Pages

Thursday, October 30, 2025

သီးရွက်စုံ အချဉ်ရည်ဟင်း

 


အချဉ်ရည်ဟင်းချက်ဖို့ လယ်ကန်စွန်း၊ မုံလာဥဖြူ၊ ခရမ်းချဉ်သီး၊ ပဲစောင်းလျားသီး၊ နံနံပင်နဲ့ မန်ကျည်းရွက်

အညာသား ချက်စားဖြစ်တဲ့ဟင်းထဲမှာ အသီးအရွက်စုံချဉ်ရည်သောက်ဟင်းက အများဆုံးပါပဲ။ အသီးအရွက်က ဝယ်ရတာအဆင်ပြေတော့ မကြာခဏချက်ဖြစ်တဲ့ဟင်းပေါ့။ အချဉ်ဟင်း ငရုတ်သီးထောင်း သို့မဟုတ် ငါး‌ခြောက်ကြော် ဆိုရင် ကျန်တာမပါလည်း ထမင်းမြိန်တဲ့ ဟင်းစပ်လေးပေါ့။ ဒီမှာက သူတို့ကန်စွန်းရွက်ကို အချဉ်ရည်ဟင်းလိုသိပ်မချက်ကြဘူး။ တခါတရံ ပုစွန်နဲ့သူတို့ထိုင်းရိုးရာအချဉ်ဟင်းအနှစ်နဲ့ ရောချက်တာမျိုးတေရှိိတယ်။ ကန်စွန်းရွက်ကြော်ကတော့ စားကြတယ်။ လယ်ကန်စွန်းရိုးနီကိုတော့ အညွှန့်လေးပါတဲ့ အရိုးနုနုအပေါ်ပိုင်းကိုဖြတ်ပြီး သင်္ဘောသီးထောင်းနဲ့ တွဲစားဖို့ ရောင်းကြတယ်။ ပုံထဲကဟာကတော့ အရွက်လေးတွေပါ ပါလို့ အချဉ်ဟင်းချက်ဖို့အဆင်ပြေတာနဲ့ ဝယ်လာခဲ့တာ။ တယောက်တည်းဆိုတော့ တမျိုး ၁၀ ဘတ်ဖိုးဆို စားလို့ဖြစ်တယ်။ မုံလာဥကတော့ အရင်ကဝယ်ထားတဲ့ထဲက တပိုင်းဖြတ်ထည့်၊ ပဲစောင်းလျားသီး၊ မန်ကျည်းရွက်၊ နံနံပင် နဲ့ ပေါက်ပန်းဖြူပွင့်၊ မျှစ်လည်းပါသေးတယ်။ ပေါက်ပန်းဖြူပွင့်ကတော့ မထည့်လည်းဖြစ်တယ်၊ ကိုယ်ကကြိုက်တော့ ထည့်ချက်လိုက်တာ။



အညာသားအမြဲတမ်းချက်စားဖြစ်တဲ့ အချဉ်ရည်သောက်ဟင်းတခွက်ပါ



ငါးခြောက်နဲ့ငရုတ်သီးကြော် 

အချဉ်ဟင်းနဲ့တွဲစားဖို့ ငါးခြောက်ကို ငရုတ်သီးမှုန့်နဲ့ကြော်ထားတာ။ သူတို့ငါးခြောက်အများစုက ဆားသိပ်မငန်ဘူး။ ဆားငန်တဲ့ငါးပုတ်ခြောက်လိုမျိုး ငါးခြောက်ကျတော့လည်းဆားခဲကိုဝါးရတဲ့အတိုင်းကိုငန်တာ။ တခါတုန်းက အရမ်းစားချင်စိတ်ဖြစ်လို့ အထာမသိဘဲ အဲဒီငါးဆားနယ်တပိုင်းကိုဝယ်ပြီးကြော်မိတာ အနံ့က ဒယ်အိုးကို အဝတ်ရေဆွတ်ပြီး အဖုံးအုပ်ကြော်တာကို တဆောင်လုံးဖုံးဖိလို့မရဘူး။ ဘေးအခန်းတွေက အဆောင်ပိုင်ရှင်ကို အသိပေးတဲ့အထိ အနံ့ထွက်သွားလို့ အဲဒီငါးခြောက်ဆို နောက်လုံးဝမဝယ်ရဲတော့ဘူး။ 



ဒီပုံထဲက အရွက်နှစ်မျိုးကလည်း တွေ့တိုင်းဝယ်စားတဲ့အရွက် နှစ်မျိုးပါပဲ။ တမျိုးက မြန်မာပြည်မှာတေ့ ကြက်သဟင်းရွက်လို့ ခေါ်ကြတယ် ပြောတယ်။ ကျနော်တို့ရွာဘက်မှာတော့ မရှိဘူး။ ဒီရောက်မှ စားဖူးတာပဲ။ သူတို့ကတော့ လာအိုဟင်းလို့ခေါ်တဲ့ မှို၊ မျှစ်၊ ဆူးပုတ်၊ ဆန်းလှော်မှုန့်နဲ့ ချက်တဲ့ဟင်းထဲမှာထည့်ချက်တာစားဖူးတယ်။ ကျနော်ကတော့ ပဲဝါလေးနဲ့ဟင်းချိုချက်တဲ့အခါ ချက်တယ်၊ ကြက်ဥနဲ့ကြော် စားတာကိုလည်း ကြိုက်တယ်။ ကြက်ဥနဲ့ကြော်စားရင်း တော်တော်လေးကို နူးညံ့တယ်။ ပဲဟင်းချိုထဲထည့်ချက်ရင်လည်း အရမ်းစားလို့ကောင်းတယ်။



ကြက်သဟင်းနဲ့ဆူးပုတ်ရွက်ကို ကြက်ဥနဲ့ကြော်ထားတာပါ


ဒါကတော့ အညာသားရဲ့ နေ့လယ်စာထမင်းဘူးပါ။ ထိုင်းဟင်းတွေကို အနံ့အရသာအလွတ်ရနေပြီမို့ ကြာလာတော့ ဟင်းမြင်တာနဲ့ အရသာကိုသိနေလို့ မစားချင်တော့တာနဲ့ မြန်မာအရသာလေးတွေပဲ ကိုယ်တိုင်ချက်စားဖြစ်တယ်။ နေ့လယ်စာကိုလည်း ထမင်းဘူးနဲ့ထည့်ယူလာတယ်။ Lab ကသူငယ်ချင်းတွေက ဆိုင်မှဝယ်စားကြတာမို့ ကိုယ်တိုင်ချက်တာလို့ပြောရင် သူတို့က အံ့ဩကြတယ်။ တခါတရံတော့ ကန်တင်းက ထမင်းဆိုင်မှာ ဟင်းဝယ်စားတယ်။ ဟင်းဆိုင်တွေကလည်း ကိုယ့်ကို မြန်မာမှန်းသိနေလို့လားမပြောတတ်ဘူး ဟင်းဝယ်ရင် အများကြီးထည့်ပေးတာ နည်းနည်းပဲပေးပါဆိုလည်း မရဘူး။ ဟင်းတပွဲဝယ်ရင် ၃ နပ်လောက်စားရတယ်။ အစားအစာနဲ့ ပတ်သက်ရင် ကိုယ်ကလည်း သူများကို အမြဲတမ်းဝေမျှစားလို့လားမသိဘူး ဘယ်လောက်ပဲအဆင်မပြေပါစေ အစားအစာတော့ ကျွေးသူမရှားဘူး။ ကိုယ်တိုင်ကလည်း ချက်ပြုတ်ရတာ ဝါသနာပါ‌တော့ ဟင်းချက်ပြီးပြီဆိုရင် ဘယ်သူ့ပေးရမလဲ စဉ်းစားနေတာ။ ကျောင်းထဲတုန်းကတော့ အခန်းချင်းကပ်လျက် မြန်မာတွေရှိတော့ အဆင်ပြေတယ်။ အပြင်ရောက်လာတော့ နီးနီးနားနားပေးစရာမရှိတော့ တခါချက်ရင် ကိုယ်တိုင်ပဲ မကုန်မချင်း စားရတာ။ အခုတော့ ထိုင်းတွေပါ ကိုယ့်လက်ရာကို သဘောကျနေပြီမို့ သူတို့အတွက်ထည့်ယူလာလို့ရတယ်။ 

အညာသားဆီကို လာလည်ရင်းနဲ့ တင်သမျှလေးအကြောင်းအရာလေးတွေကို ကြည့်ပြီး ခဏတာအပန်း‌ပြေကြပါစေဗျ။လာရောက်လည်ပတ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ (၇) ရက်သားသမီးအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။ 
လေးစားမှုဖြင့်
အညာသား
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၀) ရက်၊
၂၀၂၅ ခုနှစ် အောက်တိုဘာလ (၃၀) ရက်၊ ကြာသပတေးနေ့။

Tuesday, October 28, 2025

My mini garden (2)

 

ဝယ်ပြီးကတည်းက ၂ လတကြိမ်လောက်ပုံမှန်ပွင့်တဲ့ သစ်ခွပင်ပါ 

အပင်လေးတွေနဲ့နေထိုင်ရခြင်းဟာ စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်။ အထူးသဖြင့် ကျနော်တို့လို့ အဝေးမှာရောက်နေကြရသူတွေအတွက် ကိုယ်နေတဲ့နေရာမှာ အပင်လေးတွေစိုက်ပျိုးခြင်းဟာ အပန်းလည်းပြေသလို အလွမ်းလည်းဖြေလို့ရပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေမွေးမယ်ဆိုရင်တော့ သူတို့ရဲ့အသံ၊ အညစ်အကြေး ကျန်းမာရေး အစားအစာ စသဖြင့် မျိုးစုံအောင်ဂရုစိုက်ပေးဖို့လိုတယ်။ အပင်လေးတွေကတော့ စိုက်ထားပြီးရင် ရေပုံမှန်လောင်း စိုက်တဲ့အပင်ပေါ်မူတည်ပြီး အလင်းရောင်လိုအပ်ရင် အလင်းရောင်ရတဲ့နေရာလေးရွှေ့ပေး တပတ်တကြိမ်လောက် မြေဆွ အရွက်နွမ်းလေးတွေခြွေပေးပြီး သူတို့ရဲ့ ရှင်သန်ဖြစ်ထွန်းမှုကိုကြည့်ရင်း စိတ်အပန်းဖြေရတာ အလွန်ပျော်စရာကောင်းပါတယ်။ အဲဒီလို သတိထားကြည့်နေရင်းက အဖူးအပွင့် အသီးလေးတွေ ဖြစ်ထွန်းလာပြီဆိုရင် ပိုပြီးပျော်ရတယ်။


ဒါကတော့ အခန်းနောက်ဖေးဝရံတာက အပင်လေးတွေပါ အဝတ်လှန်းဖို့ လုပ်ပေးထားတဲ့ စင်က အပင်ထားဖို့ဖြစ်နေတာ

မှတ်မှတ်ရရ ကိုဗစ်ကပ်ဘေးတုန်းက ‌နောက်ပိုင်း နည်းနည်းအားပျော့လာတဲ့ မျိုးကွဲတခုမှာ ကိုဗစ်ကူးလို့ အခန်းမှာပဲ ၂ ပတ်နေရတယ်။ သိပ်ပြီးအားမပြင်းတဲ့အဆင့်မို့ အိပ်ရာထဲလှဲစရာလည်းမဆို ပုံမှန်‌ဆေးသောက် အစာစား တရားနာ၊ အင်တာနက်ကြည့်၊ စာဖတ် စသဖြင့်နေရတာ တပတ်မပြည့်ခင်မှာပဲ လူကအပြင်ကိုအရမ်းထွက်ချင်တယ်။ ၁၄ ရက်ပြည့်အောင် ဘယ်လိုများနေရပါ့မလဲ တွေးနေတုန်း အခန်းနောက်ဖေးက ဝရံတာမှာ ကိုယ်စိုက်ထားတဲ့အပင်လေးတွေနား စာရေးခုံလေးချပြီး ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ "လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ" ဆိုတဲ့စာအုပ်ကို ကွန်ပျူတာနဲ့ဖတ်ဖြစ်တယ်။ စာဖတ်လို့ မျက်စေ့ညောင်းလာတဲ့အခါ အပင်လေးတွေကြည့်လိုက် သူတို့ကို ရေလောင်းလိုက် မြေဆွပေးလိုက်နဲ့ စာဖတ်လိုက်နဲ့ ၁၄ ရက်ပြည့်သွားတာ သိပ်မကြာလိုက်သလိုပဲ။ အဲဒီစာအုပ်လည်း အရင်ကကြားဖူးနေတာ အမြည်းလောက်ပဲဖတ်ပြီး ရပ်ရပ်ထားတာက နောက်ဆုံး ကိုဗစ်နဲ့တွေ့မှပဲ အပြီးထိဖတ်ဖြစ်လိုက်တယ်။ ပုံမှန်လည်း စာဖတ်ပေမဲ့ စိတ်ခွန်အားပေးစာအုပ်များနဲ့ ဘာသာရပ်ဆိုင်ရာစာတွေပဲပိုဖတ်ဖြစ်လို့ အနားယူရတဲ့အချိန်မှာ အဲဒီစာအုပ်ဖတ်ရတာ တော်တော်လေးကို အရသာရှိလှတယ်။


သူပွင့်တဲ့အခါတိုင်း အသေးတခိုင် အကြီးတခိုင် ထွက်ပြီးပွင့်တယ် ကိုယ်စိုက်ထားတဲ့ အပင်ကနေမခူးရက်ပေမဲ့လည်း ကုသိုလ်ပြုတာမို့ အရင်တခါတုန်းကတော့ တခိုင်ခူးပြီး ဘုရားပန်းလှူဖြစ်တယ် 😊

စိတ်တွေညစ်ညူးလာတဲ့အခါ အညာသားရဲ့ အပန်းဖြေတဲ့နေရာဟာ မီးဖိုချောင်နဲ့ ကိုယ်စိတ်ထားတဲ့အပင်လေးတွေထားတဲ့နေရာပါပဲ။ တကယ်ကို စိတ်ချမ်းသာမှုပေးတဲ့ နေရာလေးတွေပေါ့။ သူများတွေကို အပြင်ထွက် လျှောက်လည် ဆိုင်ထိုင်တာမျိုးမလုပ်ဘူး။ ကိုယ့်အခန်းမှာပဲ ကိုယ်စားချင်တာကို စိတ်ကြိုက်ချက်စားပြီး အပင်လေးတွေနားနေ လိုအပ်တာလေးတွေပြင် နေရာပြန်ပြောင်းနဲ့ လုပ်လိုက်ရင် စိတ်ညစ်စရာတွေပြေပျောက်သွား ရော။


ဘယ်ဘက်က နှစ်ပင်က ရွက်လှနဲ့ ဇီဇဝါပင်၊ အရွက်စိမ်းဝါကြားက ဘိုးတော်ဖြူ ဂမုန်းဆိုလား ဂူဂယ်မှာတွေ့ထာပဲ ဝယ်တုန်းက အရွက်သေးသေးလေး ၂ ရွက်ပဲပါတာ၊ ကိုယ့်ဆီရောက်တော့ အိုးပြောင်း မြေဆွေးထပ်ဖြည့် စိုက်လို့ အရွက်တွေကြီးလာတာ နောက်ပိုင်း နေရာကြပ်တာနဲ့ အဆောင်ပိုင်ရှင်ကို လက်ဆောင်ပေးလိုက်တယ်။
ရွက်လှပင်ကလည်း လူတရပ်လောက်မြင့်လာလို့ အဆောင်ပိုင်ရှင်ကို ပေးလိုက်တာ။


ဒါကတော့ အိပ်ရာဘေးမှာထားတဲ့အပင်လေးတွေပါ၊ အရင်က စာအုပ်တွေထားတာ နောက်တော့ စိတ်ပြောင်းပြီး အပင်လေးတွေထားလိုက်တာ။ မွေ့ယာကိုပြောင်းပြန်ထားအိပ်ရတာက နောက်ကျောအောင့်ပြီး မအိပ်နိုင် လမ်းမလျှောက်နိုင်ဖြစ်လို့ ဆရာဝန်သွားပြတော့ မွေ့ယာအပျော့ပေါ်ကြာကြာအိပ်ရင် ကျောရိုးအနေအထား မမှန်လို့ဖြစ်တာ အောက်ခံအမာပေါ်မှာ အိပ်ဆိုလို့ မွေ့ယာအောက်က အထပ်သားပြားကို အပေါ်တင်ပြီး အိပ်မှအဆင်ပြေသွားတာ။ အညာသားပီသချက်က ကြမ်းပေါ်မှာပဲ အိပ်လာခဲ့ရဖူးတော့ သူဌေးအိပ်ရာနဲ့ အဆင်မပြေဘူးလို့ အမေ့နဲ့ဖုန်းပြောရင်း စနေသေးတယ်။ နောက်ကျောအောင့်တာ ခါးကြီးကုန်းပြီး ‌ထိုင်ပြီးရင်ထဖို့ခက် ထပြီးရင်ထိုင်ဖို့ခက်နဲ့ ငုတ်တုတ်အိပ်ရတာ သုံးလေးည၊ ဆရာဝန်နဲ့သွားပြပြီး သူအကြံပြုတဲ့အတိုင် လုပ်လိုက်မှ အဆင်ပြေသွားတာ။ အပင်လေးတွေက ရွက်လှဂမုန်းလေးတွေပါပဲ၊ ကျောက်စိမ်းဂမုန်းကတော့ မာစတာကျောင်းသူလေး ကျောင်းပြီးသွားတော့ လက်ဆောင်ပေးခဲ့တာ သူပေးခဲ့တုန်းက တကိုင်းပဲပါတာ ကိုယ့်ဆီရောက် အိုးအသစ်လဲပေးလိုက်တော့ ပုံထဲကလိုအရွက်တွေအများကြီးထွက်လာလို့ အလုပ်မှာထားရင်းက အခန်းကို သယ်လာခဲ့တာ။ 


ဒါကတော့ လက်ရှိပွင့်နေတဲ့ ၂ ခိုင်ပါ။ သူတို့အရင် အကြီးတခိုင်နဲ့ အသေးတခိုင်ပွင့်ထားတာက ကြွေပြီး သူတို့ အသစ်ပွင့်တာ။ တကယ်ကို ပန်းနဲ့မပြတ်တဲ့အပင်လေးပါ၊ ကျနော်ကတော့ မနက်အိပ်ရာထ အခန်းတံခါးဖွင့်လိုက်တာနဲ့သူ့တို့ကိုကြည့်ပြီး တနေ့တာအတွက်ခွန်အားယူတယ်။

ဒီနှစ် စိုက်ပျိုးရေးဈေးပွဲတော် တုန်းက အရောင်မတူတာ ၃ ပင်ဝယ်ထားသေးတယ်။  ကြက်ရုံးပင်နစံပယ်ပင်လည်း စိုက်ထားသေးတယ်၊ ကြက်ရုံးပင်ကတော့ အဖူးတေွ အခု အဖူးတေွဖူးနေပြီ ပွင့်မှပို့စ်တင်အုံးမယ်။ နှင်းဆီတစ်အိုးလည်းစိုက်ထားသေးတယ်။လိုင်းပေါ်မှာ ကြောင်လေးတွေ ခွေးလေးတွေမွေးတဲ့သူတွေကြည့်ပြီးတော့ ငါလိုသာ အပင်တွေမြင်တိုင်းဝယ်ရင်သူတို့ ကြောင်စာဖိုး ခွေးစာဖိုးနဲ့ကို မလွယ်လောက်ဘူးလို့တွေးရင်း ပြုံးမိသေးတယ်။ ခွေးနဲ့ကြောင်ဆိုရင်တော့ ခွေးကိုပိုချစ်တယ်။ ကျန်တဲ့ပ္စည်းတွေကိုသာ စိတ်မဝင်စားရင်နေမယ် အပင်ရောင်းတဲ့ဆိုင်မြင်လို့ကတော့ မဝယ်လည်း ဝင်ကြည့်လိုက်ရမှ‌စိတ်ကကျေနပ်တယ်။ ရေစက်ကဆုံချင်တော့ ပါရဂူဘွဲ့ကျမ်းကြီးကြပ်သူ ဆရာမကလည်း ကိုယ်လိုပဲ အပင်စိုက်တာဝါသနာပါတယ်၊ သူကတော့ ဈေးကြီးပေးရတဲ့ အပင်တွေကို ဝယ်ပြီးသေချာစိုက်တာ။ ကိုယ်ကတော့ အပင်စုံစိုက်တာပဲ၊ ဟင်းခတ်အမွှေးအကြိုင်ရော စားလို့ရတဲ့အပင်ရော အလှဆင်တဲ့အပင်ရော။ တခါတလေများ ခြံအကျယ်ကြီးတခြံလောက်ဝယ်ပြီး အပင်တွေစုံအောင်စိုက်  ဟင်းသီးဟင်းရွက်ကို လတ်လတ်ဆတ်ဆတ်ခူးပြီး ချက်ချင်း ချက်ပေးတဲ့ ဝန်ဆောင်မှုလေးပါတဲ့ထမင်းဆိုင်လေးပါဖွင့် စာဖတ်ချင်သူတွေ စာဖတ်လို့ရအောင် စာကြည့်တိုက်လေးလည်းထား၊ စိတ်အေးလက်အေးနဲ့ အသီးအရွက်ကြိုက်တဲ့ အပမ်းဖြေချင်သူတွေအတွက် နေရာလေးတခုပေါ့။ ကိုယ့်စိတ်ကူးနဲ့ကိုယ်တော့ ဟုတ်နေတာပဲ။ တက္ကသိုလ်တုန်းက ရုက္ခဗေဒမေဂျာယူခဲ့မိရင် တော်တော် အဆင်ပြေမှာလို့တွေးမိသေးတယ်။ အဲဒါဆို ကိုယ့်ဝါသနာနဲ့ ရာနှုန်းပြည့် အံဝင်ခွင်ကျဖြစ်မှာ။ ဓာတုဗဒေဘာသာရပ်ကိုလည်း စူးစမ်းခွင့်ရလို့သဘောကျပါတယ်။ ဝါသနာအရဆိုရင်တော့ ရုက္ခဗေဒဘာသာတွဲက ပိုပြီးတော့ လိုက်ဖက်တာပေါ့။ ကိုယ့်ဆရာမနဲ့ ကိုယ်က ဓာတုဗေဒသမားတွေဖြစ်ပြီး ပင်စိုက်တာကို ဝါသနာလာတူနေကြတာ။ ဆရာမ သားကျတော့ အဖေက ရူပဗေဒ၊ အမေကဓာတုဗေဒ၊ သားကျတော့ သတ္တဗေဒ အကောင်လေးတွေကို အရမ်းချစ်တဲ့သူဖြစ်နေ ပြန်ရော။ 

အညာသားစိုက်ထားတဲ့ အပင်လေးတွေနဲ သစ်ခွပန်းအလှကို ကြည့်ရှုခံစားရင်း အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဗျာ။ လာရောက်လည်ပတ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျ။ 

လေးစားမှုဖြင့်
အညာသား
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၈) ရက်
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်၊ အင်္ဂါနေ့။

Friday, October 24, 2025

အညာသားလက်ရာ ကြက်သားဗူးသီး



အညာသားလက်ရာ ပင်စိမ်းနံ့သင်းသင်း ကြက်သားဗူးသီးဟင်းနဲ့ ဆီးဖြူသီးသနပ်

ဒီတပတ်ပိတ်ရက်မှာ ကိုယ်နေတဲ့နားက ကုန်တိုက်မှာ ဗူးသီးဝယ်ရလို့ ကြက်သားဗူးသီးသောက်ဆမ်း အညာချက်လေး ချက်စားဖြစ်တယ်ဗျ။ အညာချက်ကို လွယ်လွယ်မျက်စေ့ထဲမြင်နိုင်အောင်ပြောရရင် ကိုယ်ထည့်ချင်တာ အစုံပလုံတခါတည်းထည့်ပြီးလုံး၊ ပြီးမှ ကိုယ်လိုချင်သလောက်ရေစွက်ပြီးချက်တာမျိုးပါ။ တချို့ဟင်းတွေကိုတော့ ဆီသတ်ချက်ကြတာမျိုးလည်းရှိတယ်။ ပုံမှန်ကတော့ လုံးချက် ရေစွက်ချက်တာများတယ်။ ကြက်သားကို သန့်စင်ပြီး ဆား၊ နနွင်း၊ ငါးပိအနည်းငယ်၊ ကြက်သွန်ဖြူချင်းထောင်းနဲ့ ရောနယ် လက်ဆေးရေလေးထည့်ပြီးအရင်လုံးပါတယ်။ ကြက်သားဟင်းချက်တဲ့အခါ အသားစားကြက်တွေမို့ ကြက်အရေခွံပါရင် ဆီမထည့်လည်း အဆင်ပြေပါတယ်။ ဗမာကြက်တွေကတော့ အသားစားကြက်လောက် အရေခွံမထူးတော့ အဆီပါတာနည်းလို့ ဆီနည်းနည်း ထည့်ချက်လို့ရတယ်။ ကြက်သားလုံးတာ ၁၀ မိနစ်လောက်ရှိရင် ကိုယ်လိုချင်တဲ့ ရေစွက်ပြီး ဆူပွက်အောင်တည်၊ အခွံနွှာပြီးအနေတော်တုံးထားတဲ့ ဗူးသီးထည့်ကျက်အောင်ချက် နောက်ဆုံးမှာ ပင်စိမ်းရွက်လေးအုပ်လိုက်ရင် အရသာရှိတဲ့ ကြက်သားဗူးသီးဟင်းတခွက်ရပါပြီ။ အစမ်းကြိုက်ရင် ငရုတ်သီးစိမ်း ၃ တောင့်လောက် ထက်ဝက်ချိုးထည့်ရင် ငရုတ်သီးနံ့လေးမွှေးပါတယ်။ အညာသားကတော့ ဆီးဖြူသနပ်၊ ငရုတ်သီးစိမ်းကြက်သွန်ဖြူထောင်းနဲ့တွဲပြီးစားလိုက်တယ်။ အရမ်းကိုစားလို့ကောင်းပါတယ်။ ဘေးတလမ်းကျော်က အဆောင်မှာ နေတဲ့မြန်မာအသိကိုလည်း ဟင်းတခွက်မျှစားလိုက်တယ်။ 



စားချင်စဖွယ် အညာဟင်းတခွက်


အညာသားကိုယ်တိုင်လုပ်ထားတဲ့ ဆီးဖြူသီးသနပ်

ဒီလိုဟင်းလေးတွေချက်တိုင်း အိမ်ကအဖေနဲ့အမေကို အရမ်းသတိရတယ်။ ကိုယ်တိုင်ချက်တာလေးတွေကို အဖေနဲ့အမေကို ကျွေးချင်တယ်။ အခွင့်မသာသေးတော့ ကုသိုလ်ရအောင်  မြတ်စွာဘုရားရှင်နဲ့ သံဃာတော်အရှင်မြတ်တို့အား ရည်မှန်းပြီး နေ့စဉ်ဆွမ်းကပ်လှူဖြစ်တယ်။ အမေကလည်းဟင်းချက်ကောင်းတယ်၊ အမေ့လက်ရာမမီပေမဲ့ ကိုယ်တိုင်ချက်တာကိုစားစေချင်တယ်။ ကိုယ့်လက်ရာစားဖူးပြီး အိမ်ကိုအလည်ရောက်ဖူးတဲ့ သူငယ်ချင်းက အမေဟင်းချက်ကောင်းလို့ အညာသားလည်းဟင်းချက်ကောင်းတာဆိုပြီး ပြောတာမှတ်မိသေးတယ်။ တကယ်လည်းဟုတ်ပါတယ်။ ထမင်းဟင်းချက်တာကို အမေပဲသင်ပေးခဲ့တာ။ သူမွေးထားတဲ့အထဲမှာ သမီးမိန်းခလေးတယောက်မှမပါတော့ ငါ့သားတွေ ထမင်းဟင်းချက်တတ်မှဖြစ်မယ်ဆိုပြီး ငယ်ငယ်လေးကတည်းက သင်ပေးထားတာ။ ညီအစ်ကို ၆ ယောက်မှာ အကြီး ၄ ယောက်က ထမင်းဟင်းချက်တတ်ကြတယ်။ အမေ့ကျေးဇူးကြောင့်ပဲ ရောက်တဲ့နေရာမှာ အစားအစာအတွက်စိတ်မပူရဘူး။ အမေလည်း ကျန်းမာရေးအတွက် သာစိတ်ပူတယ်၊ အစားအသောက်အတွက်တော့ သူ့သားကို ရာနှုန်းပြည့်စိတ်ချတယ်။ ထော်ကိုင်းတွေ ကိုယ်ချက်တဲ့လက်ရာစားပြီး သဘောကျကြတယ်ပြောလို့ ဝမ်းသာနေတယ်။ အဝေးမှအတတ်နိုင်ဆုံး ပြုစုထောက်ပံ့ နေပေမဲ့၊ အဖေနဲ့အမေ သက်ရှိထင်ရှားရှိနေတုန်း အနီးကပ်နေပြီး ကိုယ်ထိလက်ရောက်ပြုစုကျေးဇူးဆပ်ခွင့်ရပါရလို၏လို့ ဆွမ်းကပ်ပြီးတိုင်း ဘုရားမှာဆုတောင်းတယ်။

လေးစားမှုဖြင့်

အညာသား

၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၄) ရက်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်၊ သောကြာနေ့။


Wednesday, October 22, 2025

My mini garden

အပင်စိုက်ပျိုးခြင်းက အညာသားရဲ့နောက်ထပ်ဝါသနာတခုမို့ ရောက်တဲ့နေရာတိုင်းမှာ အခွင့်အရေးရတိုင်း အပင်ကို ဖြစ်အောင်စိုက်ပါတယ်။ အရင်ကရေးခဲ့သလိုပါပဲ စိုက်သမျှအပင်တိုင်းကလည်း ကိုယ့်လက်နဲ့ထိရင် ရှင်သန်ဖြစ်ထွန်းတာကများတယ်။ ဒီပို့စ်မှာတော့ ထော်ကိုင်းတို့မြေကိုရောက်ကတည်းက စိုက်ခဲ့တဲ့အပင်လေးတွေရဲ့အပင်လေးတွေပါ။ ကျောင်းတွင်းအဆောင်မှာတုန်းကလည်း နောက်ဖေးဝရံတာမှာအပင်တွေစိုက်လွန်းလို့ ခိုတွေရဲ့နားခိုရာ ဖြစ်ခဲ့သေးတယ်။ ဒီထဲကအပင်တွေကတော့ ကျောင်းပြီးလို့ အပြင်ဆောင်ကိုပြောင်းပြီးမှ အလုပ်မှာစိုက်ဖြစ်တဲ့ အပင်လေးတွေပါ။ 


ဒီသစ်ခွပင်လေးကတော့ မကြာခဏပွင့်တယ်။ အခုလက်ရှိလည်း ပုံထဲကအတိုင်းပွင့်နေတာ အရမ်းလှတယ်။ ဒီအပင်လေးကိုစိုက်တုန်းကလည်း အုန်းသီးနုကို အုန်းရည်ဖောက်သောက်ပြီး ကျန်တဲ့ အုန်းသီးခွံထဲ ထည့်စိုက်ထားတာ။ အဲဒါကို ထော်ကိုင်းတွေမြင်ပြီး အမြင်ရှိလိုက်တာနော် အမှိုက်ကိုလည်း အသုံးချနိုင်တာပဲတဲ့။ 

ဒီဗွီဒီယိုကတော့ သစ်ခွပင်လေးကိုနေရာရွှေ့ပြီး သဘောကျလို့ ရိုက်ထားတာ။ အပင်စိုက်သူတယောက်ရဲ့ ပျော်ရွှင်မှုဟာ သူစိုက်ထားတဲ့အပင်လေးတွေ ရှင်သန်ဖြစ်ထွန်းပြီး ဖူးပွင့်ဝေဆာနေတဲ့အချိန်ပါပဲ။ အဲဒီအချိန်မှာ ခံစားရတဲ့ ပီတိက ဘာနဲ့မှလဲလိုမရဘူး။

ဒီအပင်လေးကတော့ အသက်အကြီးဆုံးလို့ပြောလို့ရတယ် ၂၀၁၈ ခုနှစ်မှာစိုက်ထားတာ ဌာနက အညာသားထိုင်တဲ့စားပွဲမှာ တင်ထားတာမို့ တခန်းလုံးမှာ ကိုယ့်နေရာတခုပဲအပင်ရှိတော့ ပြည်တွင်းပြည်ပ လေ့လာရေးခရီးလာကြတဲ့ ပါမောက္ခတွေ ဧည့်သည်တွေရဲ့ စိတ်ဝင်စားကြတဲ့ နေရာတခုပေါ့


ဒီအပင်ကတော့ အညာသားရဲ့ co-adviser ပင်စင်ယူသွားပြီးနောက်ပိုင်း သူ့အခန်းရှင်းတော့ အပင်လေးတွေ တွေ့လို့ ဆရာမယူလာပေးတာ။ ညှိုးခြောက်ပြီး အရွက်နွမ်းလေး နှစ်ရွက်ပဲပါတောတယ်။ ဆရာမက ရှင်လိုရှင်ငြားမင်းပြုစုလိုက်အုံးဆိုတာနဲ့ အရွက်ခြောက်တွေဖယ်၊ မြေဆွေးထပ်ဖြည့်ရေလောင်းပေးလိုက်တာ ၂ ပတ်လောက်အတွင်း အရွက်သစ်တွေထွက်ပြီး ဝေဝေဆာဆာဖြစ်လာတာပဲ။


သူကလည်း ဆရာမဆီကပဲ ကိုယ့်ဆီရောက်တော့ အရှည်ဆုံးကိုင်းလေးပဲပါလာတာ သူလည်းနွမ်းခွေလို့။ မြင်နေကျ ကျောက်စိမ်းဧကရီအရွက်စိမ်းပဲထင်နေတာ အပင်သစ်လေးတွေထွက်လာတော့မှ အရောင်စပ်မျိုးမှန်းသိတာ။ ဆရာမကလည်း အပင်စိုက်တာဝါသနာပါလို့ အပင်သစ်ထွက်လာတော့ အိမ်ကိုယူသွားပါလားလို့ပြောတော့ သူ့ဆီမှာရှိတယ် အဲဒါမင်းအတွက်ပေးတာ အဆောင်ကိုယူသွားတဲ့။ ဌာနမှာထားရင် သူများမသွားလိမ့်မယ်လို့ပြောတယ်။ အဆောင်မှာကလည်းအပင်တွေနဲ့မို့ ထားစရာနေရာမရှိလို့ ဌာနမှာပဲထားလိုက်တယ်။



ဒီအပင်ကလည်း အညာသားရဲ့ co-adviser ပင်စင်ယူသွားပြီးနောက်ပိုင်း သူ့အခန်းရှင်းတုန်းကရလာတဲ့ အပင်ပါပဲ။ အရွက်တေွ နွမ်းခြောက်နေလို့ အိုးလဲမြေဖြည့်ပြီး ပြုစုထားတာ အပင်အသစ်လေးတွေပြန်ထွက်လာပြီ။



သူကတော့ ပြီးခဲ့တဲ့နှစ် ကျောင်းစိုက်ပျိုးရေးဈေးပွဲတော်က ဝယ်စိုက်ထားတာ။ ဝယ်တုန်းက အရွက်သေးလေး ၃ ရွက်ပဲပါတယ်။ အရင်က အခန်းထဲက အညာသားထိုင်တဲ့စားပွဲမှာထားတာ၊ အပြင်ကိုထုတ်လိုက်တော့ အရွက်တွေပိုထွက်လာတယ်။


ဒီရှားစောင်းလက်ပတ်ပင်ကလည်း အိုးကြီးထဲက လက်သန်းလောက်အရွယ်အပင်လေးကို ခွဲယူပြီး စိုက်ထားတာ အခုတော့ပွားလာလိုက်တာ အိုးပြည့်နေပြီ။


ဒီအပင်ကလည်း ဆရာပေးတဲ့အပင်ကနေ ပြန်ခွဲပြီးစိုက်ထားတာ၊ နောက် တအိုးရှိသေးတယ်။ 


အပေါ်က အပင်က ဒီထဲကခွဲပြီးစိုက်ထားတာ။ သူကတော့ အရွက်နည်းနည်းကျနေလို့ မြေထပ်ဖြည့်ထားတယ်။


ဒီအပင်လေးကလည်း ဆရာမဆီကရောက်လာတော့ အရွက်တွေနွမ်းနေပြီ။ ကိုယ်ပြုစုလို့ ပြန်ရှင်လာတာကနေ တခါအရွက်ပြန်ကြွေပြီး အခုဒုတိယတကြိမ်အရွက်ပြန်ထွက်လာတာ။


ဒီအပင်ကိုတော့ ညပွင့်မနက်ကြွေဆိုပြီး နာမည်ပေးထားတယ်။ အဖြူ၊ ခရမ်းနဲ့ ပန်းရောင် သုံးမျိုးရှိတယ်။ အဆောင်မှာတော့ အဖြူနဲ့ခရမ်းရောင်ရှိတယ်။ တချိန်လုံးကိုပွင့်နေတာပဲ။ ဒါပေမဲ့ သူ့အပွင့်က ညနေပိုင်းပွင့်ပြီး မနက်ဆိုရင်ကြွေသွားပြီ။ လှပေမဲ့ ကြာကြာမခံဘူး၊ သူ့ကိုကြည့်ပြီး မတည်မြဲခြင်းတရားကို ဆင်ခြင်လို့အလွန်ကောင်းတယ်။ 


အရင်တခါ မိုးကြီးလေးကြမ်းလို့ အပင်တွေတင်ထားတဲ့ စင်လေးကျွမ်းပြန်သွားတာ အပင်အိုးတွေ အကုန်နီးပါး ကျိုးကျေကုန်လို့ ရင်ကွဲမတမ်းခံစားလိုက်ရတယ်။ ဒီတခါတော့ အခင်းမကောင်းလို့ ပစ်ထားတဲ့သံထောက်တိုင်ပါစားပွဲဟောင်းကို အခင်းဟောင်းတွေခွာပြီး ပစ်ထားတဲ့မှန်ချပ်ခင်းပြီး အပင်တင်ထားတာ။ ထော်ကိုင်းတွေက ပစ္စည်းတခုကို ဘယ်လိုပြန်အသုံးချရမလဲဆိုတာကောင်းကောင်းနားလည်လို့ ချီးကျူးနေကြလေရဲ့။


ဒါကတော့ ရှိသမျှအပင်အားလုံးပေါ့၊ တချို့အပင်တွေကအိုးလဲပေးရတော့မယ်။ ဒီနေရာလေးက ဓာတ်ခွဲခန်းအပြင်ဘက် တခြားအဆောင်ကိုကူးတဲ့ ဝရံတာမှာဆိုတော့ လေကောင်းလေသန့်လည်းရ၊ အလင်းရောင်လည်းကောင်းကောင်းရ မိုးရွာရင် မိုးပက်တော့ မိုးရေလည်းရတော့ အပင်လေးတွေအတွက် အဆင်ပြေတယ်။ ကိုယ့်အတွက်ကတော့ အပန်းဖြေတဲ့နေရာပေါ့၊ ဓာတ်ခွဲခန်းထဲကထွက်လို့ပင်ပမ်းရင် သူတို့နားသွားပြီး သူတို့ကိုကြည့် စိတ်ခွန်အားယူရင်း အပန်းဖြေရတာပဲ။ တပင်ချင်းစီရဲ့ ရှင်သန်မှုအခြေအနေကို အမြဲတမ်း အကဲခတ်ပြီး လိုအပ်တာလေးတွေဖြည့်ပေး ရေလောင်းပေါင်းသင်လုပ်ပေးရတာ အရမ်းပျော်ဖို့ကောင်းတယ်။

လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများလည်း အညာသားစိုက်ပျိုးထားတဲ့ အပင်လေးတွေကြည့်ပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ။ အဆောင်မှာစိုက်ထားတဲ့အပင်လေးတွေကိုတော့ နောက်တခါမှတင်ပေးတော့မယ်ဗျ။ အားလုံးကိုကျေးဇူးတင်ပါတယ်။


လေးစားမှုဖြင့်

အညာသား

၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၂) ရက်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလာ (၂၂) ရက်၊ ဗုဒ္ဓဟူးနေ့။


Friday, October 17, 2025

အညာသားလက်ရာ မုန့်ဟင်းခါး

အညာသားလက်ရာ ပဲဝါလေး၊ ငှက်ပျောအူ၊ ဘဲဥ၊ တူနာငါးသေတ္တာနဲ့ ချက်တဲ့ မုန့်ဟင်းခါး

ဒီတခါတော့ ပြီးခဲ့တဲ့တပတ်ပိတ်ရက်မှာ ချက်စားဖြစ်တဲ့မုန့်ဟင်းခါးအကြောင်းမျှဝေချင်ပါတယ်။ ကျောင်းမပြီးခင်တုန်းကတော့ ကျောင်းမီးဖိုဆောင်နားမှာ ငှက်ပျောပင်ပေါလို့ မုန့်ဟင်းခါးမကြာခဏ ချက်စားဖြစ်တယ်။ ကျောင်းပြီးလို့အပြင်ဆောင်ပြောင်းလာတော့ ငှက်ပျောအူဝယ်လို့ရတဲ့အခါလောက်ပဲ ချက်စားဖြစ်တော့တယ်။ ငှက်ပျောအူရောင်းတာကလည်း သူတို့ထိုင်းဟင်းလျာအတွက် ငှက်ပျောအူနုလေးတွေကို အသင့်ချက်အနေအထားအပိုင်းလေးတွေဖြတ်ပြီး ထုပ်ရောင်းတာ။ ဟင်းဆိုင်တွေမှာတော့ ကြက်သားကိုထိုင်းဟင်းအနှစ်အုန်းနို့နဲ့ငှက်ပျောအူရောချက်ကြတာတွေ့ဖူးတယ်။ ကိုယ့်အတွက်ကတော့ မုန့်ဟင်းခါးချက်ဖို့အကောင်းဆုံး ငှက်ပျောအူပါပဲ။ အညာသားချက်တဲ့နည်းကလည်း ငါးတွေဘာတွေဆီသတ်ပြီး အထူတလည်ပြင်ဆင်ပြီးချက်တာမျိုးမဟုတ်ဘူး ပဲဝါလေးနဲ့ငှက်ပျောအူ ကြက်သွန်နီ ဘဲဥ အဲလောက်ပဲထည့်တာ။ တခါတလေစိတ်ကူးရရင်တော့ငါးထည့်ချက်တယ်။ ပုံမှန်ချက်ဖြစ်တာကတော့ ပဲ၊ ငှက်ပျောအူ၊ ကြက်သွန် ဘဲဥ ဒီလောက်ပဲ။ ပဲကပ်ကြော်ကတော့ ကုလားပဲခြမ်းရှိရင်ကြော်တယ်။ မရှိတဲ့အခါတော့ မထည့်ဖြစ်ဘူး။ ဒီတခါမုန့်ဟင်းခါးမှာတော့ တူနာငါးသေတ္တာတဗူးထည့်ချက်ထားတယ်။ လတ်လတ်ဆတ်ဆတ်ငါးလောက်အချိုအရသာမရပေမဲ့ ငါးအသားဖတ်နဲ့စားရတာအဆင်ပြေတယ်။ 


ချက်နည်းကတော့ သိပ်လည်းမခက်ပါဘူး၊ ငှက်ပျောအူကို ငံပြာရည်နဲ့ဆနွင်းရေထည့်ပြီးအရင်ပြုတ်ထားတယ်။ ငှက်ပျောအူက ညနေပိုင်းဝယ်တာဆိုတော့ မည်းသွားမှာစိုးလို့ ပြုတ်ထားတာ။ နောက်မှထည့်လို့လည်းရတယ်။ ပဲဝါလေးကိုနူးအောင်ပြုတ်ပြီးကြက်သွန်ဖြူချင်းထောင်းဆီသတ်တဲ့ထဲထည့်၊ တူနာငါးသေတ္တာတဗူးဖောက်ထည့်ရောပြီးဆီသတ်ဆားငံပြာရည်ကြက်သားမှုန့်ထည့် ဆီသတ်တာမွှေးလာတော့ ငှက်ပျောအူပြုတ်ထားတဲ့အိုးထဲပေါင်းထည့် အပျစ်အကျဲရေလိုအပ်သလိုဖြည့်ပြီးချက်တာပါပဲ။ ကြက်သွန်နီဥအလုံးလိုက်ထည့် ဘဲဥပြုတ်ထည့်ပြီး အားလုံးကျက်သည်အထိ မီးအေးအေးလေးနဲ့ချက်ပါတယ်။ ပဲကပ်ကြော်ကတော့ ကုလားပဲခြမ်းရေစိမ်ထားတာကို ထိုင်းဆန်မှုန့်နဲ့မပျစ်မကျဲလေးဖျော်ပြီး ကြော်တယ်။ မုန့်ဟင်းခါးနဲ့တွဲစားဖို့ နံနံပင် ငရုတ်သီးနဲ့ သံပုရာသီးကတော့ အဆင်ပြေသလိုပေါ့။ ချက်ပြီးလို့အားလုံးအဆင်သင့်ဖြစ်ရင် ဆွမ်းပွဲပြင်ဆင်ပြီးဘုရားဆွမ်းကပ်တယ်။ ကိုဗစ်ကိုကာလ အဆိုးထဲကအကောင်းလို့ပြောစရာက နံနက်တိုင်း ဘုရားဆွမ်းကပ်တဲ့အကျင့်လေးရလာတာပဲ။ နံနက်မိုးလင်းအိပ်ရာထတာနဲ့ကိုယ်လက်သန့်စင်ပြီး ဆွမ်းချက်တယ်။ ဆွမ်းတော်ကပ် ဘုရားရှိခိုး မေတ္တာပို့ အမျှဝေပြီးရင် ဆွမ်းတော်တင်တာပြန်စွံ့ပြီး နံနက်စာစားတယ်။ တချို့က ဘုရားဆွမ်းတော်တင်တာမစားကောင်းဘူးလို့လည်းပြောကြတယ်။ ကိုယ်ကတော့ ဘုရားပေးတဲ့ဆေးအဖြစ်နဲ့ယုံယုံကြည်ကြည်ကိုစားပါတယ်။ အတုမရှိတဲ့ မြတ်စွာဘုရားကိုကပ်ထားတဲ့စားစရာပဲ ဘေးဥပါဒ်ဖြစ်ရာမရှိပါဘူး။ ဘုရားရဲ့ ဂုဏ်တော်အစွမ်းနဲ့ပိုပြီးတော့တောင်အစွမ်းထက်လိမ့်မယ်လို့ထင်တယ်။ ထားပါတော့လေ ကိုယ်ယုံကြည့်ရာပေါ့။ ဘုရားဆွမ်းတော်ဝတ်မပျက် ကပ်ပြီးနောက်ပိုင်း အစားအသောက်နဲ့ပတ်သက်ပြီး တိုင်ဆိုင်တာလေးတွေလည်း ဗဟုသုတရအောင်မျှဝေပါအုံးမယ်။
 
အညာသား လက်ရာ ပဲကပ်ကြော် ကြွပ်ကြွပ်ရွရွလေး

(၇) ရက်သားသမီးအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဗျာ။ အညာသားဆီကို လာရောက် လည်ပတ်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗျ။ 
လေးစားမှုဖြင့် 
အညာသား
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၁၁) ရက်
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်၊ သောကြာနေ့။