ထန်းစစ်ကြောတံမြက်စည်း - ထန်းပင်းနှင့် ထန်းလက်ကြားမှာ တည်ရှိသည်။ အုန်းပင်များတွင်လည်း ပါရှိသည်။ အုန်းပင်မှ အုန်းစစ်ကြောက ပိုပြီးနူးညံ့သည့်အတွက် အိုးတိုက်ပန်းကန်ဆေးရာတွင် အသုံးပြုသည်။ထန်းပင်မှ ထန်းစစ်ကြောသည် အဆန်အနည်းငယ် တုတ်သည်။ ထို့ကြောင့် ကျွန်တော်တို့ရွာမှာတော့ ထန်းတံမြက်စည်း အဖြစ် ပြုလုပ်အသုံးပြုကြသည်။ပြုလုပ်ပုံမှာ အဆန်ကောင်းသော ထန်းစစ်ကြော သုံးခုခန့်ကို ရေဖြင့်တစ်နာရီခန့် စိမ်ပေးရသည်။ ထို့နောက် သစ်သားချွန်ဖြစ်စေ သံမှိုအကြီးဖြစ်စေ တခုခုဖြင့် ထန်းစစ်ကြောများ ကြားမှ အမွေးများကို ရှင်းလင်းပေးရသည်။ ပြီးလျှင် ထန်းလျှော်ဖြင့် လက်ကိုင်ရန် ထန်းစစ်ကြောများကို စည်းနှောင်ပေးရသည်။ထန်းစစ်ကြော တံမြက်စည်း တစ်ခုဆိုလျှင် လအတော်ကြာ အသုံးပြုနိုင်ပါသည်။ ထန်းတံမြက်စည်းကို အိမ်ဝိုင်းသန့်ရှင်းရေးပြုလုပ်ရာတွင်ဖြစ်စေ၊စပါးတလင်းတွင်ဖြစ်စေ အသုံးပြုကြပါသည်။
ထန်းမြစ်ပုံလေးများ
ထန်းမြစ် - အချို့က ထန်းပြေမြစ် ဟုလည်းခေါ်ကြပါသည်။ ထန်းသီးစေ့အရင့်များကို အသုံးပြုပါသည်။ ထန်းသီးမှည့်မှရသော ထန်းသီးစေ့များကိုလည်း အသုံးပြုကြသည်။အညှောင့်ပေါက်နိုင်သော ထန်းသီးစေ့အရင့်များကို မြေကြီးတွင် တွင်းတူး၍ သဲများနှင့်အတူထည့်ပြီး အပေါ်မှသဲဖြင့်အုပ်ထားပေးရသည်။ မြေကြီးအစား သဲထည့်ရခြင်းမှာ ထန်းမြစ်ဖော်သောအခါ လွယ်ကူစေရန်ဖြစ်သည်။ ထန်းမြစ်ဖြစ်ဖို့ရာ လအနည်းငယ်ကြာသည်။ ထန်းမြစ်များ တူးဖော်ပြီးလျှင်တော့ ပြုတ်၍ဖြစ်စေ မီးဖုတ်၍ဖြစ်စေ စားသုံးနိုင်သည်။ မီးဖုတ်စားတာက အနံ့ပိုမွှေးပါသည်။ ထန်းမြင်မဖြစ်ခင် ထန်းညှောင့်ပေါက်ခါစ အချိန်မှာ ထန်းစေ့များကို ဓားဖြင့်ခွဲကြည့်လျှင် အထဲမှာ အနည်းငယ်အ၀ါရောင်သန်းသော ထန်းချည်ထွေး(ထန်းသီးဆံ) ကိုလည်း စားလို့ရသည်။ အရသာ ချိုပြီး စားလို့အလွန်ကောင်းပါသည်။ ကျွန်တော်တို့ငယ်ငယ်က တောထဲ နွားကျောင်းသွားလျှင် ထန်းတောထဲ သွားပြီး ထန်းပင်အောက် ထန်းညှောင့်များကို ရှာပြီး ထန်းချည်ထွေးများ ခွဲစားခဲ့ဖူးသည်။ အညာဒေသမှာ ရနိုင်သော သဘာဝအစားအစာလေးများ ဖြစ်ပါသည်။
ထန်းသား - ထန်းပင်ကိုယ်ထည်ကို အသုံးပြုသည်။ အိမ်ဆောက်ရာတွင်ဖြစ်စေ နွားတင်းကုတ်တွင်ဖြစ်စေ သစ်သားအစား အသုံးပြုကြသည်။ ကျွန်တော်တို့ရွာမှာတော့ အခြားသစ်သားများပေါ၍ ထန်းသားကို အသုံးပြုသူနည်းသည်။ ထန်းသားသည်လည်း အခြားသစ်သားများနည်းတူ အိမ်၏ ထုပ်၊ယောက်၊ကြမ်းခင်းအောက်ခံဆင့် စသည့်ဖြင့် အသုံးပြုလျှင် နှစ်ပေါင်းများစွား အသုံးခံသည်။ထန်းပင်ကိုယ်ထည်ကို သင့်တော်သော အရွယ်အစားအပိုင်းလေးများဖြတ်ပြီး ထိုင်ခုံလေးများအဖြစ် အသုံးပြုကြသည်။ ထန်းပင်းမြစ်ဆုံကိုတော့ ရေအိုးတင်ရန် အသုံးပြုနိုင်သည်။ထန်းစေ့အခွံ၊ထန်းသီးခိုင်အညှာ၊ထန်းလက်ခြောက် စသည့်ထန်းပင်မှ ရသော အစိတ်အပိုင်းများကို အိမ်ဝိုင်းတစ်နေရာရာတွင် စုပုံထားပြီး ခြောက်သွေ့သောအခါ ထင်းအဖြစ်အသုံးပြုကြသည်။ ထန်းမြစ်ပြုလုပ်ရာမှာ ကျန်ရစ်သော ထန်းစေ့ခွံသည် ထမင်းချက်ရာတွင် ထင်းအဖြစ်အသုံးပြုရန် အလွန်ကောင်းသည်။ ကျွန်တော်တို့ရွာမှာတော့ သစ်တောများပေါသဖြင့် အခြားထင်းများကိုသာ အသုံးပြုသူများသည်။ ထန်းပင်မှရသော ထန်းစေ့ခွံ၊ထန်းလက်ခြောက်၊ထန်းသီးခိုင်အညှာ စသည့်တို့ကို ညအခါ နွားများကို မှက်၊ခြင်၊ယင် စသောပိုမွှားများ မကိုက်စေရန် နွားမီးဖိုရာတွင် အသုံးများပါသည်။
ယခုကျွန်တော်ပြောခဲ့သော ထန်းပင်နှင့်ပတ်သက်တဲ့ အသုံးဝင်ပုံလေးများသည် ကျွန်တော်တို့ရွာမှာ နေထိုင်သောရွာသူရွာသားတောင်သူလယ်သမားတို့၏ ပြုလုပ်အသုံးပြုပုံလေးများ၊ကျွန်တော်ကိုယ်တိုင် အသုံးပြုခဲ့ဖူးသော ထန်းပင်ထွက် ပစ္စည်းလေးများအကြောင်းကို ဗဟုသုတ အလို့ငှာ ပြောပြခြင်းဖြစ်ပါသည်။ "တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း"ဆိုသလို ဒေသအလိုက် အခေါ်အဝေါ် လေးများ ကွဲပြားကောင်းကွဲပြားနိုင်ပါသည်။အမှားများပါခဲ့ပါလျှင် ကျွန်တော့်အားနည်းချက်သာဖြစ်ပါသည်။ကိုယ့်မွေးရပ်ဇာတိကို သတိရမိတဲ့စိတ်နဲ့အတူ အညာဒေသ၏ ရိုးရာဓလေ့စရိုက်လေးများကို သိရှိစေရန် ရည်ရွယ်ပြီး ပြောပြခြင်းဖြစ်ပါတယ်ဗျာ။လာလည်သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ....
မျိုးခန့်(စကားဝါမြေ)
0 comments:
Post a Comment