Photo credit to original uploader
ကျနော့်မှာ အကျင့်တခုရှိတယ်။ အဲဒါက စာအုပ်ဖတ်တဲ့အခါ အဲဒီဖတ်နေတဲ့စာအုပ်မှာ စာရေးဆရာက သူဖတ်ဖူးတဲ့စာအုပ်၊ စာရေးဆရာ စသဖြင့် အကြောင်းအရာတခုခုပါလာရင် ကိုယ်မသိတဲ့ စာရေးဆရာ သို့မဟုတ် အကြောင်းအရာဆို စာဖတ်တာခဏရပ်ပြီး ဂူဂယ်မှာ ရှာကြည့်လေ့ရှိတယ်။ အင်တာနက်ခေတ်ဆိုတော့ ရှာရလွယ်တာလည်းပါတာပေါ့။ အဲ့ဒီနည်းနဲ့ စာဖတ်ရင်း ဆက်စပ်တဲ့ အကြောင်းအရာ စာရေးဆရာ စာအုပ်ရှာတဲ့အကျင့်ဖြစ်လာတာ ကြာပြီ။ တချို့အကြောင်းအရာ တော်တော်များများတွေ့တဲ့အခါရှိသလို သူနဲ့ဆက်စပ်တဲ့စာအုပ်ရတာမျိုးရှိတယ်။ တချို့လည်း အနည်းငယ်မျှသော သတင်းအချက်အလက်လေးလောက်ပဲရတယ်။ ဒါပေမဲ့ ကိုယ်မသိသေးတာဆိုရင် နည်းနည်းလေးပဲဖြစ်ဖြစ် သိခွင့်ရတော့ ကိုယ့်အတွက်အကျိုးရှိတာပါပဲ။ ဒီနေ့လည်း ဖတ်လက်စ စာအုပ်ဖတ်ရင်းနဲ့ စာရေးဆရာတယောက် အကြောင်းပါလာလို့ သူ့နာမည်ကို ကြားဖူးနေပေမဲ့ သူ့စာကိုတော့ တခါမှမဖတ်ဖူးသေးဘူး။ အဲဒါနဲ့ ထုံစံအတိုင်း ဂူဂယ်ခေါက်ရင်း ရှာကြည့်တော့ သူရေးတာတော်တော်များများတွေ့တယ်။ နောက်ထပ်ဖတ်စရာ ထပ်တိုးလာပြန်ပြီလို့ စာရေးဆရာနာမည်နဲ့မှတ်ထားလိုက်တယ်။ ဆက်ရှာကြည့်ရင်း ဖေ့စ်ဘွတ်စာမျက်နှာတခုမှာ ဉီးဇင်းတပါးရေးထားတဲ့ "ကနုတံ" ဆိုတဲ့ပို့စ်တွေ့လို့ ဝင်ဖတ်ကြည့်တော့ ဖတ်ရင်းနဲ့ ကိုယ်တွေ ငယ်ငယ်ဘုန်းကြီးကျောင်းသားဘဝက အဖြစ်ကိုသတိရမိတယ်။
အညာသားတို့ ဘုန်း ကြီးကျောင်းသားတုန်းကတော့ ဘုန်းကြီးအိမ်သာကို "ကုဋီ" လို့ခေါ်ကြတယ်။ ခုခေတ်လို ရေလောင်းအိမ်သာတို့ ယင်လုံအိမ်သာတို့မပေါ်သေးတော့ မြေတွင်းနက်နက်တူးပြီး တွင်းပေါ်မှ ကြမ်းခင်း အမိုးအကာနဲ့လုပ်ထားတဲ့ ရှေးရိုးအိမ်သာပေါ့။ ကျောင်းထိုင်ဘုန်းကြီးနဲ့ "အာဂန္တု" ဘုန်းကြီးဧည့်သည် လာတဲ့ အခါပဲသုံးတာ။ အညာသားတို့ ဘုန်းကြီးကျောင်းသားနဲ့ ကိုရင်တွေကတော့ ကျောင်းဘေးက သစ်တောထဲမှာပဲ တောတိုးရင်း အိမ်သာကိစ္စပြီးကြတာများတယ်။ ငယ်ငယ်တုန်းကတော့ အဲဒီကိစ္စကို သိပ်ပြီးအရေးမထားတတ်ဘူး။ တောဓလေ့အတိုင်း တောတိုးပြီးဖြေရှင်းတာက ဓလေ့တခုလိုဖြစ်နေတာမို့ အိမ်သာတက်ချင် ရွာအပြင်ထွက် တောတိုးလိုက်တာပဲပေါ့။ ဘုန်းကြီးကျောင်းသားဘဝကျောင်းပိတ်ရက်နေ့လယ်ခင်းတွေဆို အဲဒီဘုန်းကြီး ကုဋီမှာသုံးတဲ့ ဝါးနဲ့ချောနေအောင်လုပ်ထားပြီး ၈ လက်မလောက်ရှည်တဲ့ "ကနုတံ" အညာတို့ကတော့ "ကုဋီတံ" ခေါ် သုံးပြီးသားတွေကို အိမ်သာထဲကယူ လျှော်နဲ့စည်းပြီး ကျောင်းမြောက်ဘက်နားက ရိုး ထဲကိုသွား ၁ နာရီလောက် ရေစိမ်ထားလိုက်တယ်။ အဲဒီ ကုဋီတံတွေ ရေစိမ်ထားတုန်း ကိုရင်တွေနဲ့ ရိုးထဲမှာ ဖားနှိုက် ငါးနှိုက်၊ တခါတလေလည်း တောထဲဝင်ပြီး ဩဇာသီးရှာ မှိုရှာ မျှစ်ရှာပေါ့။ ကုဋီတံတွေ ရေနူးလောက်ရင် ကျောင်းယူလာတဲ့ "အုန်းတစစ်ကြော" အုန်းပင်ရဲ့အုန်းလက် တခုနဲ့တခုကြားမှာရှိတဲ့ ဇကာပေါက်လိုအဖတ်လေးတွေနဲ့ ကုဋီတံတချောင်းချင်းကိုတိုက်ပြီးရေးဆေးကြတယ်။ ရှေးဘုန်းကြီးတွေက အရာရာမှာ စနစ်တကျရှိလှတော့ ဆိုးဆိုးရွားရွား ပေကျံနေတာမျိုးမရှိဘူး။ ကုဋီတံမှာ ရှိနေတဲ့ဟာကလည်း ရေစိမ်လိုက်တော့ ရေနူးပြီးကွာကျသွားပြီ။ အုန်းတဇစ်ကြောနဲ့အသာလေးပွတ်လိုက်ရင် ကိစ္စပြီးပြီ။ အားလုံးပွတ်ဆေးပြီးရင် ရေထပ်ဆေး သေချာပြန်စီ လျှော်နဲ့ပြန်စည်းပြီး ကျောင်းရောက်တော့ နေလှန်းထားရတယ်။ ခြောက်တော့မှ အိမ်သာထဲက ကုဋီတံအသစ်ထည့်တဲ့ပုံမှာ သေချာစီပြီး ပြန်ထည့်ရတယ်။ ဖြစ်သလိုထည့်ထားလို့ ဘုန်းကြီးတွေ့ရင် အရိုက်ခံရမှာမို့ ဖြစ်သလိုမထားရဲဘူး။ အိမ်သာထဲမှာ လက်ဆေးဖို့ ဆပ်ပြာခဲ၊ ရေအိုး နဲ့ လက်သုပ်ပုဝါလည်းရှိတယ်။ လူတထိုင်စာ ကြမ်းဖွင့်ထားတာမို့ တွင်းနက်ထဲကလောကကို သေချာမမြင်ရတော့ အိမ်သာရယ်လို့ သိပ်ပြီးတာ့ ရွံရှာစက်ဆုပ်စရာမဖြစ်လှဘူး။ ဘုန်းကြီးကျောင်းသားဘဝမှာ ကုဋီတံ ဆေးရတာတော့ ၁ လကို ၁ ကြိမ်လောက်လုပ်ရတယ်။ ငယ်သေးတဲ့အရွယ် တောကြိုအုံကြားက ကလေးတွေဆို တော့ အကျယ်ချဲ့ပြီးတော့ သိပ်မတွေးတတ်ကြဘူး။ ဘုန်းကြီးရဲ့ဝေယျာဝစ္စကို လုပ်ပေးကြတာမို့ ကုသိုလ်ရတယ် ဒီလောက်ပဲ။ ကုသိုလ်ဆိုတာကိုတောင် ဘာလဲလို့ ကောင်းကောင်းမသိတဲ့အရွယ်တွေပေါ့။ ခုခေတ်တော့ ရေလောင်းအိမ်သာတွေပေါ်လာတော့ တောဘုန်းကြီးကျောင်းတွေလည်း အဆင့်တွေမြင့်ကုန်ပြီပေါ့။ ခေတ်ကလေးတွေကိုပြောရင် နားလည်မှာတောင်မဟုတ်တော့ဘူး။ အဲဒီပို့စ်ကို ဖတ်နေရင်းနဲ့ ဪ ငါ ဘုန်းကြီးကျောင်း သားဘဝတုန်းက လုပ်ခဲ့ဖူးတဲ့အရာပါလားလို့တွေးမိပြီး ပြုံမိသေးတယ်။ အဲဒါနဲ့ပဲ ဒီပို့စ်ကို ရေးလိုက်မိတယ်ဆိုပါတော့။ ခုရက်ပိုင်း ကျောင်းတွေ ပြန်ဖွင့်လို့ ဖြူစိမ်းဝတ်ကလေးတွေရဲ့ ဗွီဒီယိုကလစ်လေးတွေ လိုင်းပေါ်မှာ မြင်တော့ ငယ်ငယ်က ဖြူစိမ်းဝတ်ဘဝကို ပြန်ပြီးသတိရနေလို့ စာရေးဖို့စဉ်းစားနေတုန်း ဒီ "ကုဋီတံ" အကြောင်းကအရင်တိုက်ဆိုင်လာလို့ အရင်ရေးလိုက်တယ်။
"အုန်တစစ်ကြော" ဆိုတာမျိုး ထန်းပင်မှာလည်းပါတယ်။ ထန်းပင်နဲ့ရင်းနီးသူတွေဆိုရင်တော့ သိကြမယ်ထင်တယ်။ "ထန်းတစစ်ကြော" က အုန်းတစစ်ကြောထက် ကြမ်းတယ်။ သူကလည်း ထန်းပင်ရဲ့ ထန်းလက်ခွဆုံတွေ တခုနဲ့တခုကြားမှာပဲရှိတာ။ အညာသားတို့ဆီမှာတော့ ထန်းသမားတွေ ထန်းပြင်တဲ့ရာသီဆို ထန်းပင်တွေ အောက်မှာ လိုက်ကောက်ပြီး မီးမွှေးဖို့အတွက် စုထားတတ်ကြတယ်။ ထန်းတစစ်ကြော ရှည်ရှည်တွေဆို အမွေးနုတွေဖယ်ပြီး ကျန်တဲ့အပိုင်းကို ထန်းတစစ်ကြော တမြက်စည်းထိုးပြီး အမှိုက်လှည်းဖို့အတွက်သုံးကြတယ်။ ထန်းသမားတွေ ထန်းရည်ချိုအပင်ပေါ်မှ ချပြီးတဲ့အချိန် ထန်းရည်ချိုထဲအိုးမှာပါတဲ့ ထန်းလှီးဖတ်တွေ ပျားကောင်အသေတွေကို စစ်ဖို့ ထန်းတစစ်ကြောကို သုံးကြတယ်။ အုန်းဆံတမြက်စည်းက အုန်းရွက်ရဲ့ကျောရိုးနဲ့တာပါ။ အုန်းတစစ်ကြောဆိုတာက မြင်လွယ်အောင်ပြောရရင် ပိုက်ကွန်စိပ်စိပ် ခပ်ကြမ်းကြမ်းနဲ့တူပါတယ်။ သူက အိုးတိုက်ဖတ်အနေနဲ့သုံးလို့လည်းကောင်းပါတယ်။ အညာသားတို့ ကုဋီတံကို တိုက်ဖို့အတွက် အုန်းတစစ်ကြောကိုသုံးတာက ကျောင်းထဲမှာ အုန်းပင်ရှိတော့ လွယ်လွယ်ရလို့ သုံးကြတာပါ။ ရေးနေရင်းနဲ့ ဘုန်းကြီးကျောင်းသားဘဝ အမှတ်ရစရာလေးတွေလည်း မှတ်ဉာဏ်ထဲမှာ အစီအရီပြန်ပေါ်လာတယ်။ ကျန်တာတွေကိုတော့ နောက်တပိုင်းကျမှပဲ ဆက်ပြောပြတော့မယ်ဗျာ။
အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘေးဘယာဝေးကွာကြပါစေ။ အညာသားဆီ လာလည်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
လေးစားမှုဖြင့်
ရွှေညာသား
၁၃၈၈ ခုနှစ်၊ ဝါဆိုလဆန်း (၉) ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၃) ရက်၊ အင်္ဂါနေ့။






