ပြီးခဲ့တဲ့ပိုစ့်မှာ လွမ်းစရာတွေ များလွန်းလို့ ကျွန်တော်တို့ဆီမှာ နွေရာသီဆိုရင် အလွန်ပေါတဲ့ ဂွေးသီးအကြောင်းနဲ့ ဂွေးသီးဟင်း၊ ဂွေးသီးထောင်း စတာတွေကို ထည့်ပြီး မလွမ်းလိုက်ရဘူး(ဟဲ…ဟဲ) ဒါကြောင့် ပို့စ်လေးတခု အနေနဲ့ အညာက ဂွေးသီးအကြောင်းလေး ထပ်ရေးပေးလိုက်ပါတယ်။ မသိသေးသူများ အတွက် ဗဟုသုတ ပေါ့နော်။ သိပြီးသူတွေ အတွက်တော့ ထပ်ပြီးမှတ်မိတာပေါ့။ အခုပြောမယ့် ဂွေးသီးက အချဉ်ပေါင်းသည် ဆီက ဂွေးသီး မဟုတ်ဘူးနော်။ အချဉ်ပေါင်းလုပ်တဲ့ ဂွေးသီးက အညာမှာ မရှိဘူး။ သူ့ကို ကျွန်တော်တို့ဆီကတော့ သင်္ဘောဂွေးသီးလို့ ခေါ်တယ်။ စားလို့ကောင်းပြီးတော့ အစေ့ကသေးတယ် အလုံးလည်း ကြီးတယ်။ အခုပြောမှာက အညာက ဂွေးသီးပါ။
အညာဂွေးသီးက အစိမ်းဆိုရင် အတော်ဖန်တယ်ဗျ။ စားလို့မကောင်းဘူး။ အသီးနုတုန်းမှာလည်း ဖန်တာပဲ။ အသီးနုကိုတော့ ပြုတ်ပြီးသုပ်စားရင် စားလို့ကောင်းတယ်။ အညာက ဂွေးသီးကို ဘာပဲလုပ်စားစား ငါးပိလေးပါမှ အဆင်ပြေတယ်။ ဂွေးသီးနုပြုတ်ပြီးသားကို ငါးပိမီးကင်ပြီးသားနဲ့ သုပ်စားကြတယ်။ အစေ့ရင့်သွားတဲ့ ဂွေးသီးအစိမ်းကိုတော့ ငါးပိမီးကင်ပြီးသားနဲ့ရောပြီး ထောင်းစားတယ်။
အညာက ဂွေးသီးကမှည့်ရင်တော့ အတော်မွှေးတယ်။ ဒူးရင်းသီးတို့ ပိန္နဲသီးတို့လောက် အနံ့မပြင်းပေမယ့် အိမ်မှာ ဂွေးသီးမှည့်ရှိတယ်ဆိုရင် ဘယ်လိုမှ ၀ှက်(ဖွက်)ထားလို့ မရဘူး။ သူ့အနံ့ကို အညာသူ အညာသားတိုင်း သိတယ်။ အခုလို တပေါင်းလရာသီဆိုရင် တော်တော်လေးပေါနေပါပြီ။ တောထဲထွက်ရင် ဂွေးသီးပင်တွေကို သိသိသာသာ မြင်နိုင်တယ်။ အရွက်တွေ အကုန်ကြွေပြီး အပင်ပေါ်မှာ ဂွေးသီးတွေပဲ ကျန်နေခဲ့တာ။ ဂွေးသီးက ညပိုင်းမှာ ကြွေတာများတယ်။ အဲ့ဒါကြောင့် မနက်အိပ်ယာ အစောထပြီး သွားကောက်မှရတယ်။ နေ့လည် နေ့ခင်းမှာတော့ ညလောက် သိပ်မကြွေဘူး။ ဂွေးသီးမှည့်ကောက်အပြန် လမ်းမှာလူတွေလို့ ဘယ်ကပြန်လာလဲ မေးရင် လိမ်လို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ဂွေးသီးအနံ့က ထွက်နေတာကြောင့်ပါ။
ကျွန်တော်တို့ ဆီမှာတော့ ဂွေးသီးမှည့်ကို ဟင်းချက်လို့တစ်မျိုး၊ ငါးပိနဲ့ရောထောင်းလို့ တစ်ဖုံ အမျိုးမျိုး လုပ်စားကြတယ်။ အိမ်မှာတုန်းကတော့ အစိမ်းဆိုရင် ဆားနဲ့ တို့ပြီးစားတာပဲ။ အမှည့် ဆိုရင်တော့ ဒီအတိုင်း စားလို့ကောင်းတယ်။ ကျောင်းကို မုန့်အဖြစ်နဲ့ ဂွေးသီးမှည့်ကို ထည့်ယူ သွားဖူးတယ်။ အမေ့အိမ်တုန်းကတော့ ဒီလို နွေရာသီ အချိန်ဆိုရင် ဂွေးသီးဟင်းကို မကြာမကြာ စားရတတ်တယ်။ ဂွေးသီးဟင်း ချက်ရင်လည်း တစ်ဝိုင်းလုံးကို ဟင်းနံ့ကမွှေး နေတာပဲဗျ။ ပြောရင်းနဲ့ အမေချက်ကျွေးတဲ့ ဂွေးသီးဟင်းကိုတောင် သတိရလာပြီ။ ဂွေးသီဟင်းချက်ရင် နှမ်းလှော်က မပါမပြီးဘူး။ ဂွေးသီးဟင်းထဲကို နှမ်းလှော်လေး ထောင်းပြီးထည့်ရင် အတော်လေး စားလို့ကောင်းတာ။ ဂွေးသီးက အဖန်ဆိုတော့ နှမ်းလှော် ထည့်လိုက်ရင် မဖန်တော့ဘူးပေါ့။ ကျွန်တော်တို့ ဆီမှာ နွေရာသီ ချက်တဲ့ ဟင်းအတော်များများမှာ နှမ်းလှော်ထည့်ချက်ကြတယ်။ သရက်သီးခြောက် ဟင်းကိုလည်း နှမ်းလှော်နဲ့ချက်တယ်။ မန်ကျည်းသီး အစိမ်းကို ဟင်းချက်ရင်လည်း နှမ်းလှော်ထောင်းထည့်တယ်။ အချဉ်ဟင်းမှာ နှမ်းလှော်လေးပါတော့ သိပ်ပြီးမချဉ်တော့ဘဲ စားလို့ကောင်းတာပေါ့ဗျာ။ အရွက်တွေ သုပ်စားရင်လည်း နှမ်းလှော်ကိုပဲ ထောင်းပြီးထည့်သုပ်တယ်။
ဂွေးရွက်နုနုကိုတော့ ရေနွေးဖြောပြီး ငါးပိချက်နဲ့ တို့စားကြတယ်။ ဂွေးသီးနုနု လေးတွေကို ခူးပြီး ဆားရည်စိမ် လည်း လုပ်ထား ကြတယ်။ သဘောင်္ ဂွေးသီး ကိုတော့ မြို့ရောက်မှ အချဉ်ပေါင်းသည် ဆီက ၀ယ်စားဖူးတာပါပဲ။ သဘောင်္ဂွေးသီးကတော့ အစိမ်းစားလို့ တော်တော်လေး ကောင်းတယ်နော်။ ရွာဦးကျောင်းမှာတော့ ဆရာတော် မြို့ကယူလာပြီး တစ်ပင်စိုက်သေးတယ်။ ဒါပေမဲ့ သက်ဆိုး မရှည်ဘူး။ အသီးတစ်ခါလောက် သီးပြီးတော့ သေသွားရှာတယ်။ အညာဂွေးသီး ကတော့ စိုက်စရာကို မလိုပါဘူး။ တောထဲထွက်ရင် ပေါမှပေါ။ နွေရာသီ ရောက်လို့ တောထဲသွားရင် ဂွေးပင်အောက်မှာ မြက်ခြောက်တောတွေကြားထဲ ဂွေးသီး ရှာရတာလည်း ပျော်စရာ ကောင်းတယ်ဗျ။
ရာသီဥတုအလိုက် ပေါ်ပေါက်လာတဲ့ အညာဒေသ အစားအစာလေးတွေ အကြောင်းကို ဗဟုသုတအဖြစ် ရေးသားမျှဝေပေးခြင်းဖြစ်ပါတယ်။ ကျွန်တော့်ရွာလေးကို လာရောက် လည်ပတ်သူများ အညာဒေသ အကြောင်းလေး ဗဟုသုတ အနည်းငယ် ရတယ် ဆိုရင် ကျေနပ်ပါတယ်။
ကျွန်တော်မသိသေးတဲ့ အကြောင်းအရာလေးများ ရှိနေပါအုံးမယ်။ ထပ်ပြီးတော့ မျှဝေပေးခဲ့ပါအုံးဗျာ။
စာဖတ်သူများရဲ့ ဝေဖန်အကြံပေးချက်လေးတွေက ကျွန်တော့်အတွက် အားအင်တွေပါ....
အားလုံး ကျန်းမာ ရွှင်လန်းကြပါစေ….