Pages

Sunday, May 29, 2011

ဘယာကြော်


အလုပ်တွေမအားသော်လည်း မစားဘဲမနေနိုင်တော့ ရတဲ့အချိန်လေးမှာ ချက်ပြုတ်စားသောက် ရသေးတယ်ဗျ။ လွယ်လွယ်နဲ့ မြန်မြန်စားလို့ရတာလေးတွေပေါ့။ အသားဟင်းတွေ ဘာတွေဆိုရင် နူးအောင် ချက်ရတာ အချိန်ပေးရတယ်။ ဘယာကြော်ကတော့ ပဲရေစိမ်တာပဲ ကြာပါတယ်။ ပဲနူးသွားရင် ကြိတ်စက်ထဲ ထည့်ကြိတ်ပြီးတော့ ကြက်သွန်ဖြူ၊ ချင်း၊ ထောင်းထားတာလေးနဲ့ ရော ဆား၊ဟင်းချိုမှုန့်၊ ဆိုဒါလေး နည်းနည်းထည့်ပြီးတော့ ကြော်ယုံပါပဲ။ အိမ်မှာတုန်းကတော့ အမေ ဘယာကြော် ကြော်ရင် ကုလားပဲ ရေစိမ်ပြီးသားကို ကူပြီး ထောင်းပေးရတယ်။ ကြိတ်စက်မရှိတော့ ငရုတ်ဆုံနဲ့ လက်ညောင်းအောင် ထောင်းရတာပေါ့။ အခုတော့ လက်လှည့်တဲ့ ကြိတ်စက်လေးနဲ့မို့ အဆင်ပြေတယ်။

 ဘယာကြော်
 အချဉ်ရည်
အကြော်ကြော်နေစဉ်မှာ ထမင်းအိုးလေး တည်ထားလို့ အကြော်ကြော်ပြီးတော့ ထမင်းအိုးလည်း အကျက် ကွက်တိပဲဗျာ။ အချဉ်ကတော့ မန်ကျည်းသီးမှည့်ကို ရေစိမ်ပြီး ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီး၊ ဆား၊ ဟင်းချိုမှုန့် ရောထောင်းထားတာလေးတွေနဲ့ အချဉ်ရည်လုပ်လိုက်ပါတယ်။ နံနံပင်ရှိတာလေးပါ ညှပ်ထည့်လိုက်တယ်။ အားလုံးပြီးသွားတော့ ထမင်းပူပူလေးကို အကြော်အိုးထဲကဆီလေးဆမ်း၊ ဆားဖြူးပြီး ဘယာကြော်၊ အချဉ်ရည်လေးနဲ့ တွဲဖက်စားသုံးလိုက်တော့ ထမင်းတနပ်ပြီးသွားပါတယ်။ ရေနွေးလေးလည်း ပါသေးတယ်ဗျာ။ ဘယာကြော်ကလည်း မစားရတာ ကြာလို့လားမသိဘူး စားလို့အတော်ကောင်းပါတယ်။ မစားရတာကလည်း သုံးနှစ်ပြည့်တော့မယ်လေ။ အမေ့အိမ်တုန်းကသာ အမေကြော်ကျွေးလို့ မကြာမကြာ စားရတာ။



အကြော်စားပြီး ရေနွေးလေးပါသောက်ရတာပေါ့...

လာရောက်လည်ပတ်ရင်း တည်ခင်းထားတာလေးတွေကို သုံးဆောင်သွားပါအုံးဗျာ။ သူငယ်ချင်းတွေကတော့ ကုလားဘယာကြော်လို့ခေါ်တယ်တဲ့။ ကျွန်တော်တို့ အညာမှာတော့ ဘယာကြော်လို့ပဲ ခေါ်ပါတယ်။ ဒါကတော့ ဗမာစစ်စစ် ကြော်ထားတာပါ။

ကျွန်တော့်မိတ်ဆွေများအုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ....။

Friday, May 27, 2011

တေးလက်ဆောင်

အားလုံးမင်္ဂလာပါဗျာ။ အခုရက်ပိုင်း ရွှေညာသားတို့ အလုပ်ရှုပ်နေသဗျာ။ အွန်လိုင်းကိုတောင် ပုံမှန်မရောက်ဖြစ်ဘူး။ အိမ်လည်လည်း အထွက်ဖြစ်ဘူး။ လာလည်တဲ့ မိတ်ဆွေတွေကို ဧည့်မခံနိုင်တာ ခွင့်လွတ်ပါနော်။ ကိစ္စလေးတွေ ပြီးမှ အတိုးနဲ့ ပြန်ရေးမယ်။ အခုတော့ ကျွန်တော်နားထောင်နေကျ သီချင်းလေးတွေထဲက ကောင်းတာလေးတွေကို အပျင်းပြေ နားထောင်ရအောင် တင်ပေးလိုက်တယ်။ အညာထမင်းဝိုင်းတွေကို သရုပ်ဖော်ထားတဲ့ သီချင်းလေးတွေပါ။ ကျွန်တော်တို့တွေတော့ နှီးဒေါင်းလန်းနဲ့ စားတဲ့ခေတ်ကို မမှီလိုက်တော့ဘူး။ မိသားစုတွေမှာ အဲ့လို နှီးဒေါင်းလန်းတွေနဲ့ ထမင်းစားရတာ အတော်လေး ပျော်ဖို့ကောင်းမှာပဲနော်။ စည်းလုံးမှု့ရှိတဲ့ သင်္ကေတကို ပြသနေတာပေါ့။ ဒေါင်းလန်းခေတ်က စည်းလုံးမှု့နဲ့ အခုခေတ် စည်းလုံးမှု့လေးတွေနဲ့ ယှဉ်ကြည့်မယ် ဆိုရင် စဉ်းစားစရာဗျ။ အထူးသဖြင့် ထမင်းဝိုင်းမှာကိုပဲ စည်းလုံးမှု့ဆိုတာ မရှိတော့ဘူးနော်။ နှီးဒေါင်လန်းမဟုတ်တော့ တစ်ယောက်တစ်မျိုး စားချင်တာကို ကြိုက်တဲ့နေရာ ယူစားလို့ ရနေပြီလေ။ အဲ့လိုပါပဲ ဒေါင်းလန်းကို ဥပမာ ပြုလို့ နေရာတိုင်းမှာ စည်းလုံးမှု့တွေ လျော့နည်းလာနေပြီ။ ကျွန်တော်တွေးမိတာလေးပါ။ မိသားစု စည်းစည်းလုံးလုံး နှီးဒေါင်းလန်းနဲ့ ထမင်းစားနေတာကို ကြည့်ရှု့ခံစားသွားပါအုံးဗျာ။


အားလုံးသော ကျွန်တော့်မိတ်ဆွေ ညီအစ်ကို မောင်နှမတွေ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ....။

Sunday, May 22, 2011

တေးလက်ဆောင်

အလုပ်လေးတွေများနေလို့ ပို့စ်လေးတွေ အဆက်ပြတ်နေတယ်ဗျာ။ ဒါကြောင့်လာလည်တဲ့ မိတ်ဆွေတွေ အပျင်းပြေအောင် တော သီချင်းလေး တင်ပေးလိုက်ပါတယ်။“ပစ္စည်းမဲ့ ချက်ကြီး” တဲ့ ဘုန်းမြင့်နိုင် ဆိုထားတာပါ။ မကြိုက်ရင်တော့ ပိုပြီး ပျင်းသွားမှာ သေချာတယ်(ဟီး..ဟီးးး)။ တခုတော့ ရှိတယ် အိပ်လို့မရတဲ့သူတွေ အတွက်တော့ အဆင်ပြေလောက်တယ်။ ကျွန်တော်တို့ တောမှာတော့ မင်္ဂလာဆောင်တို့၊ အလှူပွဲတို့ဆိုရင် ကြားနေကျ သီချင်းပေါ့ဗျာ။ ကျွန်တော်ကတော့ တောအငွေ့အသက်လေးတွေနဲ့မို့ နားထောင်ရတာကို ကြိုက်တယ်။ မကြားရတာ ကြာလောက်ပြီလို့ ထင်ပါတယ်။ နားထောင်သွားအုံးနော်။ တောသီချင်းလေးတွေ ကြိုက်တယ်ဆိုရင်ပေါ့။ ကျွန်တော့်အတွက်တော့ ရွာအလွမ်းပြေ နားထောင်ရလို့ အရသာ ရှိလှတယ်။


Saturday, May 21, 2011

လတ်တလော ဖြစ်ပေါ်နေသော စိတ်ဆန္ဒလေးများ

လတ်တလော ဖြစ်ပေါ်နေသော စိတ်ဆန္ဒများဆိုတဲ့ ခေါင်းစဉ်နဲ့ အလင်းသစ်ဘလော့မှာ တဂ်ထားတယ်ဆိုတာကိုရာဇာပြောလို့ သိရတယ်။ တောင်းဆိုထားတော့လည်း နားလည်သလို ဖြေရသေးတာပေါ့ဗျာ။ လွဲချော်မှု့လေးတွေ ရှိရင် တော့ ခွင့်လွတ်ပေးပါလို့ ကြိုတင်ပြီး မေတ္တာရပ်ခံပါတယ်။ အညာသား စာသိပ်ပြီး မရေးတတ်လို့ပါ။


၁။ အစားချင်ဆုံးအစားအစာ - အမေ့အိမ်က ထမင်းနဲ့ဟင်း။ အညာဝက်သားချက်(ထန်းသီးနဲ့မန်ကျည်းရွက်နု ငရုတ်သီးစပ်ချက်ကိုပြောတာပါ)။


၂။ နေ့တိုင်းစားဖြစ်တဲ့အစားအစာ - ထမင်းနဲ့ဟင်း။ (ချက်ရတာ ၀ါသနာပါလို့ အလုပ်ဘယ်လောက်များများ ချက်စားပါတယ်။)

Friday, May 20, 2011

အတိတ်က မမေ့နိုင်စရာလေးများ…


ကြက်သွန်ခင်းမှာ အလုပ်လုပ်နေတဲ့ တောင်သူတွေ(photo from google)

ကျွန်တော်ရွာမှာတုန်းက နွေရာသီကျောင်းပိတ်ရက်ဆိုရင် သူငယ်ချင်းတွေနဲ့ မြောက်ဘက်ကရွာတွေဆီကို ကြက်သွန်ကောက်သင်းကောက် သွားကြတယ်။ ကျောင်းတွေကလည်း ပိတ်ထားတော့ အားလပ်ရက်မှာပေါ့။ ကြက်သွန်ကောက်သင်းကောက် မသွားရင် ရွာထဲက မန်ကျည်းသီး အငှားထုတဲ့အိမ်တွေမှာ မနက်မိုးလင်းကတည်းက သွားပြီးတော့ မန်ကျည်းသီးကို ပိဿာချိန်နဲ့ အငှားထုတယ်။ အဲ့ဒီတုန်းကတော့ တစ်ပိသာကို သုံးကျပ်၊လေးကျပ်ပေါ့။ တစ်နေကုန်လို့ အချိန်တစ်ဆယ်ပြီးရင် ပိုက်ဆံသုံးလေးဆယ်ရတယ်လေ။ မနက်မိုးလင်းကတည်းက စပြီးထုရင် ညနေစောင်းအထိ အချိန်တစ်ဆယ် ဆယ့်ငါးပိဿာ ပြီးတယ်။ ကလေးသဘာဝဆိုတော့ သူ့ထက်ငါအပြိုင် လောဘနဲ့ မန်ကျည်းသီး ထုကြတာ ပျော်ဖို့တော့ အကောင်းသား။ ဘယ်သူကတော့ ဒီနေ့ ပိဿာချိန်ဘယ်လောက်ပြီးတယ်၊ ဘယ်သူကတော့ တစ်နေကုန်မှ ပိဿာချိန်ဘယ်လောက်ပဲ ပြီးတာ အဲ့လိုတွေ ပြောပြီးတော့ တစ်ဦးနဲ့တစ်ဦး ပြိုင်ဆိုင်ကြတယ်။ ကျွန်တော်တို့ သူငယ်ချင်း တစုကတော့ မန်ကျည်းသီးထုတာ နည်းတယ်။ နွေရာသီ နေပူပူမှာ ကြက်သွန်ကောက်သင်းကောက်သွားရတာကို ပိုသဘောကျတယ်။

မန်ကျည်းသီးထုတာက တစ်နေကုန်ထိုင်ပြီးတော့ မန်ကျည်းသီးကို ခဲ(ဂဲ)ပေါ်တင် ထွန်သွားတိုနဲ့ထု ကွဲသွားတော့ အစေ့လေးတွေထုတ်။ အဲ့လိုနဲ့ တစ်တောင့်ပြီး တစ်တောင့်ထုလိုက် အစေ့ထွင်လိုက်၊ တစ်ပိဿာပြီးတော့ နောက်တစ်ပိဿာ မန်ကျည်သီး အကြောထပ်သင် ထပ်ထု။ တစ်နေကုန် မနားတမ်း လုပ်နေရတာ။ ဒီကြားထဲ အခန့်မသင့်ရင် ထုလိုက်တဲ့ မန်ကျည်းစေ့က မျက်နှာလာမှန်ရင် သေလောက်အောင်နာသေးတယ်။

ကြက်သွန်ကောက်သင်းကောက် သွားတာကတော့ နေပူတာကလွဲလို့ ပျော်စရာ အတော်ကောင်းပါတယ်။ သိမ်းဆည်းပြီးသား ကြက်သွန်ခင်းထဲက ကြက်သွန်စိုက်တဲ့ ဘောင်လေးတွေထဲမှာ သစ်သားချွန်လေးတွေနဲ့ မြေကြီးကို လိုက်ခြစ်ပြီးတော့ တွေ့တဲ့ ကြက်သွန်ဥလေးတွေကို ယူရတာလေ။ ကောက်သင်းကောက်ဆိုတော့လည်း သိတဲ့အတိုင်း သူများမမြင်တာကို ကိုယ်က မတွေ့ တွေ့အောင်ရှာပြီးတော့ ယူရတာမဟုတ်လား။ ယာခင်းရှင်က အရင်ဆုံး စိုက်ပြီးသားကို နှုတ်ယူ ပြီးတော့ သူတို့ကိုယ်တိုင် ကောက်သင်းကောက် ထပ်ကောက် အဲ့ဒါပြီးမှ ကျွန်တော်တို့လို ကောက်သင်းကောက်တဲ့ ကလေးတွေကို ၀င်ကောက်ခိုင်းတာ။ တချို့သဘောကောင်းတဲ့ ယာခင်းရှင်များကတော့ ကြက်သွန်နှုတ်နေတုန်းတွေ့ရင် သူတို့အခင်းမှာ ၀င်ပြီး နှုတ်ကူခိုင်းတယ်။ ပြီးတော့မှ အတော်အသင့် စားဖို့ဆိုပြီးတော့ ထည့်ပေးကြတယ်။ ကျွန်တော်တို့ တစ်တွေကတော့ ဘယ်လိုပဲ ပေးပေး အိမ်ပြန်လို့ အထုပ်လေးပါသွားရင်ကို ကျေနပ်နေတာပါပဲ။



ကြက်သွန်ခင်း (photo from google)

ကြက်သွန်ကောက်သင်းကောက် ရတာက အတော်လေး ပျော်စရာကောင်းတယ်ဗျ။ သူက တခြားဟာတွေလို မျက်စိနဲ့မြင်နေရတာ မဟုတ်ဘူးလေ။ သူကမြေကြီးထဲမှာ ကျန်နေတာဆိုတော့ မြေကြီးကို တုတ်ချွန်လေးနဲ့ စပ်ပြီးတော့ ခြစ်သွားရင်း ကြက်သွန်ငုတ်လေးပေါ်ရလာရင် တုတ်ချွန်လေးနဲ့ ကော်ယူပြီး အိတ်ထဲထည့်။ နောက်ထပ် မြေကြီးကို ပြန်ခြစ် တွေ့ရင် ကော်ပြီးယူ။ အဲ့လိုနဲ့ တွေ့သမျှ ကြက်သွန်ဥ သေးသေး မွှားမွှား အကုန်ကောက်ပြီးတော့ အိတ်ထဲထည့်တာပဲ။ တခါတလေလည်း ကြက်သွန်ဘောင် တခု ဟိုဘက်ဒီဘက်ဆုံးလို့ ကြက်သွန်တစ်လုံး တွေ့ချင်မှတွေ့တာ။ ဒါပေမဲ့လည်း အားမလျှော့ဘူး တစ်ဘောင်မတွေ့ နောက်တစ်ဘောင် ထပ်ပြီးတော့ရှာ။ အဲ့လို တွေ့မယ်မတွေ့ဘူး မသေချာမရေရာတဲ့ အလုပ်ကို လုပ်ရတာက တခါတလေမှာ တကယ်ကို ရင်ခုန်စရာကောင်းတာဗျ။ တွေ့လိုက်ရင်တော့ ပြုံးပျော်ပီတိဖြစ်ရတာပေါ့နော့။ မတွေ့ရင်တော့လည်း မမဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကောက်သင်းကောက်တယ်ဆိုတဲ့ သဘောကို ကိုယ်တိုင်နားလည်ထားတယ်လေ။ တွေ့ကို တွေ့ရမယ်လို့ တွက်ထားလို့မှ မရတာကိုးနော့။


ကြက်သွန်နှုတ်ပြီးတဲ့ ကြက်သွန်ခင်း(photo from google)
 
ကောက်သင်းကောက် သွားတဲ့ရွာတွေက ကျွန်တော်တို့ရွာနဲ့ နဲနဲလှမ်းတာကြောင့် ရွာကနေထွက်ရင် အိမ်ကနေ ထမင်းထုပ်သွားကြတယ်။ ကောက်သင်းကောက်ရင်း ထမင်းစားချိန်ရောက်ရင်တော့ ယာခင်းဘေးက ရေရိုးထဲဆင်းပြီးတော့ ရေအိုင်စပ်က ကျောက်တုံးကြီးတွေပေါ်မှာ ထိုင်ပြီးတော့ သူငယ်ချင်း တစ်တွေ ထမင်းစုစားကြတာ အတော်ကို ပျော်ဖို့ကောင်းပါတယ်။ အသားဟင်းမပါသော်လည်း ကိုယ့်အိမ်က ထည့်လာတဲ့ အဆင်ပြေရာ အထောင်းအထုလေးတွေနဲ့ သူငယ်ချင်းတွေ ဟင်းချင်းဖလှယ်ပြီး စားရတာကလည်း အရသာတစ်မျိုးပါပဲ။ ကျွန်တော်တို့ ကောက်သင်းကောက်တဲ့ ကလေးတွေရဲ့ ရေရိုးဘေးက ထမင်းဝိုင်းမှာ ပါတဲ့ နောက်ဟင်းတစ်မျိုးကတော့ ကောက်သင်းကောက်ရာက ရတဲ့ ကြက်သွန်ဥ သေးသေးလေးတွေပါပဲ။ အဲ့ဒီ ကြက်သွန်ဥသေးသေးလေးတွေကို ပါးစပ်နဲ့ ကိုက်အခွံခွာပြီး ထမင်းစားရာမှာ ထည့်စားကြတယ်။ နေပူပူမှာ သွားလာနေတဲ့ ကျွန်တော်တို့အတွက် ကြက်သွန်ဥက ဆီးမအောင့်အောင်လည်း ကာကွယ်ပေးတယ်လေ။


 ကြက်သွန်ဖူး(photo from google)

ဒါကတော့ ရင်မှည့်ခါနီးတဲ့ ကြက်သွန်မျိုးနှံခင်း(photo from google)

အဲ ထမင်းစားပြီးပြီဆိုရင်တော့ ယာခင်းတွေရှိရာကို ပြန်လာပြီး ယာခင်စပ်က သရက်ပင်၊ မန်ကျည်းပင် စတဲ့ အရိပ်ကောင်းကောင်း အပင်ကြီးတွေ အောက်မှာ တစ်ရေးတစ်မော အိပ်စက်အနားယူကြတယ်။ တချို့ကလည်း ရပြီးသား ကြက်သွန်လေးတွေကို အကောင်းအဆိုး ရွေးကြလေရဲ့။ ဟိုစကားပုံလေးလိုပေါ့ "ရပြီးသား ဖွတ်ကို ဖင်လှန်ကြည့်နေတယ်" ဆိုတာလေ။ ကိုယ်ရှာလို့ရတာလေးတွေကို ပြန်ကြည့်ပြီး ပီတိပွားရတာကိုပြောတာပေါ့။  တချို့ကျတော့လည်း သရက်ပင်ပေါ်တက်ပြီး သရက်သီးခူးစားကြတယ်။ ကြက်သွန်ကောက် သွားရင် လွယ်အိတ်ထဲမှာ ဆားထုပ်ကလေးကလည်း အမြဲပါတယ်။ သရက်သီးလေးဘာလေး စားတော့ အဆင်ပြေတာပေါ့။ တခါတလေလည်း ကြက်သွန်နှုတ်တဲ့ ယာခင်းတွေဆီက မနက်ပိုင်း ကြက်သွန်နှုတ်၊ နေ့လယ်ပိုင်းကျတော့ သစ်ပင်ရိပ်ကောင်းကောင်း အောက်မှာ ကြက်သွန်မြိတ်ဖြတ်တယ်။ အဲ့လိုမျိုး ကြုံရင်လည်း ကြက်သွန်မြိတ်ကူဖြတ်ပေးရင် အနည်းနဲ့အများဆိုသလို ပေးကြပါတယ်။ မြေကြီးထဲမှာ ကောက်သင်းကောက်တာနဲ့ စာရင်တော့ ကြက်သွန်ဥလေးတွေ လှလှပပ ရတာပေါ့လေ။ ယာခင်းရှင်တွေကလည်း မတွန့်တိုပါဘူး အလုပ်ကူလုပ်ပေးတော့ ပိုပိုသာသာ ထည့်ပေးကြတယ်။ ကျွန်တော်တို့ ကောက်သင်းကောက်သမားများ အတွက်ကတော့ ပေးသမျှက အကောင်းချည်းပါပဲ။

လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလိုပါပဲ။ တချို့ယာခင်းရှင်ကြတော့လည်း အလုပ်ကူခိုင်းဖို့ဝေးစွ ယာခင်းနားတောင် အကပ်မခံဘူးဗျာ။ ကောက်သင်းကောက်သမားကို မြင်တာနဲ့ အဝေးကနေ လှမ်းအော်တယ်။ အော်ပါစေလေ ဒါလည်း သူတို့အခွင့်အရေးပဲ အော်ခွင့်ရှိပါတယ်။ ကျွန်တော်တို့ ကလေးတွေလည်း ကောက်သင်းကောက်ဆိုပေမဲ့ စည်းကမ်းရှိပါတယ်။ ယာခင်အရှင်က ခွင့်ပြုမှ ၀င်ကောက်တာပါ။ ယာခင်းအရှင် ၀င်ခွင့်မပြုရင် ဘယ်လောက်ပဲ များနေနေ ၀င်မကောက်ပါဘူး။ နောက်တခုက ကြက်သွန်မျိုးနှံတွေ စိုက်တဲ့အခင်းပါ။ ကြက်သွန်မျိုးနှံကျတော့ ဥကိုစိုက်ရတာဆိုတော့ ပျိုးထောင်ပြီးစိုက်တဲ့ ဥစားကြက်သွန်လို မဟုတ်ဘူး။ စိုက်လိုက်တဲ့ ကြက်သွန်ဥကနေ စိန်တံတွေထွက်ပြီးတော့ အပွင့်ပွင်တာ အဲ့ဒီအပွင့်တွေကမှ အစေ့လေးတွေရင့်လာရင် ခူးဆွတ်ပြီး ကြက်သွန်မျိုးစေ့ထုတ်ယူရတယ်။ အဲ့လို ကြက်သွန်မျိုးနှံစိုက်တဲ့ ယာခင်းရှင်တွေကတော့ သူတို့မျိုးနှံထစ်ချိန်နဲ့ ကြုံရင် ကောက်သင်းကောက်တွေကို ခေါ်ပြီးတော့ ကြက်သွန်မျိုးနှံကူပြီးထစ်ပေးခိုင်းပါတယ်။ နောက်ပြီး ကျန်တဲ့ ကြက်သွန်အပင်ကို ကျွန်တော်တို့ ကောက်သင်းကောက်တဲ့ ကလေးတွေကို ယူခွင့်ပေးတယ်။ မျိုးနှံထစ်ပြီး ကျန်တဲ့ ကြက်သွန်အပင်မှာက ကြက်သွန်ဥတွေက ခွတွေဖွဲ့ပြီးတော့ ဥတယ်။ အနှံမထွက်တဲ့ အပင်တွေကပေါ့။ အပင်တိုင်းတော့ မဟုတ်ဘူးပေါ့။ တချို့လည်း စိုက်လိုက်တဲ့ မူလကြက်သွန်ဥကနေပဲ အသစ်ပြန်ဥတယ်။ သူက မျိုးနှံအတွက် အဓိက စိုက်တာဆိုတော့ ကျန်ခဲ့တဲ့ ကြက်သွန်ဥက ရောင်းတမ်းမ၀င်ပါဘူး။ ရောင်းလို့ရအုံးတော့ ဈေးကောင်းမရဘူးပေါ့ဗျာ။ စိန်တံ(ကြက်သွန်ဖူး) အချောင်းတွေပါနေလို့ပါ။ အိမ်မှာသုံးဖို့အတွက်ကတော့ အဆင်ပြေပါတယ်။

Thursday, May 19, 2011

ကြာဇံဟင်းခါးကုသိုလ်

အလုပ်လေးတွေ မအားတဲ့ကြားကပဲ လူမှု့ရေးလေးပေါ်လာလို့ ကိုယ်တတ်နိုင်သလောက် လုပ်အားဒါနပါဝင်လိုက်ပါ သေးတယ်။ သူငယ်ချင်းတစ်ယောက် သူ့အမေဆုံးသွားလို့ ရက်လည်နေ့မှာ သူ့အမေအတွက် ရည်စူးပြီး ကုသိုလ်ပြု အမျှဝေ လုပ်ရာမှာ လုပ်အားဒါန အဖြစ် သူငယ်ချင်းတွေနဲ့အတူ ကြာဇံဟင်းခါး ချက်ပေးဖြစ်ပါတယ်။ မချက်ရတာ ကြာပြီဖြစ်တဲ့ ကြာဇံ ဟင်းခါးကို ဒီတစ်ခါတော့ ကြုံကြိုက်တုန်းမှာ ချက်ပေးဖြစ်ပါတယ်။ ကိုယ့်ဆီမှာ ချက်နေကြ ကြာဇံမဟုတ်ပေမဲ့ စားရတော့ ကောင်းပါတယ်။ ကြာဇံနဲ့ ပဲပြားလိပ် ကလွဲလို့ ကျန်တာတွေကတော့ မြန်မာပြည်ကလိုပါပဲ ကြက်သားပေါတော့ ကြက်သားများများထည့်ပြီး ချက်လိုက်ပါတယ်။ လူလည်း အိပ်ရေးတွေပျက်တာ နောက်နေ့ ကျွေးမွေးဧည့်ခံပြီးမှ အိပ်ရေးဝအောင် ထပ်အိပ်ရပါတယ်။ ၀ါသနာက ရှေ့တန်းရောက်နေလို့ ချက်နေတုန်းတော့ ပင်ပမ်းရမှန်းကို မသိပါဘူး။ အဲ့ အားလုံးပြီးစီး သွားပြီဆိုရင်တော့ လူမထချင်တော့လောက်အောင် ပင်ပမ်းတတ်ပါတယ်။

 ဒီအိုးကြီးနဲ့ချက်ပါတယ်

 မီးဖိုပေါ်မှာ ဆူပွက်နေတဲ့ ဟင်းရည်အိုး


ဒီတစ်ခါက အ၀ယ်တော်ပါ ကိုယ်တိုင်ထွက်ရတာမို့ နဲနဲပိုပင်ပမ်းပါတယ်။ ကြာဇံရှာပုံတော်ဖွင့်ရတာ မီးရထားလမ်းပြမြေပုံ အပေါ်ထိပ်ကနေ အောက်ဆုံးအထိ ရောက်ပါတယ်။ ရထားနဲ့မို့ တော်ပေသေးတယ်။ မဟုတ်ရင်တော့ ချက်နိုင်မယ်မထင်ဘူး။ ဟင်းအိုးတွေကျက်လို့ အိပ်ခါနီးမှ ကိုယ်ချက်ထားတာလေးတွေကို အမှတ်တရ ဓာတ်ပုံရိုက်ထားလိုက်ပါသေးတယ်။ ချက်ပြီးပြီးချင်းမို့ ပန်းကန်ထဲတော့ မထည့်ရသေးပါဘူး။ ချက်တဲ့ အိုးလိုက်ပဲ ရိုက်ထားလိုက်တယ်။ ကြည့်ပြီးတော့ အားပေးသွားပါအုံးဗျာ။ ကိုရွှေညာသားတို့ လက်စွမ်းပြထားတာ လေးပါ။ တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ သူငယ်ချင်းတွေရော ၀ိုင်းကူလုပ်ကြတာ။ ကျွန်တော်ကတော့ ဦးစီးချုပ်ပေါ့(ဟဲ..ဟဲ)။ ရာထူးက ကိုယ့်ပါးစပ်ထဲရှိတာပဲနော့။ ကိုယ်ကြိုက်သလို ပေးလို့ရတယ်လေ။

Monday, May 16, 2011

လမ်းဘေးက ပန်းခင်းလေး

အရင်ပို့စ်မှာ ကျွန်တော်ပြောခဲ့တဲ့ လမ်းဘေးက ပန်းခင်းထဲက ပန်းပင်လေးတွေ ဖူးပွင့်နေတာကို အမှတ်တရ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ။ ပန်းနာမည်ကိုတော့ မသိပါဘူး။ ကျုးလစ်ပန်း တစ်မျိုးပဲသိတယ်။ ကျန်တဲ့ပန်းလေးတွေ ကို နာမည်သိရင် ပြောခဲ့အုံးဗျာ။ ကျွန်တော်လည်း သိရတာပေါ့။ ပုံလေးတွေကြည့်ပြီး စိတ်အမောဖြေသွားကြအုံးဗျာ။











 ဒီပုံလေးက အဆောင်နားရောက်မှ ရိုက်ထားတာ နောက်ကအနီရောင်က တိုက်နံရံပါ(ပုံလေးကို သဘောကျတယ်)

ဥယျာဉ်မှုးတစ်ယောက်ရဲ့ ပီတိ

ဥယျာဉ်မှုး ( photo from google)
ကျောင်းကိုသွားရင် နေ့စဉ်နေ့တိုင်းဆိုသလို မြေအောက်မီးရထား ဘူတာရုံကနေ ကျောင်းဝန်းထဲရောက်ဖို့ ဆယ့်ငါးမိနစ်ခန့် လမ်းလျှောက်ရတယ်။ ကျွန်တော်အတွက်တော့ လမ်းလျှောက်တာက အကျင့်လိုဖြစ်နေလို့ သွားလိုက်ရင် ကိုယ့်ခြေထောက်ကို သူများထက်မြန်တယ်ဆိုတာ သိတယ်။ နဂိုကမှ မြန်နေတဲ့ ခြေထောက်က အခုဒီကိုရောက်တော့ တွေ့တဲ့သူတိုင်း လမ်းသွားကြတာတွေက မပြေးရုံတစ်မည် ဆိုတော့ မြန်ပြီးသား ကျွန်တော့်အတွက် ပိုလို့သာမြန်ယုံရှိတာပေါ့ဗျာ။ ဆယ့်ငါးမိနစ်စာ သွားရတဲ့လမ်းကို အလွန်ဆုံး ဆယ်မိနစ်နဲ့ ရောက်တယ်။ သူတို့ဆီကတော့ မိန်းမ ယောကျာ်း၊ ပျိုပျိုအိုအို လမ်းလျှောက်ကြတာက မြန်မှမြန်ပဲ။ ဆင်မယဉ်သာ လမ်းလျှောက်တယ်ဆိုတာတော့ ဝေလာဝေးပေါ့။ တခါတလေ စိတ်ကို ထိန်းပြီးဖြေးဖြေး လျှောက်လည်း မရဘူးဗျာ။ သူများတွေက မြန်မြန်သွက်သွက် သွားနေကြတော့ ခြေထောက်တွေက အလိုလိုကိုမြန်နေတယ်။ အဲ့ဒီလို လမ်းလျှောက်တာ နေ့တိုင်း ဆိုတော့ ကိုယ်သွားတဲ့ လမ်းဘေးဝဲယာ ဘယ်နားလေး ဘာရှိတယ်ဆိုတာကိုလည်း မျက်စိထဲမှာက အလိုလို မှတ်မိနေတယ်။ အင်း မှတ်မိရမယ်လေ ဒီလမ်းလေးအတိုင်း လမ်းလျှောက်လာတာက နှစ်နှစ်ပြည့်သွားပြီပဲ။

မှတ်မိနေတဲ့ နေရာလေးတွေထဲကမှ ဌာနတခုရှေ့က လမ်းဘေး သစ်တောလေးထဲမှာ သိပ်ပြီး မကျယ်ဝန်းတဲ့ ပန်းခင်းလေးကို စိတ်ဝင်အစားဆုံးပါပဲ။ အကျယ်အ၀န်းက အညာအသုံး ခြေလှမ်းနဲ့တိုင်းရင် အလွန်ဆုံးရှိမှ ခြေလှမ်းဆယ်လှမ်းကျဲကျဲစာပေါ့။ နေရာလေး ကျဉ်းပေမဲ့ စိုက်ထားတာလေးတွေက အမျိုးစုံလှတယ်ဗျ။ ဆောင်းရာသီ နှင်းတွေကျရင်တော့ သူလေးလည်း နှင်းပြင်လုံးလုံးဖြစ်ရတယ်။ အဲ နှင်းတွေကုန်သွားပြီဆိုရင်တော့ အဲ့ဒီနေရာလေးက အသက်ဝင်လာတယ်။ နေ့စဉ်ကြည့်နေရင်း မျက်စေ့အောက်မှာပဲ ပန်းပင်လေးတွေက အလျှိုလျှို ပေါ်ထွက်လာတယ်။ သူတို့ဆီမှာများ အပင်တွေက အရွက်တွေကို လေးလလောက် မမြင်ရလို့လား မသိဘူး ဆောင်းကုန်ပြီဆိုတာနဲ့ အရွက်ထွက်၊ တချို့က အဖူးထွက်ပြီး ချက်ချင်းကိုပွင့်တာ။ စိတ်ထဲမှာ ဒီနိုင်ငံက အပင်တွေ ဖူးပွင့်တာက မြန်နေသလို ခံစားမိတယ်။ အမျိုးအမည် မသိပေမဲ့ ပန်းလေးတွေကတော့ အတော်လေးလှသားဗျ။ အဲ့ဒီအထဲမှာလည်း ကျွန်တော်သိတာ ဆိုလို့ ကျူးလစ်ပန်း တစ်မျိုးပဲ ရှိတယ်။ ကျန်တာတွေကိုတော့ ဘယ်လိုခေါ်တယ်ဆိုတာကို မသိပါဘူး။
မျိုးစေ့မှန်မှ အပင်သန် (photo from google)
ဒါပေမဲ့ ကိုယ့်မျက်စိအောက်မှာပဲ ဖူးပွင့်လာတဲ့ ပန်းလေးတွေဆိုတော့ ကိုယ်နဲ့မဆိုင်သော်ငြားလည်း စိတ်ထဲမှာ သူတို့လေးတွေကို ကြည့်ပြီး ပီတိဖြစ်ရတယ်။ လမ်းဖြတ်သွားတိုင်း အဲ့ဒီနေရာလေးကို မကြည့်ဘဲကို မနေနိုင်ဘူး။ တခါတလေများ သူတို့လေးတွေ ကြည့်ပြီးတော့ စိတ်ကူးတွေ ယဉ်လိုက်သေးဗျာ။ ကျွန်တော်က စိုက်ပျိုးရေးကို ငယ်ငယ်ကတည်း ၀ါသနာပါတာ။ အိမ်မှာဆို သီးပင်စားပင် အကုန်စိုက်တယ်။ ခြေဆိပ်လက်ဆိပ် ရှိတယ်လိုပဲ ဆိုရမလားမသိဘူး စိုက်လိုက်တယ်ဆိုရင် ဘာပင်ပဲဖြစ်ဖြစ် မသီးဘူးဆိုတာ မရှိသလောက်ပဲ။ ဒါကြောင့် မိုးဦးကျပြီဆိုရင် ပတ်ဝန်းကျင်အိမ်တွေက ပဲပင်တို့၊ ဖရုံပင်တို့ စတာတွေကို စိုက်ပေးခိုင်းတယ်။ ရွာကလူအတော်များများက ကျွန်တော့်ကို ကျောင်းမတက်ဘဲ တောင်သူလုပ်ဖို့တောင် တိုက်တွန်းကြ သေးတယ်ဗျ။ ဘာလို့လဲဆိုတော့ အိမ်မှာ ကျွန်တော်ယာကျဲတဲ့နှစ်ဆို ယာခင်းတိုင်းက ကျန်တဲ့သူကျဲတာနဲ့ မတူ ပိုပြီး အသီးအပွင့်ဖြစ်ထွန်းပြီး အထွက်ကောင်းလို့တဲ့။ အဖေနဲ့အမေကလည်း အဲ့ဒါကို ပြောပါတယ်။ ဒါပေမဲ့ ကျောင်းထွက်ဖို့တော့ ဘယ်တုန်းကမှ မပြောဘူး။ ကျွန်တော်ကလည်း တောင်သူလုပ်ငန်းဝါသနာပါပေမဲ့ ပညာဘက်ကိုပဲ ပိုပြီး စိတ်ဝင်စားတယ်လေ။ နောက်ပြီးတော့ တောင်သူလုပ်ငန်းဆိုတာလည်း မြေကြီးနဲ့ ဖက်ပြီး လုပ်ရတာ မဟုတ်လား။ နေပူ ကျောပူခံမှ ထမင်းစားရတာ။ ဒါကြောင့် ကျောင်းအားတဲ့ အချိန်ပဲ ယာခင်းကိုင်းခင်းမှာ ၀င်လုပ်တယ်။
အပင်တစ်ပင်ဖြစ်ဖို့ဆိုတာ(Photo from google)

လူဆိုတာမျိုးကလည်း ကိုယ်ဝါသနာပါရာ၊ စိတ်ဝင်စားရာကိုသာ လုပ်ရရင် စိတ်ကို ကျေနပ်နေတာပဲ။ ကျွန်တော်ကတော့ အပင်တွေစိုက်ပျိုးတာကို ၀ါသနာတခုလိုဖြစ်နေတယ်။ အခုနေတဲ့အဆောင်မှာတော့ နေရာအခက်အခဲကြောင့် မစိုက်ရရှာဘူးဗျာ။ အရင်အဆောင်တုန်းကတော့ ရောက်ပြီးကတည်းက အချိုရည်ဗူးကြီးတွေကို ခါးကနေဖြတ်၊ အပေါက်ဖောက်ပြီးတော့ ကျောင်းကစာသင်ခန်းမှာ စိုက်ထားတဲ့ အပင်လေးတွေက ကိုင်းလေးတွေ၊အတက်လေးတွေ ဖဲ့ယူပြီးစိုက်ထားတယ်။ အပင်လေးတွေ တော်တော်ဖြစ်ထွန်း နေမှ အဆောင်ပြောင်းလာရတော့ သယ်ကလည်း မသယ်နိုင် ချက်ချင်းအလျင်စလို ပြောင်းရတာဆိုတော့ အပင်ထက် အရေးကြီးတာလေးတွေကိုပဲ သယ်လာရတယ်။ နောက်ကျန်ခဲ့တဲ့သူတွေက အပင်တွေကို အဆောင်အောက်ပစ်ချလိုက်တယ် ပြောလို့စိတ်မကောင်းဖြစ်ရသေးတယ်။ အဲ့ဒီအထဲကမှ ရှားရှားပါးပါး မျိုးစေ့ရလို့ စိုက်ထားတဲ့ ပင်စိမ်းပင်အိုးလေးကိုတော့ မဖြစ် ဖြစ်အောင် လက်ကကိုင်ပြီးတော့ သယ်လာခဲ့သေးတယ်။ နောက်အဆောင်ကတော့ နေရထိုင်ရတာကို ကြည့်ပြီး စိတ်ရှုပ်လို့ ဘာမှကို စိုက်တော့ဘူး။ ယူလာခဲ့တဲ့ ပင်စိမ်းပင်အိုးလေးကိုပဲ ဂရုတစိုက်ရေလောင်းပေါင်းသင်လုပ်ပေးတယ်။ သူလေးလည်း သက်ဆိုးမရှည်ရှာပါဘူး။ ရာသီဥတုအေးလာတော့ ရေလောင်ပေးသော်လည်း နေရောင်မရတော့ စောစောစီးစီးပဲ သေသွားရှာတယ်။ ပင်စိမ်းရွက်လေးတွေတော့ သူမသေခင်အထိ တော်တော်လေး စားလိုက်ရသေးတယ်။ အဲ့ဒါနဲ့ပဲ ကိုယ်တိုင်မစိုက်နိုင်တော့ သွားရင်းလာရင်းနဲ့ သူများစိုက်ပျိုးထားတာတွေကို ကြည့်ပြီးတော့ ကိုယ်တိုင်စိုက်သလို စိတ်ကူးယဉ်ပြီး စိတ်ကူးနဲ့ပဲ ပေါင်းသင်ရေလောင်း လုပ်ပေးနေရတာပေါ့လေ။

Saturday, May 14, 2011

ဆန်ပြားခေါက်ဆွဲသုပ်

(မနေ့က အရင်ဆုံးလာတဲ့သူတွေတော့ စားပြီးလောက်ပြီ။ နောက်လာတဲ့သူတွေက မတွေ့လို့ မေးနေတာနဲ့ ပြန်တင်ပေးလိုက်တယ်ဗျာ... ရေခဲသေတ္တာထဲမှာထည့်ထားလို့ ဘာမှမဖြစ်ဘူး စိတ်ချသာစားနော်...)

ဒီလိုလေး ပြင်ဆင်ထားပါတယ်...

ဒီနေ့တော့ စာမေးပွဲတခုပြီးသွားလို့ ကျောင်းကအပြန် ထမင်းမချက်ဘဲ ဆန်ပြားခေါက်ဆွဲ သုပ်လေး သုပ်စားလိုက်ပါတယ်။ စာမေးပွဲပြီးသွားတော့ လူလည်း စိတ်ဖိစီးမှု့တွေ ပေါ့သွားတယ်။ ဒါကြောင့် မစားဖြစ်တာလဲ ကြာပြီဖြစ်တဲ့ ခေါက်ဆွဲသုပ်လုပ်ပြီးတော့ စားဖြစ်ပါတယ်။ ဒါပထမဆုံးပါပဲ ဆန်ပြားကို မစားဖူးဘူး။ ဈေးမှာတွေ့လို့ ၀ယ်ထားတာတော့ ကြာပြီ။ ဘယ်လိုလုပ်ရမှန်း မသိလို့ မစားဘဲထားတာ။ ပျင်းတာလဲ ပါတာပေါ့(ဟဲ…ဟဲ)။ ဒီနေ့တော့ စာမေးပွဲပြီး ဘာလုပ်ရမလဲ စဉ်းစားရင်းက အဲ့ဒီဆန်ပြားထုပ်ကို သတိရပြီး ထင်ရာလျှောက်လုပ်လိုက်တာ အသုပ်တစ်ပွဲ ဖြစ်သွားတယ်။ သုပ်ပြီးသွားတော့လည်း ဘလော့မှာက တင်လိုက်ချင်သေးဗျ။





ဒီပုံလေးတွေကတော့ အနီးကပ်လေးမြင်ရအောင် ရိုက်ထားတာ

ကျွန်တော်လုပ်တာလေးတွေကိုပဲ ပြောပြမယ်နော်။ အရင်ဆုံး ဆန်ပြားကိုပြုတ် ရေအေးနဲ့ဆေးပြီး စစ်ထားပါတယ်။ မုံလာဥနီ၊ ဂေါ်ဖီထုပ်၊ မုန့်ညှင်းထုပ်၊ ပဲသီး စတာတွေကို အနေတော်လေးလှီးပြီးတော့ ရေနွေးလေးနဲ့ ပွက်တယ်ဆိုယုံလေး ပြုတ်ပြီး ဆယ်ထားလိုက်ပါတယ်။ ကျန်တဲ့အရည်ထဲကို ကြက်သွန်တစ်လုံး၊ ဂျင်းအနည်းငယ်၊ ကြက်သွန်ဖြူအနည်းငယ်၊ ဆား၊ ငံပြာရည် အနည်းငယ်စီ ထည့်ပြီးတော့ မီးဖှိုမှာ တည်ထားလိုက်ပါတယ်။

Wednesday, May 11, 2011

စစ်အောင်ပွဲနေ့သို့ အလည်တစ်ခေါက်

နှစ်စဉ် မေလ (၉) ရက်နေ့မှာ ကျင်းပတဲ့ စစ်အောင်ပွဲနေ့ကို ဆရာမနဲ့အတူ အလည်ရောက်လို့ ရိုက်လာတဲ့ ဓာတ်ပုံလေးတွေပါ။ ကျွန်တော်တို့ ရောက်တဲ့အချိန်က စောသေးလို့ လူသိပ်မများသေးပါဘူး။ နောက်ရောက်တဲ့ သူငယ်ချင်းတွေကတော့ လူတွေ အတော်လေး တိုးရတယ်ပြောတယ်။ ပြီးခဲ့တဲ့နှစ် ရောက်တုန်းကတော့ (၆၅) ပြည့်လည်းဖြစ်၊ နောက်ပြီး နေ့လည်ပိုင်းမှ သွားတာဆိုတော့ လူတွေတိုးရတာ ရှေ့ကိုမရောက်ပါဘူး။ ဒီနှစ်တော့ ဆရာမလည်းပါလို့ စောစောထွက်တာ အေးအေးဆေးဆေးပါပဲ။

 ပန်းခြံအ၀င်ဝက အထိမ်းအမှတ်စာတမ်း
 ဘေးက ဖြူဖြူအ၀ိုင်းလေးက နာရီပါ အချိန်မှန်ပြတယ်
 အထိမ်းအမှတ် ကျောက်တိုင်နဲ့ ရေပန်းတွေ
 ကျောက်တိုင်ရှေ့က စတိတ်ခုံ
 ကျောက်တိုင်ထိပ်ကို လှမ်းရိုက်ထားတာ
 ကျူးလစ်ပန်းတွေလည်း ဝေေ၀ဆာဆာ ပွင့်လို့

 စစ်ပြန်အဖွားကို ပန်းပေးနေတဲ့ ကလေးငယ်များ
 ပန်းတွေနဲ့ စစ်ပြန်အဖွားကြီး
 သူတို့လည်း အမှတ်တရ ဓာတ်ပုံရိုက်ကြတယ်

Tuesday, May 10, 2011

သက်သတ်လွတ်အစိမ်းကြော်နဲ့ ခရမ်းချဉ်သီး ဗမာထောင်း

ဒီနေ့တော့ သူတို့နိုင်ငံမှာ စစ်အောင်ပွဲအထိမ်းအမှတ်နေ့မို့ ဆရာမနဲ့ လျှောက်လည် ဖြစ်တယ်။ ညနေမှ အဆောင်ပြန်ရောက် ဗိုက်ကလည်းဆာ ချက်ပြီးသားကလည်း အဆင့်သင့်မရှိတော့ မောသော်ငြားလည်း ချက်ရပြုတ်ရသေးတာပေါ့။ အမေ့အိမ်ကို သတိရမိသေးတယ်။ အမေ့အိမ်ဆိုရင်တော့ ကျောင်းကပြန်လာရင် အဆင်သင့်ခူးစားယုံပဲလေ။ အခုတော့ ဘယ်တတ်နိုင်မလဲ ကိုယ်တိုင်ပဲဖြစ်သလို ချက်ပြုတ်ပြီး ညနေစာကို ဖြေရှင်းလိုက်တယ်။

သက်သတ်လွတ် အစိမ်းကြော်
အချိန်မရတာကြောင့် မြန်တာလေးပဲ ချက်လိုက်တယ်။ ဒါတောင် ပဲပြားကို သပ်သပ်ကြော်နေလို့ နဲနဲကြာသွားသေးတယ်။ ခရမ်းချဉ်သီးကတော့ မီးဖုတ်စရာမရှိလို့ ပြုတ်ပြီးတော့ ထောင်းပါတယ်။ အစိမ်းကြော်ကတော့ ပဲပြား၊ မုံလာဥနီ၊ တရုတ်မုန့်ညှင်းစိမ်း၊ ဂေါ်ဖီ၊ ငရုတ်သီးအတောင့်လိုက် စတာလေးတွေထည့်ပြီး ရောသမမွှေလိုက်ပါတယ်။ ပဲငံပြာရည် အပျစ်လေး နည်းနည်း ထည့်ထားသေးတယ်။ကြော်နည်းကတော့ လွယ်လွယ်လေးမို့ မပြောတော့ပါဘူးဗျာ။

ခရမ်းချဉ်သီး ဗမာထောင်း
ခရမ်းချဉ်သီး ဗမာထောင်းဆိုတာက ပန်းထွေဖျော်လို့ မပြောချင်လို့ပါ။ ပန်ထွေဖျော်က တခြားလူမျိုးလုပ်တာကို ခေါ်တာလို့ ကြားဖူးလို့လေ။ ကျွန်တော်က ဗမာစစ်စစ်ဆိုတော့ အမျိုးကို ချစ်လို့ ဗမာထောင်းလို့ ပြောတာ(အဟီးးး)။ အမေ့အိမ်မှာ ထောင်းသလိုပဲ အရင်ဆုံး ငရုတ်သီးနဲ့ ကြက်သွန်ဖြူကို ဆားထည့်ပြီး ညက်အောင်ထောင်းပါတယ်။ နံနံပင်ကိုလည်း ရေဆေးပြီး အတူထည့်ထောင်းလိုက်တယ်။ ပြီးတော့မှ ခရမ်းချဉ်သီး ပြုတ်ထားတာကို ထည့်ပြီး ညက်အောင်ထောင်း လိုက်တော့ ခရမ်းချဉ်သီး ဗမာထောင်း တခွက်ရပြီပေါ့ဗျာ။ ခရမ်းချဉ်သီး ပန်ထွေဖျော်ပဲ၊ ခရမ်းချဉ်သီးထောင်း စတာတွေက ငါးခြောက်ဖုတ်ဆီဆမ်းလေးနဲ့ တွဲစားလို့ အတော်လိုက်ဖက်ပါတယ်။ ဒီမှာတော့ ငါးခြောက်မရှိလို့ ကောင်းသော်ငြားလည်း မပါတော့ဘူးဗျာ...။

ပိုပြီး ရှင်းရှင်းလေး မြင်ရအောင်ထပ်ရိုက်လိုက်တယ်
အမေ့အိမ်မှာဆိုရင်တော့ ခရမ်းချဉ်သီးကို မီးခဲပေါ်မှာ တင်ပြီး ဖုတ်ပါတယ်။ ဗမာ ခရမ်းချဉ်သီးက ချဉ်လည်းချဉ် မီးဖုတ်ရင် အနံ့လေးက မွှေးသေး။ နောက်ပြီး ငရုတ်သီးကလည်း ကုလားအော်သီးစိမ်း လတ်လတ်ဆတ်ဆတ်နဲ့ဆိုတော့ မကောင်းခံနိုင်ရိုးလားဗျာ။ ဒီက ခရမ်းချဉ်သီးကတော့ ပွဆောင်းဆောင်းနဲ့ သိပ်ပြီးမချဉ်ပါဘူး။ ဒါပေမဲ့လည်း ဈေးကတော့ မချိုလှဘူး။ မချိုပေမဲ့လည်း ဒါလေးတော့ ၀ယ်စားအုံးမှလေ။ ကျန်းမာရေးက ရှိသေး မဟုတ်လား။ အသားတွေပဲ စားနေရတော့ လူတွေလည်း အစွယ်တွေ ရှည်လာပြီးမှတ်တယ်။

စိမ်းစိမ်းလေတွေက နံနံပင်လေးတွေပါ
ကဲ… ဖြစ်သလို ချက်ထားတာလေးတွေနဲ့ ညနေစာကို ကျွန်တော်နဲ့အတူ လက်ရည်တပြင်တည်း သုံးဆောင်သွားပါအုံးဗျာ။ လက်ရာကတော့ သိပ်မကောင်းဘူးနော်…. ကြိုပြောထားတာ... အရည်သောက်ကတော့ စံပယ်ပန်းလ္ဘက်ခြောက် ရေနွေးလေး လုပ်ထားတယ်ဗျာ။

ဒီနေ့ လက်ဆော့ခဲ့တဲ့ ဓာတ်ပုံလေးတွေတော့ နောက်နေ့မှ တင်ပေးတော့မယ်။ 

အားလုံးသော ကျွန်တော့် ညီအစ်ကိုမောင်နှမတွေ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ ကြပါစေ။