ထန်းသီးခိုင်များ
ထန်းသီး - တန်းခူးလတွင် အစောသီးသော ထန်းသီးများစတင်ပေါ်စပြုသည်။ သင်္ကြန်ပြီးချိန်မှစ၍ ကဆုန်၊နယုန်လများတွင် ထန်းသီးများ လှိုင်လှိုင်ပေါသည်။ကျွန်တော်တို့ရွာတွင် ထန်းသီးကို နွားစာအတွက်အသုံးပြုသည်။ထန်းသီးဆံများ မရင်ခင်အချိန်မှာ ထန်းပင်မှ ထန်းသီးများကို ခုတ်ယူရသည်။ ကျွန်တော်တို့ဆီမှာတော့ ထန်းသီးချိုင်သည် ဟုခေါ်ပါသည်။(ချိုင်သည် ဆိုတာ ထန်းပင်မှထန်းသီးကို ခုတ်ချတာကို ပြောတာပါ ထန်းသီးခုတ်သည်လို့မပြောပဲ ချိုင်သည်ဟုသာ သုံးပါသည်။) ထန်းသီး ချိုင်သောအခါ ထန်းပင်မှ ထန်းရွက်အရင့် လေးငါးရွက်ကိုပါ တစ်ခါထဲ ခုတ်ချပေးရသည်။ထိုထန်းရွက်များကို အိမ်(သို့မဟုတ်) နွားတင်းကုပ်၊ နွားစာစဉ်းတိုက် စသည့်တို့ အတွက် အမိုးအဖြစ် အသုံးပြုပါသည်။ထန်းသီးတစ်ပင် ချိုင်လျှင် ထန်းရွက်များ အပါအ၀င် လှည်းတစ်စီး တိုက်စာ ရပါသည်။ထန်းပင်ပေါ်မှ ကျခါစ ထန်းသီး လတ်လတ် ဆတ်ဆတ်ကို ဓားဖြင့်ချက်ချင်း ခွဲစားရသော အရသာကလည်း အလွန်ကောင်းပါသည်။ ကျွန်တော်တို့ ငယ်ငယ်ကတော့ ထန်းသီးချိုင် လိုက်သွားတိုင်း ဦးလေးဖြစ်သူက တောထဲမှာ တစ်ခါထဲ ထန်းသီးတွေ အ၀ခွဲကျွေးပါသည်။ ထန်းသီးတစ်လုံးမှာ အများအားဖြင့် အစေ့လေးစေ့ ပါသည်။ထန်းသီးမနုမရင့်ကို ထိပ်ပိုင်းနားမှ ဓားဖြင့်ခွဲလိုက်လျှင် ထန်းစေ့လေးများက အရည်လေတွေ ရွှမ်းရွှမ်းဖြင့် စားချင်စဖွယ်ဖြစ်သည်။ ထိုခွဲပြီးသား ထန်းသီးကို ပါးစပ်နားကပ်ပြီး ဘယ်ဘက်လက်က ထန်းသီးကိုကိုင် ညာဘက်လက်မဖြင့် ထိုးကော်ပြီး ပါးစပ်ထဲကို တစ်ခါထဲ ထည့်စားပါသည်။အညာမှာမွေးသူတွေကတော့ ထန်းသီးကိုကောင်းကောင်းစားတတ်ပါသည်။ လက်မနဲ့ထိုးကော်ရာတွင်လည်း မစားတတ်ပါက ထန်းသီးဆံမှာပါသော ထန်းရည်ချိုလေးများ အောက်သို့ကျသွားတတ်ပါသည်။လက်ဖြင့်ထိုးကော်စားသည်ဆိုရာ၌ ထန်းသီးဆံသည် မနုမရင့်အနေအထား တွင်သာစားနိုင်ပါသည်။ ထန်းသီးဆံအနည်းငယ် မာလာရင်တော့ လက်မဖြင့်ထိုးကော်၍ မရတော့ပါ။
ထန်းသီးဆံ
ထိုအခါမျိုးမှာ လက်ညှိုးဖြင့်ကော်ထုတ်ရပါသည်။ထိုထက်မာသွားရင်တော့ ဓားဖြင့်ခွဲစားရပါသည်။ ထန်းသီးကိုနွားစာအဖြစ်အသုံးပြုရာတွင် ထန်းစေ့အပေါ်မှ အသားများကို ဓားထက်ထက်ဖြင့် အဖတ်ကလေးများ ရအောင်ခုတ်ချရပါသည်။နောက်ဆုံး ထန်းစေ့ကို ချန်ပြီး ရသမျှအသားတွေကို နွားစားအဖြစ် ကောက်ရိုးနဲ့ဖြစ်စေ၊ပြောင်းရိုးနဲ့ဖြစ်စေ ရောပြီးကျွေးပါသည်။ ထန်းသီးကို နွားများ အလွန်ကြိုက်ပါသည်။ထန်းသီးများ အလွန်ပေါလာပြီဆိုရင်တော့ ထန်းသီးဆံများပါ နွားစာထဲ ခွဲထည့်ပြီး ကျွေးကြသည်။ ကျွန်တော်တို့ ငယ်ငယ် မူလတန်းကျောင်းသား ဘ၀တုန်းက ထန်းသီးဆံသည်လည်း မုန့်ပဲသရေစာဖြစ်ခဲ့သည်။ ထန်းသီးဆံနဲ့ထန်းလျက်ကို တစ်လှည့်စီကိုက်ပြီး စားရသည့်အရသာကလည်း တစ်မျိုးကောင်းသည်။ ကျွန်တော်တို့ရွာမှာ ထန်းသီးဆံ မနုမရင့် လေးများကို မန်းကျည်းရွက်နုဖြင့် ဟင်းချက်စားကြသည်။ ထန်းသီးက အချိုဓာတ်ပါတော့ မန်ကျည်းရွက်နုလေးနဲ့ ရောချက်တဲ့အခါ စားလို့ အင်မတန် ကောင်းသည်။ ရွာမှာ ထန်းသီးပေါ်ချိန်ဆိုရင် အိမ်တိုင်းလိုလို ထန်းသီးဟင်းချက်စားကြသည်။ သရက်သီး အစိမ်းဖြင့်လည်း ချက်စားနိုင်သည်။ ကျွန်တော်ကတော့ မန်ကျည်းရွက်နဲ့ချက်တာကို ပိုကြိုက်သည်။အမေက ထန်းသီးဟင်းကို ငရုတ်သီး စပ်စပ်လေးဖြင့် ချက်ကျွေးတတ်သည်။ဆီမပါသော်လည်း ထမင်းမြိန်သည့် အညာဟင်းတစ်မျိုးဖြစ်ပါသည်။ထို့ကြောင့် ထန်းသီးဟင်းကို ရွာကလူတွေက ၀က်သားဟင်းနဲ့ တင်စားပြီး ပြောကြသည်။ ထန်းသီး ပေါ်ချိန် အိမ်လည်သွားတဲ့အခါ ဘာဟင်းချက်လဲမေးလို့ ၀က်သားဟင်း ဆိုရင် လူတိုင်း သဘောပေါက်သည်။ထန်းသီးဟင်းကို ပြောခြင်းဖြစ်သည်။
ထန်းနို့အရင့်ပုံလေးပါ (ထန်းနို့အညှာကို ဆေးရိုးအဖြစ်သုံးတာကို ဆက်ရေးပေးပါမည်)
ထန်းဖူးတိုင်-ထန်းပင်၏အရွက်အုံ အလယ်မှ မနုမရင့် ထန်းရွက်ကိုတော့ ထန်းဖူးတိုင် ဟုခေါ်ပါသည်။ထန်းရွက်အဖြစ် အောက်သို့ကွာ မကျခင် အပေါ်ကိုထောင်နေသော ထန်းရွက်မနုမရင့်ကို ခေါ်ခြင်းဖြစ်ပါသည်။ သူ့ကိုလည်း ခုတ်ယူလို့ရပါသည်။ ထန်းဖူတိုင်မှ ထန်းရွက်များကို ခပ်သေးသေးစိပ်ပြီး သက်ကယ်ပျစ်ရာတွင် နှီးအဖြစ်အသုံးပြုကြသည်။ထန်းရွက်အပေါ်မှ အကျောများကိုတော့ အိမ်မိုးရာတွင် မိုးစည်းနှီး အဖြစ်အသုံးပြုပါသည်။ ထန်းဖူးတိုင်မှ အရွက်များကို နှီးမစိပ်ဘဲ အပြားလေးများ ညီညာအောင်ပြုလုပ်ပြီး မီးဖိုချောင်တွင် ငရုတ်သီး၊ကြက်သွန်မှစ၍ မျိုးစေ့၊ပဲစေ့ထည့်ရန်အတွက် ထန်းဖူးတောင်းလေးများရက်လုပ်အသုံးပြုကြသည်။ထန်းဖူးရွက်လေးများဖြင့် ထန်းဖူးဖျာ လေးများလည်း ပြုလုပ်နိုင်သည်။ထန်းခေါက်တောင်း - ထန်းလက်အရင့်ကိုအသုံးပြုသည်။ ထန်းလက်ပေါ်မှ ဘေးကျောများကို ခွာယူပြီး အခြောက်လှန်းရသည်။ ခြောက်သွားသောအခါ ရေဖြင့်စိမ်၍ ဓားဖြင့်လိုအပ်ချောပေးပြီး ထန်းခေါက်တောင်း၊ထန်းခေါက်ဖာ၊ထန်းခေါက်ခြင်း၊စသည်ဖြင့်ရက်လုပ်သည်။ထန်းလက်၏ ၀မ်းဗိုက်ပိုင်းရှိ အခေါက်ကိုလည်း ကျွန်တော်တို့အညာမှာ နှီးအဖြစ်အသုံးပြုသည်။ အိမ်ဆောက်ရာတွင်ဖြစ်စေ၊အိမ်ရှိကြမ်းခင်းများ ကွပ်ရာတွင်ဖြစ်စေ နှီးအဖြစ်အလွန်အသုံးဝင်သော ထန်းပင်ထွက် ပစ္စည်းတစ်မျိုးဖြစ်သည်။(ကျွန်တော်တို့အညာဒေသ အိမ်အတော်များများမှာ အိမ်ကြမ်းခင်းအဖြစ် ၀ါးကိုအခြမ်းများစိပ်ပြီး ခင်းကြသည်။ ထိုကြမ်းခင်းရာတွင် ကြမ်းကွပ်ရန်အတွက် အသုံးပြုခြင်းဖြစ်သည်။ "အကွပ်မရှိသောကြမ်း ပရမ်းပတာ" ဆိုတာ ထိုကြမ်းကွပ်ရာမှ ဆင်းသက်လာသော စကားဖြစ်သည်။
ထန်းလက်ကုလားထိုင်-ထန်းမှထန်းလက်ကိုသာအဓိကထား အသုံးပြုပြီး ပြုလုပ်သော ကုလားထိုင်ဖြစ်သည်။ ပုပ္ပားတောင်သို့ သွားလျှင် ကျောက်ပန်းတောင်း မရောက်ခင် အင်တောကျယ်၊အင်တော၊စည်ပင်သာ စသည့်ရွာများတွင် ကားလမ်းဘေး၌ ထန်းလက်ကုလားထိုင်းများ ရောင်းချနေသည် ကိုတွေ့ဖူးကြလိမ့်မည်။ကျွန်တော်တို့ရွာမှာ ထန်းလျှော်(နှီး) ခွာပြီးသား ထန်းလက်များကို ခြံစည်းရိုးကာရန်အတွက် အသုံးပြုကြသည်။ ကျွန်တော်မူလတန်း ကျောင်းသားဘ၀တုန်းကတော့ ထန်းလက်ကို တစ်တောင်ခန့် ပိုင်းပြီး ဓားဖြင့်ချောနေအောင်သပ်ပြီး ပေတံအဖြစ်သုံးခဲ့ဖူးသည်။ ဆရာ့စားပွဲပေါ်မှာလည်း ထန်းလက်သား လုံးချောချော နှစ်တောင်ခန့်အမြဲတမ်း တင်ထားတာကို တွေ့ဖူးသည်။ ကျောင်တုန်းကဆရာ့စားပွဲပေါ်က ထန်းလက်သားတုတ် ဖြင့်လည်း အရိုက်ခံခဲ့ရဖူးသည်။ငွေကုန်ကြေးကျ သက်သာသော အညာဒေသရဲ့ထွက်ကုန် လေးများကလည်း သူ့နေရာနှင့်သူတော့ အသုံးဝင်နေတာပါပဲလား...
(ဆက်လက်ဖော်ပြပါအုံးမည်)
0 comments:
Post a Comment