Pages

Tuesday, June 23, 2026

ကုဋီတံ နဲ့ ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရ

Photo credit to original uploader

ကျနော့်မှာ အကျင့်တခုရှိတယ်။ အဲဒါက စာအုပ်ဖတ်တဲ့အခါ အဲဒီဖတ်နေတဲ့စာအုပ်မှာ စာရေးဆရာက သူဖတ်ဖူးတဲ့စာအုပ်၊ စာရေးဆရာ စသဖြင့် အကြောင်းအရာတခုခုပါလာရင် ကိုယ်မသိတဲ့ စာရေးဆရာ သို့မဟုတ် အကြောင်းအရာဆို စာဖတ်တာခဏရပ်ပြီး ဂူဂယ်မှာ ရှာကြည့်လေ့ရှိတယ်။ အင်တာနက်ခေတ်ဆိုတော့ ရှာရလွယ်တာလည်းပါတာပေါ့။ အဲ့ဒီနည်းနဲ့ စာဖတ်ရင်း ဆက်စပ်တဲ့ အကြောင်းအရာ စာရေးဆရာ စာအုပ်ရှာတဲ့အကျင့်ဖြစ်လာတာ ကြာပြီ။ တချို့အကြောင်းအရာ တော်တော်များများတွေ့တဲ့အခါရှိသလို သူနဲ့ဆက်စပ်တဲ့စာအုပ်ရတာမျိုးရှိတယ်။ တချို့လည်း အနည်းငယ်မျှသော သတင်းအချက်အလက်လေးလောက်ပဲရတယ်။ ဒါပေမဲ့ ကိုယ်မသိသေးတာဆိုရင် နည်းနည်းလေးပဲဖြစ်ဖြစ် သိခွင့်ရတော့ ကိုယ့်အတွက်အကျိုးရှိတာပါပဲ။ ဒီနေ့လည်း ဖတ်လက်စ စာအုပ်ဖတ်ရင်းနဲ့ စာရေးဆရာတယောက် အကြောင်းပါလာလို့ သူ့နာမည်ကို ကြားဖူးနေပေမဲ့ သူ့စာကိုတော့ တခါမှမဖတ်ဖူးသေးဘူး။ အဲဒါနဲ့ ထုံစံအတိုင်း ဂူဂယ်ခေါက်ရင်း ရှာကြည့်တော့ သူရေးတာတော်တော်များမျာ‌းတွေ့တယ်။ နောက်ထပ်ဖတ်စရာ ထပ်တိုးလာပြန်ပြီလို့ စာရေးဆရာနာမည်နဲ့မှတ်ထားလိုက်တယ်။ ဆက်ရှာကြည့်ရင်း ဖေ့စ်ဘွတ်စာမျက်နှာတခုမှာ ဉီးဇင်းတပါးရေးထားတဲ့ "ကနုတံ" ဆိုတဲ့ပို့စ်တွေ့လို့ ဝင်ဖတ်ကြည့်တော့ ဖတ်ရင်းနဲ့ ကိုယ်တွေ ငယ်ငယ်ဘုန်းကြီးကျောင်းသားဘဝက အဖြစ်ကိုသတိရမိတယ်။ 

အညာသားတို့ ဘုန်း ကြီးကျောင်းသားတုန်းကတော့ ဘုန်းကြီးအိမ်သာကို "ကုဋီ" လို့ခေါ်ကြတယ်။ ခုခေတ်လို ရေလောင်းအိမ်သာတို့ ယင်လုံအိမ်သာတို့မပေါ်သေးတော့ မြေတွင်းနက်နက်တူးပြီး တွင်းပေါ်မှ ကြမ်းခင်း အမိုးအကာနဲ့လုပ်ထားတဲ့ ရှေးရိုးအိမ်သာပေါ့။ ကျောင်းထိုင်ဘုန်းကြီးနဲ့ "အာဂန္တု" ဘုန်းကြီးဧည့်သည် လာတဲ့ အခါပဲသုံးတာ။ အညာသားတို့ ဘုန်းကြီးကျောင်းသားနဲ့ ကိုရင်တွေကတော့ ကျောင်းဘေးက သစ်တောထဲမှာပဲ တောတိုးရင်း အိမ်သာကိစ္စပြီးကြတာများတယ်။ ငယ်ငယ်တုန်းကတော့ အဲဒီကိစ္စကို သိပ်ပြီးအရေးမထားတတ်ဘူး။ တောဓလေ့အတိုင်း တောတိုးပြီးဖြေရှင်းတာက ဓလေ့တခုလိုဖြစ်နေတာမို့ အိမ်သာတက်ချင် ရွာအပြင်ထွက် တောတိုးလိုက်တာပဲပေါ့။ ဘုန်းကြီးကျောင်းသားဘဝကျောင်းပိတ်ရက်နေ့လယ်ခင်းတွေဆို အဲဒီဘုန်းကြီး ကုဋီမှာသုံးတဲ့ ဝါးနဲ့ချောနေအောင်လုပ်ထားပြီး ၈ လက်မလောက်ရှည်တဲ့ "ကနုတံ" အညာတို့ကတော့ "ကုဋီတံ" ခေါ် သုံးပြီးသားတွေကို အိမ်သာထဲကယူ လျှော်နဲ့စည်းပြီး ကျောင်းမြောက်ဘက်နားက ရိုး ထဲကိုသွား ၁ နာရီလောက် ရေစိမ်ထားလိုက်တယ်။ အဲဒီ ကုဋီတံတွေ ရေစိမ်ထားတုန်း ကိုရင်တွေနဲ့ ရိုးထဲမှာ ဖားနှိုက် ငါးနှိုက်၊ တခါတလေလည်း တောထဲဝင်ပြီး ဩဇာသီးရှာ မှိုရှာ မျှစ်ရှာပေါ့။ ကုဋီတံတွေ ရေနူးလောက်ရင် ကျောင်းယူလာတဲ့ "အုန်းတစစ်ကြော" အုန်းပင်ရဲ့အုန်းလက် တခုနဲ့တခုကြားမှာရှိတဲ့ ဇကာပေါက်လိုအဖတ်လေးတွေနဲ့ ကုဋီတံတချောင်းချင်းကိုတိုက်ပြီးရေးဆေးကြတယ်။ ရှေးဘုန်းကြီးတွေက အရာရာမှာ စနစ်တကျရှိလှတော့ ဆိုးဆိုးရွားရွား ပေကျံနေတာမျိုးမရှိဘူး။ ကုဋီတံမှာ ရှိနေတဲ့ဟာကလည်း ရေစိမ်လိုက်တော့ ရေနူးပြီးကွာကျသွားပြီ။ အုန်းတဇစ်ကြောနဲ့အသာလေးပွတ်လိုက်ရင် ကိစ္စပြီးပြီ။ အားလုံးပွတ်ဆေးပြီးရင် ရေထပ်ဆေး သေချာပြန်စီ လျှော်နဲ့ပြန်စည်းပြီး ကျောင်းရောက်တော့ နေလှန်းထားရတယ်။ ခြောက်တော့မှ အိမ်သာထဲက ကုဋီတံအသစ်ထည့်တဲ့ပုံမှာ သေချာစီပြီး ပြန်ထည့်ရတယ်။ ဖြစ်သလိုထည့်ထားလို့ ဘုန်းကြီးတွေ့ရင် အရိုက်ခံရမှာမို့ ဖြစ်သလိုမထားရဲဘူး။ အိမ်သာထဲမှာ လက်ဆေးဖို့ ဆပ်ပြာခဲ၊ ရေအိုး နဲ့ လက်သုပ်ပုဝါလည်းရှိတယ်။ လူတထိုင်စာ ကြမ်းဖွင့်ထားတာမို့ တွင်းနက်ထဲကလောကကို သေချာမမြင်ရတော့ အိမ်သာရယ်လို့ သိပ်ပြီးတာ့ ရွံရှာစက်ဆုပ်စရာမဖြစ်လှဘူး။ ဘုန်းကြီးကျောင်းသားဘဝမှာ ကုဋီတံ ဆေးရတာတော့ ၁ လကို ၁ ကြိမ်လောက်လုပ်ရတယ်။ ငယ်သေးတဲ့အရွယ် တောကြိုအုံကြားက ကလေးတွေဆို တော့ အကျယ်ချဲ့ပြီးတော့ သိပ်မတွေးတတ်ကြဘူး။ ဘုန်းကြီးရဲ့ဝေယျာဝစ္စကို လုပ်ပေးကြတာမို့ ကုသိုလ်ရတယ် ဒီလောက်ပဲ။ ကုသိုလ်ဆိုတာကိုတောင် ဘာလဲလို့ ကောင်းကောင်းမသိတဲ့အရွယ်တွေ‌ပေါ့။ ခုခေတ်တော့ ရေလောင်းအိမ်သာတွေပေါ်လာတော့ တောဘုန်းကြီးကျောင်းတွေလည်း အဆင့်တွေမြင့်ကုန်ပြီပေါ့။ ခေတ်ကလေးတွေကိုပြောရင် နားလည်မှာတောင်မဟုတ်တော့ဘူး။ အဲဒီပို့စ်ကို ဖတ်နေရင်းနဲ့ ‌ဪ ငါ ဘုန်းကြီးကျောင်း သားဘဝတုန်းက လုပ်ခဲ့ဖူးတဲ့အရာပါလားလို့တွေးမိပြီး ပြုံမိသေးတယ်။ အဲဒါနဲ့ပဲ ဒီပို့စ်ကို ရေးလိုက်မိတယ်ဆိုပါတော့။ ခုရက်ပိုင်း ကျောင်းတွေ ပြန်ဖွင့်လို့ ဖြူစိမ်းဝတ်ကလေးတွေရဲ့ ဗွီဒီယိုကလစ်လေးတွေ လိုင်းပေါ်မှာ မြင်တော့ ငယ်ငယ်က ဖြူစိမ်းဝတ်ဘဝကို ပြန်ပြီးသတိရနေလို့ စာရေးဖို့စဉ်းစားနေတုန်း ဒီ "ကုဋီတံ" အကြောင်းကအရင်တိုက်ဆိုင်လာလို့ အရင်ရေးလိုက်တယ်။ 

"အုန်တစစ်ကြော" ဆိုတာမျိုး ထန်းပင်မှာလည်းပါတယ်။ ထန်းပင်နဲ့ရင်းနီးသူတွေဆိုရင်တော့ သိကြမယ်ထင်တယ်။ "ထန်းတစစ်ကြော" က အုန်းတစစ်ကြောထက် ကြမ်းတယ်။ သူကလည်း ထန်းပင်ရဲ့ ထန်းလက်ခွဆုံတွေ တခုနဲ့တခုကြားမှာပဲရှိတာ။ အညာသားတို့ဆီမှာတော့ ထန်းသမားတွေ ထန်းပြင်တဲ့ရာသီဆို ထန်းပင်တွေ အောက်မှာ လိုက်ကောက်ပြီး မီးမွှေးဖို့အတွက် စုထားတတ်ကြတယ်။ ထန်းတစစ်ကြော ရှည်ရှည်တွေဆို အမွေးနုတွေဖယ်ပြီး ကျန်တဲ့အပိုင်းကို ထန်းတစစ်ကြော တမြက်စည်းထိုးပြီး အမှိုက်လှည်းဖို့အတွက်သုံးကြတယ်။ ထန်းသမားတွေ ထန်းရည်ချိုအပင်ပေါ်မှ ချပြီးတဲ့အချိန် ထန်းရည်ချိုထဲအိုးမှာပါတဲ့ ထန်းလှီးဖတ်တွေ ပျားကောင်အသေတွေကို စစ်ဖို့ ထန်းတစစ်ကြောကို သုံးကြတယ်။ အုန်းဆံတမြက်စည်းက အုန်းရွက်ရဲ့ကျောရိုးနဲ့တာပါ။ အုန်းတစစ်ကြောဆိုတာက မြင်လွယ်အောင်ပြောရရင် ပိုက်ကွန်စိပ်စိပ် ခပ်ကြမ်းကြမ်းနဲ့တူပါတယ်။ သူက အိုးတိုက်ဖတ်အနေနဲ့သုံးလို့လည်းကောင်းပါတယ်။ အညာသားတို့ ကုဋီတံကို တိုက်ဖို့အတွက် အုန်းတစစ်ကြောကိုသုံးတာက ကျောင်းထဲမှာ အုန်းပင်ရှိတော့  လွယ်လွယ်ရလို့ သုံးကြတာပါ။ ရေးနေရင်းနဲ့ ဘုန်းကြီး‌ကျောင်းသားဘဝ အမှတ်ရစရာလေးတွေလည်း မှတ်ဉာဏ်ထဲမှာ အစီအရီပြန်‌ပေါ်လာတယ်။ ကျန်တာတွေကိုတော့ နောက်တပိုင်းကျမှပဲ ဆက်ပြောပြတော့မယ်ဗျာ။ 

အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘေးဘယာဝေးကွာကြပါစေ။ အညာသားဆီ လာလည်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

လေးစားမှုဖြင့်

ရွှေညာသား

၁၃၈၈ ခုနှစ်၊ ဝါဆိုလဆန်း (၉) ရက်။

၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၃) ရက်၊ အင်္ဂါနေ့။

Thursday, June 11, 2026

ဖက်ဖယ်နဲ့ပူစီနံ

အလုပ်မှာ အညာသားစိုက်ထားတဲ့ ဖက်ဖယ်နဲ့ပူစီနံပင်လေးတွေပါ

အပင်စိုက်တာဝါသနာပါသူမို့ အပင်မြင်ရင်ဘယ်လိုစိုက်လို့ရမလဲပဲတွေးတာ။ ဟင်းချက်စရာ အရွက်ဝယ်လို့ ပြန်စိုက်လို့ရတဲ့ အပင်ဆိုပါရင် အရွက်ယူပြီးကျန်တဲ့ အပိုင်းကို စိုက်ထားတာ။ ဒီအပင်လေးတွေလည်း အလုပ်မှာထော်ကိုင်းတွေတို့စရာစားပြီးကျန်တဲ့အရိုးတွေကိုစိုက်ထားတာ။ပူစီနံတို့ ပင်စိမ်းတို့က အရွက်ယူပြီးရင် အရိုးကို ရေစိမ်ထား သုံးလေးရက်နေရင် အမြစ်ထွက်လာတယ်။ အမြစ်လေ‌းတွေရင့်လာတဲ့အထိ ၂ ရက်လောက်ဆက်ထားပြီး မြေကြီး မှာချစိုက်လို့ရတယ်။ ချဉ်ပေါင်ရွက်လည်း ကိုင်းရင့်တယ်ဆိုရင် အဲဒီလိုမျိုး စိုက်လို့ရတယ်။ ကျနော်ကတော့ အရွက်ခူးစားဖို့ထက် ကိုယ်စိုက်လိုက်တဲ့အပင်လေးတွေ ရှင်သန်ဖြစ်ထွန်းလာတာကို ကြည့်ပြီး ခံစားရတဲ့ ပီတိကို ပိုပြီးသဘောကျလို့ အပင်စိုက်တာ။ ဗီယက်နမ်ပင်စိမ်းခေါ်တဲ့ ကွေ့တီယိုဆိုင်မှာ ချပေးတဲ့ ပင်စိမ်းရွက်လည်း စိုက်ထားတာရှိသေးယ်။ အဲဒီအပင်လည်း အရွက်စားပြီး ကျန်တဲ့အရိုးကို ရေစိမ် အမြစ်ထွက်တော့ မြေဆွေးအိုးထဲပြောင်းပြီး စိုက်ထားတာ။ သူတို့တွေကတော့ ကိုယ်စိုက်တဲ့ အပင်တွေကြည့်ပြီး အံ့ဩနေကြတယ်။ သူတို့ဆိုရင် အမြစ်ပါပြီးသားအပင်တောင် သူတို့လက်ထဲရောက်ရင် ကြာကြာမခံဘူး သေကုန်တာတဲ့။ ကိုယ့်ကတော့ သူတို့နဲ့ပြောင်းပြန်ပေါ့။ လက်ထဲရောက်လာသမျှအပင် ရှင်နိုင်တဲ့လက္ခဏာရှိသေးရင် ဂရုစိုက်ပြုစုလိုက်တာနဲ့ မူလကအနေအထားကို မမှတ်မိအောင် ဖြစ်ထွန်းလာတာ။ ရွာမှာတုန်းကတော့ ဘာပင်စိုက်စိုက်အကုန်ဖြစ်လို့ လက်ဆိပ်ရှိတယ်လို့ ပြောကြတယ်။ တခါတလေ လက်ရှိလုပ်တဲ့အလုပ်ကို ငြီးငေွ့သလိုဖြစ်တဲ့အခါ ရွာမှာနေပြီး တောင်သူလုပ်ရင် နေပူတာနဲ့ ပင်ပမ်းတာကလွဲရင် ခေါင်းရှုပ်စရာသိပ်မရှိဘူးလို့တွေးမိတယ်။ ယာထဲ နေပူကျဲကျဲမှာလုပ်ရပြန်တော့လည်း အရိပ်ထဲမှာလုပ်ရတဲ့အလုပ်ကို တမ်းတမိအုံးမှာပဲ။ လူ့အကြိုက် နတ်မလိုက်နိုင်ဆိုတာလိုပေါ့။ အခုတော့ အရိပ်ထဲလုပ်ရတဲ့အလုပ်လည်းလုပ်ရင်း ငြီးငွေ့လာတဲ့အခါ စိတ်ဖြေလို့ရအောင် အနီးအနားမှာ ဖြစ်သလိုနည်းနဲ့ တွေ့သမျှအပင် အကုန်စိုက်ထားလိုက်တယ်။ စိတ်နွမ်းလာတဲ့အခါ အပင်လေးတွေနားသွား ရေလောင်းပေါင်းသင်လုပ် သူတို့ဖြစ်ထွန်းနေတာကိုကြည့်ပြီး စိတ်ခွန်အားပြန်ယူပြီး အလုပ်ထဲပြန်ဝင် ဒီလိုနဲ့ပဲ စိတ်ကိုငြိမ်အောင်ထိန်းတော့တယ်။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။ လာရောက်လည်ပတ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

လေးစားမှုဖြင့် 

ရွှေညာသား

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် (၁၂) ရက်။

၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၁) ရက်၊ ကြာသပတေးနေ့။

Tuesday, June 2, 2026

သူတို့ကြိုက်တဲ့အညာသားလက်ရာလေးတွေ


ဒါကတော့ တို့ဟူးကိုမုန့်ဖတ်နဲ့ရောပြီး သုပ်စားတာပါ ပိတ်ရက်မှာဆိုတော့ သူတို့ကို မမြည်းခိုင်းလိုက်ရဘူး ကြိုက်ကြမှာ သေချာတယ်....

အလုပ်ကထော်ကိုင်းတွေကြားထဲမှာ မြန်မာအစားအစာတွေမိတ်ဆက်ရင်းနဲ့တဖြည်းဖြည်း ကိုယ့်လက်ရာကို သူတို့ကြိုက်သွားကြပြီထင်တယ်။ ပထမဆုံးပုစွန်ခြောက်ဘာလချောင်ကြော်စပြီးကျွေးလိုက်တာအခုနောက်ပိုင်း ဘာချက်ချက်ကို အားပေးတော့တာပဲ။ အရင်တုန်းကနေ့လယ်စာထမင်းစားကြရင် သူတို့ကဆိုင် delivery နဲ့မှာစားကြတာ၊ ကိုယ်က ကိုယ့်ထမင်းချိုင့်နဲ့ကိုယ်ဆိုတော့ အတူတူထိုင်စားဖြစ်ရင်တောင် ကိုယ့်ဟင်းရဲ့အနံ့ကိုသူတို့အတွက် အနှောက်အယှက်ဖြစ်မှာစိုးလို့ အတတ်နိုင်ဆုံး ခပ်ခွာခွာထိုင်ပြီးတော့ စားတယ်။ တခါတော့ ကိုယ့်ဆရာမက ထမင်းစားနေကြတုန်းမြင်သွားပြီး ဘာလို့ကျန်တဲ့သူတွေနဲ့နီးနီးကပ်ထိုင်ပြီးမစားတာလဲလို့မေးတယ်။ ဟင်းအနံ့ မတူတော့ သူတို့ကို အားနာလို့ပါလို့ဖြေလိုက်တယ်။ တကယ်တော့ ကိုယ်စားတာက အသားငါးဟင်းမဟုတ်ဘူး အသီးအရွက်ဟင်းကများတယ်။ ပုစွန်ခြောက်ဘာလချောင်ကြော် ကျွေးပြီးနောက်ပိုင်းတော့ မြန်မာဟင်းအရသာကိုသူတို့ကြိုက်သွားပြီမို့ ကိုယ်လည်းသူတို့ကြားထဲဝင်ထိုင်ပြီးစားဖြစ်တော့တယ်။ ကိုယ်မှတ်မိသလောက် ငါးပိရည်တို့စရာ၊ သရက်သီးငါးပိချက်၊ ကြက်သားနဲ့သင်္ဘောသီး၊ ကြက်ဟင်းခါးသီးပုစွန်ခြောက်ကြော်၊ ခရမ်းချဉ်သီးချက်၊ ပဲသီးသုပ်၊ လဘက်သုပ်၊ မုံညှင်းခါးအချဉ်ရည်သောက်၊ ငါးလေးခြောက်ငရုတ်သီးစပ်ကြော်၊ မုန့်ဟင်းခါး၊ ခရမ်းသီးသုပ်၊ တို့ဟူးသုပ်နဲ့ ဝက်သားလဘက်ဟင်းနဲ့ သရက်ချဉ်သုပ်တို့ပါပဲ။ 

အဲဒီဟင်းတွေထဲက သူတို့ခဏခဏတောင်းဆိုတာက ပုစွန်ခြောက်ဘာလချောင်ကြော်၊ ခရမ်းချဉ်သီးချက်၊ လဘက်သုပ်၊ ငါးပိရည်ကျို၊ မုန့်ဟင်းခါး၊ ခရမ်းသီးသုပ်နဲ့ သရက်ချဉ်သုပ်ပေါ့။ ပုစွန်ခြောက်ဘာလချောင်ကတော့ ပုစွန်ခြောက်ရတဲ့အခါမှပဲ ကြော်ပေးဖြစ်တယ်။ ခရမ်းချဉ်သီးချက်ကတော့ သူတို့က ခရမ်းချဉ်သီးဝယ်ဝယ်လာပေးလို့ မကြာခဏဆိုသလိုကို ချက်ပေးရတယ်။ သူတို့ သင်္ဘောသီးထောင်းထဲကိုထည့်တဲ့ ခရမ်းချဉ်သီးအသေး လေးတွေကို ငါးပိမထည့်ဘဲ ငံပြာရည်လေးနဲ့ ကြက်သွန်ဖြူငရုတ်သီးလေးထောင်းအုပ်ပြီးချက်တာ။ ရွာချက်ပဲ ခေါ်ရမှာပေါ့။ ရွာမှာတုန်းကတော့ ငါးပိထည့်ချက်တာများတယ်၊ ခရမ်းချဉ်သီး ငါးပိချက်လိုမျိုးလည်း ငါးပိပေါက်ပေါက်မဟုတ်ဘူး ပုံမှန်ခရမ်ချဉ်သီးချက်အနေအထားပေါ့။ ဒီမှာက ငံပြာရည်ကောင်းလို့ ငါးပိမသုံးဘဲ ငံပြာရည်နဲ့ချက်တာ။ သူတို့က စားကောင်းလို့သဘောကျပြီဆိုရင် ဘာတွေပါလဲမေးတယ် ပါဝင်ပစ္စည်းပြောပြ လိုက်ရင် သူတို့သိတဲ့ဟာ ဝယ်လာပေးတော့တာပဲ။ 

မုန့်ဟင်းခါးချက်ကျွေးတုန်းကလည်း ငှက်ပျောအူမရလို့ ကြာရိုးနဲ့ချက်ပေးတာ စားကောင်းလို့ ပြောမပြီးဘူး နောက်လည်းချက်ကျွေးအုံး လိုအပ်တာ သူတို့ဝယ်ပေးမယ်ပြောတာ ငှက်ပျောအူရတဲ့အခါမှ ချက်ကျွေးမယ်လို့ ပြောထားတယ်။ "ခနုံမ်ကျင်း" လို့ခေါ်တဲ့ သူတို့ မုန့်ဟင်းခါးက ဟင်းသုံးလေးမျိုး အသီးအရွက်များများနဲ့ စားရတာ အရသာက လုံးဝကိုမတူဘူးဆိုတာကို သူတို့လည်းသိတယ်။ ပဲကပ်ကြော်ကိုလည်း ကိုယ်တိုင်ကြော်တာလို့ ပြောတော့ အံ့ဩနေတာ ဒီလိုကြွပ်ကြွပ်လေးနဲ့အဆင်ပြေဖို့က အချိန်အဆ တော်တော် ကိုကျွမ်းကျင်မှရမှာနော်တဲ့။ ငါ့အတွက်ကတော့ ဝါသနာပါတာမို့ သိပ်ပြီးမခက်ခဲပါဘူးလို့။ လဘက်သုပ်ကိုလည်း အားလုံးပြင်ဆင်ယူလာပြီး ထမင်းစားခါနီးမှ သူတို့ရှေ့မှာပဲ တခုချင်းစီထည့်ပြီး သုပ်ပေးတာ။ အဲဒီတခါတုန်းကတော့ ကိုယ့်ဆရာမလည်း ထမင်းအတူတူလာစားတာနဲ့ကြုံလို့ မြည်းကြည့်ခိုင်းတာ စားလို့ကောင်းတယ်ဆိုပြီး တယောက်တဇွန်းလှည့်ပြီးစားလိုက်ကြတာ သူတို့ဝိုင်းကိုထည့်ပေးတဲ့ လဘက်သုပ် တပန်းကန်ကုန်တာပဲ။ ချက်ပြုတ်သူတို့အတွက် ကိုယ်ချက်တာက စားလို့ကောင်းတယ်ဆိုရင် ပျော်ရွှင်ရတဲ့ခံစားမှုက ဘာနဲ့မှဖော်ပြလို့မရဘူး။ သူတို့က စားလို့ကောင်းတယ်ပြောလေ ကိုယ်ကချက်ကျွေးချင်လေနဲ့ အဆင်ကိုပြေနေတာပဲ။ အခုနောက်ပိုင်းတော့ ထမင်းစားကြပြီဆို ကိုယ့်ဟင်းဗူးကိုပဲ အာရုံပြုနေကြတာ၊ နောက်ပြီးတော့ ကိုယ်စားသမျှကလည်း အသီးအရွက် ဟင်းတွေချည်းပဲ သူတို့ဆီမှာရတဲ့အသီးအရွက်တွေကိုပဲ ကိုယ့်မြန်မာအရသာနဲ့ ပြင်ဆင်ချက်ပြုတ်စားတာမို့ သူတို့စိတ်ဝင်စားတာလည်းပါတယ်။ 

ခရမ်းသီးသုပ်ကိုလည်း ကိုယ့်ဘာသာပဲ စားချင်လို့ ဒယ်အိုးနဲ့မီးဖုတ်ပြီးသုပ်စားတာ။ ထမင်းဝိုင်းမှာ သူတို့ကို မြည်းကြည့်ခိုင်းတော့ စားကောင်းလို့ နောက်ရက်ကျ ခရမ်းသီးတွေဝယ်လာပြီး သုပ်ခဲ့ပေးပါအုံးတဲ့။ ကိုယ်ကလည်း အစားအစာတခုခုဆို စိတ်ကူးရတာနဲ့ ကိုယ်ထင်သလို ဖန်တီးတာမျိုး။ ခရမ်းသီးကို ဘယ်လိုမီးဖုတ်လဲ မလွယ်ဘူးနော်တဲ့ ဟုတ်တယ်ငါက ဒယ်အိုးနဲ့ထည့်ပြီးမီးဖုတ်တာဆိုတော့ ပါးစပ်အဟောင်သားနဲ့ အဲ့လိုလုပ်လို့ရ လားတဲ့ ဒီလိုပဲ မီးသွေးမီးဖိုမရှိတော့ ရအောင်ဖန်တီးရတာပေါ့လို့။ နောက်တခုက သရက်ချဉ်ကို မုံလာထုပ်နဲ့သုပ်တာ။ ကိုယ်သတိထားမိသလောက် သူတို့တွေက သရက်သီးကို အချဉ်ဆိုရင် အစိမ်းသုပ်စားတာပဲများတယ်။ အရမ်းချဉ်တဲ့ သရက်သီးနုနုဆိုရင် သကြားရည်နဲ့အချိုစိမ်ထားတာ။ မြန်မာပြည်မှာလို သရက်ချဉ်မရှိဘူး။ ကိုယ်ကတော့ သရက်သီးအချဉ်သီးရတဲ့အခါဆို ကိုယ့်ဘာသာ သရက်ချဉ်သိပ်ထားတာ။ အဲဒီဟာလည်း မရည်ရွယ်ဘဲ သူတို့ကို မြည်းကြည့်ခိုင်းတာကနေ စားလို့ကောင်းလို့ သရက်ချဉ်ကို စားနေရင်းနဲ့ စူးစမ်းကြတာ တချို့က သခွားသီးချဉ်လို့လည်း ပြောကြ၊ တချို့ကမုံလာချဉ်လို့လည်းပြောကြ သူတို့ချင်း ငြင်းကြခုံကြနဲ့ သရက်သုပ်သာ ကုန်သွားတယ် အဖြေမရကြဘူး။ နောက်ဆုံးမှ ကိုယ့်ကိုလာမေးလို့ သရက်ချဉ်လေ မင်းတို့ဆီမှာမရှိဘူးလို့။ ဘယ်ကရတာလဲတဲ့ ငါကိုယ်တိုင်လုပ်ထားတာဆိုတော့ မျက်လုံးတွေပြူးပြီး တကယ်လားတဲ့။ တော်လိုက်တာ ဒီမှာ ထမင်းဆိုင်ဖွင့်လို့ရပြီ ဆိုင်ဖွင့်တောလို့ဝိုင်းပြောကြတယ်။ အဲဒီသရက်ချဉ်သုပ်တဲ့နေ့က ဝက်သားနဲ့လဘက် ချက်လာတာ ကိုယ့်အတွက်လည်း ပထမဆုံးချက်ဖူးတာပဲ အသားဟင်းတွေသိပ်မစားပေမဲ့ လဘက်ရှိတော့ ဝက်သားနဲ့လဘက်စမ်းချက်ကြည့်အုံးမှဆိုပြီး ချက်တာက အရသာကို ကိုယ်တိုင်လည်းတော်တော် အဆင်ပြေလို့ သူတို့အတွက်ထည့်သွားတာ။ နေ့လယ်စာ စားတော့ ဝက်လဘက်ဟင်းဗူးပေးပြီး သူက အဆိမ့်အရသာဆိုတော့ အချဉ်လေးနဲ့တွဲစားတာက ပိုပြီးအရသာရှိတယ်။ ဒီသရက်ချဉ်သုပ်နဲ့တွဲစားဆိုပြီးပေးလိုက်တာ ဝက်လဘက်ကိုလည်းစား သရက်ချဉ်သုပ်ကိုလည်းစား အရသာတွေ့ပြီးတော့ နှစ်မျိုးလုံး စားလို့ကောင်းလို့ လက်မတွေတထောင်ထောင်နဲ့‌ပေါ့။ သရက်ချဉ်ကို မုံလာထုပ်၊ ကြက်သွန်နီ ငရုတ်သီးစိမ်းအပြင် ပူစီနံလေးပါ ရောပြီးသုပ်ထားတော့ ဝက်သားလဘက်ဟင်းနဲ့ တကယ်ကိုအစပ်တည့်နေတာ၊ ကိုယ်တိုင်းလည်းတော်တော်ကို သဘောကျ တဲ့ဟင်းစပ်ပါပဲ။


ကိုယ့်အကျင့်က ဟင်းချက်ဖို့ဝယ်တဲ့အခါ အခါသူနဲ့တွဲမည့် ဟင်းစပ်ကိုပါတခါတည်းစဉ်းစားပြီးဝယ်တယ်။ အချိုချက်မယ်ဆို သူနဲ့လိုက်ဖက်မည့်ဟင်းစပ် အချဉ်ကဘာရှိမလဲ၊ အချဉ်ချက်မယ်ဆို သူနဲ့စပ်မည့် အငန်၊ အစပ် အချို ဘာနဲ့တွဲမလဲ စသဖြင့်‌ပေါ့။ အသီးအရွက်ဟင်းပေမဲ့ ဟင်းစပ်တည့်တော့ အသားဟင်းမပါလည်း စားလို့ကောင်းနေတာ။ ဝက်သားနဲ့မျှစ်ချဉ်ချက်ရင် အညာငရုတ်သီးဆားထောင်းလေးနဲ့လိုက်ဖက်တယ်။ အချဉ်ရည်သောက် ချက်ရင် ငါးခြောက်ငရုတ်သီးစပ်ကြော်လေးနဲ့ တွဲမိတယ်။ ကျန်တဲ့နေရာမှာတော့ ဖန်တီးမှုက အဲ့လောက်မစွမ်းဘူး ဟင်းချက်တဲ့နေရာမှာတော့ ကိုယ့်ကိုယ်ကိုယ် ရာနှုန်းပြည့်ယုံကြည်တယ်။ သူစိမ်းပင်ဖြစ်စေကာမူ ကိုယ်လက်ရာ တခါစားပြီးရင် ထပ်စားချင်သူများတယ်။ မှတ်မှတ်ရရ ဖိလစ်ပိုင်မှာတုန်းက မွေးနေ့ပွဲလုပ်တော့ ကြာဇံဟင်းခါးချက်ကျွေးတာ၊ သံရုံးကအသိတယောက်ကိုလည်း ခင်နေတာမို့ ဖိတ်လိုက်တာ သူ့အိမ်မှာအလုပ်လုပ်တဲ့ ဖိလစ်ပိုင်မလည်းပါလာတယ်။ သူကလည်း မြန်မာထမင်းဟင်းကို ကြိုက်တဲ့သူဖြစ်တော့ မြန်မာတွေကို ခင်နေတာ။ ကျွေးတာက ကြာဇံဟင်းခါး လာတဲ့ဧည့်သည်က ကိုယ့်လက်ရာကို စားဖူးထားတော့ ထမင်းလည်းစားချင်တယ် ဘာဟင်းရှိလဲလို့မေးတာနဲ့ နေ့လယ်စာတုန်းကချက်ထားတဲ့ ကြက်ဟင်းခါးသီးနဲ့ငါးနီတူခြောက် ဟင်းရှိတယ်ပြောတော့ အဲဒါဆို သူကြိုက်တယ် ထမင်းနဲ့ ကြက်ဟင်းခါးသီးဟင်းထည့်ပေးခိုင်းတာနဲ့ ထည့်ပေးလိုက်တယ်။ ဖိလစ်ပိုင်မကိုလည်း မြည်းခိုင်းတော့ ကြက်ဟင်းခါးသီးဟင်းကို သဘောကျပြီး သူ့လည်း ထမင်းပေးပါလို့ တောင်းရော။ ထမင်းခူးပေးတော့ ကြက်ဟင်းခါးသီးဟင်းကိုစားလိုက်တာ ပြောင်ရော။ ပြီးတော့ ဟင်းချက်နည်း ပါသေချာမေးသွားသေးတယ်။ အစားအစာနဲ့ပတ်သက်ရင်တော့ အမှတ်ရစရာတွေအများကြီးပါပဲ။ ရုရှားနိုင်ငံကို ရောက်တော့ ‌ကျောင်းကြီးမတက်ခင် ကျောင်းကနေဖွင့်ထားတဲ့ နိုင်ငံခြားကျောင်းသားများ ပြင်ဆင်ရေးစင်တာမှာ ၁ နှစ်လောက်တက်ရတယ်။ အဲဒီမှာ ရုရှားဘာသာစကားအပြင် ဘာသာရပ်ဆိုင်ရာအခေါ် အဝေါ်နဲ့ အခြေခံတွေကို တက္ကသိုလ်မဝင်ခင် လေ့ကျင့်ပေးတာ။ ရောက်ရောက်ချင်း ရုရှားဘာသာစကား အဆင့်ခွဲဖို့ စာမေးပွဲ စစ်တော့ ရေးဖြေ၊ နှုတ်ဖြေ ဖြေရတယ်။ နှုတ်ဖြေဖြေဖို့ ကိုယ့်အလှည့်မှာ မေးတဲ့ဆရာမကြီးက ကျောင်းရဲ့ အုပ်ချုပ်ရေးပိုင်းမှာပါတဲ့ ရာထူးကြီးကြီး ဆရာမကြီး ကိုယ်ပြောရမည့် ခေါင်းစဉ်ကို ရှေ့မှာစာရွက်လေးတွေစီပြီးမှောက်ထားတာ ကိုယ်ကြိုက်တဲ့တခုယူ ပါလာတဲ့ခေါင်းစဉ်ကိုကြည့်ပြီး သူတို့ကို ရုရှားလိုပြောပြရတာ။ တိုက်ဆိုင်ချင်တော့ ကိုယ်ရွေးလိုက်တဲ့ စာရွက်က မြန်မာအစားအစာတခုအကြောင်းကိုပြောပြပါတဲ့။ ကိုယ့်ဝါသနာအိုးကို တုတ်နဲ့လာထိုးတဲ့မေးခွန်းဆိုတော့ ရုရှားလိုကလည်း အခြေခံရထားပြီးသားမို့ မြန်မာမုန့်ဟင်းခါးအကြောင်းကို ဟင်းရည်ချက်တာကနေ နောက်ဆုံးစားလို့ရတဲ့အထိ အဆင့်ဆင့် ကိုယ်နားလည်သလို ပြောသွားလိုက်တာ နားထောင်တဲ့ ဆရာမကြီး ပါးစပ်တပြင်ပြင်နဲ့ တွံတွေးမျိုချနေတာ ခဏခဏ။ သူက မြန်မာပြည်ကို မရောက်ဖူးဘူး သူ့ဘေးကဆရာမက မြန်မာပြည်ရောက်ဖူးတော့ မုန့်ဟင်းခါးစားဖူးတယ်။ သူပြောသလိုဟုတ်သလားပေါ့ အဲဒီဆရာမက ဟုတ်တယ် မြန်မာလူမျိုးတွေရဲ့ အရမ်းကြိုက်တဲ့ အစားအစာပဲဆိုတော့ ငါလည်းစားကြည့်ချင်တယ်လို့  ပြုံးပြုံးကြီးသူတို့ချင်း ပြောပြီး ကိုယ့်ကိုသွားခွင့်ပေးလိုက်တယ်။ ကျန်တဲ့ခေါင်းစဉ်ဆိုရင် အဲလောက် ပြောချင်မှပြောနိုင်မှာ ကိုယ့်ဝါသနာနဲ့ကိုက်ညီတဲ့ခေါင်းစဉ်ဆိုတော့ ပြောလို့ကောင်းလိုက်တာ ပြောနေရင်း သွားရည်တများများနဲ့ပေါ့။ အညာသားတို့က အစားအစာနဲ့ပတ်သက်ရင် သူများကို အပြောနဲ့တင် သွားရည်ကျအောင် လုပ်နိုင်ပါတယ်လို့။ ရေးရင်းနဲ့ စပ်မိလို့အတိတ်ကအမှတ်တရလေးတွေပါ ထည့်လိုက်တာ။ အခုတော့ ဘာကျွေးကျွေး "အလွိုင်းမာ့က်မာက့်" လုပ်တတ်တဲ့ ထော်ကိုင်းတွေကြားမှာ အတိတ်နဲ့အနာဂတ်တွေကို မေ့ထားပြီး ပစ္စုပ္ပန်နေ့ရက်တနေ့ချင်းစီကိုပဲ အာရုံပြုလို လုပ်သင့်တာလည်းလုပ်ရင်း ဝါသနာပါရာကိုလည်းလုပ်ရင်း ကိုယ်စားတဲ့အထဲက တတ်နိုင်သလောက် အဟာရဒါနပြုလျက် ဘဝကို ရိုးရှင်းစွာနဲ့ဖြတ်သန်းနေပါတယ်ဗျာ။


အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ။ အညာသားဆီကို လာရောက်လည်ပတ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

လေးစားမှုဖြင့်

ရွှေညာသား

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် (၃) ရက်။

၂၀၂၆ ခုနှစ်၊ ဇွန်လ (၂) ရက်၊ အင်္ဂါနေ့။

Wednesday, April 15, 2026

ရေမစိုသင်္ကြန်

သင်္ကြန်တွင်း ဘယ်မှမသွားဖြစ်လို့ အခန်းမှာပဲ စာအုပ်ဖတ်ဖြစ်တယ်။ ဒီနေ့တော့ မချက်ဖြစ်တာ နှစ်ချီကြာတဲ့ ကြာဇံဟင်းခါးချက်စားဖြစ်တယ်။ မတရားမှုနဲ့နေသားကျနေတဲ့သူတွေကတော့ အာဏာရှင်တွေအလိုကျ ဆိုကြကကြလို့ပေါ့။ တခါတလေတော့လည်း အာဏာရှင်တွေ ဗိုလ်ကျပြီး လုပ်ချင်သလိုလုပ်နိုင်ကြတာက အမှတ်သည်းချေမရှိတဲ့လူတွေများလို့ပဲလို့တွေးမိပါရဲ့။ ကျောင်းတုန်းက ဆရာတယောက်ပြောဖူးသလိုပဲ မခံချင်စိတ်ထားမှမင်းတို့ဘဝတိုးတက်မှာ ခံချင်စိတ်တွေများနေရင်တော့ သူများအောက်ကပဲနေရမှာတဲ့။ အဲဒီစကားလေးကိုတွေးမိတော့ တယောက်တည်းပြုံးမိတယ်။ တနေ့သေကြရမည့်အတူတူ မသေခင်လေးအာဏာရှင်အလိုကျနေထိုင်ရင်း ဘဝကိုအာဏာရှင်ပေးသလောက်အခွင့်အရေးလေးနဲ့ပဲ ဖြတ်သန်းကြမယ်လို့များတွေးထားကြလေရော့ သလားမပြောတတ်ပါဘူး။ တရားဘက်ကလှည့်တွေးကြည့်တော့လည်း ရသလောက်နဲ့ ရောင့်ရဲ့တင်းတိမ်နိုင်ကြတာမို့ ကောင်းတယ်လို့ပဲပြောရမှာပေါ့။ မတရားမှုနဲ့နေသားကျသွားတဲ့အခါ တရားမျှတမှုအတွက် လုပ်နေကြသူတွေဟာ အမှားကိုလုပ်နေကြသူတွေလို့ ထင်ကုန်ကြတာ လောကသဘာဝပဲလို့ထင်ပါရဲ့။



ကြာဇံဟင်းဆိုလို့ ရွာကိုမရောက်တာလည်း ကြာပါပေါ့။ သင်္ကြန်တွင်းဆို ရွာဦးကျောင်းမှာ စတုဒီသာကုသိုလ် လုပ်ကြတာ။ အများစုကရွာရဲ့ထုံးစံအတိုင်း ဆန်ပြုတ်တို့ မုန့်ဟင်းခါးတို့ကျွေးကြတယ်။ တနှစ်မှာ အညာသားတို့ မိသားစုက သင်္ကြန်တွင်း ကြာဇံဟင်းခါးကုသိုလ်လုပ်မယ်လို့ ရွာဦးကျောင်းသင်္ကြန်တွင်းကုသိုလ်ရှင်စာရင်းမှာ နာမည်ပေးထားတော့ ကြာဇံဟင်းခါးဆိုတဲ့ နာမည်ကြောင့်ပဲ အဲဒီနေ့မှာ ကျောင်းကိုလာတဲ့ ဥပုသ်သည်က အရင်နေ့တွေထက်ပိုများတယ်။ ရွာကလူတွေ အများစု မစားဖူးတဲ့အစားအစာမို့ မကုန်မှာစိုးလို့ မိုးဗြဲဒယ်အိုးကြီး ၂ လုံး အရဲစွန့်ပြီးချက်ထားတာ တကယ်လည်းကျွေးရော စားလိုက်ကြတာမှ ထည့်လို့ကိုမနိုင်ဘူး။ နောက်ဆုံး လူတိုင်း မြည်းလို့ရအောင် ရေနွေးထပ်ဖြည့် အရသာပြင်ပေးရတယ်။ ဒါတောင် တချို့ရေဆော့ နေတဲ့လူငယ်တွေ မစားလိုက်ကြရဘူး။ အဲဒီကစလို့ ရွာကလူတွေ ကြာဇံဟင်းခါးကြိုက်သွားကြတာ နောက်နှစ်သင်္ကြန်တွေမှာလည်း ကြာဇံဟင်းခါးကုသိုလ်တွေ လုပ်လာကြတယ်။ အခုချိန်မှာတော့ လွမ်းတယ် သတိရတယ်ဆိုတဲ့ စိတ်ထဲမှ အတွေးတခုနဲ့ပဲ ဖြေသိမ့်နေရတာပေါ့လေ။ မိုးလင်းနေသာတဲ့ တနေ့တော့ အညာသားချစ်တဲ့ ရွာကိုပြန်ခွင့်ရမှာပါ။ 

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။ နှစ်သစ်မှာ အညစ်အကြေးများကင်းစင်ပြီး လူဆိုးလူမိုက် မင်းဆိုးမင်းညစ်ဘေးမှလည်း အမြန်ဆုံးကင်းဝေးကြပါစေလို့ ဆန္ဒပြုပါတယ်။ အညာသားဆီကို လာလည်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

လေးစားမှုဖြင့်
ရွှေညာသား
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၁၄) ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၅) ရက်၊ ဗုဒ္ဓဟူးနေ့။

Friday, January 30, 2026

နှင်းဆီပန်း ကုသိုလ်

တလောတုန်းရေးခဲ့တဲ့ နှင်းဆီပင်က အပွင့်တေွ ဆက်တိုက်ပွင့်လို့ ဒီတခါတော့ နှင်းဆီပန်းသုံးပွင့်ခူးပြီး ဘုရားလှူ ဖြစ်တယ်။ ကိုယ်တိုင်စိုက်ထားတဲ့အပင်ကပွင့်တာမို့ မခူးရက်ပေမဲ့ ကုသိုလ်ပြုဖို့ အတွက်ပါလေလို့ စိတ်ကိုပြောင်းပြီး ခပ်မြန်မြန်ပဲ ခူးဖြစ်လိုက်တယ်။ ဘုရားရှိခိုးရင်းနဲ့ ဘုရားရှေ့မှာ လှပနေတဲ့ နှင်းဆီပန်းလေးတွေကိုကြည့်ရင်း စိတ်ထဲမှာကြည်နူးရတယ်။ စံပယ်ပင်ကလည်း မကြာခဏပွင့်တော့ အပင်မှာကြာကြာမနေဘဲ ကြွေကျလို့ စံပယ်ပန်းကိုတော့ ပွင့်တဲ့အခါတိုင်း ဘုရားလှူတယ်။ နှင်းဆီပန်းကျတော့ မခူးဘဲထားလည်း အပင်ပေါ်မှာတော်တော် ကြာနေတယ်။ အဖြူရောင်မှ အစိမ်းရောင်းတဖြည်းဖြည်းပြောင်းသွားသည်အထိ အပင်ပေါ်မှာနေတော့ ကိုယ်လည်း သူတို့ကိုကြည့်ပြီး ပျော်ရတယ်။ ဒါကြောင့် ‌ရွှေညာသားဆီကို လာလည်တဲ့ မိတ်ဆွေများလည်း နှင်းဆီပန်း လေးတွေကို ကြည့်ပြီး စိတ်ကြည်နူးမှုရစေဖို့ တင်ပေးလိုက်ပါတယ်။


ဒါကတော့အညာသားရဲ့ဘုရားခန်းပါ။အခန်းမှာတယောက်တည်းနေရတာဆိုတော့စိတ်လေလွင့်မှုမရှိအောင်ဘုရားဝေယျာဝစ္စပြုတရားနာယူရင်းနဲ့ အချိန်အများစုကုန်စေပါတယ်။ ဘုရားဝေယျာဝစ္စလုပ်နေရတဲ့အချိန်ဟာ စိတ်အကြည်နူးဆုံးပါပဲ။ ငယ်ငယ်လေးကတည်းက ဘုန်းကြီးကျောင်းသားလည်းဖြစ်ခဲ့ဖူးတော့ဘုရားဝေယျာဝစ္စကုသိုလ်ပြုတာက အကျင့်လိုဖြစ်နေတာမို့ ရောက်တဲ့နေရာတိုင်းမှာ ဘုရားခန်းကို အတတ်နိုင်ဆုံး သန့်ရှင်းသပ်ရပ်အောင်ထားပြီး သောက်တော်ရေပုံမှန်ကပ် ဘုရားပန်းလှူဖြစ်တယ်။ ကိုဗစ်ကာလကတည်းက ယနေ့အထိနေ့စဉ်နံနက်တိုင်းဆွမ်းကပ်တဲ့ကုသိုလ်ကိုလည်း မပျက်မကွက် ပြုဖြစ်နေတယ်။

(၇) ရက်သားသမီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ ရွေညာသားဆီကို အလည်လာတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

လေးစားမှုဖြင့်
ရွှေညာသား
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း (၁၃) ရက်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်၊ သောကြာနေ့။