အလုပ်မှာ အညာသားစိုက်ထားတဲ့ ဖက်ဖယ်နဲ့ပူစီနံပင်လေးတွေပါ
အပင်စိုက်တာဝါသနာပါသူမို့ အပင်မြင်ရင်ဘယ်လိုစိုက်လို့ရမလဲပဲတွေးတာ။ ဟင်းချက်စရာ အရွက်ဝယ်လို့ ပြန်စိုက်လို့ရတဲ့ အပင်ဆိုပါရင် အရွက်ယူပြီးကျန်တဲ့ အပိုင်းကို စိုက်ထားတာ။ ဒီအပင်လေးတွေလည်း အလုပ်မှာထော်ကိုင်းတွေတို့စရာစားပြီးကျန်တဲ့အရိုးတွေကိုစိုက်ထားတာ။ပူစီနံတို့ ပင်စိမ်းတို့က အရွက်ယူပြီးရင် အရိုးကို ရေစိမ်ထား သုံးလေးရက်နေရင် အမြစ်ထွက်လာတယ်။ အမြစ်လေးတွေရင့်လာတဲ့အထိ ၂ ရက်လောက်ဆက်ထားပြီး မြေကြီး မှာချစိုက်လို့ရတယ်။ ချဉ်ပေါင်ရွက်လည်း ကိုင်းရင့်တယ်ဆိုရင် အဲဒီလိုမျိုး စိုက်လို့ရတယ်။ ကျနော်ကတော့ အရွက်ခူးစားဖို့ထက် ကိုယ်စိုက်လိုက်တဲ့အပင်လေးတွေ ရှင်သန်ဖြစ်ထွန်းလာတာကို ကြည့်ပြီး ခံစားရတဲ့ ပီတိကို ပိုပြီးသဘောကျလို့ အပင်စိုက်တာ။ ဗီယက်နမ်ပင်စိမ်းခေါ်တဲ့ ကွေ့တီယိုဆိုင်မှာ ချပေးတဲ့ ပင်စိမ်းရွက်လည်း စိုက်ထားတာရှိသေးယ်။ အဲဒီအပင်လည်း အရွက်စားပြီး ကျန်တဲ့အရိုးကို ရေစိမ် အမြစ်ထွက်တော့ မြေဆွေးအိုးထဲပြောင်းပြီး စိုက်ထားတာ။ သူတို့တွေကတော့ ကိုယ်စိုက်တဲ့ အပင်တွေကြည့်ပြီး အံ့ဩနေကြတယ်။ သူတို့ဆိုရင် အမြစ်ပါပြီးသားအပင်တောင် သူတို့လက်ထဲရောက်ရင် ကြာကြာမခံဘူး သေကုန်တာတဲ့။ ကိုယ့်ကတော့ သူတို့နဲ့ပြောင်းပြန်ပေါ့။ လက်ထဲရောက်လာသမျှအပင် ရှင်နိုင်တဲ့လက္ခဏာရှိသေးရင် ဂရုစိုက်ပြုစုလိုက်တာနဲ့ မူလကအနေအထားကို မမှတ်မိအောင် ဖြစ်ထွန်းလာတာ။ ရွာမှာတုန်းကတော့ ဘာပင်စိုက်စိုက်အကုန်ဖြစ်လို့ လက်ဆိပ်ရှိတယ်လို့ ပြောကြတယ်။ တခါတလေ လက်ရှိလုပ်တဲ့အလုပ်ကို ငြီးငေွ့သလိုဖြစ်တဲ့အခါ ရွာမှာနေပြီး တောင်သူလုပ်ရင် နေပူတာနဲ့ ပင်ပမ်းတာကလွဲရင် ခေါင်းရှုပ်စရာသိပ်မရှိဘူးလို့တွေးမိတယ်။ ယာထဲ နေပူကျဲကျဲမှာလုပ်ရပြန်တော့လည်း အရိပ်ထဲမှာလုပ်ရတဲ့အလုပ်ကို တမ်းတမိအုံးမှာပဲ။ လူ့အကြိုက် နတ်မလိုက်နိုင်ဆိုတာလိုပေါ့။ အခုတော့ အရိပ်ထဲလုပ်ရတဲ့အလုပ်လည်းလုပ်ရင်း ငြီးငွေ့လာတဲ့အခါ စိတ်ဖြေလို့ရအောင် အနီးအနားမှာ ဖြစ်သလိုနည်းနဲ့ တွေ့သမျှအပင် အကုန်စိုက်ထားလိုက်တယ်။ စိတ်နွမ်းလာတဲ့အခါ အပင်လေးတွေနားသွား ရေလောင်းပေါင်းသင်လုပ် သူတို့ဖြစ်ထွန်းနေတာကိုကြည့်ပြီး စိတ်ခွန်အားပြန်ယူပြီး အလုပ်ထဲပြန်ဝင် ဒီလိုနဲ့ပဲ စိတ်ကိုငြိမ်အောင်ထိန်းတော့တယ်။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။ လာရောက်လည်ပတ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
လေးစားမှုဖြင့်
ရွှေညာသား
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် (၁၂) ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၁) ရက်၊ ကြာသပတေးနေ့။

No comments:
Post a Comment