီးပြောင်းဖူးကြော်ကို ပန်းကန်ထဲပြောင်းထည့် ဒယ်အိုးထဲကို ထမင်းနည်းနည်းထည့်ပြီး နယ်လိုက်ပါတယ်။

 ဗိုက်ဆာနေလို့လားမသိ စားလို့ကောင်းမှကောင်း
 ပြောင်းဖူးနဲ့မုန်ညှင်းကြော်ပါဗျ...


ရေနွေးတစ်ခွက်စာကိုမြန်မြန်လေးတည်၊ ရေနွေးတည်နေတုန်းသရက်ချဉ်သုပ်ဖို့အတွက် ကြက်သွန်နီ တစ်လုံးကိုအခွံခွာ ပါးပါးလှီးပြီး ဆီ၊ဆား စတာတွေနဲ့သရက်ချဉ်ရောပြီး သုပ်ပါတယ်။ ရေနွေဆူတော့ လဘက်ခြောက်ထည့်ပြီး ခပ်သွက်သွက်စားလိုက်ပါတယ်။ ဗိုက်ဆာနေပေမဲ့ စားစရာက အလွယ်မရှိတာကြောင့် အချိန်တိုအတွင်းမှာ ကျက်နိုင်မည့် ဟင်းလေးတွေ ချက်စားရတာလည်း အကျင့်ဖြစ် နေပါပေါ့ဗျာ။ 
 သရက်ချဉ်သုပ်

 ကျုပ်ရဲ့အသည်းစွဲ ရေနွေး

ဗိုက်ကလည်းဆာ ထမင်းပူပူ ဟင်းပူပူနဲ့ စားလိုက်တာ ထမင်းသာကုန်သွားတယ် ဗိုက်ထဲကိုဘယ်လို ရောက်သွားမှန်း မသိလိုက်ဘူးဗျ။ တခါတစ်လေ မနက်စာနဲ့ညစာ တစ်နပ်ပဲစားရတဲ့ အခါလည်းရှိရဲ့။ အမေကတော့ ထမင်းကိုအချိန်မှန်မှန်စားဖို့ ခဏခဏမှာပါတယ်။  အမေသာ အနားမှာရှိ ရင်တော့ ခူးပြီးခတ်ပြီးသား အဆင်သင့်စားယုံပေါ့နော်။ အဝေးရောက်နေမှ အမေ့ကျေးဇူးကိုတကယ် နားလည်မိတယ်။ 

ဆယ်တန်းနှစ်က မှတ်မိသေးတယ်ဗျ။ စာကြည့်ရင်းနောက်ကျောတက်လာပြီဆိုရင် အမေ့ကိုနှိပ်ပေးခိုင်းတာ ။တောထဲမှာမောမောပန်းပန်း လုပ်ရပေမဲ့ သားသမီးဆိုတော့လည်း မညည်းမညူ  နှိပ်ပေးရှာတယ်။ ဒီမှာတော့ စာကြည့်ရင်းနောက်ကျောတက်လည်း ထိုင်ရင်းကနေနောက်ကို လှဲချလိုက်ပြီး အညောင်းဆန့်ရတယ်။ တခါတလေ အညောင်းဆန့်ရင်းပြန်မထနိုင်ဘဲ မိုးလင်းရတယ်။ ပညာရေးအတွက်မို့သာ မဟုတ်ရင်တော့ အမေ့အိမ်နဲ့ တဖ၀ါးမှကို မခွာချင်ဘူး။ ပျော်ရာမှာမနေရ တော်ရာမှာ နေရဆိုတဲ့စကားလိုပေါ့ဗျာ။ ပျော်ရာမှာနေရဖို့အတွက် အခုတော တော်ရာမှာသည်းခံပြီး နေရအုံးမှာပေါ့။ ဟင်းနဲ့လည်းမဆိုင်ဘူးနော်...ဘယ်တွေရောက်ကုန်မှန်း မသိဘူး...။

အားလုံးပဲလာရောက်လည်ပတ်ကြတဲ့ကျုပ်ရဲ့ချစ်ညီအစ်ကိုမောင်နှမတွေ ကျန်းမာချမ်းသာကြပါစေဗျာ။
လေးစားလျက်
မျိုးခန့်(စကားဝါမြေ)