ပေါက်ပင်အို
ကျွန်တော် အခုရောက်နေသည့် နေရာမှာ မြန်မာပြည်နှင့် ရာသီဥတုချင်း ကွာခြား လှသော ယဉ်ကျေးမှု့ ကွဲပြားသော နေရာဒေသ တစ်ခုမှာ တာဝန်အရ ရောက်ရှိနေခဲ့ခြင်း ဖြစ်ပါသည်။ အမိမြန်မာပြည်နှင့် ဝေးနေသော်လည်း စိတ်ထဲမှာတော့တစ်နေ့မှ မေ့လို့မရနိုင်ခဲ့ပါဘူး။အမိမြန်မာပြည်မှာ မြင်တွေ့နေကျ မြင်းကွင်းတွေ၊ကြားနေကျ အသံတွေ၊စားနေကျ အစားအသောက်တွေ စသည့် များစွာသော အဖြစ်အပျက် ကလေးများကို စွန့်ခွာပြီးနေထိုင်နေရသည်ဆိုလျှင်ပိုပြီးမှန်ပါလိမ့်မည်။
အခုချိန်ဆိုရင် အမိမြန်မာပြည်မှာတော့ နွေရာသီရောက်ခါနီး နေပြီပေါ့။ အလယ်တန်းကျောင်းသား ဘ၀တုန်းက အခုလို ဖေဖော်ဝါရီလ ရောက်ပြီဆိုရင် နောက်ဆုံးအတန်းတင် စာမေးပွဲကြီး ဖြေဆိုခဲ့ရတာကို သတိရမိသည်။ ရွာမှ နေ့စဉ်ခြေလျင်ခရီးဖြင့် ကျောင်းတက်ခဲ့ကြရတာကိုလည်း သတိရမိသည်။အထူးသဖြင့် အခုလို နွေဦးပေါက်စရာသီ ကျောင်းပြန်ချိန်များမှာ ကျွန်တော်တို့တစ်တွေ ၀င်ရောက် နားခိုရာ ကျောင်းပြန် လမ်းဘေးက ပေါက်ပင်အိုကြီးကို လွမ်းမိသည်။ ပုံမှန်ကျောင်းဖွင့်တဲ့ ရက်များမှာ ထိုပေါက်ပင်အိုကြီး သည်လည်း အရွက်များ စိမ်းစိမ်းစိုစိုနဲ့ ကျွန်တော်တို့တစ်တွေလည်း ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ ကျောင်းတက်ခဲ့ကြသည်။ သို့သော်လည်း ဆောင်းရာသီကုန်လို့ နွေရာသီကိုရောက်ပြီ ဆိုတာနဲ့ စိမ်းစိုနေသော ပေါက်ရွက်တို့သည်လည်း လောကနိယာမတရား တွေအရ နုပျိုစိမ်းလန်းနေရာမှ ရင့်ရော်ဟောင်းနွမ်းလို့လာခဲ့ပြီ။ ထိုအချိန်မျိုးမှာ ပေါက်ပင်အိုကြီးသာမက အခြားသောသစ်ပင်များလည်း သစ်ရွက်များ ညှိုးရော်စ ပြုကြုပြီ။ မကြာခင်မှာရောက်ရှိလာတော့မည့် အညာနွေပူပူကို ရိုးတံကျဲကျဲဖြင့် အံတုဖို့ ပြင်ဆင်နေကြပြီ။ တစ်ချို့သစ်ပင်များဆီမှ ရော်ဝါရွက်များက နွေဦးလေအဝေ့မှာ လွင့်ကြွေလာကြပြီ။ ထိုသစ်ပင်များနည်းတူ ကျွန်တော်တို့ကျောင်းသားတစ်စု သည်လည်း တစ်နှစ်တာ သင်ကြားခဲ့သမျှ ကျောင်းသင်ခန်းစာတွေကို ပြန်လှန်လေ့ကျင့် ကျက်မှတ်ရင်း အတန်းတင် စာမေးပွဲကြီးကို ဖြေဆိုဖို့ရာ အတွက် ပြင်ဆင်နေကြရပြီ။
လှပဝေဆာစွာဖူးပွင့်နေသော ပေါက်ပန်းလေးများ
ကျွန်တော်တို့ရဲ့ ပေါက်ဖော် ကျောင်းသွားလမ်းဘေးက ပေါက်ပင်အိုကြီး သည်လည်း သဘာဝတရားကို မလွန်ဆန်နိုင်တော့ ပင်မြင့်ထက်ဆီမှ ပေါက်ရွက်များကို ခြွေချနေလေပြီ။ မကြာခင် ကာလများမှာ ရိုးတံ ပြိုင်းပြိုင်းနဲ့ ပေါက်အိုပင်ကြီးကို ကျွန်တော်တို့တစ်တွေ မြင်ကြရတော့မည်။
မြေခရနေတဲ့ ပေါက်ပန်းတစ်ပွင့်
မြန်မာ့စကားပုံ များမှာတော့ အသိပညာမရှိသူ အတတ်ပညာမရှိသူကို "လူ့ပေါက်ပန်း" ဟု ပုံခိုင်းနှိုင်း လေ့ရှိပါသည်။ ပေါက်ပန်းလေးများသည် အမြင်လှသော်လည်း ပန်း၏ဂုဏ် ဖြစ်တဲ့ မွှေးရနံ့ကင်းသည့် ပန်းလေးများ ဖြစ်ကြပါသည်။ အဆင်းသာရှိ၍ အချင်းမရှိသော ပန်းကလေးများ ဖြစ်ကြပါသည်။ မည်သို့ပင်ဖြစ်စေ ကျွန်တော်ပြောတဲ့ ပေါက်ပင်ကြီးကတော့ ကျွန်တော်တို့ ကျောင်းသားတွေ အတွက် နှစ်စဉ်စာမေးပွဲ အချိန်စာရင်းကို ဖော်ပြပေးသည့် နာရီစင်ကြီး ပင်ဖြစ်သည်။ နွေဦးရာသီ ရောက်တိုင်း ကျွန်တော်တို့ ကျောင်းသားတစ်တွေ ထိုပေါက်အိုပင်ကြီးကို ကျောင်းသွားကျောင်းပြန် အမြဲတမ်းသတိတရ ကြည့်မိကြသည်။ ပေါက်ပင်အိုကြီးမှ အရွက်တွေကုန်လို့ ပေါက်ဖူးကလေးများ စထွက်လာသည် ကိုမြင်သည်နှင့် ကျွန်တော်တို့ ကျောင်းသူကျောင်းသားတွေ ရင်ထဲမှာ အတန်းတင်စာမေးပွဲ နီးလာပြီဆိုတာကို အလိုလို သိကြသည်။ ပေါက်ဖူးလေးများဘ၀ မှသည် ပေါက်ငုံပေါက်ပန်းဘ၀သို့ ပီပြင်စွာရောက်လာပြီ ဆိုရင်တော့ ကျွန်တော်တို့တစ်တွေလည်း အတန်းတင် စာမေးပွဲတွေ ဖြေကြရပြီပေါ့။
အခုအချိန်လောက်ဆိုရင် ပေါက်ပင်အိုကြီးသည် မျိုးဆက်သစ်ကျောင်းသားတွေကို စာမေးပွဲကြီး နီးပြီဆိုတာ သတိပေး နှိုးဆော်နေလောက်ပြီ။ သူကိုယ်တိုင်လည်း အညာနွေပူပူကို အံတုဖို့ အင်အားတွေစု နေလောက်ပြီ။ မျိုးဆက်သစ် ကျောင်းသားများသည်လည်း အတန်းတင် စာမေးပွဲကြီးကို ဖြေဆိုဖို့ရာ စာတွေကျက်မှတ် နေလောက်ပြီပေါ့။ ကျွန်တော် ရောက်နေတဲ့ဒေသက သစ်ပင်တွေကတော့ ပေါက်ပင်အိုကြီးနဲ့ ဆန့်ကျင်ဘက် ရိုးတံကျဲကျဲနဲ့ ဆောင်းရာသီ၏ အအေးဒဏ်ကို ကြံ့ကြံ့ခံပြီးလို့ မကြာခင်မှာ ရောက်လာတော့မည့် နွေဦးရာသီမှာ အသီးအပွင့် အရွက်တွေ ဝေဆာပွင့်လန်းနိုင်ဖို့ အားအင်တွေစုစည်းနေကြလေပြီ။
ကျောင်းသားဖြစ်တဲ့ကျွန်တော်ကတော့ မကြာခင်မှာ ပြန်ဖွင့်တော့မည့် ကျောင်းဖွင့်ရက်များကို ရင်ဆိုင်ဖြတ်သန်းဖို့ အားအင်တွေ မွေးနေရပြီ။ တာဝန်တွေ ပြီးဆုံးလို့ အမိမြန်မာပြည်ကို ပြန်လာတဲ့ အချိန်မှာ တစ်ချိန်တုန်းက ကျွန်တော်တို့တစ်တွေရဲ့ စာမေးပွဲအချက်ပေး နာရီစင် ပေါက်ပင်အိုကြီးရှိရာ ကျောင်းသွားလမ်းလေးကိုတော့ မဖြစ်မနေအရောက်သွားပါဦးမည်...
မျိုးခန့်(စကားဝါမြေ)
0 comments:
Post a Comment