ကိုဗစ်ကြော့ အပြင်ကစျေးတွေကို မသွားဖြစ်တာတော်တော်ကြာသွားလို့ ပြီးခဲ့တဲ့လက ဓာတ်ခွဲခန်းအတွက် လိုအပ်တဲ့ပစ္စည်းဝယ်ရာကအပြန် ကျောင်းနားက ညနေခင်းစျေးလေးကို ခဏဝင်ရင်း အသီးအနှံတချို့ဝယ်ဖြစ်တယ်။ မြန်မာပြည်ကအသီးအရွက်မျိုးတွေ ရောင်းတတ်လို့ ကြောင်လျှာသီးလိုက်ရှာတာ အညာဂွေးသီးမှည့်တွေရောင်းနေတာတွေ့လို့ ဘတ် ၂၀ ဖိုးဝယ်ခဲ့လိုက်တယ်။ ထိုင်းတွေကတော့ သင်္ဘောသီးထောင်းထဲကိုထည့်တာပဲမြင်ဖူးတယ်။ ရွာမှာတုန်းက နွေဦးပေါက်ချိန်ဆို ဂွေးပင်တွေအောက် ဂွေးသီးမှည့်ထွက်ကောက်ရတာသတိရမိတယ်။ ကျောင်းသွားရင်းလမ်းမှာ ဂွေးသီးမှည့်ဝင်ကောက်ပြီး ကျောက်ပန်းတောင်းကနေ စာလာသင်တဲ့ဆရာမတွေကို လက်ဆောင်ပေးရတာလည်း သတိရမိတယ်။ အညာဂွေးသီးကမှည့်လာရင် အနံ့ကအရမ်းမွှေးတာ အရသာကဖန်ချိုချိုလေးနဲ့စားလို့လည်းအလွန်ကောင်း။ အညာစတိုင်ချက်ပြုတ်စားသောက်လေ့ရှိတာကတော့ ဂွေးသီးမှည့်ကို ခရမ်းချဉ်သီးကြက်သွန်ဆားငါးပိထည့်ပြီးလုံး ရေမြုပ်အောင်ထည့်ပြီးပွက်အောင်တည် ဆူလာတော့ နှမ်းလှော်ထောင်းထည့်ပြီး မီးဖိုပေါ်ကချ နှမ်းလှော်နံ့သင်းသင်းလေးနဲ့ ဂွေးသီးဟင်းကို လယ်ရဆန်ထမင်းပူပူနဲ့စားရတာလည်း အရသာတစ်မျိုးကောင်းတယ်။ အဖွားရှိတုန်းကတော့ လဘက်ရည်အမြည်းသုပ်တဲ့ ခြုပ်ကလေးထဲကိုဂွေးသီးမှည့်လေးတွေလှီးထည့် ငါးပိမီးဖုတ်နဲ့နယ် နှမ်းဆီရွှဲနေအောင်ဆမ်းပြီး နှပ်ထားတတ်တာ။ ညနေနွားကျောင်းပြန်အဆာပြေထမင်းကြမ်းနဲ့ဂွေးသီးငါးပိဖုတ်ဆီဆမ်းနဲ့စားရတာလည်းလွန်ကောင်းပါတယ်။ နောက်တစ်မျိုးကတော့ ဂွေးသီးမှည့်ကို ပါးပါးလှီး ကုလားအော်ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ငါးပိမီးဖုတ်ထည့် တို့နဲ့ရောထောင်းပြီး ဟင်းချိုဟင်းနဲ့တွဲစားရတာလည်းအလွန်ထမင်းမြိန်တယ်။
ဒါကတော့ ဂွေးသီးထောင်းနဲ့တွဲစားဖို့ ပဲဝါလေးကိုကြာဇံနဲ့သခွားသီးရောပြီး ဟင်းချိုချက်ထားတာပါ
အဲ့ဒီနေ့က ထမင်းပွဲကတော့ ဗိုက်ပြည့်လိုသာရပ်ထားရတယ် တော်ကိုမတော်ချင်ပါဘူး။ အသားဟင်းတွေမစားချင်တဲ့အခါ အခုလိုမျိုးဟင်းစပ်လေးတွေကလည်း ထမင်းမြိန်စေပါတယ်။ အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကပ်ရောဂါဘေးမှကင်းဝေးကြပါစေဗျာ။ လာရောက်လည်ပတ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ နောက်လည်းရိုးရှင်းလွယ်ကူတဲ့အညာဟင်းလေးတွေ ဆက်လက်ပြီးတင်ပေးပါအုံးမယ်။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွေညာသား
၁၃၈၂ ခုနှစ် တန်ဆောင်မုန်းလဆန်း (၁၂) ရက်
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၂၆) ရက်