Pages

Thursday, June 11, 2026

ဖက်ဖယ်နဲ့ပူစီနံ

အလုပ်မှာ အညာသားစိုက်ထားတဲ့ ဖက်ဖယ်နဲ့ပူစီနံပင်လေးတွေပါ

အပင်စိုက်တာဝါသနာပါသူမို့ အပင်မြင်ရင်ဘယ်လိုစိုက်လို့ရမလဲပဲတွေးတာ။ ဟင်းချက်စရာ အရွက်ဝယ်လို့ ပြန်စိုက်လို့ရတဲ့ အပင်ဆိုပါရင် အရွက်ယူပြီးကျန်တဲ့ အပိုင်းကို စိုက်ထားတာ။ ဒီအပင်လေးတွေလည်း အလုပ်မှာထော်ကိုင်းတွေတို့စရာစားပြီးကျန်တဲ့အရိုးတွေကိုစိုက်ထားတာ။ပူစီနံတို့ ပင်စိမ်းတို့က အရွက်ယူပြီးရင် အရိုးကို ရေစိမ်ထား သုံးလေးရက်နေရင် အမြစ်ထွက်လာတယ်။ အမြစ်လေ‌းတွေရင့်လာတဲ့အထိ ၂ ရက်လောက်ဆက်ထားပြီး မြေကြီး မှာချစိုက်လို့ရတယ်။ ချဉ်ပေါင်ရွက်လည်း ကိုင်းရင့်တယ်ဆိုရင် အဲဒီလိုမျိုး စိုက်လို့ရတယ်။ ကျနော်ကတော့ အရွက်ခူးစားဖို့ထက် ကိုယ်စိုက်လိုက်တဲ့အပင်လေးတွေ ရှင်သန်ဖြစ်ထွန်းလာတာကို ကြည့်ပြီး ခံစားရတဲ့ ပီတိကို ပိုပြီးသဘောကျလို့ အပင်စိုက်တာ။ ဗီယက်နမ်ပင်စိမ်းခေါ်တဲ့ ကွေ့တီယိုဆိုင်မှာ ချပေးတဲ့ ပင်စိမ်းရွက်လည်း စိုက်ထားတာရှိသေးယ်။ အဲဒီအပင်လည်း အရွက်စားပြီး ကျန်တဲ့အရိုးကို ရေစိမ် အမြစ်ထွက်တော့ မြေဆွေးအိုးထဲပြောင်းပြီး စိုက်ထားတာ။ သူတို့တွေကတော့ ကိုယ်စိုက်တဲ့ အပင်တွေကြည့်ပြီး အံ့ဩနေကြတယ်။ သူတို့ဆိုရင် အမြစ်ပါပြီးသားအပင်တောင် သူတို့လက်ထဲရောက်ရင် ကြာကြာမခံဘူး သေကုန်တာတဲ့။ ကိုယ့်ကတော့ သူတို့နဲ့ပြောင်းပြန်ပေါ့။ လက်ထဲရောက်လာသမျှအပင် ရှင်နိုင်တဲ့လက္ခဏာရှိသေးရင် ဂရုစိုက်ပြုစုလိုက်တာနဲ့ မူလကအနေအထားကို မမှတ်မိအောင် ဖြစ်ထွန်းလာတာ။ ရွာမှာတုန်းကတော့ ဘာပင်စိုက်စိုက်အကုန်ဖြစ်လို့ လက်ဆိပ်ရှိတယ်လို့ ပြောကြတယ်။ တခါတလေ လက်ရှိလုပ်တဲ့အလုပ်ကို ငြီးငေွ့သလိုဖြစ်တဲ့အခါ ရွာမှာနေပြီး တောင်သူလုပ်ရင် နေပူတာနဲ့ ပင်ပမ်းတာကလွဲရင် ခေါင်းရှုပ်စရာသိပ်မရှိဘူးလို့တွေးမိတယ်။ ယာထဲ နေပူကျဲကျဲမှာလုပ်ရပြန်တော့လည်း အရိပ်ထဲမှာလုပ်ရတဲ့အလုပ်ကို တမ်းတမိအုံးမှာပဲ။ လူ့အကြိုက် နတ်မလိုက်နိုင်ဆိုတာလိုပေါ့။ အခုတော့ အရိပ်ထဲလုပ်ရတဲ့အလုပ်လည်းလုပ်ရင်း ငြီးငွေ့လာတဲ့အခါ စိတ်ဖြေလို့ရအောင် အနီးအနားမှာ ဖြစ်သလိုနည်းနဲ့ တွေ့သမျှအပင် အကုန်စိုက်ထားလိုက်တယ်။ စိတ်နွမ်းလာတဲ့အခါ အပင်လေးတွေနားသွား ရေလောင်းပေါင်းသင်လုပ် သူတို့ဖြစ်ထွန်းနေတာကိုကြည့်ပြီး စိတ်ခွန်အားပြန်ယူပြီး အလုပ်ထဲပြန်ဝင် ဒီလိုနဲ့ပဲ စိတ်ကိုငြိမ်အောင်ထိန်းတော့တယ်။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။ လာရောက်လည်ပတ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

လေးစားမှုဖြင့် 

ရွှေညာသား

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် (၁၂) ရက်။

၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၁) ရက်၊ ကြာသပတေးနေ့။

Tuesday, June 2, 2026

သူတို့ကြိုက်တဲ့အညာသားလက်ရာလေးတွေ


ဒါကတော့ တို့ဟူးကိုမုန့်ဖတ်နဲ့ရောပြီး သုပ်စားတာပါ ပိတ်ရက်မှာဆိုတော့ သူတို့ကို မမြည်းခိုင်းလိုက်ရဘူး ကြိုက်ကြမှာ သေချာတယ်....

အလုပ်ကထော်ကိုင်းတွေကြားထဲမှာ မြန်မာအစားအစာတွေမိတ်ဆက်ရင်းနဲ့တဖြည်းဖြည်း ကိုယ့်လက်ရာကို သူတို့ကြိုက်သွားကြပြီထင်တယ်။ ပထမဆုံးပုစွန်ခြောက်ဘာလချောင်ကြော်စပြီးကျွေးလိုက်တာအခုနောက်ပိုင်း ဘာချက်ချက်ကို အားပေးတော့တာပဲ။ အရင်တုန်းကနေ့လယ်စာထမင်းစားကြရင် သူတို့ကဆိုင် delivery နဲ့မှာစားကြတာ၊ ကိုယ်က ကိုယ့်ထမင်းချိုင့်နဲ့ကိုယ်ဆိုတော့ အတူတူထိုင်စားဖြစ်ရင်တောင် ကိုယ့်ဟင်းရဲ့အနံ့ကိုသူတို့အတွက် အနှောက်အယှက်ဖြစ်မှာစိုးလို့ အတတ်နိုင်ဆုံး ခပ်ခွာခွာထိုင်ပြီးတော့ စားတယ်။ တခါတော့ ကိုယ့်ဆရာမက ထမင်းစားနေကြတုန်းမြင်သွားပြီး ဘာလို့ကျန်တဲ့သူတွေနဲ့နီးနီးကပ်ထိုင်ပြီးမစားတာလဲလို့မေးတယ်။ ဟင်းအနံ့ မတူတော့ သူတို့ကို အားနာလို့ပါလို့ဖြေလိုက်တယ်။ တကယ်တော့ ကိုယ်စားတာက အသားငါးဟင်းမဟုတ်ဘူး အသီးအရွက်ဟင်းကများတယ်။ ပုစွန်ခြောက်ဘာလချောင်ကြော် ကျွေးပြီးနောက်ပိုင်းတော့ မြန်မာဟင်းအရသာကိုသူတို့ကြိုက်သွားပြီမို့ ကိုယ်လည်းသူတို့ကြားထဲဝင်ထိုင်ပြီးစားဖြစ်တော့တယ်။ ကိုယ်မှတ်မိသလောက် ငါးပိရည်တို့စရာ၊ သရက်သီးငါးပိချက်၊ ကြက်သားနဲ့သင်္ဘောသီး၊ ကြက်ဟင်းခါးသီးပုစွန်ခြောက်ကြော်၊ ခရမ်းချဉ်သီးချက်၊ ပဲသီးသုပ်၊ လဘက်သုပ်၊ မုံညှင်းခါးအချဉ်ရည်သောက်၊ ငါးလေးခြောက်ငရုတ်သီးစပ်ကြော်၊ မုန့်ဟင်းခါး၊ ခရမ်းသီးသုပ်၊ တို့ဟူးသုပ်နဲ့ ဝက်သားလဘက်ဟင်းနဲ့ သရက်ချဉ်သုပ်တို့ပါပဲ။ 

အဲဒီဟင်းတွေထဲက သူတို့ခဏခဏတောင်းဆိုတာက ပုစွန်ခြောက်ဘာလချောင်ကြော်၊ ခရမ်းချဉ်သီးချက်၊ လဘက်သုပ်၊ ငါးပိရည်ကျို၊ မုန့်ဟင်းခါး၊ ခရမ်းသီးသုပ်နဲ့ သရက်ချဉ်သုပ်ပေါ့။ ပုစွန်ခြောက်ဘာလချောင်ကတော့ ပုစွန်ခြောက်ရတဲ့အခါမှပဲ ကြော်ပေးဖြစ်တယ်။ ခရမ်းချဉ်သီးချက်ကတော့ သူတို့က ခရမ်းချဉ်သီးဝယ်ဝယ်လာပေးလို့ မကြာခဏဆိုသလိုကို ချက်ပေးရတယ်။ သူတို့ သင်္ဘောသီးထောင်းထဲကိုထည့်တဲ့ ခရမ်းချဉ်သီးအသေး လေးတွေကို ငါးပိမထည့်ဘဲ ငံပြာရည်လေးနဲ့ ကြက်သွန်ဖြူငရုတ်သီးလေးထောင်းအုပ်ပြီးချက်တာ။ ရွာချက်ပဲ ခေါ်ရမှာပေါ့။ ရွာမှာတုန်းကတော့ ငါးပိထည့်ချက်တာများတယ်၊ ခရမ်းချဉ်သီး ငါးပိချက်လိုမျိုးလည်း ငါးပိပေါက်ပေါက်မဟုတ်ဘူး ပုံမှန်ခရမ်ချဉ်သီးချက်အနေအထားပေါ့။ ဒီမှာက ငံပြာရည်ကောင်းလို့ ငါးပိမသုံးဘဲ ငံပြာရည်နဲ့ချက်တာ။ သူတို့က စားကောင်းလို့သဘောကျပြီဆိုရင် ဘာတွေပါလဲမေးတယ် ပါဝင်ပစ္စည်းပြောပြ လိုက်ရင် သူတို့သိတဲ့ဟာ ဝယ်လာပေးတော့တာပဲ။ 

မုန့်ဟင်းခါးချက်ကျွေးတုန်းကလည်း ငှက်ပျောအူမရလို့ ကြာရိုးနဲ့ချက်ပေးတာ စားကောင်းလို့ ပြောမပြီးဘူး နောက်လည်းချက်ကျွေးအုံး လိုအပ်တာ သူတို့ဝယ်ပေးမယ်ပြောတာ ငှက်ပျောအူရတဲ့အခါမှ ချက်ကျွေးမယ်လို့ ပြောထားတယ်။ "ခနုံမ်ကျင်း" လို့ခေါ်တဲ့ သူတို့ မုန့်ဟင်းခါးက ဟင်းသုံးလေးမျိုး အသီးအရွက်များများနဲ့ စားရတာ အရသာက လုံးဝကိုမတူဘူးဆိုတာကို သူတို့လည်းသိတယ်။ ပဲကပ်ကြော်ကိုလည်း ကိုယ်တိုင်ကြော်တာလို့ ပြောတော့ အံ့ဩနေတာ ဒီလိုကြွပ်ကြွပ်လေးနဲ့အဆင်ပြေဖို့က အချိန်အဆ တော်တော် ကိုကျွမ်းကျင်မှရမှာနော်တဲ့။ ငါ့အတွက်ကတော့ ဝါသနာပါတာမို့ သိပ်ပြီးမခက်ခဲပါဘူးလို့။ လဘက်သုပ်ကိုလည်း အားလုံးပြင်ဆင်ယူလာပြီး ထမင်းစားခါနီးမှ သူတို့ရှေ့မှာပဲ တခုချင်းစီထည့်ပြီး သုပ်ပေးတာ။ အဲဒီတခါတုန်းကတော့ ကိုယ့်ဆရာမလည်း ထမင်းအတူတူလာစားတာနဲ့ကြုံလို့ မြည်းကြည့်ခိုင်းတာ စားလို့ကောင်းတယ်ဆိုပြီး တယောက်တဇွန်းလှည့်ပြီးစားလိုက်ကြတာ သူတို့ဝိုင်းကိုထည့်ပေးတဲ့ လဘက်သုပ် တပန်းကန်ကုန်တာပဲ။ ချက်ပြုတ်သူတို့အတွက် ကိုယ်ချက်တာက စားလို့ကောင်းတယ်ဆိုရင် ပျော်ရွှင်ရတဲ့ခံစားမှုက ဘာနဲ့မှဖော်ပြလို့မရဘူး။ သူတို့က စားလို့ကောင်းတယ်ပြောလေ ကိုယ်ကချက်ကျွေးချင်လေနဲ့ အဆင်ကိုပြေနေတာပဲ။ အခုနောက်ပိုင်းတော့ ထမင်းစားကြပြီဆို ကိုယ့်ဟင်းဗူးကိုပဲ အာရုံပြုနေကြတာ၊ နောက်ပြီးတော့ ကိုယ်စားသမျှကလည်း အသီးအရွက် ဟင်းတွေချည်းပဲ သူတို့ဆီမှာရတဲ့အသီးအရွက်တွေကိုပဲ ကိုယ့်မြန်မာအရသာနဲ့ ပြင်ဆင်ချက်ပြုတ်စားတာမို့ သူတို့စိတ်ဝင်စားတာလည်းပါတယ်။ 

ခရမ်းသီးသုပ်ကိုလည်း ကိုယ့်ဘာသာပဲ စားချင်လို့ ဒယ်အိုးနဲ့မီးဖုတ်ပြီးသုပ်စားတာ။ ထမင်းဝိုင်းမှာ သူတို့ကို မြည်းကြည့်ခိုင်းတော့ စားကောင်းလို့ နောက်ရက်ကျ ခရမ်းသီးတွေဝယ်လာပြီး သုပ်ခဲ့ပေးပါအုံးတဲ့။ ကိုယ်ကလည်း အစားအစာတခုခုဆို စိတ်ကူးရတာနဲ့ ကိုယ်ထင်သလို ဖန်တီးတာမျိုး။ ခရမ်းသီးကို ဘယ်လိုမီးဖုတ်လဲ မလွယ်ဘူးနော်တဲ့ ဟုတ်တယ်ငါက ဒယ်အိုးနဲ့ထည့်ပြီးမီးဖုတ်တာဆိုတော့ ပါးစပ်အဟောင်သားနဲ့ အဲ့လိုလုပ်လို့ရ လားတဲ့ ဒီလိုပဲ မီးသွေးမီးဖိုမရှိတော့ ရအောင်ဖန်တီးရတာပေါ့လို့။ နောက်တခုက သရက်ချဉ်ကို မုံလာထုပ်နဲ့သုပ်တာ။ ကိုယ်သတိထားမိသလောက် သူတို့တွေက သရက်သီးကို အချဉ်ဆိုရင် အစိမ်းသုပ်စားတာပဲများတယ်။ အရမ်းချဉ်တဲ့ သရက်သီးနုနုဆိုရင် သကြားရည်နဲ့အချိုစိမ်ထားတာ။ မြန်မာပြည်မှာလို သရက်ချဉ်မရှိဘူး။ ကိုယ်ကတော့ သရက်သီးအချဉ်သီးရတဲ့အခါဆို ကိုယ့်ဘာသာ သရက်ချဉ်သိပ်ထားတာ။ အဲဒီဟာလည်း မရည်ရွယ်ဘဲ သူတို့ကို မြည်းကြည့်ခိုင်းတာကနေ စားလို့ကောင်းလို့ သရက်ချဉ်ကို စားနေရင်းနဲ့ စူးစမ်းကြတာ တချို့က သခွားသီးချဉ်လို့လည်း ပြောကြ၊ တချို့ကမုံလာချဉ်လို့လည်းပြောကြ သူတို့ချင်း ငြင်းကြခုံကြနဲ့ သရက်သုပ်သာ ကုန်သွားတယ် အဖြေမရကြဘူး။ နောက်ဆုံးမှ ကိုယ့်ကိုလာမေးလို့ သရက်ချဉ်လေ မင်းတို့ဆီမှာမရှိဘူးလို့။ ဘယ်ကရတာလဲတဲ့ ငါကိုယ်တိုင်လုပ်ထားတာဆိုတော့ မျက်လုံးတွေပြူးပြီး တကယ်လားတဲ့။ တော်လိုက်တာ ဒီမှာ ထမင်းဆိုင်ဖွင့်လို့ရပြီ ဆိုင်ဖွင့်တောလို့ဝိုင်းပြောကြတယ်။ အဲဒီသရက်ချဉ်သုပ်တဲ့နေ့က ဝက်သားနဲ့လဘက် ချက်လာတာ ကိုယ့်အတွက်လည်း ပထမဆုံးချက်ဖူးတာပဲ အသားဟင်းတွေသိပ်မစားပေမဲ့ လဘက်ရှိတော့ ဝက်သားနဲ့လဘက်စမ်းချက်ကြည့်အုံးမှဆိုပြီး ချက်တာက အရသာကို ကိုယ်တိုင်လည်းတော်တော် အဆင်ပြေလို့ သူတို့အတွက်ထည့်သွားတာ။ နေ့လယ်စာ စားတော့ ဝက်လဘက်ဟင်းဗူးပေးပြီး သူက အဆိမ့်အရသာဆိုတော့ အချဉ်လေးနဲ့တွဲစားတာက ပိုပြီးအရသာရှိတယ်။ ဒီသရက်ချဉ်သုပ်နဲ့တွဲစားဆိုပြီးပေးလိုက်တာ ဝက်လဘက်ကိုလည်းစား သရက်ချဉ်သုပ်ကိုလည်းစား အရသာတွေ့ပြီးတော့ နှစ်မျိုးလုံး စားလို့ကောင်းလို့ လက်မတွေတထောင်ထောင်နဲ့‌ပေါ့။ သရက်ချဉ်ကို မုံလာထုပ်၊ ကြက်သွန်နီ ငရုတ်သီးစိမ်းအပြင် ပူစီနံလေးပါ ရောပြီးသုပ်ထားတော့ ဝက်သားလဘက်ဟင်းနဲ့ တကယ်ကိုအစပ်တည့်နေတာ၊ ကိုယ်တိုင်းလည်းတော်တော်ကို သဘောကျ တဲ့ဟင်းစပ်ပါပဲ။


ကိုယ့်အကျင့်က ဟင်းချက်ဖို့ဝယ်တဲ့အခါ အခါသူနဲ့တွဲမည့် ဟင်းစပ်ကိုပါတခါတည်းစဉ်းစားပြီးဝယ်တယ်။ အချိုချက်မယ်ဆို သူနဲ့လိုက်ဖက်မည့်ဟင်းစပ် အချဉ်ကဘာရှိမလဲ၊ အချဉ်ချက်မယ်ဆို သူနဲ့စပ်မည့် အငန်၊ အစပ် အချို ဘာနဲ့တွဲမလဲ စသဖြင့်‌ပေါ့။ အသီးအရွက်ဟင်းပေမဲ့ ဟင်းစပ်တည့်တော့ အသားဟင်းမပါလည်း စားလို့ကောင်းနေတာ။ ဝက်သားနဲ့မျှစ်ချဉ်ချက်ရင် အညာငရုတ်သီးဆားထောင်းလေးနဲ့လိုက်ဖက်တယ်။ အချဉ်ရည်သောက် ချက်ရင် ငါးခြောက်ငရုတ်သီးစပ်ကြော်လေးနဲ့ တွဲမိတယ်။ ကျန်တဲ့နေရာမှာတော့ ဖန်တီးမှုက အဲ့လောက်မစွမ်းဘူး ဟင်းချက်တဲ့နေရာမှာတော့ ကိုယ့်ကိုယ်ကိုယ် ရာနှုန်းပြည့်ယုံကြည်တယ်။ သူစိမ်းပင်ဖြစ်စေကာမူ ကိုယ်လက်ရာ တခါစားပြီးရင် ထပ်စားချင်သူများတယ်။ မှတ်မှတ်ရရ ဖိလစ်ပိုင်မှာတုန်းက မွေးနေ့ပွဲလုပ်တော့ ကြာဇံဟင်းခါးချက်ကျွေးတာ၊ သံရုံးကအသိတယောက်ကိုလည်း ခင်နေတာမို့ ဖိတ်လိုက်တာ သူ့အိမ်မှာအလုပ်လုပ်တဲ့ ဖိလစ်ပိုင်မလည်းပါလာတယ်။ သူကလည်း မြန်မာထမင်းဟင်းကို ကြိုက်တဲ့သူဖြစ်တော့ မြန်မာတွေကို ခင်နေတာ။ ကျွေးတာက ကြာဇံဟင်းခါး လာတဲ့ဧည့်သည်က ကိုယ့်လက်ရာကို စားဖူးထားတော့ ထမင်းလည်းစားချင်တယ် ဘာဟင်းရှိလဲလို့မေးတာနဲ့ နေ့လယ်စာတုန်းကချက်ထားတဲ့ ကြက်ဟင်းခါးသီးနဲ့ငါးနီတူခြောက် ဟင်းရှိတယ်ပြောတော့ အဲဒါဆို သူကြိုက်တယ် ထမင်းနဲ့ ကြက်ဟင်းခါးသီးဟင်းထည့်ပေးခိုင်းတာနဲ့ ထည့်ပေးလိုက်တယ်။ ဖိလစ်ပိုင်မကိုလည်း မြည်းခိုင်းတော့ ကြက်ဟင်းခါးသီးဟင်းကို သဘောကျပြီး သူ့လည်း ထမင်းပေးပါလို့ တောင်းရော။ ထမင်းခူးပေးတော့ ကြက်ဟင်းခါးသီးဟင်းကိုစားလိုက်တာ ပြောင်ရော။ ပြီးတော့ ဟင်းချက်နည်း ပါသေချာမေးသွားသေးတယ်။ အစားအစာနဲ့ပတ်သက်ရင်တော့ အမှတ်ရစရာတွေအများကြီးပါပဲ။ ရုရှားနိုင်ငံကို ရောက်တော့ ‌ကျောင်းကြီးမတက်ခင် ကျောင်းကနေဖွင့်ထားတဲ့ နိုင်ငံခြားကျောင်းသားများ ပြင်ဆင်ရေးစင်တာမှာ ၁ နှစ်လောက်တက်ရတယ်။ အဲဒီမှာ ရုရှားဘာသာစကားအပြင် ဘာသာရပ်ဆိုင်ရာအခေါ် အဝေါ်နဲ့ အခြေခံတွေကို တက္ကသိုလ်မဝင်ခင် လေ့ကျင့်ပေးတာ။ ရောက်ရောက်ချင်း ရုရှားဘာသာစကား အဆင့်ခွဲဖို့ စာမေးပွဲ စစ်တော့ ရေးဖြေ၊ နှုတ်ဖြေ ဖြေရတယ်။ နှုတ်ဖြေဖြေဖို့ ကိုယ့်အလှည့်မှာ မေးတဲ့ဆရာမကြီးက ကျောင်းရဲ့ အုပ်ချုပ်ရေးပိုင်းမှာပါတဲ့ ရာထူးကြီးကြီး ဆရာမကြီး ကိုယ်ပြောရမည့် ခေါင်းစဉ်ကို ရှေ့မှာစာရွက်လေးတွေစီပြီးမှောက်ထားတာ ကိုယ်ကြိုက်တဲ့တခုယူ ပါလာတဲ့ခေါင်းစဉ်ကိုကြည့်ပြီး သူတို့ကို ရုရှားလိုပြောပြရတာ။ တိုက်ဆိုင်ချင်တော့ ကိုယ်ရွေးလိုက်တဲ့ စာရွက်က မြန်မာအစားအစာတခုအကြောင်းကိုပြောပြပါတဲ့။ ကိုယ့်ဝါသနာအိုးကို တုတ်နဲ့လာထိုးတဲ့မေးခွန်းဆိုတော့ ရုရှားလိုကလည်း အခြေခံရထားပြီးသားမို့ မြန်မာမုန့်ဟင်းခါးအကြောင်းကို ဟင်းရည်ချက်တာကနေ နောက်ဆုံးစားလို့ရတဲ့အထိ အဆင့်ဆင့် ကိုယ်နားလည်သလို ပြောသွားလိုက်တာ နားထောင်တဲ့ ဆရာမကြီး ပါးစပ်တပြင်ပြင်နဲ့ တွံတွေးမျိုချနေတာ ခဏခဏ။ သူက မြန်မာပြည်ကို မရောက်ဖူးဘူး သူ့ဘေးကဆရာမက မြန်မာပြည်ရောက်ဖူးတော့ မုန့်ဟင်းခါးစားဖူးတယ်။ သူပြောသလိုဟုတ်သလားပေါ့ အဲဒီဆရာမက ဟုတ်တယ် မြန်မာလူမျိုးတွေရဲ့ အရမ်းကြိုက်တဲ့ အစားအစာပဲဆိုတော့ ငါလည်းစားကြည့်ချင်တယ်လို့  ပြုံးပြုံးကြီးသူတို့ချင်း ပြောပြီး ကိုယ့်ကိုသွားခွင့်ပေးလိုက်တယ်။ ကျန်တဲ့ခေါင်းစဉ်ဆိုရင် အဲလောက် ပြောချင်မှပြောနိုင်မှာ ကိုယ့်ဝါသနာနဲ့ကိုက်ညီတဲ့ခေါင်းစဉ်ဆိုတော့ ပြောလို့ကောင်းလိုက်တာ ပြောနေရင်း သွားရည်တများများနဲ့ပေါ့။ အညာသားတို့က အစားအစာနဲ့ပတ်သက်ရင် သူများကို အပြောနဲ့တင် သွားရည်ကျအောင် လုပ်နိုင်ပါတယ်လို့။ ရေးရင်းနဲ့ စပ်မိလို့အတိတ်ကအမှတ်တရလေးတွေပါ ထည့်လိုက်တာ။ အခုတော့ ဘာကျွေးကျွေး "အလွိုင်းမာ့က်မာက့်" လုပ်တတ်တဲ့ ထော်ကိုင်းတွေကြားမှာ အတိတ်နဲ့အနာဂတ်တွေကို မေ့ထားပြီး ပစ္စုပ္ပန်နေ့ရက်တနေ့ချင်းစီကိုပဲ အာရုံပြုလို လုပ်သင့်တာလည်းလုပ်ရင်း ဝါသနာပါရာကိုလည်းလုပ်ရင်း ကိုယ်စားတဲ့အထဲက တတ်နိုင်သလောက် အဟာရဒါနပြုလျက် ဘဝကို ရိုးရှင်းစွာနဲ့ဖြတ်သန်းနေပါတယ်ဗျာ။


အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ။ အညာသားဆီကို လာရောက်လည်ပတ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

လေးစားမှုဖြင့်

ရွှေညာသား

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် (၃) ရက်။

၂၀၂၆ ခုနှစ်၊ ဇွန်လ (၂) ရက်၊ အင်္ဂါနေ့။

Wednesday, April 15, 2026

ရေမစိုသင်္ကြန်

သင်္ကြန်တွင်း ဘယ်မှမသွားဖြစ်လို့ အခန်းမှာပဲ စာအုပ်ဖတ်ဖြစ်တယ်။ ဒီနေ့တော့ မချက်ဖြစ်တာ နှစ်ချီကြာတဲ့ ကြာဇံဟင်းခါးချက်စားဖြစ်တယ်။ မတရားမှုနဲ့နေသားကျနေတဲ့သူတွေကတော့ အာဏာရှင်တွေအလိုကျ ဆိုကြကကြလို့ပေါ့။ တခါတလေတော့လည်း အာဏာရှင်တွေ ဗိုလ်ကျပြီး လုပ်ချင်သလိုလုပ်နိုင်ကြတာက အမှတ်သည်းချေမရှိတဲ့လူတွေများလို့ပဲလို့တွေးမိပါရဲ့။ ကျောင်းတုန်းက ဆရာတယောက်ပြောဖူးသလိုပဲ မခံချင်စိတ်ထားမှမင်းတို့ဘဝတိုးတက်မှာ ခံချင်စိတ်တွေများနေရင်တော့ သူများအောက်ကပဲနေရမှာတဲ့။ အဲဒီစကားလေးကိုတွေးမိတော့ တယောက်တည်းပြုံးမိတယ်။ တနေ့သေကြရမည့်အတူတူ မသေခင်လေးအာဏာရှင်အလိုကျနေထိုင်ရင်း ဘဝကိုအာဏာရှင်ပေးသလောက်အခွင့်အရေးလေးနဲ့ပဲ ဖြတ်သန်းကြမယ်လို့များတွေးထားကြလေရော့ သလားမပြောတတ်ပါဘူး။ တရားဘက်ကလှည့်တွေးကြည့်တော့လည်း ရသလောက်နဲ့ ရောင့်ရဲ့တင်းတိမ်နိုင်ကြတာမို့ ကောင်းတယ်လို့ပဲပြောရမှာပေါ့။ မတရားမှုနဲ့နေသားကျသွားတဲ့အခါ တရားမျှတမှုအတွက် လုပ်နေကြသူတွေဟာ အမှားကိုလုပ်နေကြသူတွေလို့ ထင်ကုန်ကြတာ လောကသဘာဝပဲလို့ထင်ပါရဲ့။



ကြာဇံဟင်းဆိုလို့ ရွာကိုမရောက်တာလည်း ကြာပါပေါ့။ သင်္ကြန်တွင်းဆို ရွာဦးကျောင်းမှာ စတုဒီသာကုသိုလ် လုပ်ကြတာ။ အများစုကရွာရဲ့ထုံးစံအတိုင်း ဆန်ပြုတ်တို့ မုန့်ဟင်းခါးတို့ကျွေးကြတယ်။ တနှစ်မှာ အညာသားတို့ မိသားစုက သင်္ကြန်တွင်း ကြာဇံဟင်းခါးကုသိုလ်လုပ်မယ်လို့ ရွာဦးကျောင်းသင်္ကြန်တွင်းကုသိုလ်ရှင်စာရင်းမှာ နာမည်ပေးထားတော့ ကြာဇံဟင်းခါးဆိုတဲ့ နာမည်ကြောင့်ပဲ အဲဒီနေ့မှာ ကျောင်းကိုလာတဲ့ ဥပုသ်သည်က အရင်နေ့တွေထက်ပိုများတယ်။ ရွာကလူတွေ အများစု မစားဖူးတဲ့အစားအစာမို့ မကုန်မှာစိုးလို့ မိုးဗြဲဒယ်အိုးကြီး ၂ လုံး အရဲစွန့်ပြီးချက်ထားတာ တကယ်လည်းကျွေးရော စားလိုက်ကြတာမှ ထည့်လို့ကိုမနိုင်ဘူး။ နောက်ဆုံး လူတိုင်း မြည်းလို့ရအောင် ရေနွေးထပ်ဖြည့် အရသာပြင်ပေးရတယ်။ ဒါတောင် တချို့ရေဆော့ နေတဲ့လူငယ်တွေ မစားလိုက်ကြရဘူး။ အဲဒီကစလို့ ရွာကလူတွေ ကြာဇံဟင်းခါးကြိုက်သွားကြတာ နောက်နှစ်သင်္ကြန်တွေမှာလည်း ကြာဇံဟင်းခါးကုသိုလ်တွေ လုပ်လာကြတယ်။ အခုချိန်မှာတော့ လွမ်းတယ် သတိရတယ်ဆိုတဲ့ စိတ်ထဲမှ အတွေးတခုနဲ့ပဲ ဖြေသိမ့်နေရတာပေါ့လေ။ မိုးလင်းနေသာတဲ့ တနေ့တော့ အညာသားချစ်တဲ့ ရွာကိုပြန်ခွင့်ရမှာပါ။ 

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။ နှစ်သစ်မှာ အညစ်အကြေးများကင်းစင်ပြီး လူဆိုးလူမိုက် မင်းဆိုးမင်းညစ်ဘေးမှလည်း အမြန်ဆုံးကင်းဝေးကြပါစေလို့ ဆန္ဒပြုပါတယ်။ အညာသားဆီကို လာလည်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

လေးစားမှုဖြင့်
ရွှေညာသား
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၁၄) ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၅) ရက်၊ ဗုဒ္ဓဟူးနေ့။

Friday, January 30, 2026

နှင်းဆီပန်း ကုသိုလ်

တလောတုန်းရေးခဲ့တဲ့ နှင်းဆီပင်က အပွင့်တေွ ဆက်တိုက်ပွင့်လို့ ဒီတခါတော့ နှင်းဆီပန်းသုံးပွင့်ခူးပြီး ဘုရားလှူ ဖြစ်တယ်။ ကိုယ်တိုင်စိုက်ထားတဲ့အပင်ကပွင့်တာမို့ မခူးရက်ပေမဲ့ ကုသိုလ်ပြုဖို့ အတွက်ပါလေလို့ စိတ်ကိုပြောင်းပြီး ခပ်မြန်မြန်ပဲ ခူးဖြစ်လိုက်တယ်။ ဘုရားရှိခိုးရင်းနဲ့ ဘုရားရှေ့မှာ လှပနေတဲ့ နှင်းဆီပန်းလေးတွေကိုကြည့်ရင်း စိတ်ထဲမှာကြည်နူးရတယ်။ စံပယ်ပင်ကလည်း မကြာခဏပွင့်တော့ အပင်မှာကြာကြာမနေဘဲ ကြွေကျလို့ စံပယ်ပန်းကိုတော့ ပွင့်တဲ့အခါတိုင်း ဘုရားလှူတယ်။ နှင်းဆီပန်းကျတော့ မခူးဘဲထားလည်း အပင်ပေါ်မှာတော်တော် ကြာနေတယ်။ အဖြူရောင်မှ အစိမ်းရောင်းတဖြည်းဖြည်းပြောင်းသွားသည်အထိ အပင်ပေါ်မှာနေတော့ ကိုယ်လည်း သူတို့ကိုကြည့်ပြီး ပျော်ရတယ်။ ဒါကြောင့် ‌ရွှေညာသားဆီကို လာလည်တဲ့ မိတ်ဆွေများလည်း နှင်းဆီပန်း လေးတွေကို ကြည့်ပြီး စိတ်ကြည်နူးမှုရစေဖို့ တင်ပေးလိုက်ပါတယ်။


ဒါကတော့အညာသားရဲ့ဘုရားခန်းပါ။အခန်းမှာတယောက်တည်းနေရတာဆိုတော့စိတ်လေလွင့်မှုမရှိအောင်ဘုရားဝေယျာဝစ္စပြုတရားနာယူရင်းနဲ့ အချိန်အများစုကုန်စေပါတယ်။ ဘုရားဝေယျာဝစ္စလုပ်နေရတဲ့အချိန်ဟာ စိတ်အကြည်နူးဆုံးပါပဲ။ ငယ်ငယ်လေးကတည်းက ဘုန်းကြီးကျောင်းသားလည်းဖြစ်ခဲ့ဖူးတော့ဘုရားဝေယျာဝစ္စကုသိုလ်ပြုတာက အကျင့်လိုဖြစ်နေတာမို့ ရောက်တဲ့နေရာတိုင်းမှာ ဘုရားခန်းကို အတတ်နိုင်ဆုံး သန့်ရှင်းသပ်ရပ်အောင်ထားပြီး သောက်တော်ရေပုံမှန်ကပ် ဘုရားပန်းလှူဖြစ်တယ်။ ကိုဗစ်ကာလကတည်းက ယနေ့အထိနေ့စဉ်နံနက်တိုင်းဆွမ်းကပ်တဲ့ကုသိုလ်ကိုလည်း မပျက်မကွက် ပြုဖြစ်နေတယ်။

(၇) ရက်သားသမီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ ရွေညာသားဆီကို အလည်လာတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

လေးစားမှုဖြင့်
ရွှေညာသား
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း (၁၃) ရက်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်၊ သောကြာနေ့။


Saturday, January 24, 2026

ယာတောမှ အမေသို့


၂၀၁၆ ခုနှစ် ရွာပြန်တုန်းက အညာသားကိုယ်တိုင် ကင်မရာတလုံးနဲ့ တောလည်ပြီး မှတ်တမ်းတင်ခဲ့တဲ့ 
အညာနွေဦးရှုခင်းပုံလေးတွေပါ


ဒီနေ့တော့ နေ့လယ်ပိုင်း ထမင်းစားချိန် အဖေနဲ့အမေဆီကို ဖုန်းဆက်ဖြစ်တယ်။ ပုံမှန်ဆို ညနေပိုင်း အိမ်မှာရှိတတ် တဲ့အချိန်ကို ရွေးဆက်တာများတယ်။ ဒီတခါတော့ မနေ့ညနေတုန်းက အမေ့ဆီကို မျှော် နေမှာစိုးလို့ ဖုန်းခဏခေါ်ပြီး အခုဖုန်းဘေလ် နည်းနေလို့ မနက်မှ ပြန်ခေါ် လိုက်မယ်ဆိုပြီးဖုန်းချိန်းလိုက်တာ။ တပတ်ကို တခါလောက် ပုံမှန် ဖုန်းဆက်နေကျမို့ အမေက ကျနော့် ဆီကဖုန်းကိုမျှော် နေတတ်တယ်။ ခေတ်ကာလကောင်းချိန်တုန်းကတော့ အဖေက မက်ဆင်ဂျာလေးဘာလေးသုံးလို့ ဗွီဒီယို‌ကောနဲ့ သူတို့လည်း ကိုယ်မြင်ရ ကိုယ့်လည်းသူတို့မြင်ရလို့ အဆင်ပြေတယ်‌။ ခေတ်မကောင်းတော့တဲ့နောက်ပိုင်း အဖေလည်းအင်တာနက်သုံးတာကို ဖြတ်လိုက်လို့ ဖုန်းကတဆင့်ပဲ ဆက်သွယ်နိုင်တော့တယ်။ အမေမှာလည်း ဖုန်းတလုံးရှိတယ် အမေကတော့ အင်တာနက်မသုံးတတ်လို့ သားတွေက ဖုန်းခေါ်ရင် ပြောဖို့နဲ့ တရားနာဖို့အတွက်ပဲသုံးတာ။ အဖေ့ဖုန်းကိုခေါ် ရင်တော့ အဖေနဲ့ အရင်ပြောပြီးမှ အမေ့ဆီကိုပေးတယ်။ ဖုန်းဆက်တိုင်းလည်း အဖေနဲ့ကသိပ်အကြာကြီး မပြောရပါဘူး အမေနဲ့ပဲ ဘေလ်ကုန်သည် အထိပြောတာ။ တခါတလေ ဖုန်းဘေလ်ကုန်သွားလို့ အမေစကားမပြတ်သေးရင် ဖုန်ဘေလ်ထပ်ထည့်ပြန်ခေါ်ပြီး အမေပြောချင်တာပြီးအောင် နားထောင်ပေးတယ်။ ဒီနေ့တော့ အဖေနဲ့တော်တော် ကြာလေးပြောဖြစ် တယ်။ ညပိုင်းသိပ်အိပ်မပျော်ဘူး ပြောလို့ အဖေမအိပ်ခင်လုပ်တဲ့အလေ့အထလေးတွေ မေးပြီးတော့ အဲဒါလေးတွေ အစီအစဉ်ပြောင်းဖို့ ပြောဖြစ်တယ်။ ကိုယ်တိုင် ညအိပ်ရာမဝင်ခင် ပြုဖြစ်တဲ့ ကုသိုလ်လေးတွေအကြောင်းပါ အဖေနဲ့တော်တော် ကြာအောင် ပြောဖြစ်တယ်။ အဖေ့ကိုလည်း အဲဒါလေးတွေကို လုပ်ကြည့်ဖို့ အကြံပေးဖြစ်တယ်။ အဖေနဲ့ပြောပြီးလို့ အမေကိုမေးတော့ မင်းအမေက ယာတောမှာ ဇီးပင်လေးတွေမှည့် နေလို့ ဆီးသီးကောက်သွားတယ်လို့ပြောတယ်။ ထမင်းလည်းထုပ်သွားတယ် ဖုန်းလည်းယူသွားတယ်ဆိုတာနဲ့ အဖေနဲ့ ဖုန်းပြောတာပြီးတော့ အမေ့ဆီကို ဖုန်းဆက်လိုက်တယ်။


အမေ့ကို အရိပ်ရောရှိရဲ့လားမေးတော့ ဇီးပင်ရိပ်က နေတောင်မထိုးဘူးတဲ့လေ ဒီထဲက ဇီးပင်တွေကတော့ အဲဒီအချိန်တုန်းက ငယ်ငယ်လေးတွေပဲရှိသေးတယ်....။

ဖုန်းခေါ်လိုက်တော့ ရွာထဲမှာဆို ကြားရလားခဏခဏမေးရတဲ့ဖုန်းက တောထဲမှာမို့ အသံကပိုကြည်လင်နေတယ်။ ဘာတွေလုပ်နေလဲလို့ မေးတော့ ဇီးပင်အောက် ချုံရှင်းရင်း ဇီးသီးကောက်နေတာတဲ့။ အမေ ရောက်နေတဲ့ ယာတောက အဖေ့ဘက်က အမွေရတဲ့ ကုန်းခင်ယာလေးတွေမို့ ဇီးပင်လည်းရှိတယ်။ ကျနော်ရွာမှာတုန်းကလည်း အဲဒီယာတောဘက်ကို ခဏခဏရောက်ဖူးတော့ အမေနဲ့ဖုန်းပြောရင်း မျက်စိထဲမှာ ယာတောကို မြင်ယောင်နေမိတယ်။ ရွာမှာတုန်းကလည်း အမေနဲ့အတူယာတောသွားရင် သားအမိနှစ်ယောက်စကားပြောရင်းနဲ့ ပေါင်းနှုတ်မြက်ရိတ်ကြတာ။ အခုတော့ အမေတယောက်တည်းပေါ့။ တိုင်းရေးပြည်ရေး အခြေအနေ မကောင်းလို့ အမေသိပ်ဝါသနာပါတဲ့ ဈေးရောင်းတဲ့အလုပ်ကိုပစ်ထားခဲ့ရတာ အခုဆို ၅ နှစ်ပြည့်ခါနီးပြီ။ အဖေနဲ့အမေ အသက်ကြီးတဲ့အခါ အေးအေးလူလူနေနိုင်ဖို့ ကိုယ်တတ်နိုင်သလောက်လေး စီစဉ်ပေးထားတာက အခြေကျခါနီးမှ တိုင်းပြည်နေမကောင်းလို့ အဖေနဲ့အမေလည်း ဘေးကင်းရာမွေးရပ်မြေဆီကို ပြန်ရောက်နေကြတာ။ ရွာဘက် ဆိုတော့ တောင်သူအလုပ်ကိုပဲ အားထားရတာမို့ အဖိုးအဖွားဘက်က အမွေရထားတဲ့ ယာကွက်လေးတွေမှာ သီးနှံစိုက်ချိန်ဆို လူငှားနဲ့ မျိုးကြဲ ပေါင်းနှုတ်ချိန်လည်း လူငှားနဲ့ပဲခိုင်းရတာ။ တောရွာတို့ထုံးစံအတိုင်း ဘာမှမလုပ်ဘဲမနေတတ်ကြတော့ ကျန်းမာရေးမှကောင်းနေတယ်ဆိုရင် တောထဲတောင်ထဲ ယာထဲကိုင်းထဲကိုပဲ သွားနေကြတတ်တာ။ အမေကတော့ ယာတောကိုလာရင် ထမင်းထုပ် ထုပ်လာပြီး ညနေပိုင်းမှ ပြန်တယ်တဲ့။ အဖေကတော့ မနက်ပိုင်းသွားပြီး ထမင်းစားချိန်ဆိုပြန်လာတယ်လို့ပြောတယ်။ အိမ်မှာပဲ အေးအေးဆေးဆေး နေရမည့်အချိန်မှာ အခုလိုမျိုးကြားရတော့ စိတ်မကောင်းဖြစ်မိတယ်။ အမေနဲ့ဖုန်းပြောနေရင်း ဝမ်းနည်းမိတယ်။ အမေကတော့ ထုံးစံအတိုင်း သူပြောချင်တာ သူ့စိတ်ထဲရှိတာအကုန်ပြောတာပါပဲ။ အမေပြောတာနားထောင်ရင်း ကိုယ်တိုင်လည်း ဇီးပင်အောက်ရောက်နေသလိုမျိုး ခံစားရတယ်။ ရွာဘက်မှာလည်း အခြေအနေက တခါတလေ စိတ်မချရလို့ သူများတွေတော့ ညဆို အပြင်ထွက်အိပ်ကြတယ်လို့ပြောတယ်။ အမေကတော့ ဘာမှမသိဘူး အဲဒီလို ပုန်းဖို့ကို စိတ်မကူးမိဘူးတဲ့။ ညလည်းအိပ်လို့ပျော်တယ်။ ကိုယ်ပုံမှန်ပြုနေကျ ဘုရားရှိခိုး ပဌာန်းရွတ် မေတ္တာပို့ အမျှဝေပြီးရင် စိတ်ချလက်ချအိပ်တာပဲတဲ့။ မနက်ကျမှ သူများတွေက ဘယ်ဝိုင်းကတော့ ညတုန်းက ဘယ်လို ဘယ်ညာပြောမှ ဟုတ်လား ငါဖြင့် ဘာမှမသိဘူးလို့ပဲပြောလိုက်တယ်တဲ့။ အမေ ဘုရားရှိခိုး ပဌာန်းရွတ်တာကို မပျက်စေနဲ့လို့ အားပေးလိုက်တယ်။ မပျက်ဘူး စိတ်ချလူလေးတဲ့ အမေက လူနာစောင့်လိုက်ရရင်တောင် ဆေးခန်းက သူနာပြုဆရာမကို ကျုပ်က ပဌာန်းမရွတ်ရရင် အိပ်လို့မပျော်ဘူး ပဌာန်းစာအုပ်လေးငှားပါ ဘုရားခန်းမှာ ဘုရားရှိခိုးပြီး ပဌာန်းရွတ်ချင်လို့ လို့ပြောပြီး မပျက်ရအောင် ရွတ်တာတဲ့။ အရင်တခါတုန်းကတော့ ကိုယ်နားလည်သလောက် ပဌာန်းရဲ့အဓိပ္ပာယ်လေးတွေ အမေမှတ်မိအောင် ပြောပြထားဖူးတယ်။ ကျနော်တို့ ငယ်ငယ်‌ ကတည်းက ညတိုင်း အမေဘုရားရှိခိုးတာကို မှတ်မိတယ်။ အမေ့အကျင့်လေးတွေပဲ ကျနော်တို့ဆီလည်း ပါလာတယ်ထင်ပါရဲ့ ကျနော်ကိုယ်တိုင်လည်း ညဆိုရင် ဘုရားမရှိခိုး သောက်တော်ရေ မကပ်ဘဲ အိပ်လို့မရဘူး။ တခါတလေ ပင်ပမ်းပြီး အဆောင်ပြန်ရောက်တာနဲ့ အိပ်ယာထဲလှဲလို့ အိပ်ပျော်သွားတာက ဘုရားရှိခိုးဖို့ မေ့သွားတဲ့အခါ အဲဒီည ကောင်းကောင်းကို မအိပ်ရတော့ဘူး။ 


ဟိုးနောက်မှာ ခပ်‌ရေးရေးမြင်နေရတာက ပုပ္ပားတောင်မကြီးပါ ကျနော်တို့ ရွာဘက်မှကြည့်ရင် ယက်ကန်းစင်က လက်ခတ်ပုံစံရှိတယ်

အဖေကိုတော့ အိပ်မပျော်ဘူးဆိုလို့ ဘုရားရှိမခိုးခင် သတင်းကြည့်ဖို့ အိပ်ခါနီး ဘုရားရှိခိုး ပုတီးစိပ် တရားမှတ်ပြီး အိပ်ဖို့ပြောဖြစ်တယ်။ သူက သတင်းမလာခင် ဘုရားရှိခိုး ပုတီးစိပ် တရားမှတ်ပြီး သတင်းလာတဲ့အချိန် သတင်းနားထောင်ပြီးမှ အိပ်တာတဲ့။ ည သန်းခေါင်ကျော်လောက်ဆို အိပ်လို့မပျော်တော့ဘူးလို့ ပြောတယ်။ အဖေပုံမှန် အစီအစဉ်လေးကို ရှေ့နောက်ပြောင်းလိုက်ပါလို့ အကြံပြုလိုက်တယ်။ အမေကတော့ ဇီးသီးဈေးက ၁ တင်းကို ၆ ထောင်လောက်ပဲရှိတယ်လို့ပြောတယ်။ အငယ်ဆုံးကောင်ရဲ့ မင်္ဂလာဆောင်ဖိတ်စာအတွက်လည်း စီစဉ်ဖို့ပြောတယ်။ သားဦးဇင်းအကြောင်းလည်းပါတယ်။ တီဗွီသတင်းကြည့်ရင်း ထိုင်းမှာ မြန်မာတွေနဲ့ထိုင်းတွေ ပြဿနာ ဖြစ်တဲ့အကြောင်းလည်း တွေ့လို့ မေးပြီး စိတ်ပူတယ်ပြောသေးတယ်။ ကိုယ်နေတဲ့ နေရာဘက်မှာ ပုံမှန်ပဲမို့ စိတ်မပူဖို့ပြောရသေးတယ်။ အမေကတော့ မိန်းမသားပီပီ ရွာမှာ သူကြုံရ ကြားရ သိရတာတွေကို ပြန်ပြောပြတယ်။ ကိုယ်နဲ့ဖုန်းဆက်တိုင်း မိသားစုအရေးရော ဆွေမျိုးသားချင်းအရေး အဖိုးဆုံးသွားတော့ ကျန်ခဲ့တဲ့အဖွားအကြောင်း လည်းပါတယ်။ သားသမီးတွေက အနားမှာ တယောက်မှမရှိတော့ ကိုယ်ဖုန်းဆက်တဲ့အခါတိုင်း သူ့မှာ ရင်ဖွင့်စရာရတယ်လို့ထင်ပုံရတယ်။ ကိုယ့်မှာလည်း အမေ့အသံ အဖေ့အသံ ကြားရရင် ဖုန်းဆက်ပြီးတဲ့အခါတိုင်း အားအင်ပြည့်နေသလိုမျိုး ခံစားရတယ်။ ဘာတွေပဲဖြစ်နေဖြစ်နေ အဖေနဲ့အမေ့အသံကို ဖုန်းထဲက ကြားလိုက်ပြီးတာနဲ့ စိတ်ထဲမှာပေါ့ပါးပြီး အားအင်ပြည့်နေတာ။  အဲဒါကြောင့် ဖုန်းဆက်တဲ့အခါတိုင်း နာရီဝက် လေးဆယ့်ငါးမိနစ်တော့ အချိန်ပေးနားထောင်တယ်။ ဒီနေ့လည်း အမေက ဇီးပင်အောက်မှာထိုင်ရင်း ကိုယ်က အလုပ်ကဝရံတာမှာထိုင်ရင်း သားအမိနှစ်ယောက် စကားပြောဖြစ်ကြတယ်။ လူက ဝရံတာမှာဆိုပေမဲ့ စိတ်ကတော့ အမေနဲ့အတူ ဇီးသီး‌ကောက်ရင်း ပြောနေတာလို့ ခံစားရတယ်။ အမေ ပြောချင်တာအားလုံးနားထောင် ပြီးတော့ ဖုန်းဘေလ်လည်း အချက်ပြတာမို့ အမေနဲ့စကားလက်စဖြတ်ပြီး ဖုန်းချလိုက်တယ်။ ကိုယ့်စိတ်ထဲမှာတော့ ငယ်ငယ်တုန်းကလိုပဲ  အမေနဲ့ ယာတောကိုအတူသွားခဲ့ဖူးတာကို သတိရနေမိတယ်။


ပဲစင်းငုံရိုးကျွတ်ခင်းနဲ့ တောင်တန်းတွေ တချို့အပင်တွေက အရွက်သစ်ထွက်နေကြပြီ ဒီပုံလေးတွေ မြင်ရတော့ အညာကိုပိုလွမ်းသလို ရွာကိုပြန်ချင်စိတ်လည်း ပိုဖြစ်မိတယ်။ တနေ့တော့ ဒီမြေဒီရေမှာ ခြေပြန်ချခွင် ရချင်ပါတမိပါတယ်။

(၇) ရက်သားသမီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။ အညာသားဆီကို လာရောက် လည်ပတ်ရင်းနဲ့ ခဏတာ စိတ်အပန်းပြေပြီး ကြည်နူးချမ်းမြေ့ကြပါစေ။ လာရောလည်ပတ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

လေးစားမှုဖြင့်
အညာသား
၁၃၈၇ ခုနှစ်၊ တပိုတွဲလဆန်း (၇) ရက်
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်၊ စနေနေ့။

Wednesday, January 14, 2026

အညာသားလက်ရာ တို့ဟူးသုပ်


မုံလာထုပ်ပါးပါးလှီးထားတာ နည်းနည်းရောပြီးသုပ်စားဖြစ်တယ်

ကျနော်တို့ ရွာဘက်မှာတို့ဟူးသုပ်ကို နံနက်စာထမင်းကြမ်းနဲ့စားကြတာများပါတယ်။ အိမ်မိုး၊ ပေါင်းနှုတ်၊ ငရုတ်စိုက်၊ သက်ကယ်ပျစ်စတဲ့ လူစုပြီးလုပ်ရတဲ့ အလုပ်တွေမှာလည်း တို့ဟူးသုပ်ရေနွေးကြမ်းနဲ့ဧည့်ခံလေ့ရှိတယ်။ အဲဒီလိုလူအများနဲ့လုပ်တဲ့အခါဆိုရင်တော့ ကျောက်ပန်းတောင်းက ပဲမှုန့်အစိမ်းဝယ်ပြီး ကိုယ်တိုင်တို့ဟူးကျိုကြတယ်။ ကျနော်တို့ရွာတွေက ကုလားပဲလည်းစိုက်ပျိုးကြတော့ ပဲပေါတယ်လို့ပြောနိုင်တယ်။ ကိုယ့်လယ်ထွက် ကုလားပဲကို အခြမ်းခွဲပြီး ရေစိမ် ကြိတ်ဆုံနဲ့ကြိတ်လို့ရတဲ့ ပဲနှစ်ရည်ကို တို့ဟူးဖြစ်အောင် ပြန်ကျိုရတာ။ အဲဒီနည်းက အချိန်ကုန် လက်ဝင်ပေမဲ့ စားရတာ အရသာပိုရှိတယ်။ အခုနောက်ပိုင်းတော့ မြို့ပေါ်မှာစက်နဲ့ကြိတ်ထားတဲ့ကုလားပဲမှုန့်ကိုပဲ ဝယ်ပြီး တို့ဟူးကျိုကြတော့တယ်။ ပဲမှုန့်အစိမ်း ၅၀ ကျပ်သားတထုပ်ကိုကျိုရင် တို့ဟူး ၁ ပိဿာခွဲ ၂ ပိဿာလောက် ရတော့ မိသားစုဝဝလင်လင်စားနိုင်တယ်။ အမေကဈေးရောင်းတဲ့ဝါသနာပါတော့ တခါတလေ ရွာထဲမှာတို့ဟူးသုပ် လည်းရောင်းတတ်တယ်။ အိမ်မှာတို့ အမေတို့ဟူးကျိုတဲ့အခါ ကူညီလုပ်ပေးရင်းနဲ့ တို့ဟူးကျိုနည်း အချိုးအဆကို မှတ်မိနေတော့ ပဲမှုန့်သာရရင် တို့ဟူးကျိုဖို့အတွက်က အခက်အခဲမရှိလှဘူး။ တလောတုန်းကတော့ အိန္ဒိယကလာ တဲ့ပဲမှုန့်ကို တို့ဟူးကျိုကြည့်တာ တခြားရောထားလို့လား ကုလားပဲအမျိုးအစားပဲမတူလို့လားမသိဘူး မြန်မာပဲမှုန့်နဲ့ကျိုတာလောက်စားလို့မကောင်းဘူး။ တို့ဟူးတော့ဖြစ်တယ် တို့ဟူးသားက ကျစ်ကျစ်လေးမာမနေဘူး။ အအေးခံပြီး သိပ်မကြာခင်မှာပဲ ပျော့သွားတယ်။ အဲဒါကြောင့် မြန်မာက လာတဲ့ပဲမှုန့်ရတဲ့အခါမှပဲ တို့ဟူးကျိုစားဖြစ်တော့တယ်။

နံနံပင်အဆင်သင့်မရှိလို့ စိုက်ထားတဲ့ ရှမ်းနံနံရွက်ခူးပြီးထည့်သုပ်ထားတယ်

ဒီတခါတော့ မြန်မာဆိုင်ဘက်သွားတဲ့လူကြုံရှိတာနဲ့ ပဲမှုန့်မှာလိုက်လို့ မစားရတာကြာတဲ့ တို့ဟူးကျိုပြီး တို့ဟူးသုပ် သုပ်စားဖြစ်တယ်။ သုပ်ရတာကလည်း အရမ်းလွယ်ကူပါတယ်။ ကြက်သွန်ဖြူဆီချက်၊ ငံပြာရည်၊ အရသာမှုန့်၊ မန်ကျည်းချဉ်ရည်၊ ငရုတ်သီးမှုန့်ပဲလိုတယ်။ တခြားအရောအနှောကတော့ ကိုယ့်စိတ်ကြိုက် ထည့်သုပ်နိုင်တယ်။ မုံလာထုပ်ပါးပါးလှီးထားတာ၊ နံနံပင်ကြိုက်ရင်တော့ နံနံပင်နဲ့ ကြက်သွန်မြိတ်ထည့်ပြီးသုပ်လို့ရတယ်။ လုပ်ရတာ လွယ်ကူသလောက် အရသာရှိတဲ့ ဟင်းတခွက်ပါ။ ကျနော်တို့ ရွာဘက်မှာတော့ တို့ဟူးကို ဟင်းချက်စားကြတာမျိုးလည်းရှိတယ်။ တို့ဟူးကို တလက်မအရွယ် လေးထောင့်အတုံးထူထူလေးတွေတုံးပြီး မန်ကျည်းမှည့်အနှစ်နဲ့ ချက်စားရင် ထမင်းမြိန်လှတယ်။ တို့ဟူးကြော်ကတော့ ဇာတ်ပွဲရှိတဲ့အခါရောင်းတဲ့ အကြော်ဆိုင်တွေမှာပဲတွေ့ရတယ်။

အမေက တို့ဟူးသုပ် အမြဲတမ်းရောင်းတာမဟုတ်တော့ တခြားရွာက တို့ဟူးသုပ်သည်တွေလည်း ရွာကိုလာရောင်းကြတယ်။ တောင်ဘက်ရွာ အသည်ကတော့ ရွာချင်းသိပ်မဝေးတော့ နံနက်စာအမီ ရွာကိုရောက်အောင်လာပြီးရောင်းတတ်တယ်။ မြောက်ဘက်ရွာက တယောက်ကတော့ ရွားချင်းနည်းနည်းဝေးလို့ သူက တို့ဟူးသုပ်အတွက် လိုအပ်တာအစုံယူပြီးတော့  ရွာမှာတညလာအိပ်တယ်။ သူတည်းတဲ့အိမ်မှာပဲ တို့ဟူးကျို တို့ဟူးသုပ်အတွက်လိုအပ်တာတွေ ပြင်ပြီး နံနက်စာအမီ ရွာထဲကိုလည်ရောင်းတယ်။ သူဈေးရောင်းတဲ့ပုံစံက တခြားရွာတွေမှာလည်း အဲဒီလိုမျိုးပဲ တညကြိုသွားပြီး နောက်နေ့နံနက်စာအတွက်ရောင်းလေ့ရှိတယ်။ အမေကြီးတို့ခေတ်တုန်းကတေ့ တို့ဟူးကို "ရှင်စော်ကား" လို့ခေါ် ကြတယ်တဲ့။ သူတို့လူကြီးချင်းပြောရင် တို့ဟူးကို "ရှင်စော်ကား" လို့ပြောကြတာကို မှတ်မိနေသေးတယ်။ ဘာကြောင့် အဲဒီလိုခေါ်တယ်ဆိုတာကိုတော့ သေချာမမေးမိဘူး။ ကျောက်ပန်းတောင်းနားက အတာရွာမှထွက်တဲ့ တို့ဟူးက နာမည်ကြီးတယ်တဲ့။ ဘာလို့လဲဆိုတော့ တပတ်လောက်အထားခံတယ်လို့ ပြောတယ်။ တချို့ကလည်း ကြာရှည်အထားခံ‌အောင် တို့ဟူးကျိုတဲ့အထဲကို ကျောက်ချဉ်ထည့်ပြီးကျိုတယ်လို့ ပြောကြတယ်။ အဲဒီအတာရွာက တို့ဟူးသုပ်သည်တွေလာရောင်းတဲ့အခါ အမေကြီးဝယ်ကျွေးလို့စားဖူးတာတေ့ တို့ဟူး ချည်း စားရင် နည်းနည်းအချဉ်အရသာလေးပါတယ်။ 


ထမင်းပူပူလေးနဲ့တွဲစားလို့ အလွန်ကောင်းတဲ့ အညာသားလက်ရာ တို့ဟူးသုပ်ပါ

မြို့ပေါ်မှာကျောင်းတက်တော့ မြို့ကတို့ဟူးအသားက ကြည်ကြည်လေး မသိရင် ကျောက်ကျောလေးလိုပဲ။ အဆောင်နားကို နံနက်အစော လာရောင်းတဲ့ အဖွားကိုမေးကြည့်တော့ သူက စစ်တို့ဟူးလို့ပြောတယ်၊ ပဲမှုန့်ကို ရေဖျော် ပိတ်နဲ့စစ်ပြီးရလာတဲ့အရည်ကိုကျိုတာမို့ ကြည်ကြည်လေးဖြစ်နေတာတဲ့။ စစ်လို့ကျန်တဲ့အနှစ်ကိုတော့ အချဉ်ဖောက်ပြီး တို့ဟူးသုပ်တဲ့အခါ နည်းနည်းစီထည့်သုပ်ပေးတယ်။ တက္ကသိုလ်ကျောင်းသားဘဝ အဆောင်က ထမင်းချက်ပေးတော့ နံနက်ကျောင်းမသွားခင် တို့ဟူးသုပ်ဝယ်ပြီး ထမင်းပူပူနဲ့ နံနက်စာစားခဲ့ရတာကို သတိရမိတယ်။ ကျောင်းထဲက ကန်တင်းမှာရောင်းတဲ့ တို့ဟူးကြော်ကလည်း စားလို့တော်တော်ကောင်းတယ်။ သူတို့ဆိုင်က အချဉ်ရည်က မန်ကျည်းမှည့်ချဉ်ရည်မဟုတ်ဘဲ ခရမ်ချဉ်သီးကို ငရုတ်သီးနံနံပင်တို့နဲ့ထောင်းထားတာ တို့ဟူးကြော်နဲ့ လိုက်ဖက်တယ်။ ကျတော်တို့အဖွဲ့ ကန်တင်းမှာထိုင်ရင် တို့ဟူးကြော်ဆို ၃ ပွဲလောက်မှာရတယ်။ သူတို့က ရှမ်းတို့ဟူးကြော်လို့ပြောတယ်။ တို့ဟူးကိုအရင်ကြော်ထားပြီး ရေခဲသေတ္တာထဲမှာထားတာ စားသုံးသူမှာတော့မှ မှာသလောက်ကို ဆီပူပူလေးမှာ ပြန်ကြော်ပြီး ခရမ်းချဉ်သီးထောင်းနဲ့တို့စားရတာ။ တက္ကသိုလ်တက်ခဲ့တဲ့ တလျှောက်တော့ ကန်တင်းက တို့ဟူးကြော်နဲ့ မတုတ်ကြီး အသုပ်စုံ၊ အာပူလျှာပူက အမြဲတမ်းစားဖြစ်တဲ့ အစားအစာပါပဲ။

ခုတော့ အချိန်တွေလည်း လွန်ခဲ့ပြီမို့ အတိတ်တွေဟာ ပြန်တမ်းတပြီး စိတ်ကူးနဲ့လွမ်းလို့ရတဲ့ အရာတွေသာဖြစ် နေတော့တယ်။ တက္ကသိုလ်မြေနဲ့ဝေးခဲ့တာလည်း နှစ်တွေကြာပြီ အခြေအနေ အချိန်အခါပေးလို့ ပြန်ရောက်ဖြစ် ခဲ့ရင်တောင် လူတွေ စိတ်တွေ အခင်းအကျင်းတွေဟာ အရင်တုန်းကလိုမျိုး နုပျိုသစ်လွင်နေမှာ မဟုတ်တော့တာ သေချာတယ်။ ဒီဘဝ အမိမြေမှာ ရှင်သန်ခွင့်ကျန်သေးတယ်ဆိုတော့ အရင်တုန်းကကျင်လည်ခဲ့တဲ့ နေရာတွေမှာ ခြေရာပြန်နင်းရင်းထိတွေ့ချင်မိသေးတယ်။ လက်ရှိမှာတော့ ပျော်ရာမဟုတ်တဲ့ တော်ရာမှာနေရင်းပဲ အကြောင်းတိုက်ဆိုင်တဲ့အခါ အတိတ်စာမျက်နှာလေးတွေ ပြန်လှန်ကြည့်ရင်း လွမ်းနေမိတယ်။ 

(၇) ရက် သားသမီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ။ ဘေးရန်ဒုက္ခအပေါင်းမှ ကင်းဝေးကြပါစေ။ အညာသားဆီကို လာလည်ရင်းနဲ့ တခဏတာလေးပဲဖြစ်ဖြစ် စိတ်ကြည်လင်မှုရတယ်ဆိုရင် ဝမ်းသာပါတယ်။ လာရောက်လည်ပတ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။


လေးစားမှုဖြင့်

အညာသား

၁၃၈၇ ခုနှစ် ပြာသိုလ်လပြည့်ကျော် (၁၂) ရက်၊

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်၊ ဗုဒ္ဓဟူးနေ့။

Thursday, January 8, 2026

ငယ်ဘဝ အမှတ်တရ သီးကြီး သီးလေး

ကျနော်ဝယ်ခဲ့တဲ့  ၁၈ လုံးပါတဲ့ သီးကြီး ငှက်ပျောဖီးပါ၊ အညာမှာတော့ အခုလိုမျိုး ဝဝတုတ်တုတ် ငှက်ပျောသီးက မိုးတွင်းကာလ မိုးရေနဲ့သီးတဲ့ အသီးတွေပဲသန်တာပါ သီတင်းကျွတ်ဘုရားပွဲရာသီဆို ငှက်ပျောသီးလည်း တော်တော်သန်ပါတယ်

ကျနော်ငယ်စဉ်အခါတုန်းက အမေက ငှက်ပျောသီးရောင်းတယ်။ ကျောင်းတက်တဲ့နှစ်နဲ့ပြောရမယ်ဆိုရင်တော့ မူလတန်းကျောင်းသား ၃ တန်းလောက်မှစပြီး ၈ တန်းနှစ်အထိပေါ့။ ငှက်ပျောသီးရောင်းတယ်ဆိုလို့ ကိုယ့်ခြံထွက် ငှက်ပျောသီးကို ရောင်းရတာမျိုး မဟုတ်ပါဘူး။ ကျနော်တို့ရွာမြောက်ဘက် ပုပ္ပားတောင်မကြီးရဲ့ အရှေ့တောင်ဘက် တကြောက ငှက်ပျောစိုက်တဲ့ရွာတွေက ငှက်ပျောသီးအစိမ်းကို ပြန်ဝယ် အိမ်မှာ မှည့်အောင်အုပ်ပြီးတော့ ၅ ရက်တဈေးခင်းတဲ့ လက်ပံပျားဈေး၊ တောင်ဦးဈေး ရေဝေဈေးတို့မှာ ပြန်ရောင်းတာပါ။ ကျနော်မှတ်မိသလောက်တော့ တောင်ဦးဈေးမှာ အများဆုံးရောင်းတယ်။ လက်ပံပျားဈေးကတော့ ရွာနဲ့အနီးဆုံးပြောလို့ရသလို ကျနော်ကျောင်းသွားတက်ရတဲ့ရွာလည်းဖြစ်တယ်။ နီးတယ်ဆိုပေမဲ့လည်း ရွာမှခြေလျင်ခရီးနဲ့ဆို ၄ မိုင်လောက်လျှောက်ရတယ်။ အဲဒီအချိန်တုန်းကတော့ ခုခေတ်လို လမ်းပမ်းဆက်သွယ်ရေးက သိပ်မကောင်းတော့ ခြေလျင်ခရီးပဲနှင်ကြရတာပါ။ ကိုယ်လယ်ယာထွက်ပိုလျှံတဲ့ဟင်းသီးဟင်းရွက်၊ ရာသီစာ သဘာဝထွက်စားစရာနဲ့ သပြေပန်းတို့ အသီးအနှံတို့ကို ခေါင်းရွက်တမျိုး ပခုံးထမ်းတဖုံနဲ့ လက်ပံပျားဈေးကို ငါးပိဖိုး ဆားဖိုးရရ သွားရောင်လေ့ရှိကြတယ်။ ခြေလျင်ခရီးဆိုတော့ ဈေးလိုက်တဲ့သူတွေက ဈေးရောင်းစရာပါတော့ ဈေးခင်းတဲ့အချိန်မီအောင် အစောသွားကြရတယ်။ အိပ်ရာက ၄ နာရီလောက်ထသွားမှ လက်ပံပျားကို မိုးအလင်းဈေးခင်းချိန်အမီရောက်တယ်။ သူတို့ဈေးလိုက်လမ်းက ကျနော်တို့ကျောင်းသားတွေ ကျောင်းသွားတဲ့လမ်းအတိုင်းပါပဲ။ ချောင်းကျော် တောဖြတ် ခဲကြိုခဲကြားကနေ ပေတရာပေါ်ရောက်သည်အထိ သွားရတာ။ ငှက်ပျောသီးနည်းတဲ့အခါဆိုရင်တော့ အမေက လက်ပံပျားဈေးကို လိုက်ရောင်းတယ်။ အမေ လက်ပံပျားဈေးလိုက်တဲ့နေ့ဆို ကျနော်လည်း အမေနဲ့အတူအစောထပြီး ငှက်ပျောသီးနိုင်သလောက်ထမ်းလိုက်ရတယ်။ ကျောင်းလွယ်အိတ်နဲ့ထမင်းဘူးတဖက် ငှက်ပျောသီးတဖက်ထမ်းပြီး အမေ့နောက်က လိုက်ရတာ။ မိုးမလင်းခင်ဆိုတော့ လမ်းကို‌ ကောင်းကောင်း မမြင်ရဘူး လမိုက်ညတွေဆိုရင် လက်နှိပ်ဓာတ်မီးနဲ့သွားရတာ၊ လပြည့်ကျော်ရက်တွေ ဆိုရင်တော့ လထွက်နောက်ကျတော့ မိုးလင်းခါနီး လရောင်နဲ့လမ်းကိုကြည့်ပြီး သွားကြရတယ်။ ပေတရာပေါ်ရောက်မှ ရွာကဈေးလိုက်တဲ့သူတွေ တခြားရွာကဈေးလိုက်တဲ့သူတွေ ဆုံကြတာ။ ပေတရာတလျှောက် နာရီဝက်လောက် ဆက်လျှောက်မှ လက်ပံပျားကိုရောက်တာ။ ဈေးရောက်ရင် ဈေးရောင်းဖို့နေရာချပြင်ဆင်ပြီးမှပဲ ဈေးရောင်းရင်း နားကြရတာပေါ့။ နံနက်အစောထလာရတော့ ထမင်းချိုင့်က ဟင်းပါမလာလို့ အမေက ဈေးထဲက အကြော်ဖြစ်ဖြစ် တို့ဟူးသုပ်ဖြစ်ဖြစ် ဝယ်ပြီးထမင်းချိုင်ထဲထည့်ပေးလိုက်တာ။ အမေက ဈေးရောင်းရင်းကျန်ခဲ့ ကျနော်က ကျောင်းသွားတက်ပေါ့။ အဲဒီလိုပဲ တောင်ဦးဈေးဆိုလည်း တခါတလေ အမေနဲ့အတူတူလိုက်သွား ရတယ်။ လက်ပံပျားဈေးနေ့ဆိုရင် တောင်ဦးဈေးကြိုနေ့၊ လက်ပံပျားဈေးလွန် ၂ ရက်ဆို တောင်ဦးဈေးနေ့ အဲဒီလို တွက်ပြီးတော့ ဈေးရက်ကိုတွက်ပြီး ဈေးနေ့အမီ ငှက်ပျောသီးဝယ် မှည့်အောင်အုပ်ရတာ။ 

တပိုင်တနိုင်လေးတွေ ရောင်းတာဆိုတော့ ဆေးနဲ့အုပ်တဲ့ငှက်ပျောသီးမဟုတ်ပါဘူး ဆေးနဲ့ဆို အရောင်က

တညီတည်းဖြစ်နေတာ

ကျနော်ကျောင်းပိတ်ရက်တွေဆို အမေငှက်ပျောသီး ဝယ်သွားရင် အမေနဲ့အတူတူ ငှက်ပျောသီးထမ်းလိုက်ရတယ်။ မှတ်မိသလောက် မြောက်ဘက်ကရွာတွေထဲမှာ လွန်အိုင်၊ ဘိုတဲ၊ ပျဉ်မကြီး၊ စီးမ၊ ဆည်၊ နကလည် (နတ်ကန်လည်) စတဲ့ရွာတွေက ငှက်ပျောခြံရှင်တွေဆီမှာ သွားဝယ်ရတာ။ ရွာထဲက အိမ်တေွမှာ ဝယ်သလို သူတို့ ငှက်ပျောခြံတွေရှိရာသွားပြီးလည်းဝယ်ရတယ်။ အမေက ဈေးမှ ခရမ်းချဉ်သီး၊ မုံလာဥ၊ မုံလာရွက်၊ နံနံပင် စတဲ့ ဟင်းချက်စရာပြန်ဝယ်လာတဲ့အခါဆို ရွာထဲကိုအရင်သွားပြီး ဟင်းချက်စရာပြန်ရောင်းရတယ်။ ရလာတဲ့ပိုက်ဆံနဲ့ ငှက်ပေျာသီးပြန်ဝယ်တယ်။ တချို့က ခြံထဲမှာ ပေါင်းသင်မြေဆွရင်း ရင့်နေတာတွေ့လို့ တခိုင်စ နှစ်ခိုင်စ ခုတ်လာပြီး အိမ်မှာချိတ်ထားတတ်တယ်။ အမေတို့လို လာဝယ်တဲ့သူတွေက ငှက်ပျောခိုင်ချိတ်ထားတာမြင်ရင် ဝင်ပြီး ရောင်းမလားမေး ဘယ်ဈေးလဲ ပြန်ရောင်းလို့အဆင်ပြေလားတွက်ပြီး ကိုယ်ပေးနိုင်တဲ့ဈေးပြော ရောင်းသူက လည်းသူလိုချင်တဲ့ဈေးတောင်း အဲလိုမျိုး ဝယ်သူရောင်းသူ အဆင်ပြေေအာင်ညှိပြီး ဝယ်ရတာ။ ဒီနေရာမှာမှ ပြောချင်တဲ့အကြောင်းကစတာ။ ငှက်ပျောသီးရောင်းတဲ့သူတွေက ငှက်ပျောသီး အလုံးရေကို ကြည့်ပြီး သီးကြီး သီးလေး ခွဲထားတတ်ကြတယ်။ ဝယ်သူလာတဲ့အခါ သီးကြီးကဘယ်ဈေး၊ သီးလေးက ဘယ်ဈေးဆိုပြီး ဈေးခွဲပြောတယ်။ ငှက်ပျောသီးတဖီးမှာ အလုံးရေ ဆယ်လုံးနဲ့အထက်ဆိုရင် သီးကြီးလို့ သတ်မှတ်ပြီး ဆယ်လုံးအောက်ဆိုရင် သီးလေးလို့ သတ်မှတ်တယ်။ ကိုယ်က သီးကြီး ငါးဆယ် လိုချင်တယ်ဆိုရင် ခြံရှင်ကို သီးကြီး ငါးဆယ်လောက်လုပ်ခုတ်ပေးပါလို့ပြောရတယ်။ သီးလေးဆိုလည်း သီးလေးဘယ်လောက်ပေါ့။ အဲဒီလိုပြောမှ ခြံပိုင်ရှင်က သူ့ခြံထဲလိုက်ကြည့် ခုတ်လို့ရမည့်အပင်ရွေးပြီးခုတ်တာ။ ခုတ်ပြီးသားငှက်ပျောခိုင်တွေကို တနေရာမှာစုထားပြီး လိုအပ်တဲ့ အရေအတွက်ရလောက်ပြီဆိုမှ တဖီးချင်းဆစ်ရတယ်။ ဆစ်တယ်ဆိုတာ ငှက်ပျောခိုင်ကနေ ငှက်ပျောသီးတဖီးချင်းဖြတ်ယူတာကိုပြောတာ။ ဆစ်တာကလည်း လွယ်မလိုနဲ့ခက်တယ်။ ဓားထက်ထက် လက်ဆကောင်းကောင်းနဲ့မှ ငှက်ပျောသီးလုံးတွေကို ဓားမထိဘဲ ဆစ်နိုင်တာ။ ငှက်ပျောခိုင် အောက်ဆုံးဖီးကို လက်ဖျားဖီးလို့ခေါ်ပြီး အထက်ဆုံးကအဖီးကိုတော့ လက်ရင်းဖီးလို့ခေါ်ကြတယ်။ လက်ရင်းဖီးက အများအားဖြင့် ဆယ်လုံးမှ ဆယ်ငါးလုံးထိရှိနိုင်ပြီး အပင်ပျို မြေသန် ရေလည်းဝရင်တော့ ဆယ်ရှစ်လုံးလောက်အထိရှိတတ်တယ်။ ပုံမှန်အားဖြင့်တော့ ဆယ်လုံးမှ ဆယ့်ငါးလုံးဝန်းကျင်ပါပဲ။ ဆယ်ဖီးပါတဲ့တခိုင်မှာ ၆ ဖီး ၇ ဖီးလောက်ထိက သီးကြီးဖြစ်တတ်သလို တချို့အခိုင်သေးရင်လည်း သီးလေးချည်းပေါ့။ ငှက်ပျောသီးဆစ်ပြီးတဲ့အခါ ခြံရှင်က သီးကြီး သီးလေးခွဲပြီး ဝယ်သူမှာတဲ့အရေအတွက်ရအောင်လုပ်ပေးတယ်။ သီးကြီးအကုန်မရရင် သီးလေးကို ၂ ဖီးထပ်ပြီး သီးကြီးလုပ်ပေးတာလည်းရှိတယ်။ အဲဒီလိုမျိုးရရင်တော့ ဝယ်သူကပိုအဆင်ပြေတယ်။ ပြန်ရောင်းတဲ့အခါ အဖီးရေများများဆိုတော့ အမြတ်နည်းနည်းပိုတာပေါ့။ တချို့သဘောကောင်းတဲ့ ခြံရှင်ကတော့ အမေ့ကို ပြန်ရောင်းရတာအဆင်ပြေအောင် သီးထပ်လုပ်ပေးကြတယ်။ သီးကြီးအဖီး ငါးဆယ်ဆိုပေမဲ့ သီးလေးနှစ်ဖီးထပ် သီးကြီးတဖီးလုပ်ပေးတာရယ် လက်ဖျားဖီးတွေရယ်ဆိုရင် ငါးဆယ်မှာတာက နောက်ဆုံး အဖီး ၆၀ ကျော် ၇၀ လောက်ဖြစ်သွားတယ်။ တချို့က ငှက်ပျောခြံတွေထဲမှာပဲ တဲဆောက်ပြီးနေကြတာလည်းရှိတယ်။ အဲဒီလိုခြံမျိုးကို သွားဝယ်ရင် သူတို့ကလည်း ဟင်းချက်စရာအတွက် ပိုက်ဆံမပေးဘူး ငှက်ပျောသီးပြန်ရောင်းတာသိတော့ ငှက်ပျောသီးကိုပဲ ပိုပိုသာသာပေးကြတယ်။ ပင့်ထက်မှည့်ခိုင်တွေရှိရင်လည်း ကလေးတွေစားဖို့ဆိုပြီး သပ်သပ် ထည့်ပေးသေးတယ်။ အမေကတော့ ငှက်ပျောသီးကို တော်တော်းထမ်းနိုင်တယ်။ ဆစ်ပြီးသားငှက်ပျောဖီးတွေကို ထမ်းတောင်တဖက်စီမှာ စီပြီးထည့်တယ်။ တောင်းကလည်း တဖက်ကို ဆယ့်ငါးဖီးလောက်ဆန့်တယ်။ တဖက်ဆယ့်ငါးဖီးပါရင် အမေ့အထမ်းက အဖီးသုံးဆယ်၊ ဒါပေမဲ့ အမေက အဖီး နှစ်ဆယ်လောက်ဆန့်အောင် တောင်းထဲကိုငှက်ပျောရွက်တွေခံပြီး အပေါ်မောက်အောင်ထည့်တယ်။ ကျနော်ကတော့ ငယ်လည်း ငယ်သေးတော့ တဖက် ၅ ဖီးလောက် အများဆုံးမှ ၇ ဖီးလောက်ပဲထမ်းနိုင်တယ်။ ကျနော်ထမ်းဖို့အတွက်ကိုတော့ နွမ်းနေတဲ့ငှက်ပျောရွက်အလယ်ကျောရိုးကို ရေဆွတ်ပြီး အဲဒီငှက်‌ပျောလျှော်ကြိုးမှာ ငှက်ပျောဖီးတွေကုံးပြီး ဟိုဘက်တကုံး ဒီဘက်တကုံးထမ်းပိုးနဲ့လျှိုပြီးထမ်းရတယ်။ ငှက်ပျောသီးဝယ်ပြီးရင် သားအမိနှစ်ယောက် အထမ်းကိုယ်စီနဲ့ ရွာကိုပြန်ကြတယ်။ လမ်းကလည်း ကျောက်ခဲကြို ကျောက်ခဲကြားတိုင် ဖြတ်ပြန်ရတာ ရွာနားနီးမှ မြေပြန့်ပေါ် ရောက်တယ်။ အမေ့အထမ်းဟာ တော်ရုံယောကျာ်းသားတောင် မနည်းမယူရတယ်။ အမေဟာ အဲဒီလိုမျိုး ငှက်ပျောခြံမှသည် ဈေးရောက်သည်အထိ ပခုံးနဲ့ထမ်းပြီး ကျတော်ညီအစ်ကို တတွေကို လုပ်ကျွေးခဲ့တာ။ အဖေက တနယ်ထွက်အလုပ်လုပ်တော့ အမေကကျနော်တို့နဲ့အနီးကပ်နေရတာမို့ အမေရုန်းကန်ရတာကို ပိုပြီးမှတ်မိ တယ်။ အဖေပြန်လာတော့လည်း အမေနဲ့အတူ ငှက်ပျောသီးထမ်းပြီး ရုန်းကန်ကျွေးတာပါပဲ။ အမေနဲ့ငှက်ပျောသီးထမ်းသွားတိုင်း လမ်းမှာ သားအမိနှစ်ယောက် စကားပြောရင်း ကျနော်ကို စာကြိုးစားဖို့ အမြဲတမ်းမှာတယ်။ ငါ့သားစာတတ်ရင် အခုလိုမျိုး ပင်ပင်ပမ်းပမ်း လုပ်မစားရဘူး။ အရိပ်ထဲမှာပဲနေပြီး သက်သက်သာသာ အလုပ်လုပ်ရမှာ။ အဲဒါကြောင့် စာကိုကြိုးစားဖို့ သတိရတိုင်းမှာတယ်။ အထူးသဖြင့်တော့ ငှက်ပျောသီးထမ်း သွားတဲ့အခါတိုင်းပါပဲ။ ငှက်ပျောသီးထမ်းလာလို့ အိမ်ရောက်ပြီဆိုရင် ပင်ပမ်းတယ်။ ပခုံးတွေက ပူနေတာပဲ။ ကျနော်ကတော့ ငှက်ပျောသီးထမ်းချပြီးတာနဲ့ အိပ်ရာထဲတမ်းထိုးအိပ်တာ။ အမေကတော့ ငှက်ပျောသီးအုပ်ဖို့အတွက် ပြင်ဆင်ရတယ်။

အဲဒီအချိန်တုန်းက ငှက်ပျောသီးအုပ်တယ်ဆိုတာကလည်း တကယ်သဘာဝစစ်စစ်နဲ့မှည့်အောင်အုပ်ရတာ။ ခြံကငှက်ပျောသီးဝယ်ပြီးပြန်လာရင် လမ်းမှာကတည်းက ဝိဇပ်ရွက်၊ သက်ရင်းရွက်တို့ကို တခါတည်းခူးလာတယ်။ အိမ်ရောက်ရောက်ရင်ငှက်ပျောသီးကို နေနည်းနည်းပြ ခူးလာတဲ့အရွက်တွေနဲ့ အရိပ်ထဲမှာ စဉ့်အိုး၊ တောင်းကြီးကြီး သို့မဟုတ် ယိုင်ပတ်ပြီး တထပ်စီ လေလုံအောင်စီထည့် နောက်ဆုံး အရွက်တွေပေါ်မှာ ဂုံနီအိတ်အဟောင်းတွေလုံအောင်အုပ်ပြီးခဲနဲ့ဖိထားတာ။ အဲဒီနည်းနဲ့ ငှက်ပျောသီးအုပ်တာက လေလုံမှ အထဲမှာရွက်နဲ့အပူလောင်ပြီး မြန်မြန်မှည့်တာ။ အမေဆိုရင် ငှက်ပျောသီးအုပ်ပြီးပြီးဆိုတာနဲ့ ငှက်ပျောသီးအုပ်တဲ့ တောင်းကို အရမ်းဂရုစိုက်တာ သတ်မှတ်ရက်အတွင်းမှည့်မှ ဈေးကိုအချိန်မီရောင်းနိုင်မှာလေ။ ဆောင်းတွင်းအရမ်းအေးရင်တော့ ဘေးနားကနေ မီးဖိုပြီး အပူဓာတ်ကူပေးရတယ်။ ငှက်ပျောသီးကလည်းရင့် လေလည်းလုံတယ်ဆိုရင် ၃ ရက်လောက်ဆို ငှက်ပျောသီးမှည့်တယ်။ ငှက်ပျောသီးအုပ်တဲ့တောင်းထဲကို လက်နဲ့စမ်းပြီး ငှက်ပျောသီးအခြေအနေ စမ်းကြည့် နည်းနည်းပျော့တယ်ဆိုရင် ဖော်ထားလို့ရပြီ။ အပြင်မှာလေသလပ်တာနဲ့ ငှက်ပေျာသီးက အရောင်းဝင်းဝါပြီးလှလာတာ။ တောင်းထဲမှာပဲ အရောင်းဝင်းအောင်ထားရင် လေထဲဖော်တာနဲ့ အရောင်မဲတာမျိုးဖြစ်တတ်တယ်။ အခုနောက်ပိုင်းတော့ ရွာဘက်တွေလည်း ခေတ်မီလာကြတာ အမေတို့ခေတ်တုန်းကလိုမျိုး သဘာဝအတိုင်း သစ်ရွက်နဲ့တောင်းထဲထည့်ပြီး မအုပ်ကြတော့ဘူး။ ငှက်ပျောသီးတွေခူးလာပြီးတာနဲ့ သူတို့ခေါ်တဲ့ ငှက်ပျောသီး မှည့်ဆေးကို ရေနဲ့ဖျော် ငှက်ပျောသီး တဖီးစီနှစ် ခဏနေပြန်ဆယ်ပြီး အဝတ်နဲ့အုပ်ထားလိုက်တာပဲ။ အပင်ပမ်းမခံကြတော့ဘူး။ ရွာပြန်လို့ အမျိုးတွေက ငှက်ပျောသီးကျွေးရင် ဘယ်လိုအုပ်တာလဲ အရင်မေးရသေးတယ်။ ပင့်ထက်မှည့် (ပင့်နက်မှည့်) သီးဆိုတာကလည်းရှိသေးတယ်။ ငှက်ပျောသီးက အပင်ပေါ်မှာပဲ အရင့်လွန်သွားရင် တလုံးနှစ်လုံးစပြီးမှည့်တာကနေ မခုတ်ဘဲကြာသွားရင် တခိုင်လုံးမှည့်သွားတာကိုခေါ်တာ။ အပင်ပေါ်မှာတင်မှည့်တဲ့အသီးမို့ ပင့်ထက်မှည့် ကို အမြန်ခေါ်ကြတော့ ပင့်နက်မှည့်ဆိုပြီး အသံရောသွားတာ။

အညာဘက်မှာတော့ အလှူတို့ မင်္ဂလာဆောင်တို့ဆိုရင် ငှက်ပျောသီးက မပါမပြီးပဲ။ အလှူမှာဆိုရင် ဘုရားဆွမ်းတော်တင်တာ၊ နတ်ပွဲတင်တာ ဆိုင်းပွဲ စက်ပွဲ  မင်းသမီးပွဲ စသဖြင့် ရိုးရာအတိုင်းပွဲတွေတင်ရပသကြတာမို့ ငှက်ပျောသီး အနည်းဆုံး ၂ ဖီးကမပါမဖြစ်ပဲ။ လှူမယ်ဆိုတာနဲ့ ငှက်ပျောသီး အဖီး သုံးလေးရာတော့ အုပ်ရတာပဲ။ ရပ်ဝေးကလာတဲ့ ဆွေမျိုးတွေ မကင်းရာမကင်းကြောင်း ဧည့်သည်တွေလည်း အလှူပြန်လက်ဆောင်ဆိုပြီး ထည့်ပေးလို့ လှတော့ ငှက်ပျောသီးက အလှူမှာ မပါမဖြစ်။ မင်္ဂလာဆောင်မှာကျတော့လည်း သတို့သမီးဘက်က ဆွေမျိုးတွေကို အနည်းဆုံး ငှက်ပျော ၂ ဖီး လဘက်ပဲကြော်နဲ့ အုပ်တင်ရတယ်။ မိန်းခလေးမိဘဆီ သွားပြီးစေ့စပ်ကတည်းက မင်္ဂလာဆောင်ပေးမှာလို့ ပြောထားရင် မိန်းခလေးဘက်က အုပ်တင်ရမည့်စာရင်းကို သတို့သားဘက်ကို ပြောတယ်။ ဆွေမျိုးတောင့်ရင် တောင့်သလို အုပ်တင်ရတာပေါ့။ ဘာတွေပါရမယ်လို့တော့ သတ်မှတ်ချက်မရှိပေမဲ့ ငှက်ပျောသီး ၂ ဖီးလဘက်ပဲကြော်လောက်တော့ အနည်းဆုံးပါရတယ်။ အခုနောက်ပိုင်း တော့ မုန့်ထုပ်တွေ ကော်ဖီမစ်ထုပ်တွေ ထည့်ကြတယ်လို့ ပြောတယ်။ ခေတ်ကာလအရ ဝယ်လို့လွယ်တာလည်း ပါမှာပေါ့။ အရင်တုန်းကတော့ ငှက်ပျောသီးနဲ့ လဘက်ပဲကြော်လောက်ပါရင်ကို မိန်းခလေးဘက်က ဆွေမျိုးတွေက သူတို့ကိုအသိအမှတ်ပြု အုပ်တင်လို့ ဝမ်းသာလှပြီ။ အဲဒီဓလေ့ကြောင့် ကိုယ်ကြိုက်တဲ့မိန်းခလေးရှိပြီဆိုရင် မယူခင်ကတည်းက သူ့ဘက်က ဆွေမျိုးအရေအတွက်ကို ကြည့်ပြီး အုပ်စာရင်းခန့်မှန်းထားရတယ်။  ရွာထဲချင်းဆိုတော့ ဘယ်သူနဲ့ ဘယ်သူရည်းစားဖြစ်တယ်ဆိုတာကလည်း ဘယ်လောက်ပဲဖုံးဖိပါစေ တယောက်စကား တယောက်နားနဲ့ သိကြတာပဲ။ အဲဒါကြောင့် လူကြီးတွေကလမ်းမှာတွေ့ရင် ငှက်ပျောသီးမကျွေးသေးဘူးလားလို့ နောက်ပြောင်လေ့ရှိတယ်။

ငယ်ငယ်ကတည်းက အမေနဲ့အတူ နိုင်တဲ့ဘက်က အမေ့ကို ကူညီရင်းဘဝအတွက်ရုန်းကန်ခဲ့ရတော့ အခုအချိန်ဈေးထဲမှာ ငှက်ပျောသီးသည်မြင်တိုင်း အမေနဲ့ငှက်ပျောသီးထမ်းခဲ့ရတာ အမေငှက်ပျောသီးရောင်းပြီး ရှာကျွေး ခဲ့တာတွေကို သတိရတယ်။ ငှက်ပျောသီးသည်မြင်တိုင်လည်း ဝယ်စားဖြစ်တယ်။ ၆ တန်း ၇ တန်းနှစ်လောက်ကဆို အမေကတောင်ဦးဈေးကို ငှက်ပျောသီးရောင်းသွားရင် ဈေးကြိုနေ့ ညနေပိုင်းကတည်းသွားတော့ ကျနော်ကလည်း ရွာကနေ ကားဂိတ်အထိနိုင်သလောက်ထမ်းပြီး လိုက်ပို့ရတာမို့ အမေက နောက်နေ့ကျောင်းသွားရမှာ အတူတူ သူနဲ့တောင်ဦးဈေးကို တခါတည်းခေါ်သွားတယ်။ ဈေးမှာညအိပ်ပြီး မနက်လင်းတော့ ဈေးကအကြော်အသုပ်တမျိုးမျိုး ဝယ်ပြီး ထမင်းချိုင့်ထည့် မုန့်ဖိုးပါပေးပြီး ကားပေါ်တင်ပေးလိုက်တယ်။ ကားစပယ်ရာကိုလည်း လက်ပံပျား ကျောင်းရှေ့ရောက်ရင် ချပေးဖို့ တခါတည်းမှာလိုက်တယ်။ အလယ်တန်းကျောင်းသားဘဝဟာ ကျောင်းပိတ်ရက်ဆို အမေနဲ့မြောက်ဘက်ရွာတွေ ငှက်ပျောသီးထမ်းသွား၊ ကျောင်းဖွင့်ရက်နဲ့ ဈေးနေ့တိုက်ရင် ညနေပိုင်းအမေနဲ့ဈေးကိုကြိုလိုက် ဈေးမှာညအိပ် မနက်မှ ကားကြုံနဲ့ကျောင်းရှိရာဆီကိုလိုက် ကျောင်းတက်နဲ့ ဖြတ်သန်းခဲ့ရတာ။ အဲဒီတုန်းကတော့ သိပ်ပြီးထွေထွေထူးထူးတွေ မတွေးတတ်ဘူး၊ ကိုယ်ကျောင်းတက်ရမယ်ဆို ဘယ်လိုပဲသွားရသွားရ လိုက်တာပဲ။ ဘဝကသင်ပေးလို့ အမေပင်ပမ်းတာကို ကိုယ်တိုင်ကြုံရ သိရတော့ အမေ့ကို တတ်နိုင်သလောက်ကူညီမယ်ဆိုတဲ့ အသိကတော့ အဲဒီအချိန်ကတည်းက ရှိခဲ့တယ်။ အမေ့ရဲ့ငှက်‌ပျောသီးထမ်းရင်း စားကြိုးစားခိုင်းတဲ့ စကားက ကိုယ့်အတွက် တာဝန်တခုလိုဖြစ်နေခဲ့တာမို့ ကျောင်းသားဘဝတလျှောက် စာမှစာပဲဖြစ်ခဲ့တယ်။ အလုပ်ရပြီး ပညာရေးလမ်းကြောင်းက ပြည်ပမှာဆက်လျှောက်ရတော့လည်း အမေ့စကားက နားထဲကမထွက်ပါဘူး။ အားလုံးထဲကအမှတ်တရအဖြစ်ဆုံးကတော့ ဈေးတွေရောက်တိုင်း ငှက်ပျောသီးသည်တွေ မြင်တဲ့အခါ အိမ်ကအမေကို အရမ်းသတိရတယ်။ ငှက်ပျောသီးသည်နားသွားရင် အမေ့နားရောက်သလိုမျိုး စိတ်ထဲမှာခံစားရတယ်။ အမေ့နဲ့ဖုန်းဆက်တိုင်းလည်း ငယ်ငယ်ကအကြောင်းတွေကို ပြန်ပြောဖြစ်တယ်။ ဒီအကြောင်းရေးမယ် ရေးမယ်နဲ့ စိတ်ကဆောင်ပြီး ကိုယ်ကလိုက်မလာလို့ ကြာနေတာ။ မနေ့ကတော့ ကျနော် အလုပ်နားက ညနေခင်းဈေးမှာ ငှက်ပျောသီးတွေ  ကြည့်ရင်း သီးကြီးငှက်ပျောဖီးတွေ လှလည်းလှ ဝလည်းဝ ဈေးလည်းချိုတာနဲ့ အလုပ်ကသူငယ်ချင်းတွေစားဖို့ သီးကြီးတဖီးဝယ်ခဲ့ရင်း အမေနဲ့ ငှက်ပျောသီးထမ်း အတွေ့အကြုံလေးတွေကို ပြန်တမ်းတရင်း အလွမ်းပြေ ရေးလိုက်ပါတယ်။

(၇) ရက်သားသမီး အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘေးရန်ကင်းကွာကြပါစေ။ ၂၀၂၆ ခုနှစ်မှာ မင်းဆိုးမင်းညစ်ဘေးမှ အမြန်ဆုံးကင်းဝေးကြပါစေ။ အညာသားဆီကိုလာရောက်လည်ပတ်ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။

လေးစားမှုဖြင့်

အညာသား

၁၃၈၇ ခုနှစ် ပြာသိုလ်လပြည့်ကျော် (၆) ရက်

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်၊ ကြာသပတေးနေ့။