ကျွန်တော့်လက်ရာ ထမနှဲပါ
ဒီနေ့တပိုတွဲလပြည့်နေ ဆိုတော့ မြန်မာပြည်မှာ ထမနှဲထိုးပွဲတွေ ကျင်းပနေကြမှာပေါ့။ကျွန်တော်တို့လို အဝေးရောက်မြန်မာတွေ အတွက်တော့ အလွမ်းပြေ ထမနှဲလုပ်စား ဖို့ဆိုတာက သိပ်ပြီးမလွယ်လှဘူးဗျ။ ကျွန်တော်ရောက်နေတဲ့ နေရာက အာရှအစားအစာ သိပ်ဝယ်လို့မလွယ်တော့ ထမနှဲဆိုတာလည်း လုပ်စားဖို့ခက်တာပေါ့ဗျာ။ ဗီယက်နမ်ဈေး ရောက်တုန်းက ရှားရှားပါးပါး ကောက်ညှင်းဆန် ထုပ်လေးတွေ့လို့ တစ်ထုပ်ဝယ်လာခဲ့တာ လေးကိုသတိရတာနဲ့ ပြန်ကြည့်တော့ ကောက်ညှင်းဆန်ထုပ်က ဒီအတိုင်းရှိနေသေးတယ်။ဒါနဲ့ချက်ချင်းပဲ ရွာမှာတုန်းက စာခဲ့ရတဲ့ ထမင်းနှဲလုပ်စားဖို့ အကောင်အထည် ဖော်လိုက်တယ်ဆိုပါတော့ဗျာ။မီးဖိုအခက်အခဲကြောင့် မြန်မာပြည်မှာလိုတော့ အသေးစိတ် မလုပ်တော့ဘူး။ အခန်းက ထမင်းပေါင်းအိုးမှာပဲ ကောက်ညှင်းဆန်ကို ရေအနေတော် ထည့်ပြီးတော့ ချက်လိုက်တယ်။ ထမင်းအိုးတည်ထားတုန်း မြေပဲဆံရှိတာလေးကို မီးဖိုမှာ သွားလှော်တယ်။ မြေပဲလှော်ပြီးတော့ ကြက်သွန်ဖြူ ထောင်းထားတာလေးကို နနွင်းမှုန့်လေးများများ ထည့်ပြီး ဆီချက်ချက်လိုက်တယ်။ အခန်းပြန်ရောက်တော့ ထမင်းအိုးက အဆင့်သင့်ဖြစ်နေပြီ။ ထမင်းချွေးသိပ်အောင် ခဏထားလိုက်တယ်။ မြေပဲလှော်ကို အခွံတွေ ချွတ်ပြီးတော့ မညက်တညက်လေး ထောင်းထားတယ်။ အားလုံးအဆင်သင့် ဖြစ်တော့ ထမင်းကို ပေါင်းအိုးအလွတ်ထဲကို ခူးပြီးဆားဖြူး ဆီချက်ဆမ်းပြီးတော့ သမအောင်မွှေပေးပါတယ်။ ထမင်းမွှေလို့ သမလောက်တော့ မြေပဲဆံထောင်းထားတာကို ထည့်ပြီးထပ်မွှေ ပါတယ်။အရသာအနေအထား မြည်းကြည့်ပြီးပြီဆိုရင်တော့ ကြက်သွန်ဖြူဆီချက်၊ မြေပဲလှော်နံ့ မွှေးမွှေးလေးနဲ့ မြန်မာပြည် အလွမ်းပြေ ထမနှဲရပါပြီ။ ကျွန်တော်တို့ငယ်ငယ်က ရွာမှာလည်း ထမနှဲဆိုရင် ဒီအတိုင်းပဲ စားခဲ့ရပါတယ်။ အုန်းသီး၊နှမ်း စတဲ့အဆာပလာ တွေပါတာကိုတော့ ကျွန်တော် မြို့ရောက်မှစားဖူးတာပါ။အခုကျွန်တော် လုပ်ထားတာ လေးကတော့ အဆာပလာမစုံ ပေမဲ့ မြန်မာပြည်အလွမ်းပြေ တပိုတွဲ လပြည့်နေမှာ လုပ်စားဖြစ်တာလေးပါ။ အားလုံးပဲ သုံးဆောင်သွားကြပါအုံး...ထမနှဲက ထည့်တာများသွားလို့ ပန်းကန်နဲ့ ပြည့်သွားတယ်။ များများလေးဆိုတော့ အ၀စားရတာပေါ့...:)
0 comments:
Post a Comment