Pages

Saturday, December 19, 2020

ဆီးဖြူသီးသနပ်

 အခုရက်ပိုင်း မိုးမရွာတဲ့ညနေခင်းတွေမှာ ကျောင်းထဲကကန်ကိုပတ်ပြီးလမ်းလျှောက်ဖြစ်တယ်။ ညနေ ၇ နာရီလောက်အထိ ပြေးသူ လမ်းလျှောက်သူတွေများတာကြောင့် ကျောင်းက ၇ နာရီလောက်မှပြန်ပြီးလူနည်းတဲ့အချိန်မှကန်ကို သုံးပတ်ရောက်အောင်လမ်းလျှောက်တယ်။ ကျနော်ကခြေလှမ်းမြန်သူမို့ တပတ်ကို ၁၃ မိနစ်ပဲကြာတယ်။ ပြေးမယ်ဆိုရင်တော့ အချိန်တိုတာပေါ့ ဒါပေမဲ့ နှလုံးက သိပ်ပြီး အမောခံလို့မရတာကြောင့် ဖြေးဖြေးမှန်မှန်ပဲလမ်းလျှောက်ဖြစ်တယ်။ ထိန်းသိမ်းမှု့ကောင်းတော့ကန်ရေပြင်က အမြဲတမ်းကြည်လင်နေပြီး ကန်ပတ်လမ်း တစ်လျှောက်မှာ သစ်ပင်တွေလည်း စုံနေအောင်စိုက်ထားတယ်။ လမ်းလျှောက်ရင်းတခါတခါ ပန်းရနံ့ရလို့သထိထားကြည့်တော့ ကန်ပတ်လမ်းအ‌ပေါ်ဘက်မှာ စကားဖြူပင်တွေတန်းစီပြီးစိုက်ထားတာ အများကြီးပဲ။ အဲ့ဒီစကားဖြူပန်းတွေပွင့်ချိန်ဆို ကန်ပတ်လမ်းတစ်လျှောက်မွှေးကြိုင်နေတာပါပဲ။ နံနက်အစောနဲ့ညနေခင်းလမ်းလျှောက်ရင်း လေကောင်းလေသန့်နဲ့အတူပန်းရနံ့ကိုပါတဝကြီးရှုရှိုက်နိုင်တယ်။

နောက်တခု ကန်ဘောင်နဲ့အနီးဆုံးမှာကတော့ဆီးဖြူပင်နဲ့တခြားအရိပ်ရသစ်ပင်တွေတန်းစီပြီးစိုက်ထားတယ်။ ဆီးဖြူသီး သီးတဲ့အချိန်ဆို အသီးတွေကအပင်အောက်ကြွေကျနေတာ ကောက်သူသိပ်မရှိဘူး။ တချို့လည်း နည်းနည်းပါးပါးကောက်ကြတယ်။ အပင်တွေကမြင့်တာမို့တက်ခူးဖို့လည်းမလွယ်ပါဘူး။ လေတိုက်လို့ကြွေကျတာကိုပဲ ကောက်နိုင်တာ။ အဲ့ဒါကြောင့် ကန်ဘေး လမ်းလျှောက်ရင်း ဆီးဖြူသီးအကြွေကောက်ပြီး ဆီးဖြူသီးသနပ်လုပ်ထားတာ မျှဝေလိုက်ပါတယ်ဗျ။

သနပ်ပြုလုပ်နည်းကလည်းအလွန်လွယ်ပါတယ်။ ဆီးဖြူသီးကိုကျက်အောင်ပြုတ်ပြီးအအေးခံထားပါတယ်။ အေးသွားတဲ့အခါအစေ့ကိုဖယ်ပြီးဆားအရသာမှုန့်ထည့်ပြီးငရုတ်ဆုံနဲ့ညက်အောင်ထောင်းပါတယ်။ အဲ့ဒီနောက် ကြက်သွန်ဖြူဆီချက်ချက် အေးသွားတဲ့အခါ ထောင်းထားတဲ့ဆီးဖြူသီးကို ကုလားလေးမဆလာထည့် ဆီချက်နဲ့ရောမွှေပြီး ဗူးထဲကိုထည့်လေလုံအောင်ပိတ်ထားပါတယ်။ ၂ ညလောက်ထားပြီးရင် ဆီးဖြူသီးသနပ်စားလို့ရပါပြီ။ ကျနော်ကတော့ ကျောင်းကို ထမင်းချိုင့်ယူသွားတာမို့ ဟင်းတစ်ခွက်အလွယ်ရပါတယ်။


အော်ဂဲနစ်ဆီးဖြူသီး


ဆီးဖြူသီးသနပ် အားလုံးပြင်ဆင်ပြီး ပုံ


မဆလာနံ့သင်းသင်းနဲ့ထမင်းမြိန်စေတဲ့ ဆီးဖြူသီးသနပ်ပါခင်ဗျ

ဆီးဖြူသီးသနပ်ကို ပဲဟင်းချို၊ ဘူးသီးဟင်းခါး၊ ငါး‌ပိကောင်ကြော်၊ ငါးခြောက်မီးဖုတ်တို့နဲ့တွဲပြီးစားလို့ အလွန်လိုက်ဖက်ပါတယ်။ အဖန်အရသာကထမင်းမြိန်စေပြီး ခံတွင်းလည်းလိုက်စေပါတယ်။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီးလိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်ခင်ဗျ။ လာရောက်လည်ပတ်ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။

အားပေးမှုကိုအစဉ်လေးစားလျက်

ရွှေညာသား

၁၃၈၂ ခုနှစ် နတ်တော်လဆန်း (၅) ရက်

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁၉) ရက်

Thursday, November 26, 2020

အညာဂွေးသီးထောင်း

 ကိုဗစ်ကြော့ အပြင်ကစျေးတွေကို မသွားဖြစ်တာတော်တော်ကြာသွားလို့ ပြီးခဲ့တဲ့လက ဓာတ်ခွဲခန်းအတွက် လိုအပ်တဲ့ပစ္စည်းဝယ်ရာကအပြန် ကျောင်းနားက ညနေခင်းစျေးလေးကို ခဏဝင်ရင်း အသီးအနှံတချို့ဝယ်ဖြစ်တယ်။ မြန်မာပြည်ကအသီးအရွက်မျိုးတွေ ရောင်းတတ်လို့ ကြောင်လျှာသီးလိုက်ရှာတာ အညာဂွေးသီးမှည့်တွေရောင်းနေတာတွေ့လို့ ဘတ် ၂၀ ဖိုးဝယ်ခဲ့လိုက်တယ်။ ထိုင်းတွေကတော့ သင်္ဘောသီးထောင်းထဲကိုထည့်တာပဲမြင်ဖူးတယ်။ ရွာမှာတုန်းက နွေဦးပေါက်ချိန်ဆို ဂွေးပင်တွေအောက် ဂွေးသီးမှည့်ထွက်ကောက်ရတာသတိရမိတယ်။ ကျောင်းသွားရင်းလမ်းမှာ ဂွေးသီးမှည့်ဝင်ကောက်ပြီး ကျောက်ပန်းတောင်းကနေ စာလာသင်တဲ့ဆရာမတွေကို လက်ဆောင်ပေးရတာလည်း သတိရမိတယ်။ အညာ‌ဂွေးသီးကမှည့်လာရင် အနံ့ကအရမ်းမွှေးတာ အရသာကဖန်ချိုချိုလေးနဲ့စားလို့လည်းအလွန်ကောင်း။ အညာစတိုင်ချက်ပြုတ်စားသောက်လေ့ရှိတာကတော့ ဂွေးသီးမှည့်ကို ခရမ်းချဉ်သီးကြက်သွန်ဆားငါးပိထည့်ပြီးလုံး ရေမြုပ်အောင်ထည့်ပြီးပွက်အောင်တည် ဆူလာတော့ နှမ်းလှော်ထောင်းထည့်ပြီး မီးဖိုပေါ်ကချ နှမ်းလှော်နံ့သင်းသင်းလေးနဲ့ ဂွေးသီးဟင်းကို လယ်ရဆန်ထမင်းပူပူနဲ့စားရတာလည်း အရသာတစ်မျိုးကောင်းတယ်။ အဖွားရှိတုန်းကတော့ လဘက်ရည်အမြည်းသုပ်တဲ့ ခြုပ်ကလေးထဲကိုဂွေးသီးမှည့်လေးတွေလှီးထည့် ငါးပိမီးဖုတ်နဲ့နယ် နှမ်းဆီရွှဲနေအောင်ဆမ်းပြီး နှပ်ထားတတ်တာ။ ညနေနွားကျောင်းပြန်အဆာပြေထမင်းကြမ်းနဲ့‌ဂွေးသီးငါးပိဖုတ်ဆီဆမ်းနဲ့စားရတာလည်းလွန်ကောင်းပါတယ်။ နောက်တစ်မျိုးကတော့ ဂွေးသီးမှည့်ကို ပါးပါးလှီး ကုလားအော်ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ငါးပိမီးဖုတ်ထည့် တို့နဲ့ရောထောင်းပြီး ဟင်းချိုဟင်းနဲ့တွဲစားရတာလည်းအလွန်ထမင်းမြိန်တယ်။ 


အညာဂွေးသီးမှည့်


အညာဂွေးသီးမှည့်ကို ငါးပိအိုးကပ် ငရုတ်သီးစိမ်း ကြက်သွန်ဖြူတို့နဲ့ ရောထောင်းထားတာပါ


ဒါကတော့ ဂွေးသီးထောင်းနဲ့တွဲစားဖို့ ပဲဝါလေးကိုကြာဇံနဲ့သခွားသီးရောပြီး ဟင်းချိုချက်ထားတာပါ

အဲ့ဒီနေ့က ထမင်းပွဲကတော့ ဗိုက်ပြည့်လိုသာရပ်ထားရတယ် တော်ကိုမတော်ချင်ပါဘူး။ အသားဟင်းတွေမစားချင်တဲ့အခါ အခုလိုမျိုးဟင်းစပ်လေးတွေကလည်း ထမင်းမြိန်စေပါတယ်။ အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကပ်ရောဂါဘေးမှကင်းဝေးကြပါစေဗျာ။ လာရောက်လည်ပတ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ နောက်လည်းရိုးရှင်းလွယ်ကူတဲ့အညာဟင်းလေးတွေ ဆက်လက်ပြီးတင်ပေးပါအုံးမယ်။

အားပေးမှုကိုအစဉ်လေးစားလျက်

ရွေညာသား

၁၃၈၂ ခုနှစ် တန်ဆောင်မုန်းလဆန်း (၁၂) ရက်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၂၆) ရက်



Thursday, November 19, 2020

ရွှေဖရုံသီး အညာချက်

အညာသားတို့ဆီမှာ သီတင်းကျွတ်လရောက်ပြီဆိုရင် ရွှေဖရုံသီးတွေပေါပါတယ်။အညာရွှေဖရုံသီးကစေးစေးလေးနဲ့စားလို့အင်မတန်ကောင်းပါတယ်။အညာမှာရွှေဖရုံသီးကို ဟင်းချိုချက်စားတယ်၊ မုန့်နှစ်နဲ့ကြော်စားတယ်။ ကောက်ညှင်းနဲ့ထမနှဲထိုးစားတယ်။အခြမ်းလိုက်ပြုတ်ပြီးဆီနဲ့ဆားရောဖျော်ပြီးတို့စားတယ်။ အမှည့်ကို ပါးပါးလှီး နေလှန်းပြီး ထန်းပိုဦးထန်းလျက်နဲ့ ဖရုံယိုထိုးစားကြတယ်။ သီတင်းကျွတ်ဘုရားပွဲဆိုရင်တော့ ရွာဦးကျောင်းမှာရွှေဖရုံသီးကိုဝက်သားနဲ့‌ရောချက်ပြီး ဘုရားပွဲလာသမျှလူတိုင်းကို ထမင်းကျွေးပါတယ်။ နေ့လယ်နေ့ခင်းမှာ အဖွားလုပ်ကျွေးတဲ့ ဖရုံသီး ကောက်ညှင်းထမနှဲက နွားကျောင်းပြန်လာတဲ့ ကျနော်တို့ မြေတစ်စုအတွက် အလွန်ကောင်းတဲ့ အဆာပြေအစားအစာပါပဲ။ အခုတော့လည်း အဲ့ဒီအစားအစာတွေနဲ့ဝေးနေတာကြာပါပြီ။ 

ထိုင်းနိုင်ငံမှာလည်းမြန်မာနဲ့နီးတော့အစားအစာအသီးအနှံတော်တော်များများကမြန်မာနဲ့တူလို့အညာသားအတွက် အဆင်ပြေလှပါတယ်။တလောက အညာဂွေးသီးမှည့်တွေ့လို့ ဝယ်စားသေးတယ်။ ဆီးဖြူသီးလည်းဝယ်လို့ရတယ်။ ချက်ပြုတ်စားဖြစ်တဲ့ဟင်းလေးတွေအကြောင်းအများဆုံးပြောဖြစ်တာကတော့ အိမ်ကအမေနဲ့ပါပဲ။ အဝေးမှာနေတဲ့သားအတွက် အမြဲတမ်းစိတ်ပူနေတတ်လို့ နှစ်သိမ့်ရင်း အဆင်ပြေတဲ့အကြောင်းကိုပြောပြရတာပေါ့။ အစားအစားတွေဘယ်လိုပေါကြောင်း အသီးအနှံတွေကမြန်မာပြည်မှာလိုဝယ်လိုရကြောင်းတွေပြောရင် ဝမ်းတွေသာလို့။ တခါတလေ ဒီဘက်နေ ဗွီဒီယိုခေါ်ပြီး ထမင်းစားရင်းစကားပြောပေါ့။အဓိကကကိုယ့်ကိုမြင်တဲ့အခါ အမေ့မျက်နှာပြုံးနေဖို့ပဲလေ။ အခုလည်း အမေနဲ့ပြောတုန်းက ပြောဖြစ်တဲ့ဟင်းခွက်လေးတွေကို အားလုံးအတွက်တင်ပေးလိုက်ပါတယ်ဗျာ။ချက်ပြုတ်နည်းကတော့သိပ်ပြီးမခက်ခဲတာကြောင့် သပ်သပ်မရေးတော့ပါဘူး။


ဒီဟင်းကတော့ အညာဖရုံသီးကိုပဲသီးနဲ့ရောပြီးပင်စိမ်းရွက်လေးအုပ်ပြီးချက်ထားတာပါ။ ရုံပတီးသီးနဲ့ မျှစ်ဆတ်ထည့်ချက်ရင်လည်းရပါတယ်။ ဒီဟင်းကို မန်ကျည်းသီးထောင်း ငါး‌ခြောက်ဖုတ်သို့မဟုတ်ငါးပိကောင်ကြော်တို့နဲ့တွဲဖက်စားလို့အလွန်လိုက်ဖက်ပါတယ်။


ဒါကတော့ ရွှေဖရုံသီးဟင်းနဲ့တွဲဖက်စားဖို့ ဆိုင်ကဝယ်တဲ့ငါး‌ပိကောင်ကြော်ကို ငရုတ်သီးကြက်သွန်တို့နဲ့ရောပြီး ပြန်ကြော်ထားတာပါ။ စားလို့အလွန်ကောင်းပါတယ်။

ကျနော်ကမျက်မှန်သမားမို့ ရွှေဖရုံသီးက မျက်စေ့နဲ့တည့်တယ်ဆိုတာ ဖတ်ရလို့ မကြာခဏ ဝယ်ပြီးချက်စားဖြစ်ပါတယ်။ကျောင်းကလူတွေကတော့အသီးအရွက်ပဲစားလို့ ကျန်းမာတာဆိုပြီးပြောကြတယ်။ ကိုယ်စားတဲ့အစားအစာအများစုကလည်း တခါတလေ ငါးနဲ့ကြက်ဥကလွဲရင် ကျန်တဲ့အချိန်က အသီးအရွက်ဟင်းတွေပဲများပါတယ်။ နောက်လည်းအညာဟင်းလေးတွေ တင်ပေးပါအုံးမယ်ဗျာ။ လာလည်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကိုဗစ်ကပ်ရောဂါဘေးမှ ကင်းဝေးကြပါစေလို့ ရွှေညာသားက ဆုတောင်းမေတ္တာပို့သပါတယ်။

အားပေးမှုကိုအစဉ်လေးစားလျက်

ရွေညာသား

၁၃၈၂ ခုနှစ် တန်ဆောင်မုန်းလဆန်း (၅) ရက်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၁၉) ရက်


Tuesday, November 3, 2020

ရိုးရှင်းလွယ်ကူ မုန့်ဟင်းခါး

အားလုံးမင်္ဂလာပါဗျာ.....ဘလော့ထဲမရောက်တာလည်း တော်တော်လေးကြာသွားပြီ။ ကိုဗစ်ကြီးမွှေနေတုန်း အစားအသောက်တွေလည်း တတ်သမျှအကုန် တမျိုးပြီးတစ်မျိုး မရိုးရအောင်ချက်စားနေဖြစ်တော့တာပဲ။ အခုမုန့်ဟင်းခါးလည်း ကိုဗစ်နည်းနည်းစဲသွားတော့ ကျောင်းထဲကစျေးမှာ မုန့်ဖတ်ဝယ်ပြီး အဆောင်အောက်က ငှက်ပျောတောက ငှက်ပျောပင် အနုကိုခုတ်ပြီး ပဲဝါလေးကို ပဲမှုန့် နဲ့ ငှက်ပျောအူ များများ ထည့်ပြီး မုန့်ဟင်းခါးချက်စားတုန်းကသိမ်းထားတဲ့ပုံလေးတွေပါ။ မစားရတာကြာတော့ အဲ့ဒီနေ့က တနေကုန် ထမင်းလွတ်တွယ်လိုက်တယ်။ အဆောင်မှာလည်းစား ဘေးအခန်းက မြန်မာညီလေးတွေကိုလည်း တစ်ပန်းကန်စီ ဝေစားနဲ့ ကုသိုလ်လည်းရ ဝမ်းလည်းဝပေါ့။ ကိုယ့်စေတနာကပဲ အကျိုးပေးတယ်ဆိုရမလား အစားအစာ သူများကိုပေးဝေစားတော့ ကိုယ့်ကိုလည်း ကျွေးမည့်သူကမရှားဘူး။ ဌာနမှာဆို အမြဲတမ်းလိုလိုစားရတာ။


ပဲဝါလေး နဲ့ ပဲမှုန့် ငှက်ပျောအူ မုန့်ဟင်းခါး



ဒီပုံက ဌာနမှာ နေ့လယ်စာ မစားခင်မှတ်တမ်းပြုထားတာ
ဘူတန်က မာစတာတက်တဲ့ကျောင်းသူကိုလည်း မြန်မာအစားအစာမိတ်ဆက်ရင်းနဲ့သူ့ကိုပါကျွေးလိုက်တယ်
သူကသက်သတ်လွတ်သမားမို့ ဘဲဥကအလုံးလိုက်ပြုတ်ထည့်ထားတာလို့ ဟင်းရည်ကနင်စားလို့ဖြစ်တယ်ဆိုပြီး ထည့်ကျွေးတာ အညာသားလက်ရာမှာ လျှာလည်သွားဟန်တူရဲ့ ချက်နည်းမေးတော့တာပဲ။ ဟိုတစ်ခါ တို့ဟူးသုပ်လုပ်တုန်းကလည်း သူ့ကိုကျွေးတာ သတိရတိုင်း တို့ဟူးသုပ်လုပ်ခိုင်းနေလို့။ ဒီတစ်ခါဆို ငါက အသားထည့်သုပ်မှာလို့ပြောမှ ထပ်မခိုင်းတော့တာ။ မုန့်ဟင်းခါးကိုတော့ တော်တော်လေး သဘောကျတယ်ထင်တယ် ဟင်းရည်နဲ့မုန့်ဖတ်ကို သူစိတ်ကြိုက်ပြင်စားခိုင်းလိုက်တာ ခေါင်းကိုမဖော်ဘူး။ ကိုယ့်အတွက်ကတော့ ကုသိုလ်ရတာပေါ့လေ။

နောက်မှ တခြားဟင်းလေးတွေ ထပ်တင်ပါအုံးမယ်ဗျာ။ အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကိုဗစ်ကပ်ရောဂါဘေးမှ အမြန်ဆုံးကင်းဝေးကြပါစေလို့ ရွှေညာသားက မေတ္တာပို့သပါတယ်။

အားပေးမှုကိုကျေးဇူးတင်လျက်
ရွှေညာသား
၁၃၈၂ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၃) ရက်
၃-၁၁-၂၀၂၀

Saturday, July 11, 2020

ကိုဗစ်ကာလ ထန်းသီးဟင်း

ကိုဗစ်ကာလမှာ အညာသားတို့ကျောင်းထဲက ညနေပိုင်းရောင်းတဲ့ ဟင်းချက်စရာဈေးလေးကအမြဲတမ်း
ရောင်းပေးလို့ အပြင်မထွက်ရပေမဲ့ အသီးအရွက်လေးတွေ ဝယ်စားလို့ရသေးတယ်။
တနေ့ ညနေခင်းဈေးသွားရင်း ထန်းသီးဆံရောင်းနေတာတွေ့လို့ ဝယ်ပြီးချက်စားဖြစ်တယ်။
အညာမှာထန်းသီးဟင်းချက်ရင်ဇွန်းထိုးကော်လို့ရတဲ့အနေအထားကိုချက်စားတာများတယ်။
ထန်းသီးဆံကမနုမရင့်အရည်မခမ်းခင်အနေအထား။သူတို့ရောင်းတာကထန်းသီးဆံကိုတခုချင်းစီသေချာ
ထွင်ပြီးတော့အိတ်ထဲမှာထည့်ထားတာ။အပြင်ကကြည့်တော့မာနေတယ်ထင်ရပေမဲ့ဓားနဲ့လှီးလိုက်တော့
အထဲကအရည်လေးတွေပါသေးတယ်။ဟင်းချက်လို့ကောင်းတဲ့အနေအထားပါပဲ။မန်ကျည်းရွက်လည်းတွေ့တာနဲ့
တစ်ဆယ်ဖိုးဝယ်ပြီးထန်းသီးနဲ့ချက်စားဖြစ်ပါတယ်။တော်တော်များများကတော့မစားဖူးကြဘူးပြောတယ်။
ကျနော်တို့အညာဘက်မှာကထန်းသီးပေါ်ချိန်ဆိုထန်းသီးဟင်းကရာသီစာဟင်းတခွက်ပါ။ထန်းသီးမရင့်မချင်း
မန်ကျည်းရွက်နဲ့ချက်စားကြတယ်။သရက်သီးစိမ်းနဲ့လည်းချက်စားလို့ရတယ်။ထန်းသီးရဲ့အချိုဓာတ်နဲ့
မန်ကျည်းရွက်ချဉ်နဲ့ဆိုတော့အရသာကချဉ်ဖြုန်းဖြုန်းလေးပေါ့။


                                                            ထန်းသီးမချက်ခင်အနေအထား
ဟင်းချက်နည်းကလွယ်ပါတယ်။ချက်မည့်အိုးထဲကိုထန်းသီးထည့်ကြက်သွန်တစ်လုံးခရမ်းချဉ်သီးတစ်လုံး
ငါးပိအနည်းငယ်ဆီဆားနနွင်းသင့်တော်ရုံထည့်ပြီးရေနည်းနည်းနဲ့အရင်လုံးပါ။ဆီသတ်ပြီးချက်လို့လည်း
ရပါတယ်။ဟင်းအိုးပွက်လာလို့ ထည့်ထားတာတွေကျက်လောက်ပြီဆိုမှမန်ကျည်းရွက်ကိုထည့်ပြီးမွှေပါ
မန်ကျည်းရွက်ထည့်ပြီးရေနည်းနည်းထပ်ဖြည့်မီးအေးအေးနဲ့ချက်ပါ။နောက်ဆုံးအိုးချခါနီးရင်ငရုတ်သီးစိမ်းကို
ကြက်သွန်ဖြူတစ်လုံးနဲ့အလုံးကွဲထောင်းပြီးအုပ်ပါ။နံနံပင် သို့မဟုတ် ပင်စိမ်းရွက်ကြိုက်ပါက ထည့်နိုင်ပါတယ်
ကြက်သွန်ဖြူငရုတ်သီးစိမ်းနဲ့တင် ဟင်းကစားချင်စဖွယ်မွှေးကြိုင်နေပါပြီ။ထန်းသီးဟင်းကိုတော့ ငါးပိကောင်ကြော် ငါးခြောက်မီးဖုတ် စတာတွေနဲ့တွဲဖက်ပြီးစားသုံးနိုင်ပါတယ်။ အစပ်မကြိုက်ရင်တော့
ငရုတ်သီးမထည့်ဘဲကြက်သွန်ဖြူထောင်းအုပ်ပါ။ ငရုတ်သီးကိုကြက်သွန်ဖြူနဲ့ရောထောင်းပြီး
ထန်းသီးဟင်းနဲ့တွဲဖက်စားလို့လည်းကောင်းပါတယ်။




ချိုချဉ်အရသာလေးနဲ့ ထမင်းမြိန်စေတဲ့ ထန်းသီးဟင်းပါဗျ
နံနံပင်အသင့်ရှိတာနဲ့ နံနံပင်အုပ်ထားပါတယ်


ငရုတ်သီးကိုကြက်သွန်ဖြူထောင်း

ထန်းသီးဟင်းနဲ့ငရုတ်သီးကြက်သွန်ဖြူထောင်း

ကျနော့်အတွက်တော့ အမေ့အိမ်နဲ့ခွဲနေရချိန်မှာ ဒီလိုဟင်းမျိုးလေးတွေစားရတာဘာနဲ့မှမလဲနိုင်တဲ့အရသာပါပဲ
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကိုဗစ်ရောဂါဘေးမှကင်းဝေးကြပါစေလို့ ရွှေညာသားက မေတ္တာပို့သပါတယ်ဗျာ။လာလည်ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။


အားပေးမှုကိုအစဉ်လေးစာလျက်
ရွှေညာသား
၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် (၇) ရက်
၂၀၂၀ ပြည့်နှစ် ဇူလိုင်လ (၁၁) ရက်


Sunday, February 16, 2020

ချက်ပြုတ်ခြင်းအနုပညာ

မအားတဲ့ကြားက တခါတလေ အညာသား ချက်စားဖြစ်တဲ့ဟင်းခွက်လေးတွေပါဗျ။


ကြာဇံကြော်


ပင်စိမ်းရွက် ခရမ်းချဉ်သီးချက်




ဖရုံရွက်ကြော်


 ငါးခြောက်ကြော်


 ခေါက်ဆွဲကြော်


နံနံပင်နဲ့ကြက်သွန်ချဉ်


ခရမ်းချဉ်သီးထောင်း


ပဲပြုတ်ထမင်းကြော်




 ပဲပြုတ်ကြော်


ကြက်ဥ၊မှို၊ပန်းဂေါ်ဖီစိမ်းကြော်


လာလည်ကြတဲ့မိတ်ဆွေ အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

အားပေးမှုးကိုအစဉ်လေးစားလျက်
ရွှေညာသား
၁၃၈၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၈) ရက်
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်

Saturday, January 18, 2020

မုန့်ညှင်းပေါင်းနဲ့အညာခရမ်းချဉ်သီးထောင်း

အချက်အပြုတ်ဝါသနာပါတဲ့ ကျနော်အညာသား အလုပ်များပျားတုပ်နေတဲ့ကြားက တခါတခါအချိန်လုပြီး
ထမင်းဟင်းချက်စားဖြစ်သေးတယ်။ကျောင်းထဲမှာတစ်ရက်ခြားညနေပိုင်းရောင်းတဲ့ဈေးလေးမှာအသီးအရွက်တွေတွေ့ရင်သဘောကျတဲ့အခါဝယ်ထားပြီးချက်မစားဖြစ်ပေမဲ့ကျောင်းကရေခဲသေတ္တာထဲမှာထည့်သိမ်းထား။
ညနေပိုင်းစောပြန်ဖြစ်တဲ့နေ့ဆိုရေခဲသေတ္တာထဲကထုတ်သွားပြီးစိတ်ကြိုက်ချက်စား။ရောက်ခါစကထိုင်းစာတွေကြိုက်တယ်ပေါ့ချက်စားစရာမလိုဘူးဆိုပြီးကျေနပ်နေတာ။အခုနှစ်နဲ့ချီပြီးစားလာတော့ပါးစပ်ကငြီးငွေ့လာတယ်။ထမင်းစားနားချိန်ဆိုင်ကိုသွားပြီးဆိုင်ရောက်ခါမှစားချင်စိတ်မရှိလို့ပြန်ခဲ့ရတာလည်းအခါခါ။
ဒါကြောင့်တခါတလေတော့မအားတဲ့ကြားကဖြစ်အောင်ချက်စားတယ်။


ဒါက ပထမ တစ်အိုးကျက်ခါစမှာ ပူပူလေးမြည်းတာ ငရုတ်သီးစိမ်းစပ်စပ်လေးနဲ့စားလို့ကောင်း



ဒီဇင်ဘာလထဲတုန်းကမြန်မာပြည်အလည်ပြန်တဲ့ညီမတစ်ယောက်ကိုငါးပုတ်ခြောက်တစ်ဗူးနဲ့လဘက်ပဲကြော် တစ်ထုပ်စီမှာလိုက်တာ။ငါးခြောက်က ၆၅၀၀ လဘက်က ၂၅၀၀ နှစ်မျိုးပေါင်း မြန်မာငွေ ၉၀၀၀ ကျတယ်တဲ့။
ထိုင်းဘတ်နဲ့တွက့်ပြီး ၁၈၀ ပေးလိုက်တယ်။စားချင်တာလေးတကုတကသယ်လာပေးလို့ကျေးဇူးတင်ရတယ်။
အဲ့ဒီငါးခြောက်မကုန်ခင်လေးသူနဲ့တွဲစားဖို့ဟင်းဘက်စဉ်းစားရင်းခရမ်းချဉ်သီးထောင်းစားဖို့သတိရတာနဲ့
ခရမ်းချဉ်သီးအသေးလေးတွေဝယ်ပြီးကျောင်းမှာသိမ်းထား၊ဒီနေ့ညနေဌာနကအစောပြန်လာပြီးချက်စားဖြစ်
တယ်။အခါတိုင်းသူများတွေကကိုယ့်ကိုနှုတ်ဆက်ပြီးတစ်ယောက်ပြီးတစ်ယောက်ပြန်ကြတာကိုယ်ကည ၁၁ ဆိုတာအစောဆုံးပြန်ရတာမို့ ဒီနေ့တော့သူတို့ကိုအရင်ဆုံးနှုတ်ဆက်ပြီးပြန်ခဲ့တယ်။အစောပြန်နေကျမဟုတ်
တော့ပစ္စည်းသိမ်းပြီးနှုတ်ဆက်ရမှာချီတုံချတုံနဲ့အသစ်ရောက်တဲ့ဘူတန်ကကျောင်းသူကိုငါအစောပြန်ရမှာ
ရှက်တယ်လို့စနေသေးတယ်။နောက်တော့အားလုံးကိုလက်ပြပြီးအခန်းထဲကမြန်မြန်ထွက်လာခဲ့တယ်။
အလင်းရောင်ရှိတုန်းပြန်နေကျမဟုတ်တော့စိတ်ထဲမလုံတလုံဖြစ်နေသေးတယ်။


ခရမ်ချဉ်သီး၊ငရုတ်သီးစိမ်းနဲ့နံနံပင်ရောထောင်းထားတဲ့ အညာခရမ်းချဉ်သီးထောင်းမွှေးမွှေးစပ်စပ်


ဒုတိယ တစ်အိုးက အအေးခံထားပြီးသားမို့ မုန့်သားကမာမာလေး


မုန့်ညှင်းပေါင်းကို ခရမ်းချဉ်သီးထောင်းနဲ့ရောပြီးစားတာ

အဆောင်ရောက်တော့လည်းတစ်မျိုးကြီးခံစားရတယ်။အခါတိုင်းကိုယ်ရောက်တဲ့အချိန်ဆိုဝင်ပေါက်စောင့်တဲ့
လုံခြုံရေးတွေတောင်အိပ်နေကြပြီ။ဒီနေ့တော့စောစောစီးစီးပါလားဆိုတဲ့အကြည့်နဲ့သူတို့လည်းသတိထားမိ
တယ်ထင်ရဲ့။အခန်းရောက်တော့အဝတ်လဲပြီးချက်ပြုတ်ခြင်းလုပ်ငန်းစပါတယ်။ချက်ရပြုတ်ရမယ်ဆိုမောရမှန်းမသိဘူး။ချက်ပြုတ်ရင်းနဲ့အမောဖြေတာပေါ့။ပထမတစ်မျိုးကမုန်လာဖူးကိုကြော်ဖို့စဉ်းစားရင်းကနေ
မုန့်ညှင်းပေါင်းလုပ်ဖို့စိတ်ကူးပြောင်းပြီးရှိပြီးသားပြောင်းဖူးမှုန့်နဲ့ပဲမှုန့်နည်းနည်းကျန်တာကိုရောကြက်သွန်ဖြူ
ဂျင်း၊ဆား၊ဆီအနည်းငယ်နဲ့ကြက်သားမှုန့်ထည့်ပြီးသမအောင်နယ်၊အမှုန့်နဲ့မုန့်ညှင်းရွက်တွဲကပ်ရုံရေထည့်ပြီးထပ်နယ်၊ပေါင်းအိုးမရှိတော့ဒယ်အိုးနီထဲကိုကြွေပန်းကန်အသေးအောက်ကထားအပေါ်ကကြွေပန်းကန်ပြား
တင်နယ်ထားတဲ့အမှုန့်နဲ့ရောနယ်ထားတဲ့မုန့်ညှင်းကိုငှက်ပျောဖက်အစားအလူမီနီယံဖွိုင်ကိုအပိုင်းလေးတွေ
ဖြတ်ပြီးထုပ်၊အိုးထဲကပန်းကန်ပြားပေါ်တင်ပြီးရေဆူအောင်တည်။တခါမှမလုပ်ဖူးတော့လုပ်သာလုပ်ရတယ်
ရင်တမမနဲ့အဆင်မှပြေပါ့မလားမဖြစ်ရင်တော့ကျန်တာကိုအကြော်ကြော်စားမယ်ဆိုပြီးစဉ်းစားနေတာ၊
၅ မိနစ်လောက်ထားပြီးအဖုံးဖွင့်အပေါ်ကတထုပ်ကိုအသာလှပ်ကြည့်တော့ကျက်စပြုနေတာနဲ့ဝမ်းသာအားရ
အဖုံးပြန်ပိတ်ပြီးနောက်ထပ်၅မိနစ်လောက်ထပ်တည်။မီးပိတ်ပြီးတစ်ထုပ်ကိုအရင်စမ်းကြည့်တော့အရသာ
မုန့်အနေအထားအိုကေမှစိုပြေတာနဲ့ကျန်တာကိုနောက်တကျော့ထပ်ပေါင်း။ပထမတစ်ပေါင်းကလေးထုပ်ကို
အိုးထဲကဆယ်ပြီးချင်းမြည်းတာနှစ်ထုပ်ကုန်တယ်။မထင်ဘဲထလုပ်လိုက်တာကအဆင်ပြေပြေနဲ့စားလို့ကောင်းလိုက်တာမပြောပါနဲ့။ကျောင်းမှာကတည်းကဗိုက်ဆာလာတာလည်းပါတာပေါ့။

ဒုတိယတစ်ပေါင်းကျက်တော့မှခရမ်းချဉ်သီးပြုတ်အအေးခံထားခဲ့ပြီးရေကူးချင်စိတ်ပေါက်တာနဲ့တစ်နာရီ
လောက်ရေသွားကူးလိုက်တယ်။ရေကူးကအပြန်ခရမ်းချဉ်သီးကိုငရုတ်သီးစိမ်းရယ်နံနံပင်ရယ်၊ကြက်သွန်ဖြူ
တစ်လုံးရယ်ရောပြီးထောင်း။အနံ့ရတော့ရွာတုန်းကအိမ်မှာအမေထောင်းကျွေးနဲ့ခရမ်းချဉ်သီးထောင်းကိုသတိရလိုက်သေးတယ်။နံနံပင်ကိုတခါထဲရောပြီးထောင်းတာကပိုမွှေးတယ်။အဖွားတို့တဲကိုသွားတဲ့အခါလည်း
အဖွားကခရမ်းချဉ်သီးလတ်လတ်ဆတ်ဆတ်ကိုအခင်းထဲကခူးမီးခဲပေါ်တင်ငရုတ်သီးစိမ်းအပင်ကဆွဲဆွတ်
ကိုင်းခင်းထဲကနံနံပင်ဆမြိတ်ပိတ်နှုတ်ပြီးခရမ်းချဉ်သီးထောင်ကျွေးတာထမင်းစားလို့အလွန်ကောင်းပေါ့။
ခရမ်းချဉ်သီးထောင်းရင်းငယ်ငယ်ကစားခဲ့ဖူးတာကိုသတိရတော့ဗိုက်ကပိုဆာသလိုထင်ရတယ်။
အားလုံးပြီးတော့အဆောင်အောက်ဆင်းထမင်းတထုပ်ဝယ်ပြီးခရမ်းချဉ်သီးထောင်းရယ်၊ငါးခြောက်ဖုတ်ရယ်
မုန့်ညှင်းပေါင်းရယ်တွဲဖက်ပြီးရေနွေးတခွက်နဲ့ညစာစားတာတကယ့်ကိုမမေ့နိုင်တဲ့ထမင်းတနပ်ပါ။


အညာခရမ်းချဉ်သီးထောင်း ဆီဆမ်းရင် အရသာပျက်လို့ ခရမ်းချဉ်သီးထောင်းရင် ဆီမဆမ်းပါဘူး


ဒါက အရင်တရက်ကျော်က နံနံပင်မပါဘဲ ငရုတ်သီးစိမ်းကြက်သွန်ဖြူနဲ့ထောင်းထားတာ

ခရမ်းချဉ်သီးထောင်းရင်ငါးပိကောင်သို့မဟုတ်ငါးခြောက်မီးဖုတ်ကိုဆီဆမ်ပြီးတွဲစားရတာအလွန်လိုက်ဖက်တဲ့
ဟင်းစပ်ပါ။အိမ်တုန်းကတော့ငါးပိကောင်မပါဘဲညတုန်းကကျန်တဲ့ထမင်းကြမ်းခဲနဲ့ခရမ်းချဉ်သီးထောင်းကို
မနက်အစောမှာတွဲစားရတာခဏခဏပါ။အဲ့ဒီလိုမစားရတာနှစ်နဲ့ချီကြာပြီးအခုမှပြန်စားရတော့ထမင်းမြိန်လိုက်တာမပြောပါနဲ့။စားနေရင်းနဲ့ အိမ်ကိုလည်းသတိရတယ် ငယ်ဘဝကိုလည်းသတိရတယ် ရွာကိုလည်းလွမ်းတယ်။ဒီတခါပြီးရင်တော့ နောက်ထပ်ပညာသင်ထွက်ဖို့ မစဉ်းစားတော့ပါဘူး။ အားလုံးလာလည်ကြရင်းနဲ့ အမောပြေနိုင်ကြပါစေဗျ။ဗိုက်ဆာသွားရင်လည်းခွင့်လွတ်ပါ။တကယ်မြည်းစမ်းကြည့်စေချင်သော်လည်း
လိုင်ပေါ်မှာဆိုတော့အဆင်မပြေနိုင်လို့ခွင့်လွတ်ပါ။ဆိုင်ဖွင့်တဲ့အခါလာအားပေးကြပေါ့ း)


လာလည်ကြတဲ့အွန်လိုင်းမိတ်ဆွေညီအစ်ကိုမောင်နှမများကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး
ပျော်ရွှင်ဖွယ်ရာ ၂၀၂၀ ပြည့်နှစ်ဖြစ်ပါစေလို့ ကျနော်ရွှေညာသားက ဆုတောင်းမေတ္တာပို့သပါတယ်။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား
၁၃၈၁ ခုနှစ် ပြာသိုလ်လပြည့်ကျော် ၇ ရက်
၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်