Pages

Tuesday, June 28, 2011

အညာပဲဟင်းချို၊ ပန်းသီးထောင်းနဲ့ ငါးပိရည်

အညာပဲဟင်းချို ပူပူလေးပါ
ပန်းသီးထောင်း ချဉ်ချဉ်လေး

ဒီနေ့ ကျွန်တော်ချက်စားဖြစ်တာလေးကတော့ အညာပဲဟင်းချို၊ ပန်းသီးထောင်းနဲ့ ငါးပိရည် ပါ။ အညာပဲဟင်းချို ဆိုတာက ဘာရယ်မဟုတ်ပါဘူး အိမ်မှာဆို ပဲဟင်းချို ချက်ရင် ခွေးတောက်ရွက်၊ ဆူးပုပ်ရွက်၊ ကျီးအာရွက် စတဲ့ မိုးကျရင် ထွက်တတ်တဲ့ အရွက်လေးတွေနဲ့ ရောနှောပြီး  ချက်တတ်လို့ အညာပဲဟင်းချိုလို့ နာမည်တတ်လိုက်တာပါ။ ချက်တာကတော့ လွယ်လွယ်ကူကူမို့ မပြောတော့ပါဘူးနော်။ နောက်တစ်မျိုးကတော့ ပန်းသီးထောင်း။ အညာမှာဆိုရင်တော့ ပဲဟင်းချိုချက်ရင် အချဉ်ထောင်းလေးနဲ့ တွဲစားတယ်။ ပဲဟင်းနဲ့လိုက်ဖက်တာတွေကတော့ မန်ကျည်းသီးစိမ်းထောင်း၊ သရက်သီးစိမ်းထောင်း၊ သရက်ချဉ်သုပ်၊ ငါးပိကြော်၊ ငါးခြောက်ကြော်၊ စတာလေးတွေနဲ့ လိုက်ဖက်တယ်ဗျ။ ကျွန်တော်ဆီမှာတော့ အဲ့ဒါတွေကမရှိလို့ သရက်သီးနဲ့မန်ကျည်းသီးစိမ်းအစား ပန်းသီးအစိမ်းလေးတွေကို ထောင်းထားပါတယ်။ အငန်ကတော့ လက်ဆောင်ရထားတဲ့ ငါးပိရည်ကျိုထုပ် ကျန်နေတာလေးကို ဖျော်လိုက်ပါတယ်။

မပျစ်မကျဲ နဲ့ သောက်လို့အတော်ကောင်းတဲ့ ပဲဟင်းချို

ပန်းသီးထောင်းကလည်း မသိရင် သရက်သီးထောင်းလိုလိုနဲ့

ပဲဟင်းချိုထဲကိုတော့ အားလူသုံးလေးလုံး၊ မုန့်ညှင်းရွက် နဲ့ ကန်စွန်းရွက် နည်းနည်းစီ ထည့်လိုက်ပါတယ်။ အိမ်ကိုအလွမ်းပြေ ဟင်းလေးတွေချက်ပြီး ဒီနေ့စားဖို့ရာအတွက် ကိုယ်တိုင် စိတ်ကြိုက် စီမံချက်ပြုတ်ထားတယ်ဗျာ။ လာလည်တဲ့သူတွေလည်း စားသွားကြအုံးနော်။ ပန်းသီးထောင်းကတော့ အညာမှာ စားလို့မလွယ်နိုင်ဘူး။ ဒီမှာကျတော့လည်း ပေါလိုက်တဲ့ ပန်းသီးတွေ သရက်သီးတွေကျနေတာပဲဗျာ။ မှည့်လာရင် စားတဲ့ သူတောင်မရှိဘူး။ ကျွန်တော်တော့ ပန်းသီးအစိမ်းကို ခရမ်းချဉ်သီးနဲ့ငရုတ်သီးစပ်လေးလည်း ချက်စားတယ်။ အခုဆို ပန်းသီးတွေ ပေါနေပြီဗျ။ အချဉ်ကြိုက်သူများ အတွက်တော့ အဆင်ကိုပြေနေတာပဲဗျို့။ ကဲ အောက်မှာ ပုံလေးတွေ တင်ပေးလိုက်တယ် ကိုယ့်အိမ်လို သဘောထားပြီး အားမနာတမ်းသာ သုံးဆောင်သွားကြဗျ...။

နှစ်မျိုးထဲလည်း စားလို့မြိန်ပါတယ်နော့...

 ဒါလေးကတော့ သုံးမျိုးလုံးကို တွဲရိုက်ထားတာ

နယ်ပြီးသားလေးဆိုတော့ အဆင်သင့်စားလို့ရတာပေါ့ဗျာ...

အရသာကတော့ ဆွေမျိုးမေ့လောက်ရဲ့

ဟော့ဒါလေးက မြန်မာတိုင်းကြိုက်တဲ့ ငါးပိရည်ကျိုပါ... နံနံပင်လေးများပါ ထည့်ထားတယ်..။

အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဗျာ...။

Sunday, June 26, 2011

***ဖိုးလုံးတို့ လယ်စောင့်တဲလေး***


လယ်တောထဲက လယ်စောင့်တဲ(photo from google)

မိုးရာသီရောက်လို့ အနောက်တောင်ဆီက မိုးတိမ်တောင် မည်းမည်းတွေ တရိပ်ရိပ်နဲ့ တက်လာပြီဆိုရင် အမျိုးအမည်မဖော်တတ်တဲ့ ဝေဒနာတစ်ခုက ရင်ထဲကို အလိုလို ရောက်လာတတ်သည်။ လွမ်းစရာလိုလို၊ ဆွေးစရာလိုလိုနဲ့ ခံစားရတာ ရင်ထဲမှာ တစ်မျိုးကြီးပါပဲ။ ၀မ်းနည်းရမှာလား၊ ၀မ်းသာရမှာလား ဆိုတာကိုပင် မဝေခွဲတတ်အောင်ပါ။

လယ်ယာထွန်ယက်စိုက်ပျိုးပြီးတဲ့ တစ်ခုသော နေ့လည်ခင်းမှာ ဖိုးလုံးတစ်ယောက် လယ်တောဆီသို့ ခိုင်းနွားနှစ်ကောင်ကိုဆွဲပြီး နွားကျောင်းထွက်လာခဲ့သည်။ သည်လယ်တောလေးက ဖိုးလုံးအဖေရဲ့အမွေရထားတဲ့ လယ်မိသားစုလေးဖြစ်သည်။ ယခင်က ဖိုးလုံးရဲ့ ဖခင် ဦးသာဒွန်း ကိုယ်တိုင်ဦးစီးပြီး လုပ်ကိုင်ခဲ့တဲ့ လယ်ကွက်လေးတွေပေါ့။ အခုတော့ ဦးသာဒွန်းမရှိတော့ပြီမို့ သားဖြစ်သူ ဖိုးလုံးက ဦးစီးပြီး လုပ်ကိုင်စိုက်ပျိုးလာတာ ဒီနှစ်ပါဆိုရင် သုံးနှစ်တင်းတင်းပြည့်ခဲ့ပါပြီ။

ကျေးလက်တောရွာ တောင်သူလယ်သမားတို့ ဓလေ့ ကိုယ်လုပ်ကိုင်စားသောက်ရာ လယ်တောယာတောမှာ မိုးတွင်းအခါမိုးခိုဖို့၊ နွေအခါ နေခိုရန် စတဲ့ရည်ရွယ်ချက်တွေနဲ့ လယ်စောင့်တဲလေးများ ဆောက်ထားတတ်ကြသည်။ လမ်းသွားလမ်းလာ မည်သူမဆို ၀င်ရောက်ခိုနားနိုင်သော နေရာလေးများပင်ဖြစ်သည်။ လယ်စောင့်တဲလေးများက မိုးရာသီမှာတော့ ပတ်ဝန်းကျင် လယ်ကွက်ထဲမှာ စိုက်ပျိုးထားတဲ့ စပါးပင်ပျိုတွေ၊ ရေဖွေးဖွေး လယ်ကွင်းပြင်ထဲမှာဖူးပွင့်နေကြတဲ့ ကြာဖြူကြာနီပန်းတွေနဲ့အတူ အားမာန်အပြည့်နဲ့ တည်ရှိနေတတ်သည်။ ဆောင်းနဲ့နွေအခါများမှာတော့ ရိတ်သိမ်းပြီးစ စပါးရိုးပြတ်ပင်ငုတ်တွေ၊ ပတ်ကြားအက်စပြုနေပြီဖြစ်တဲ့ လယ်ကွင်းတွေနဲ့ ကောက်ရိုးပုံတွေကြားမှာ အားငယ်နွမ်းလှစွာ တည်ရှိနေတတ်သည်။

နွားတွေကို လယ်ကွင်းနဲ့ဝေးရာ စားကျက်မှာ ချည်ထားခဲ့ပြီး လယ်တောက လယ်စောင့်တဲလေးဆီသို့ ဖိုးလုံးလျှောက်လာခဲ့သည်။ အိမ်မှ ထွက်လာတုန်းကတော့ နေပူနေသည်။ အခုကျတော့လည်း အစောကပူနေသော နေမင်းကြီးက မိုးတိမ်တောင်တွေကြားမှ ရေးရေးသာ မြင်ရတော့သည်။ မကြာခင် မိုးရွာတော့မည်ကို လယ်တောမှာကြီးပြင်းလာတဲ့ ဖိုးလုံးတစ်ယောက် ကောင်းကောင်းသိလိုက်ပါ၏။


လယ်ကွင်းပြင်တွေ(photo from google)

လယ်စောင့်တဲလေးထဲကို ၀င်ပြီး ပါလာတဲ့ ပခုံးတင်ပုဆိုးနဲ့ တောထဲထွက်တိုင်း လွယ်နေကျ ဖျင်ကြမ်းလွယ်အိတ်လေးကို တဲတိုင်မှာ ချိတ်ပြီး ကွပ်ပျစ်လေးပေါ်မှာ ထိုင်လိုက်သည်။ ဖိုးလုံးတို့ တဲလေးက သိပ်ပြီး ကျယ်ကျယ်ဝန်းဝန်းတော့ မဟုတ်ပါ။ မိုးခိုတဲဆိုပေမယ့် ထိုင်လို့၊လှဲလို့ရအောင် ကွပ်ပျစ်လေးပါ စီထားလေသည်။ ဘေးကလည်း ထန်းရွက်လေးတွေနဲ့ ကာရံထားသည်။ မိုးလုံလေလုံ လယ်စောင့်တဲလေး ဖြစ်သည်။
ကွပ်ပျစ်ပေါ်ထိုင်လျက် တဲအပြင်ဆီကို လှမ်းကြည့်လိုက်တော့ ၀န်းကျင်တခိုက အုံ့အုံ့ဆိုင်းဆိုင်းနဲ့ လွမ်စေအောင်ဖန်နေလေသည်။ လယ်ကွင်းပြင်ကို ဖြတ်သန်း တိုက်ခတ်လာသော လေထဲမှာ မိုးငွေ့မိုးသက်တို့နှင့်အတူ ကောက်ပင်ပျိုတို့ရဲ့အနံ့က ပါလာသည်။ အုံ့ဆိုင်းနေသော ပတ်ဝန်းကျင်ကို ငေးကြည့်ရင်း ဖိုးလုံးရဲ့ အတွေးစိတ်က လွန်ခဲ့သော နှစ်နှစ်ခန့်က မိုးရာသီမှာဖြစ်ခဲ့သော ဖြစ်ရပ်လေးဆီသို့ ပြန်လည်ရောက်ရှိသွားလေသည်။

လွန်ခဲ့သော နှစ်နှစ် ဖိုးလုံး ခုနစ်တန်းကျောင်းသားဘ၀ကဖြစ်သည်။ မိုးတွေ သည်းသည်းရွာတဲ့ မိုးရာသီတစ်နေ့မှာ ဖိုးလုံးတစ်ယောက် သူ့ဖခင် ဦးသားဒွန်းနဲ့အတူ လယ်ရေဆီးဖို့ သူတို့လယ်ကွင်းဆီသို့ သားအဖ နှစ်ယောက် ပေါက်ပြားကိုယ်စီနဲ့ ထွက်ခဲ့သည်။ မိုးရွာနေတုန်းမို့ ဦးခေါင်းမှလွဲပြီး ကိုယ်ခန္ဓာတစ်ခုလုံး ရွှဲရွှဲစိုနေသည်။ လယ်ကွက်ထဲရောက်တော့ သားအဖနှစ်ယောက် ကျိုးနေသော လယ်ကန်သင်းမှာ တစ်ယောက်တစ်နေရာစီ ပေါက်ပြားကိုယ်စီနဲ့ လယ်ကွက်ထဲမှ မြေကြီးကို တူးဆွပြီး စီးထွက်နေသော လယ်ရေတို့ကို တားဆီးနေသည်။ လယ်ထဲမှာ ရေတင်ကျန်ရစ်မှ လယ်စိုက်ဖို့ရာအတွက် အဆင်ပြေသည်မဟုတ်လား။

ထိုစဉ်မှာပဲ မိုးရေကြားထဲမှ မသည်းမကွဲ အော်သံတခုကို ဖိုးလုံးကြားလိုက်သည်။ ပေါက်ပြားနဲ့ မြေကြီးကို တူးဆွနေရာမှ အော်သံလာရာဆီသို့ ဖိုးလုံးလှမ်းကြည့်လိုက်တော့ ပေါက်ပြားကိုင်ပြီး လဲကျလုနီးနီးဖြစ်နေသော သူ့ဖခင် ဦးသာဒွန်းကို မြင်လိုက်ရသည်။ လက်ထဲမှ ပေါက်ပြားကိုချခဲ့ပြီး ဖခင်ရှိရာဆီသို့ ပြေးသွားလိုက်သည်။ အနားရောက်သွားတော့ လဲတော့မလိုလို ဖြစ်နေသော ဖခင်ကို တွဲပြီး လယ်စောင့်တဲဆီသို့ ခေါ်လာခဲ့သည်။ တဲထဲရောက်တော့ ဖခင်ဖြစ်သူရဲ့ ပါးစပ်မှ “ပိုးထိတယ်”ဆိုတဲ့ မသဲမကွဲ စကားသံကို နောက်ဆုံးကြားလိုက်ရပြီး  ဖခင်ဖြစ်သူ ဦးသာဒွန်းတစ်ယောက် ဖိုးလုံးတို့ သားအမိနဲ့ လူ့လောကကြီးကို လယ်စောင့်တဲလေးထဲမှာပဲ စွန့်ခွာသွားခဲ့သည်။ လယ်ကန်သင်းမှာ ခိုအောင်းနေတဲ့ လယ်သမားတို့၏ အကြီးဆုံးရန်သူ ကိုမြွေပွေး က ဦးသာဒွန်းကို မိသားစုနဲ့သေကွဲခွဲလိုက်လေသည်။

အဲ့ဒီနှစ်က ဖိုးလုံးကျောင်းတ၀က်တပျက်နဲ့ ကျောင်းထွက်ခဲ့ရသည်။ သားကို ပညာတတ်ဖြစ်စေချင်တဲ့ ဦးသာဒွန်းကတော့ သူ့သားမောင်ကို လယ်တောထဲမှာပဲ ထားခဲ့ပြီး လောကကြီးကို ကျောခိုင်းသွားခဲ့သည်။ ဖခင်မရှိတော့သည်နောက်မှာတော့ ဖိုးလုံးလည်း မိခင်နဲ့အတူ လယ်လုပ်ငန်းကို ဦးစီးလုပ်ကိုင်လာခဲ့တာ သုံးနှစ်အတွင်းမှာ ကျွမ်းကျင်နိုင်နင်းစွာ လုပ်တတ်လာခဲ့သည်။ မိုးရာသီရောက်လို့ ဒီလယ်ကွင်းတွေမှာ ထွန်ယက် စိုက်ပျိုးရပြီဆိုရင် လယ်စောင့်တဲလေးထဲမှာ သူ့ကိုထားပြီး လောကထဲက ထွက်သွားတဲ့ သူ့ဖခင်ကိုတော့ အမြဲတမ်း သတိရမိသည်။ “အဖြစ်ဆိုးလိုက်တာအဖေရယ်”လို့ စိတ်ထဲက ရေရွတ်မိသည်။ ဖခင်အကြောင်းတွေကို တွေးရင်းတွေးရင်းက ရင်ထဲမှာ ဆို့နင့်လာပြီး မျက်ရည်တို့က ပါးပြင်ပေါ်သို့ စီးဆင်းလာသည်။

မိုးစက်မိုးပေါက်တို့ တဲခေါင်မိုးပေါ်ကို အရှိန်နဲ့ကျရောက်လာသံ ကြားတော့မှ ဖိုးလုံးရဲ့အတွေးစိတ်တို့သည် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ အပြင်မှာသည်းထန်စွာ ရွာသွန်းနေသော မိုးရေစက်တို့နဲ့အပြိုင် ဖိုးလုံးမျက်ဝန်းဆီမှ မျက်ရည်စတို့ကလည်း ပါးပြင်ပေါ်သို့ တသွင်သွင် စီးကျလို့နေလေသည်။


ပြာလဲ့လဲ့ကောင်းကင်နဲ့ လယ်ကွင်းပြင်တွေ(photo from google)

ဖိုးလုံး တဲကို ရောက်ခါစက အုံ့ဆိုင်းနေသော မိုးတိမ်တောင်တို့သည် အားမာန်အပြည့်နဲ့ ရွာသွန်းပြီးတဲ့အခါ ကောင်းကင်တစ်ခွင်လုံး ကြည်လင်သွားတော့သည်။ ဖိုးလုံးလည်း ပါးပြင်မှ မျက်ရည်တို့ကို ပုဆိုးခါးပုံစနဲ့ မသုတ်လိုက်ပြီး ခမောက်ကို ဆောင်းလို့ ခိုင်းနွားနှစ်ကောင် ချည်ထားခဲ့ရာ နွားစားကျက်ဆီသို့ ထွက်လာခဲ့လေသည်။ မိုးရွာပြီးစ နေရောင်အောက်က ကောင်းကင်ထက်မှာ ကျေးငှက်လေးတွေ ပျော်ရွှင်မြူးထူးနေကြသည်။ လယ်ကွင်းဘေးက ရေရိုးထဲမှာတော့ အစောတုန်းက ရွာသွန်းလိုက်သော မိုးရေတို့ကြောင့် ရိုးရေတွေ အရှိန်ပြင်းစွာ စီးဆင်းနေလေသည်။ စိမ်းစိမ်းစိုနေသော လယ်ကွင်းပြင်တွေ ကြားမှ ဖိုးလုံးတို့ လယ်စောင့်တဲလေးကတော့ နေရောင်အောက်မှာ မလှုပ်မယှက် ပကတိ ငြိမ်သက်နေလေသည်။ တဲနဲ့ ခပ်လှမ်းလှမ်းက နွားစားကျက်ထဲမှာတော့ ဖိုးလုံးတစ်ယောက် သူ့ကျေးဇူးရှင် ခိုင်းနွားကြီး နှစ်ကောင်ကို ဗိုက်ဝစေဖို့ နေရာရွှေ့ပြီး ချည်ကျောင်းနေလေ၏။ 
 
ကျွန်တော့်မိတ်ဆွေ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...။

Friday, June 24, 2011

အစိမ်းကြော်တစ်ခွက်

ရွှေညာသားတို့ ခြေရှည်နေလို့ စာလေးတွေရေးဖို့ အဆက်ပြတ်နေတယ်ဗျာ။ အပြီးမသတ်ရသေးတဲ့ စာလေးတွေလည်း ပြီးအောင်ဆက်မရေးဖြစ်ဘူး။ အညာအကြောင်း ပြောပြချင်တာလေးတွေက အများကြီး ကျန်နေသေးတယ်။ ချက်ပြုတ်တာကိုလည်း ၀ါသနာပါလို့ ချက်စားဖြစ်တာလေးတွေကိုလည်း ဘလော့မှာတင်ချင်သေးတယ်။ ချင်တာလေးတွေက များနေလို့ ဘာကိုအရင် လုပ်ရမှန်းမသိအောင်ပါပဲဗျာ။ ဒီနေ့တော့ စာတွေသိပ်အများကြီး ရေးချိန်မရလို့ မနေ့က ချက်စားဖြစ်တဲ့ အစိမ်းကြော်ပုံလေးတွေ ရှိတာကို တင်ပေးလိုက်ပါကြောင်း...။

အစိမ်းကြော်မှာပါဝင်တာလေးတွေကတော့ ပဲပြား၊ အာလူး၊ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ တလောက ပင်လယ်စာလက်ကျန်နည်းနည်း နဲ့ ကျန်တာတွေက ဟင်းခတ် အမွှေးအကြိုင်လေးတွေပါပဲ။


 ထမင်းမြိန်စေမယ့် အစိမ်းကြော်တစ်ခွက်





အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ...။

Monday, June 20, 2011

***အညာကျေးလက်က မိုးလေ၀သခန့်မှန်းချက်လေးများ***


တိမ်တွေခမောက်ဆောင်းတော့မည့် ပုပ္ပားတောင်မကြီး အဝေးမှမြင်ကွင်း (တခါတလေ ဆိုရင် တိမ်တွေက တောင်ထိပ်ဖျားလေးပေါ်မှာ စုပုံပြီး အဝေးကကြည့်ရင် တကယ့်ကို ခမောက်ဆောင်းသလားထင်ရတယ်။ တကယ်ကို ကြည့်လို့လှပါတယ်)
အညာကျေးလက်ဒေသတွေမှာ မိုးလေ၀သ ခန့်မှန်းတာလေးတွေကို သိသမျှ ပြောပြပါအုံးမယ်။ စက်ပစ္စည်းကိရိယာမပါဘဲ သဘာဝလေးတွေကို ကြည့်ပြီး ခန့်မှန်းတာလေးတွေပါ။ ရေဒီယို၊ သတင်းစာ၊ ရုပ်မြင်သံကြားနဲ့ အလှမ်းဝေးတဲ့ ကျွန်တော်တို့ အညာကျေးလက်ဒေသတွေ အတွက်ကတော့ မှန်တာမှားတာ နောက်ထားလို့ သဘာဝမှာပတ်ဝန်းကျင်မှာ ဖြစ်နေတာလေးတွေကို ကြည့်ပြီး ရှေးယခင်ကတည်းက မှတ်ယူလာ ခဲ့ကြတာလေးတွေက ယနေ့ထိအောင် ရှိနေပါသေးတယ်။


တိမ်းခိုးတိမ်ရိပ်တွေကြားက တောင်ကလပ်ကလည်း ၀ိုးတ၀ါးနဲ့ ကြည့်လို့တစ်မျိုးကောင်းပါတယ်။

ကျွန်တော်တို့ရွာလေးဆိုရင် ပုပ္ပားတောင်ကြီးနားမှာ တည်ရှိတော့ မိုးလေ၀သနဲ့ ပတ်သက်ရင် ပုပ္ပားတောင်ကြီးကိုကြည့်ပြီး မိုးရွာမရွာ ခန့်မှန်းကြတယ်။ ရွားနားမှာ တခြားတောင်ကုန်း၊တောင်တန်းတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ ပုပ္ပားတောင်ကြီးက တခြားတောင်ကုန်း၊တောင်တန်းတွေထက် သိသိသာသာမြင့်မားတာကြောင့် ရွာကနေ ကြည့်လိုက်မယ်ဆိုရင် လွယ်လင့်တကူ မြင်နိုင်ပါတယ်။


စိမ်းစိုနေတဲ့ တောင်ကလပ်ရဲ့ မြင်ကွင်းတခု
အထူးသဖြင့် သီးနှံစိုက်ပျိုးတဲ့ မိုးရာသီရောက်ပြီဆိုရင် ပုပ္ပားတောင်မကြီးဟာ ကျွန်တော်တို့ ရွာလေးရဲ့ မိုလေးဝသခန့်မှန်းရာ ဌာနတစ်ခုပါ။ ပုပ္ပားတောင်မကြီး ထိပ်မှာ တိမ်ခိုးတိမ်စိုင်တွေ စုဝေးပြီး ခမောက်ပုံစံ ဖြစ်နေပြီ ဆိုရင် “ဒီနေ့ ပုပ္ပားတောင်ကြီး ခမောက်ဆောင်းတယ်ဟေ့ နေပူလိမ့်မယ်ဟ လှမ်းစရာရှိတာတွေ လှမ်းထားကြ” ဆိုပြီး ပြောကြတယ်။ အဲ့ဒီလို မဟုတ်ဘဲ တိမ်ခိုးတိမ်လိပ်တွေက ပုပ္ပားတောင်မကြီးရဲ့ ခါးပတ်ပတ်လည်မှာ ဝေ့၀ိုင်းနေပြီဆိုရင်တော့ “ဒီနေ့ ပုပ္ပားတောင်ကြီး ခါးချိုးတယ်ဟေ့ မိုးရွာလိမ့်မယ်ဟ သိမ်းစရာရှိတာတွေ သိမ်းထား” စသဖြင့် လူကြီးသူမတွေ တစ်ယောက်ကိုတစ်ယောက် သတိပေး ပြောကြားတာကို မိုးရာသီရောက်တိုင်း ကြားရလေ့ရှိပါတယ်။ သူတို့ခန့်မှန်းသလို မိုးရွာမည်မရွာဘူး၊ နေပူမည်မပူဘူး ဆိုတာကတော့ သေချာတာ မဟုတ်ပါဘူး။ စက်ပစ္စည်းကိရိယာနဲ့တိုင်းတာပြီး ကြေငြာတဲ့ ရေဒီယို၊သတင်းစာ၊ ရုပ်မြင်သံကြားတို့ကတောင် ရွာရန် ရာခိုင်နှုန်း ဘယ်ရွေ့ဘယ်လောက် ဆိုပြီးပါသေးတာ သူတို့သဘာဝ မျက်မြင်ခန့်မှန်းပြီး ပြောတာကလည်း ပြောတိုင်းတော့ ဘယ်မှန်နိုင်မလဲဗျာ။ ဒါပေမဲ့ သူတို့စိတ်ထဲမှာတော့ မိုးရွာတာမရွာတာထက်၊ မိုးလေ၀သ ခန့်မှန်းရတာကိုသာ သူတို့တာဝန်တခုလို့ ထင်မှတ်ထားဟန်ရှိပါတယ်။ မိုးရာသီရောက်တိုင်း ပုပ္ပားတောင်ကြီးရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ တိမ်ခိုးတိမ်စိုင်တွေကို ကြည့်ပြီး မိုးလေ၀သ ခန့်မှန်းတာကတော့ ယနေ့တိုင်ရှိပါသေးတယ်။


တိမ်ခိုးတွေကြားက တောင်ကလပ်ရဲ့အလှက ရှု့မငြီးစရာ

နောက်ပြီးတော့ အိမ်မှာမွေးထားတဲ့ ကြက်ကလေးတွေ အိမ်တလင်းပြင် နေပူပူမှာ အတောင်ဖြန့်ပြီး နေလှန်းတာ မြင်ရင်လည်း မိုးရွာလိမ့်မယ်လို့ ပြောကြတယ်။ အမြီးပါတဲ့ ပုစဉ်းလေးတွေ မြေပြင်နားကို ကပ်ပြီး နိမ့်နိမ့်လေး ပျံသန်းနေရင်လည်း မိုးရွာမယ်လို့ ယုံကြည်ကြတယ်။

နောက်တခု လယ်ထဲက ပုစွန်လုံး(ဂဏန်း)တွေ ကုန်းပေါ်တက်တာကို မြင်ရင်လည်း မိုးရွာလိမ့်မယ်တဲ့။ သူတို့ဆိုလိုတဲ့ သဘောကတော့ ပုစွန်လုံးတွေက ရေထဲမှာ နေတဲ့ သတ္တ၀ါတွေဖြစ်တယ်၊ ရေထဲမှာမနေဘဲ ကုန်းပေါ်တက်လာတာဟာ ရေကပူလွန်းပြီး ရေထဲမှာ မနေနိုင်တဲ့အတွက်ကြောင့် ကုန်းပေါ်တက်ပြီး မိုးရွာအောင်ပြောတဲ့ သဘောလို့ မှတ်ယူပါသတဲ့။ ပြီးတော့ ကျင်ကောင်အနက်တွေ ဥလေးတွေကိုယ်စီ ကိုက်ချီပြီး တွင်းပြောင်းတာကို မြင်ပြန်ရင်လည်း မိုးရွာလိမ့်မယ်လို့ ဆိုကြပြန်တယ်။ ကျင်ကောင်ဆိုတာကလည်း တွင်းနဲ့နေတဲ့ သတ္တ၀ါလေးတွေပါ။ မိုးရွာရင် သူတို့တွင်းတွေထဲ ရေ၀င်တော့ သူတို့ရဲ့သားသမီးဖြစ်လာမည့် ဥလေးတွေကို မဆုံးရှုံးစေချင်တဲ့ သဘောနဲ့ မိုးရွာမှာကို ကြိုသိပြီး တွင်းပြောင်းတဲ့သဘောကို မှတ်ယူတာဖြစ်ပါတယ်။

မှတ်မိပါသေးတယ် ငယ်ငယ်တုန်းကဆို အိမ်တိုင်ခေါင်းထဲက တောက်တဲ့ အော်သံကို နောက်ကလိုက်ရေတွက်တယ်။ တောက်တဲ့ စပြီးအော်တဲ့အသံကို မိုး၊ နောက်တစ်ခွန်းအော်ရင် လေ၊ စသဖြင့် တောက်တဲ့အောက်သလောက် မိုး၊လေ ဆိုရင်း လက်ချိုးပြီး ရေတွက်ပါတယ်။ မိုးနဲ့ဆုံးရင် မိုးရွာမယ်။ လေနဲ့ဆုံးရင် လေတိုက်မယ် ဆိုပြီး မိုးလေ၀သ ခန့်မှန်းခဲ့ဖူးပါတယ်။ ဒါပေမဲ့လေ လူရွှင်တော်များ ပြက်လုံးထုတ်သလိုမျိုး မိုး သူရွာချင်ရွာမယ်၊ မရွာချင်မရွာဘူး ဆိုသလိုပဲပေါ့။ နောက်ပြီးတော့ စကားပုံတစ်ခုရှိပါသေးတယ် “နွားသိုးနဲ့ မိုး အစိုးမရတဲ့” နွားသိုး ဆိုတဲ့အမျိုးက မဝှေ့ဘူး ဝှေ့မယ် အတတ်မပြောနိုင်ဘူးလေ။ မိုးကိုလည်း ထိုနည်းလည်ကောင်းပေါ့ဗျာ။ တခါတလေ နေပူမယ်လို့ ခန့်မှန်းပြီး မိုးရွာချင်ရွာတာပဲလေ။ မိုးရွာမယ် ခန့်မှန်းရင် နေကပူတတ်တာကိုး။


ဒါလေးတွေက ယနေ့ထိတိုင် ကျွန်တော်တို့ အညာကျေးလက်ဒေသတွေမှာ ပတ်ဝန်းကျင်ရဲ့ ပြောင်းလည်းဖြစ်ပျက်မှု့လေးတွေကို ကြည့်ပြီး မိုးလေ၀သခန့်မှန်းကြတာ ဖြစ်ပါတယ်။ တခြားနေရာဒေသတွေ မှာလည်း သူ့ဒေသနဲ့သူ အခုလိုမျိုး မိုးလေ၀သခန့်မှန်းတာလေးတွေ ရှိကြမယ်ထင်ပါတယ်။ ကျွန်တော် ပြောခဲ့တာလေးတွေ ကတော့ ကျွန်တော်တို့ဆီမှာ မိုးရာသီဆိုရင် အများဆုံးကြားရတဲ့ အညာကျေးလက်က မိုးလေ၀သ ခန့်မှန်းတာလေးတွေပါ။ ကျွန်တော့်ဆီကို အလည်လာရင်းနဲ့ အညာက ဗဟုသုတလေးတွေကို အနည်းငယ်မျှ သိသွားရတယ်ဆိုရင် ၀မ်းသာပါတယ်ဗျာ။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ...။

Sunday, June 19, 2011

ဗူးသီးနဲ့ပင်လယ်စာ


တနေ့က ချက်စားဖြစ်တဲ့ ဟင်းတစ်ခွက်ပါ။ ပင်လယ်စာ မစားဖူးလို့ ၀ယ်စားကြည့်တာ သိပ်မဆိုးပါဘူး။ စားလို့ကောင်းပါတယ်။ တစ်ခါမှ မချက်စားဖူးတော့ ဘယ်လိုချက်စားရမှန်း မသိလို့ စိတ်ထင်ရာ ချက်လိုက်ပါတယ်။ ရေခဲရိုက်ပြီးသား ၀ယ်ရတာမို့ အထဲမှာပါတာလေးတွေက တုံးပြီးတစ်ပြီးသားတွေပါ။ အားလုံးကိုတော့ နာမည်မခေါ်တတ်ဘူး။ မြင်ဖူးတာလေးတွေကတော့ ပုစွန်၊ ရေဘ၀ဲ၊ ဂုံး(ယောက်သွားလို့လည်းခေါ်တယ်ထင်တယ်)၊ အကောင်မမြင်ဖူးတဲ့ ဖြူတူတူ အပိုင်းလေးတွေလည်း ပါသေးတယ်။ ရေဘ၀ဲကိုတော့ အကောင်မြင်တာနဲ့ လူက တွန့်ချင်တယ်။ စားလည်းမစားရဲဘူး။ စားမယ်ကြံရင် ရေဘ၀ဲကောင်ကို ပြေးပြေး မြင်လို့ပါ။ ဂုံး ကိုတော့ ငယ်ငယ်တုန်းက စားဖူးတယ်။ ကယားပြည်နယ်က ဘီလူးချောင်းနားမှာ နေခဲ့ဖူးလို့ပါ။ ဘီလူးချောင်းထဲမှာက ဂုံး တွေ အတော်ပေါတယ်။ ကျန်တာတွေကိုတော့ ဒီတစ်ခါ ပထမဆုံး စားဖူးတာပါပဲ။ စားဖူးတယ် ဆိုရုံပဲ ဗူးသီးဖတ်ကိုပဲ များများရွေးစားတယ်။

 တစ်မျိုးတည်းချက်တာမို့ နယ်စားလို့ရအောင် အရည်လေးနဲ့ ချက်ထားပါတယ်။


ချက်တာကတော့ ရိုးရိုးလေးပါပဲ။ အရင်ဆုံး ကြက်သွန်၊ခရမ်းချဉ်သီး၊ ဆား၊နနွင်း၊ငံပြာရည် စတာတွေကို စုံအောင်ထည့်ပြီး ဆီသတ်ပါတယ်။ ဆီသတ်ပြီးတော့ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ချင်း(ဂျင်း) ရောထောင်းထားတာကို ထည့်ပြီး မွှေးလာအောင် ခဏထားပါတယ်။ အဲ့ဒါပြီးတော့ အစောကပြောတဲ့ ပင်လယ်စာ အရောအနှောကို ထည့်ပြီး လုံးပါတယ်။ ခဏကြာတော့ ရေသင့်ရုံထည့်ပြီး ဆူပွက်သည်အထိ တည်ထားလိုက်ပါတယ်။ ဟင်းအိုးပွက်တော့မှ ဗူးသီးကို မထူးမပါးလေး လှီးပြီးထည့်လိုက်ပါတယ်။ ဗူးသီးကျက်တော့ အရသာအပေါ့အငန်မြည်း နံနံပင်လေးအုပ်ပြီး မီးဖိုပေါ်မှချလိုက်ပါတယ်။ အဲ့ဒါဆိုရင်တော့ ငရုတ်သီးစပ်စပ်လေးနဲ့ မပျစ်မကျဲ ဗူးသီးပင်လယ်စာ ဟင်းတစ်ခွက် စားရန်အဆင်သင့်ရပါပြီ။

ငရုတ်သီးစပ်စပ်လေးနဲ့ ထမင်းမြိန်စေမယ့် ဗူးသီးပင်လယ်စာ ဟင်းတစ်ခွက်ပါ

ဖြူဖြူလေးနဲ့ ပဲစေ့လိုလို ဟာလေးက ဂုံး လို့ထင်တာပဲ။ ဟုတ်လားတော့ မသိဘူး။ နံနံပင်အစား ပင်စိမ်းတို့၊ ရှမ်းနံနံတို့ ထည့်ရင်လည်း စားကောင်းမယ် ထင်ပါတယ်။ 

လာလည်ကြရင်း သုံးဆောင်သွားကြအုံးဗျာ...ဒါမျိုးဟင်းက အညာမှာတော့ မစားရနိုင်ပါဘူး....။

တေးလက်ဆောင်

ကျွန်တော်အကြိုက်ဆုံး သီချင်းများထဲက သီချင်းလေးတစ်ပုဒ်ပါ။ ရွာကိုလွမ်းရင် နားထောင်နေကျ သီချင်းလေး တစ်ပုဒ်ဆိုလည်း မမှားပါဘူး။ ကျောင်းမှာတုန်းကတော့ တေးသရုပ်ဖော် ကလို့ကောင်းတဲ့ သီချင်း တစ်ပုဒ်ပေါ့ဗျာ။ မြူးမြူးကြွကြွလေးနဲ့ နားထောင်လို့ကောင်းပါတယ်။ ဘာလို့ရယ်မသိဘူး ဒီသီချင်းသံကြားရရင် လူက အတော်လေးပျော်သလို ခံစားရတယ်။ နားထောင်ဖူးသော်လည်း မရိုးနိုင်တဲ့ သီချင်းလေး တစ်ပုဒ်မို့ လာလည်ရင်း နားဆင်ခံစားသွားကြပါအုံးဗျာ။


လာရောက်လည်ပတ်ရင်း ဒီသီချင်းလေးကို နားထောင်ပြီး အမောဖြေနိုင်ကြပါစေ။

Saturday, June 18, 2011

အရီးတို့လယ် ကောက်စိုက်တုန်းက(၂)


မိလုံးတို့အဖွဲ့လည်း လယ်ထဲကို ပြန်ဆင်းခဲ့ကြသည်။ လယ်ထဲရောက်တော့ ပန်းမှုံက ဘယ်သူ့မှစကားမပြောဘဲ ကောက်ပင်တွေကိုသာ စိုက်နေလေသည်။


"ဟဲ့ ပန်းမှုံ ညည်းကလည်းအေ ငါတို့က ပျော်ချင်လို့ စတာပါဟဲ့။ နောက်ဆို ညည်းမကြိုက်ရင် မစတော့ပါဘူးအေ ငါတို့ကို စကားလေးဘာလေး ပြန်ပြောပါအုံးဟဲ့။" စိတ်ဆိုးသွားသော ပန်းမှုံကို မိလုံးက ကောက်ပင်တွေ စိုက်ရင်းက ပြန်ချော့နေသည်။

"မိလုံးမ အခုမှ လာချော့မနေနဲ့ စတုန်းကစပြီးတော့ တကယ်ပဲ ဧည့်သည်ရှေ့မှာမှ လာစတယ်"
"ငါတို့က ပျော်လို့ပါဟယ် ညည်းကလည်း တကယ်ဖြစ်သွားတော့လည်း ကောင်းတာပေါ့ဟယ် ညည်းရုပ်ရည်နဲ့ မြို့သားတစ်ယောက်တော့ ခေါင်းခေါက်ယူလို့ရပါတယ်အေ့" မိလုံးက ပြန်ချော့ရင်းကပင် စဖြစ်အောင် စလိုက်သေးသည်။

"မိလုံးမ နော် စလာပြန်ပြီ ဒီတစ်ခါဆို ငါနင့်ကို တစ်သက်လုံး မခေါ်တော့ဘူး မှတ်ထား"
"အဲ့လိုတော့ မလုပ်လိုက်ပါနဲ့ ပန်းမှုံရယ် ဒီရွာထဲ ပြေးကြည့်မှ ခင်စရာဆိုလို့ ဒီလူတွေပဲ ရှိတာ ညည်းမကြိုက်ရင် ငါတကယ်မစတော့ပါဘူးအေ နော်" ပန်းမှုံက တစ်သက်လုံး မခေါ်တော့ဘူး ကြိမ်းလိုက်တော့မှ မိလုံးတစ်ယောက် လက်လျှော့သွားတော့သည်။

"ဒါဆိုလည်း ပြီးတာပဲ နင့်စကား သေချာမှတ်ထားနော်"
"အေးပါဟယ် မှတ်ထားပါ့မယ် စိတ်ချ ဟုတ်ပြီလား"
"ကဲကဲ ပန်းမှုံနဲ့မိလုံးတို့ တော်ကြတော့ လယ်က သိပ်လည်းမကျန်တော့ဘူးအေ နောက်တစ်ငန်းပေါက်ရင် ပြီးပါပြီ ငါတို့ အားစိုက်ပြီး စိုက်လိုက်ကြအုံးစို့ နေလည်းမြင့်ပြီ တော်ကြာ အရီးလေး ထမင်းပို့ရောက်လာတော့မယ်" အေးအေးဆေးဆေး နေတတ်သူ ဘုမက ဆော်အောပြီး စိုက်လက်စကောက်ငန်းကို အပြီး သတ်ပြီး နောက်ဆုံးတစ်ငန်းကို စစိုက်လိုက်ကြသည်။
#############
ပန်းမှုံလည်း ဧည့်သည်ရှေ့မှာမို့ ရှက်ရှက်နဲ့ မိလုံးကို စိတ်ဆိုးချင်ယောင်ဆောင်ပြီး ပြေးထွက်ခဲ့သော်လည်း စိတ်ထဲမှာတော့ မိလုံးစတာကိုပင် ကျေနပ်နေမိသည်။ အခါတိုင်း သူငယ်ချင်းတစ်တွေ စုဆုံမိကြပေမဲ့ အခုလို မစမနောက်ဘဲ အလုပ်ကိုသာအာရုံစိုက်ပြီး လုပ်ခဲ့ကြသည်။ စသည်ဆိုအုံးတော့ တစ်ရွာထဲသားချင်းတွေမို့ ဒီတစ်ခါလောက် မဖြစ်မိတာကိုတော့ သတိထားမိသည်။ လင်းထွန်းနဲ့စတော့မှ ဘာဖြစ်လို့ ရင်ခုန်မိတာပါလိမ့်။ သူကမြို့သားတစ်ယောက် ငါကကျေးတောသူ ကောက်စိုက်သမ ဘ၀ချင်းက ကွာခြားလှတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလေ။ အို သူက ဧည့်သည်တစ်ယောက်မို့ သူ့အပေါ် ငါသတိထားမိတာဖြစ်မှာပါ ဆိုပြီး စိတ်ထဲက တွေးမိသည်။

"ဟဲ့ ပန်းမှုံ မိန်းမ စကားလေး ဘာလေးပြောပါအုံးဟဲ့ ငါလည်း တောင်းပန်ပြီးပါပြီ ဘာလဲ ညည်းက မကျေနပ်သေးဘူးလား" စကားတစ်ခွန်းမှ မပြောဘဲ ကောက်ပင်တွေကို အချက်မှန်မှန် ထိုးစိုက်နေသော ပန်းမှုံကို မိလုံးက မေးလိုက်သည်။
"မဟုတ်ပါဘူးဟာ ငါ ကျေနပ်ပါတယ် မိလုံးကလည်း" တွေးနေတဲ့အတွေးတို့ကို ဖျောက်ပြီး မိလုံးအမေးကို ပန်းမှုံ ပြန်ဖြေလိုက်သည်။

"ဒါဆိုလည်း စကားပြောအုံးလေအေ ညည်းက တကတည်း တေမိမ လုပ်တော့မလို့လား မသိဘူး" မိလုံးက အေးစက်စက် ဖြစ်နေသော ပန်းမှုံကို ကြည့်ပြီး ပြောလိုက်သည်။


"မမိလုံး" ရုတ်တရက်ခေါ်သံကြောင့် မိလုံးအသံလာရာဆီသို့ လှည့်ကြည့်လိုက်သည်။ ပျိုးထမ်းနေသော လင်းထွန်းက လယ်ကန်သင်းပေါ်မှ ခေါ်လိုက်ခြင်းဖြစ်သည်။

"အော် လင်းထွန်း ပြောလေ ငါ့ကိုခေါ်တာ ဘာပြောမလို့လဲ"
"ဟုတ်ကဲ့ နောက်ထပ် ပျိုးဘယ် နှစ်လက်လောက် သယ်ပေးရအုံးမလဲ မေးချင်လို့ပါ" လင်းထွန်းက ပျိုးဆက်သယ်ဖို့ရန်အတွက် မိလုံးကို မေးလိုက်သည်။

"အင်း ဒီစိုက်လက်စ ငန်းပေါက်ရင် ပြီးပြီဆိုတော့ နောက်ထပ် ပျိုးနှစ်လက်လောက်ဆိုရင် ရပါပြီ နှစ်လက်လောက်ပဲ သယ်ခဲ့ပါ" မိလုံးက သူတို့စိုက်ရန် ကျန်သေးတဲ့ လယ်အကျယ်ကို ကြည့်ပြီး လင်းထွန်းကို ပျိုးသယ်ဖို့ပြောလိုက်သည်။

"ဟုတ်ကဲ့ ဒါဆို ကျွန်တော် သွားသယ်လိုက်အုံးမယ် အကို အေးကိုလည်း အရီးလေးကို သွားကြိုတယ် ခဏနေရင်တော့ ထမင်းတောင်း ရောက်လာတော့မှာပါ" လင်းထွန်းက ပြောပြီး ပျိုးသယ်ဖို့ ထွက်သွားသည်။

"ဟဲ့ ကောင်မတွေ မြို့သားက ထင်တောင်မထင်ရဘူးနော် အပင်ပန်းတော့ ခံနိုင်သားပဲအေ့ ဒီနေ့ငါတို့စိုက်သမျှ ပျိုးပင်တွေ သူသယ်ပေးတာတော့" တောင်သူလုပ်တာကို စိတ်ဝင်စားတယ် ထင်ပါ့အေ။

"မမိလုံးကလည်း သူက မြို့မှာနေတယ်ဆိုပေမဲ့ သူတို့မိဘတွေက အရင်တုန်းက ရွာမှာနေသွားကြတာလေတော် နောက်ပြီး သူ့ကို ရွာမှာပဲ မွေးသွားတာဆိုတော့ သူလည်း တောင်သူတစ္ဆေ၀င်စားတာပဲ ဖြစ်မှာပါ။ ကံကောင်းလို့ ရွာမှာနေပြီး တောင်သူမလုပ်ရဘဲ မြို့ရောက်သွားတာနေမှာပေါ့" အေးချစ်က ပြောတော့ ဘေးက ကောက်စိုက်သမတွေကပါ ၀ိုင်းပြီး ထောက်ခံကြသည်။

"ဟုတ်ပါ့အေ သူတို့များကြတော့လည်း ကံကောင်းပါ့ ငါတို့များကြတော့လည်း လေးတန်းအောင်ပြီးကလည်းက ဒီလယ်ထဲ၊ကိုင်းထဲ ၀င်လုပ်ခဲ့ရတာ နောက်ထပ် ဘယ်လောက်များ ကြာအုံးမလဲမပါဘူးအေ" ဘုမကပါ တောင်သူလယ်သမား ဘ၀ကို စိတ်ကုန်ဟန်ဖြင့် ရင်ဖွင့်လိုက်သေးသည်။

ကဲကဲ နေလည်းမြင့်ပြီ လက်ထဲက ကောက်ပင်လေးတွေ လက်စသတ်ကြတော့။ ပန်းမှုံတို့တစ်တွေ လယ်စိုက်ပြီးလို့ ခြေလက်ဆေးပြီးတော့ အေးကိုတို့ သားအမိလည်း ထမင်းတောင်းနဲ့ ရောက်လာသည်။

"ငါ့တူမတွေ ထမင်းဆာနေပြီလားအေ အရီးလေးလည်း တစ်ယောက်ထဲမနိုင်လို့ အေးကိုအလာကို စောင့်နေရတာနဲ့ နဲနဲနောက်ကျသွားတယ်အေ"
"ရပါတယ် အရီးလေးရဲ့ ကျုပ်တို့လည်း အခုလေးပဲ ကောက်စိုက်ပြီးလို့ ခြေလက်ဆေးပြီးတာ" မိလုံးက ခေါင်းမှာ ပေါင်းထားတဲ့ ပုဆိုးနဲ့ လက်ကိုသုတ်ရင်း ပြောလိုက်သည်။


"အေးအေး လာကြအေ လယ်ကန်သင်းမှာပဲ ၀ိုင်းဖွဲ့ပြီး စားလိုက်ကြ ဟင်းကတော့ သိပ်မကောင်းဘူးတော် အရီးလေးလည်း ရှိတာလေးကိုပဲ စားဖြစ်အောင် ချက်လာရတယ် အသားငါးလေး ကြုံရင်တော့လည်း အဟုတ်သားအေ့ ငါ့တူမတွေ ပင်ပန်းလှတာ အားတောင်နာတယ်" ဒေါ်ဖွားစိန်က ကောက်စိုက်သမတွေကို ဟင်းကောင်း ချက်မကျွေးရလို့ စိတ်မကောင်းဖြစ်စွာ ပြောလိုက်သည်။

"အဲ့လိုလဲ ဘယ်မဟုတ်ပါ့မလဲ အရီးလေးရယ် ကျုပ်တို့အတွက်က မန်ကျည်းသီးစိမ်းဟင်းနဲ့ ငရုတ်သီးထောင်းလေးပါရင် အဆင်ပြေလှပါပြီတော်။ အရီးလေးက ငါးပိကောင် ကြော်ထားလိုက်သေးတယ်ဆိုတော့ ထမင်းတော့ စားမြိန်အုံးမှာပဲ" ပန်းမှုံက ဒေါ်ဖွားစိန်ကို နှစ်သိမ့်စကားပြောပြီး ထမင်းစားဖို့အတွက် ပြင်ဆင်သည်။
"ဟဲ့ အေးကို လာဟ နင်တို့ညီအစ်ကိုပါ ငါတို့နဲ့ တစ်ခါထဲ ၀င်စားလေ နင်တို့လည်း မနက်ကတည်းက ပျိုးသယ်ရတာ တော်တော်ပင်ပန်းရောပေါ့ လာလာ" မိလုံးက အေးကိုနဲ့ လင်းထွန်းကိုပါ သူတို့နဲ့အတူ ထမင်စားဖို့ခေါ်လိုက်သည်။

"ဟုတ်သားပဲ လူလေး တစ်ခါထဲဝင်စားလိုက် ငါ့တူလင်းထွန်းလည်း ထမင်းဆာလောက်ပြီ လာလာ ကိုယ့်မောင်နှမတွေ ဘာမှရှက်စရာမလိုဘူး လယ်ကန်သင်းမှာ ထမင်းစားဖူးတာပေါ့" ဒေါ်ဖွားစိန်က အေးကိုနဲ့လင်းထွန်းကို ပန်းမှုံတို့နဲ့ ထမင်းအတူစားဖို့ ပြောသည်။

Wednesday, June 15, 2011

***အရီးတို့လယ် ကောက်စိုက်တုန်းက***

 
“နှင်းသစ်ရေ ဟေး နှင်းသစ် ခွေးကြည့်ပါအုံးအေ့”
“လာခဲ့ပါ အရီလေး ခွေးက ချည်ထားပါတယ်တော့”
“မသိဘူးလေအေ ညည်းတို့ခွေးက ဆိုးလှတယ်ပြောလို့ ကြည့်ခိုင်းရတာဟဲ့ ငါကခွေးဆို အတော်ကြောက်တာ တလောက မိတင်မှုံ အကိုက်ခံလိုက်ရတယ်ဆိုတာ ကြားကတည်းက ညည်းတို့အိမ်ကို လာသာလာရတာ ခပ်လန့်လန့်ရယ်အေ”
“အရီးလေးကလည်း ခွေးက အဲ့လောက်မဆိုးပါဘူးတော့ အရီးမိတင်မှုံက အသံမပေးဘဲ ၀င်လာတော့ ခွေးက သူစိမ်းဆိုတော့ ကိုက်လိုက်တာပေါ့ အသံပြုပြီး ကြည့်ခိုင်းရင် ရပါတယ်”
“အေးပါအေ ထားပါတော့ ငါလာရင်းကိစပြောရအုံးမယ် မနက်ဖြန် ငါတို့ မြောက်ပြင်က လယ်စိုက်မယ်အေ့ အဲ့ဒါ ညည်းတို့အိမ်က ကောက်စိုက်တစ်ယောက်ထည့်လိုက်အုံး လက်စားပေါ့အေ ညည်းတို့လယ်စိုက်တော့ ပြန်ခေါ်ပေါ့”
“ထည့်လိုက်ပါ့မယ် အရီးလေးရယ် အချင်းချင်းတွေပဲ တစ်လှည့်စီပေါ့ ကျုပ်တို့လယ်တွေက ရေမ၀င်သေးပါဘူး။ ရေ၀င်တော့ ပြန်ခေါ်မှာပေါ့ ထည့်လိုက်မယ် စိတ်ချ”
“အေးအေး ဒါဆို ညည်းတို့အိမ်က တစ်ယောက် ထည့်တွက်လိုက်မယ်နော် ငါ ထွေးလှတို့ ၀ိုင်းဘက်ကို သွားလိုက်အုံးမယ်အေ လယ်က သိပ်မကျယ်တော့ ၇ ယောက် ၈ ယောက်လောက်ပဲခေါ်မှာပါအေ”

ဒေါ်ဖွားစိန်တစ်ယောက် ရွာထဲကို ကောက်စိုက်သမ လိုက်ခေါ်နေခြင်းဖြစ်ပါသည်။ တောရွာဓလေ့ သူ့လယ်စိုက်ရင်ကိုယ်က လိုက်စိုက်ပေး ကိုယ့်လယ်စိုက်တော့ သူ့ကိုပြန်ခေါ် အဲ့ဒီလိုနဲ့ တစ်ယောက်တစ်လှည့် အခကြေးငွေဆိုတာကို အဓိကမထား လက်စားခေါ်ပြီး လယ်စိုက်ကြတယ်။ လယ်ရှင်ကတော့ ကြုံရာဟင်းနဲ့ ထမင်းတော့ကျွေးရတာပေါ့။

ရွာထဲမှာ ဘယ်သူ့လယ်ပဲ စိုက်စိုက် အခုလိုပဲ ကိုယ်နဲ့နီးစပ်ရာနီးစပ်ရာ လက်စားခေါ်ပြီး စိုက်လိုက်တာပါပဲ။ ပျိုးနှုတ်ကျတော့လည်း ယောကျာ်းသား လေးငါးယောက်ကို နေ့လည်နေ့ခင်း နွားကျောင်းရင်း ပျော်ပွဲစားခေါ်လိုက်ရင် ပြီးပြီ။ လယ်သမား အချင်းချင်းတွေမို့ ငွေးရေးကြေးရေးဆိုတာကို အဓိကထားပြီး စကားပြောနေစရာ မလိုပါဘူး။ တစ်ယောက်ကိုတစ်ယောက် ရိုင်းပင်းကူညီ လုပ်ကိုင်ပေးကြတာပါပဲ။

အခုလည်း အရီးလေးဖွားစိန် ရွာထဲလှည့်ပြီး ကောက်စိုက်သမ ခေါ်လိုက်တာ တောင်ဝိုင်း၊ မြောက်ဝိုင်း၊ အရှေ့ဝိုင်း၊ အနောက်ဝိုင်း နှံ့တော့ ကောက်စိုက်သမ ရှစ်ယောက်က အဆင်ပြေသွားပါတယ်။ တစ်ရွာလုံးလှည့်ခေါ်ရတာကလည်း လယ်စိုက်တဲ့အချိန်ဆိုတော့ တစ်နေ့ကို သုံးလေးဦး တစ်ခါထဲစိုက်ကြတာမို့ တစ်ယောက်မရတော့ နောက်တစ်ယောက် ပြောင်းပြီးခေါ်ရလို့ပါ။

ကောက်စိုက်သမခေါ်ပြီးတော့ ဒေါ်ဖွားစိန် အိမ်သို့ပြန်လာခဲ့လေသည်။ အိမ်မှာကလည်း မြို့က ညီမ၀မ်းကွဲရဲ့သား ဒေါ်ဖွားစိန်ရဲ့ တူတော်မောင် လင်းထွန်း ရွာကိုအလည်အပတ် ရောက်နေလို့ ချက်ပြုတ်ကျွေးမွေးဖို့ ရှိသေးသည်။ လင်းထွန်းက မြို့ကလာတယ်ဆိုပေမဲ့ ငယ်ငယ်တုန်းက ရွာမှာပဲမွေးပြီး မြို့တက်သွားသူမို့ ရွာနဲ့သိပ်ပြီးမစိမ်းလှပါဘူး။ သူ့အစ်ကိုတွေလောက် ရွာကိုမရောက်ဖြစ်ပေမဲ့ တစ်နှစ်တစ်ခေါက်တော့ လာလည်တတ်သည်။ အခုလည်း လယ်စိုက်ချိန်မှာ ရောက်လာတာမို့ အလုပ်ကတော့ နဲနဲရှုပ်နေသည်။ သူ့ကိုလည်း ဂရုစိုက်ပြီးတော့ ဧည့်မခံနိုင်ပါဘူး။ လင်းထွန်းကလည်း အေးအေးဆေးဆေး သမားမို့ တော်သေးသည်။

“အမေရေ အမေ အရီးလေး လယ်စိုက်ခေါ်တာက ဘယ်နေ့လဲ”
ဒေါ်နှင်းသစ်ရဲ့ သမီး ပန်းမှုံက အမေဖြစ်သူကို မေးနေခြင်းဖြစ်သည်။
“မနက်ဖြန်လေ သမီးရဲ့ ဘာဖြစ်လို့လဲ”
“ဘာမှမဟုတ်ပါဘူး မနက်ဖြန်က တောင်ဝိုင်းက လေးခင်လှတို့ကလည်း ခေါ်ထားတယ်လေ အစ်မထွေးခင်က လေးခင်လှတို့ လယ်စိုက်လိုက်မှာဆိုတော့ ကျုပ်က အရီးလေးတို့ လယ်ကို လိုက်ရမှာပေါ့”
“အင်း ညည်းက အရီးလေးတို့လယ်ကို လိုက်သွားလိုက်ပေါ့အေ မိခင်လှတို့လယ်က အကျယ်ကြီးရယ် လူကလည်း သိပ်မများဘူးဆိုတော့ တော်တော်စိုက်ရမှာ။ အဲ့ဒီလယ်က အရင်ကတည်းက တစ်ရက်ထဲ ဘယ်တော့မှမပြီးဘူး အနည်းဆုံး နှစ်ရက်လောက်တော့ စိုက်ရတယ်”
“ဟုတ်ကဲ့ပါ အမေ ဒါဆို ကျုပ်အရီးလေးတို့ လယ်ပဲ လိုက်သွားလိုက်မယ်”
ပန်းမှုံက အမေဖြစ်သူကိုပြောပြီး မနက်လယ်စိုက်လိုက်ရမှာမို့ အိပ်ယာစောစော ၀င်ခဲ့သည်။
*********************

Tuesday, June 14, 2011

အာလူးထမင်းလုံး

ဒီနေ့မနက်တော့ မနေ့ကကျန်တဲ့ ငါးဟင်းအနှစ်ရယ်၊ ငါးတစ်တုံးရယ်ကို ထမင်းရယ်၊ အာလူးပြုတ်ပြီးသားရယ် ရောနယ်ပြီး နံနံက်စာအတွက်ဖြေရှင်းလိုက်ပါတယ်။ သူများတွေဆီမှာဖတ်ဖူးတာတော့ လုပ်နည်းက တစ်မျိုးပါ။ ကျွန်တော်ကတော့ ရှိတာလေးကိုပဲ ဖြစ်သလိုလုပ်စားလိုက်တာ။ အောက်က ပုံလေးတွေ အတိုင်းပါပဲ။ မစားခင် ဓာတ်ပုံလေး ရိုက်ထားလို့ ဘလော့ခ်မှာတင်ပေးလိုက်ပါတယ်။ ထမင်းနယ်ပြီးသားကို လုံးထားတာမို့ အာလူးထမင်းလုံးဆိုပြီး နာမည်တတ်လိုက်တာပါ။





ထမင်းလုံးရယ်၊ ငရုတ်သီးတောင့်ကြော်၊ နံနံပင်နဲ့ ချဉ်ရည်ဟင်းလေးပါ တွဲပြီး နံနက်စာကို စားလိုက်ပါတယ်။

အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ ကြပါစေ...။

ချက်စားဖြစ်သော ဟင်းလေးများ

ရွှေညာသားလေးတို့ဆီမှာ နွေရာသီရောက်စပြုလို့ ဟင်းချက်စရာ အသီးအနှံတွေ ဈေးပေါလာပါပြီ။ ဗီယက်နမ်ဈေးမှာ မြန်မာပြည်ကလို အသီးအရွက်တွေ တော်တော်များများဝယ်လို့ရပါတယ်။ အသားဟင်းတွေချည်းပဲ စားနေရတာ တကယ်ကို ငြီးငွေ့စရာကောင်းတယ်ဗျာ။ ဒါကြောင့် အသီးအနှံတွေ ဈေးပေါတုန်း များများဝယ်စား ဖြစ်တယ်။ ကျွန်တော်က ငယ်ငယ်ကတည်းက အသားကို သိပ်မစားဘူး။ အသီးအရွက်ကတော့ စားလို့ရတာဆိုရင် အကုန်စားတယ်။ ရွာမှာကြီးပြင်းလာရတာလည်း တခုပါမှာပေါ့လေ။

 ရွှေညာသားလက်ရာ မုန့်ညှင်းရွက် ချဉ်ရည်ဟင်းပါ


ရွာမှာက အသားငါးဆိုတာ လွယ်လွယ် မရဘူးမဟုတ်လား။ အလှူတို့၊ မင်္ဂလာဆောင်တို့ ရှိပါမှ အသားဟင်းဆိုတာ စားရတာလေ။ ကျန်တဲ့အချိန်ကတော့ ကြက်ဥတောင် အနပ်တိုင်း ပါတာမဟုတ်ဘူး။ တောရွာဓလေ့ ရာသီအလိုက်ပေါ်တဲ့ အသီးအနှံတွေ၊ တောထဲတောင်ထဲက ရတဲ့ သစ်ရွက်သစ်ဖုတွေပဲ စားရတာများတော့ အသားငါးထက် အသီးအရွက်တွေကို ပိုပြီးခုံမင်တယ်။ တနေ့ကတောင် သူငယ်ချင်းက ဗီယက်နမ်ဈေးကို ခေါ်နေတာ။ မလိုက်ချင်ဘူးလို့ ငြင်းလိုက်တယ်။ ကိုယ့်အကြောင်းကို သိလို့ပါ။ ဈေးရောက်လို့ အသီးအရွက်တွေကိုမြင်ရင် စိတ်က ဘယ်လိုမှမထိန်းနိုင်ဘူး။ ၀ယ်ချင်တာလေ အားလုံးကလည်း ဈေးသိပ်မကြီးတော့ မြင်ရာကိုဝယ်ချင်နေတော့တာပဲ။ နောက်ပြီး အရင်တစ်ခေါက် တုန်းက ၀ယ်ထားတာလေးတွေလည်း ကျန်နေသေးလို့ပါ။ မဟုတ်ရင်တော့ လိုက်ဖြစ်မှာပေါ့။ 

 ဂေါ်ဖီလေးပါ ထည့်လိုက်သေးတယ်။နံနံပင်လည်း ထည့်ထားပါတယ်။ မွှေးမွှေးလေးနဲ့ သောက်လို့ အတော်ကောင်း။

ငါးဟင်းကတော့ ရေခဲသေတ္တာထဲ ထည့်ဖို့ဗူးထဲကိုတခါတည်း ထည့်ထားတာမို့ ဒီအတိုင်းပဲ ရိုက်လိုက်ပါတယ်။

မနေ့ကတော့ မုန့်ညှင်းရွက် ချဉ်ရည်နဲ့ ဆော်လမွန်ငါးဟင်း ချက်စားဖြစ်တယ်ဗျ။ အချဉ်ရည်ဟင်းကတော့ သူတို့ဆီက ချဉ်ပေါင်ရွက်နဲ့ ချက်တာပါ။ အရွက်ပုံစံမတူပေမဲ့ ချဉ်တာကတော့ ကျွန်တော်တို့ဆီက ချဉ်ပေါင်ရွက်လိုပါပဲ။ စားလို့ အတော်ကောင်းပါတယ်။ အဲ့ဒီအရွက်နဲ့ မုန့်ညှင်းရွက်ကို ရောပြီး ချဉ်ရည်သောက် ချက်စားပါတယ်။ ငါးကိုတော့ မကြော်တော့ပဲ ခရမ်းချဉ်သီး၊ ငရုတ်သီးတောင့်လေးထည့်၊ နံနံပင်လေးအုပ်ပြီး ချက်ပါတယ်။ တောသားဆိုတော့ တောစတိုင်ပဲ တတ်သလိုမှတ်သလို ချက်စားလိုက်ပါတယ်။ ဒါတောင် ငါးဟင်းက ဆီနည်းနည်း များသွားသေးတယ်။ အမေ့လက်ရာကိုတော့ မမှီသေးဘူးပေါ့နော့။ မကြာခင်တော့ အမေ့လက်ရာ ဟင်းလေးတွေ ပြန်စားရတော့မှာမို့ စိတ်ထဲမှာ ပျော်နေမိတယ်ဗျာ။ ကျွန်တော်ချက်တာလေးတွေလည်း အလည်လာရင်း မြည်းစမ်းသွားပါအုံးနော်။ ဟင်းချက်တဲ့ မမတွေလည်း အလုပ်တွေများနေတယ်ထင်တယ်။ ဟင်းအသစ် မတင်ကြဘူးဗျ။

ရွှေညာသားလက်ရာ ငါးဟင်းပါ။ နံနံပင်နဲ့ ငရုတ်သီးတောင့်လေးတွေပါ ထည့်ထားတယ်။ အားမနာတမ်း သုံးဆောင်သွားပါအုံးဗျာ။

လာလည်ကြတဲ့ ကျွန်တော် မိတ်ဆွေ ညီအစ်အကိုမောင်နှမတစ်တွေ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး ဆောင်ရွက်ဖွယ် ကိစ္စအ၀၀ အဆင်ပြေကြပါစေ။

မယ်အေးလှရဲ့ တစ်နေ့တာ

အညာရဲ့ နံနက်အစော မီးဖိုချောင်မြင်ကွင်း( photo from google)
“အောက် အီ အီး အွတ်” 
“တုန်…. တုန်….တုန်…” လင်းကြက်တွန်သံများနဲ့အတူ ရွာဦးကျောင်းမှ တုန်းခေါက်သံက ကျေးလက်နံနက်အာရုဏ်၏ တိတ်ဆိတ်ငြိမ်သက်မှု့ကို လှုပ်နှိုးလိုက်သည်။

“ခြစ်… ခြစ်...ခြစ်” အိပ်ယာဘေးသေတ္တာပေါ်မှာ ညကတည်းက အရန်သင့် တင်ထားသော ဓာတ်ဆီမီးခြစ်ကို ယူခြစ်ပြီး မယ်အေးလှတစ်ယောက် ရေနံဆီမီးခွက်ထွန်းညှိလိုက်သည်။

ယာတောကို သွားကြမည့် ယောကျာ်းဖြစ်သူနဲ့ သားသမီးတွေအတွက် နံနက်စာချက်ပြုတ်ပြင်ဆင်ဖို့ရာ မယ်အေးလှ တစ်ယောက် အိပ်ယာမှထခဲ့လေ၏။

မီးဖိုချောင်မှာ မီးခွက်ကိုထားခဲ့ပြီး အပေါ့အလေးသွားဖို့ အိမ်သာရှိရာ အိမ်နောက်ဖေးဆီသို့ လှမ်းလာခဲ့သည်။ ကိစ္စ၀ိစ္စ တွေပြီးတော့ လက်ဆေးသန့်စင်ပြီး မီးဖိုချောင်ဆီသို့ တစ်ခေါက်ပြန်လာခဲ့သည်။ ဆားအိုးထဲမှ ဆားအနည်းငယ်ကို ယူပြီး သွားတိုက်လိုက်သည်။ ပြီးတော့ စဥ့်အိုးမှရေကို ဖလားခွက်နဲ့ခပ်ပြီး မျက်နှာသစ်လိုက်ပါသည်။ နံနက်အစောမှာ ရေအေးအေးနဲ့ထိတွေ့မှု့က လူကိုလန်းဆန်းသွားစေတာတော့ အမှန်ပင်။  မျက်နှာသစ်ပြီးတော့ မီးဖိုမှာ မီးမွှေးပြီး ရေနွေအိုးကို ပထမဆုံး တည်လိုက်သည်။ ရေနွေးအိုးတည်ထားတုန်းမှာ ထမင်းချက်ဖို့အတွက် ဆန်ဆေးထားလိုက်သည်။ ရေနွေအိုးဆူတော့ ရေနွေးခရားမှာလ္ဘက်ခြောက်ထည့်ပြီး ရေနွေးခပ်ထားလိုက်သည်။ ထမင်းအိုးကို မီးဖိုပေါ်တင်ပြီး ထမင်းနဲ့စားဖို့ရာအတွက် စီမံရပြန်သည်။ ဒီမနက်တော့ ညကပြုတ်ထားတဲ့ ထောပတ်ပဲပြုတ်ကို ကြက်သွန်နီလေး ဆီသတ်ပြီး ပြန်ကြော်ပေးဖို့ ပြင်ဆင်ထားလိုက်သည်။ နောက်တစ်မျိုးကတော့ ခရမ်းချဉ်သီးကို မီးဖုတ်ပြီး ငရုတ်သီးလေးနဲ့ ထောင်းလိုက်မည်။ ဒီလောက်ဆိုရင် နံနက်အစော ထမင်းကြမ်းအတွက် အဆင်ပြေလောက်ပါ၏။

ထမင်းအိုးငှဲ့ပြီး ခဏကြာတော့ မီးဖိုထဲမှ မီးကျည်းခဲများကို ယက်ထုတ်ပြီးဘေးနားမှာ ထမင်းအိုးကို နှပ်ထားလိုက်သည်။ တဆက်တည်း ဆိုသလို ပဲပြုတ်ကြော်အိုးကို မီးဖိုမှာတင်ပြီး ကြော်လိုက်သည်။ ခရမ်းချဉ်သီးလေးတွေကိုလည်း သီတံမှာထိုးပြီး မီးခဲပေါ်မှာ တင်ထားလိုက်သည်။ ပဲပြုတ်ကြော်အိုး ကျက်တော့ ရေနွေးအိုးနောက်တစ်လုံး ထပ်တည်ထားလိုက်သည်။  တောထဲကို ရေနွေးဗူးထည့်ပေးလိုက်ရအုံးမည် မဟုတ်ပါလား။ အားလုံးပြင်ဆင်ပြီးတော့ နွားတင်းကုပ်ဆီသို့ သွား၍ ငဖြူနဲ့ငညိုကို နွားစာကျင်းမှာ ရွှေ့ချည်ပြီးနွားစာထည့်ကျွေးထားလိုက်သည်။ မိုးဦးကျစမို့ သူတို့နှစ်ကောင်လည်း ပင်ပမ်းလှသည်။ တိရစ္ဆာန်ပေမဲ့ သူ့တို့တာဝန်ကိုတော့ သူတို့သိသည်။ သခင်တွေ အိပ်ယာထကတည်းက သူတို့လည်း အိပ်ယာမှထပြီး စားဖို့ရာအတွက်စောင့်နေကြသည်။ မြေကြီးကို ရုန်းကန်ထွက်ယက်ရမှာဆိုတော့ သူတို့လည်း အားပြည့်ဖိုလိုသည်မဟုတ်ပါလား။

နွားတွေကို နွားစာကျင်းမှာကျွေးထားခဲ့ပြီးတော့ ညကစွန့်ထားတဲ့  နွားချေးတွေကိုကျုံးရပြန်သည်။ တံမြက်စည်းကိုကိုင်လို့ နွားတင်ကုပ်နဲ့ အိမ်ဝိုင်းထဲကို အမှိုက်လှဲကျင်း သန့်ရှင်းရေးလုပ်လိုက်သည်။ အရှေ့ကောင်းကင်ဆီမှ ရောင်နီလာတော့ ယောကျာ်းဖြစ်သူ ကိုဘမောင်နဲ့ သားသမီးတွေကို နှိုးလိုက်ပါသည်။

“ကိုဘမောင်…ကိုဘမောင် ထတော့တော် ရောင်နီလာပြီတော့ တော် ဒီနေ့ မြောက်တောကို ယာကျဲသွားမှာဆို ကျုပ် ငဖြူနဲ့ငညိုကိုလည်း အစာကျွေးထားပြီးပြီ”

ယောကျာ်းဖြစ်သူကို နှိုးပြီးပြန်တော့“လူလေး ထွေးမောင် သမီးအေးမိ ထကြတော့ကွယ် မိုးလင်းတော့မယ် မင်းတို့အဖေနဲ့ ယာကျဲလိုက်ရမှာ အမေအားလုံး အဆင်သင့် ပြင်ထားပြီးပြီ နေမပူခင် ယာထဲစောစော ရောက်တော့ သက်သာတာပေါ့ ထကြ ထကြ”

ယောကျာ်းနဲ့ သားသမီးတွေကို နှိုးပြီးတော့ မီးဖိုချောင်ထဲမှာ ဘုရားဆွမ်းတော်တင်ဖို့အတွက် ထမင်းအိုးထဲက ဦးဦးဖျားဖျား ထမင်းကိုခူးပြီး ပဲပြုတ်ကြော် ခရမ်းချဉ်သီးထောင်းလေးကို အပေါ်ကပုံလိုက်သည်။ သောက်တော်ရေခွက်မှာလည်း သောက်ရေအိုးမှ ရေကိုခပ်ဖြည့်ပြီး အိမ်ပေါ်ဘုရားစင်ရှိရာဆီသို့ တက်လာခဲ့သည်။ ဆွမ်းတော်ဗန်းကို ဘုရားစင်မှာတင်ပြီး ဖယောင်းတိုင်လေးတစ်တိုင်ကို ထွန်းညှိပူဇော်လိုက်သည်။ အဲ့ဒီနောက်တော့ တဘက်လေးကို ပခုံးပေါ်မှာတင်လို့ ဘုရားစင်ရှေ့မှာထိုင်ကာ လက်အုပ်ချီပြီး ဘုရားဆွမ်းတော်ကပ်ကို မတိုးမကျယ်လေး ဆိုပြီးဆွမ်းကပ်လိုက်သည်။ အရပ်ဆယ်မျက်နှာကို မေတ္တာပို့အမျှဝေပြီး ကြေစည်လေးပါ ထုလိုက်သည်။ ပါးစပ်မှလည်း အခုလို ဆွမ်းကပ်လှူရသော အကျိုးအားကြောင့် ယာတောကို သွားမည့် ယောကျာ်းဖြစ်သူနဲ့ သားသမီးတွေအတွက် ဘေးအန္တရာယ်မှ ကင်းဝေးစေကြောင်း ဆုတောင်းလိုက်သေးသည်။ မိုးဦးကျကာလဆိုတော့ နွေရာသီမှာတွင်းအောင်နေခဲ့တဲ့ ပိုးကောင်မွှားကောင်တွေက ညဆိုအစာထွက်ရှာ တတ်ကြသည်။ မနက်အစော တောထဲထွက်ရင် အဲ့ဒါလေးတွေတော့ သတိထားရသည်။ မြွေတို့ကင်းတို့လို အဆိပ်ရှိတဲ့ အကောင်တွေက တောင်သူလယ်သမားတွေအတွက် အသက်ကိုပင်ဒုက္ခပေးနိုင်သည် မဟုတ်ပါလား။

မယ်အေးလှ ဆွမ်းတော်ကပ်ပြီးတော့ ကိုဘမောင်လည်း မျက်နှာသစ်ပြီးလို့ နွားတွေကို နွားစာထပ်ထည့်ကျွေးနေသည်။ ထွေးမောင်နဲ့ အေးမိတို့ မောင်နှမလည်း ဖခင်နဲ့အတူ ယာတောသွားဖို့ အဆင်သင့်ပြင်ဆင်ပြီး ထမင်းကြမ်းစားကြသည်။ သူတို့သားအဖတစ်တွေ ထမင်းကြမ်းစားနေတုန်း မယ်အေးလှက မျိုးစေ့တောင်းမှာ မျိုးစေ့ထည့်ရင်းက

“ကိုဘမောင် နှမ်း ဘယ်လောက်ထည့်လိုက်ရမတုန်းတော့ မနှစ်က လေးဗူးကျဲတာ နဲနဲပါးသလားလို့ ပဲစင်းငုံကတော့ တစ်ပြည်ထည့်လိုက်မယ် နှမ်းကိုလည်း ဒီနှစ် ခြောက်ဗူးလောက်တော့ ထည့်လိုက်မယ်တော် ကြည့်ပြီးပက်ပေါ့။ သမီးအေးမိ အမေ ပဲလက်ကောက်စေ့နဲ့ ဖရုံစေ့လေးတွေထည့်ပေးလိုက်တယ် ယာခင်းမြောက်စပ်က ရှားပင်ခြောက်ကြီးနားမှာ စိုက်ထားလိုက်နော်”
“ကိုယ့်ယာခင်းနားဆိုတော့ ရောက်တဲ့အခါ လွယ်လွယ်ခူးစားလို့ရတာပေါ့..”
မျိုးစေ့ထည့်ပေးရင်းက သမီးဖြစ်သူကို မှာကြားနေသည်။ အားလုံး နံနက်စာ ထမင်းကြမ်းစားသောက်ပြီးတော့ မယ်အေးလှက ကိုဘမောင် ထွန်းရှဉ်းကောက်ရာတွင် ကူညီလုပ်ကိုင်ပေးရပြန်သည်။ ထွန်ရှဉ်းကောက်ပြီးတော့ သားဖြစ်သူထွေးမောင်က ထွန်ရှဉ်းကိုမောင်း သမီးဖြစ်သူ အေးမိက မျိုးစေ့တောင်းကို ရွက်လို့ ကိုဘမောင်တို့ သားအဖသုံးယောက် ယာတောကို ယာကျဲထွက်သွားကြတော့သည်။

တန်ဖိုးကြီး ပစ္စည်းတွေ ကင်းတဲ့ အညာမီးဖိုချောင်(photo from google)
သူတို့တွေထွက်သွားတော့ အိမ်မှာကျန်ခဲ့တဲ့ မယ်အေးလှက အငယ်ဆုံးကောင် ဖိုးသစ်ကို အိပ်ယာမှ နှိုးလိုက်သည်။ ဖိုးသစ်က အိမ်မှာအငယ်ဆုံးမို့ အိပ်ယာထအမြဲနောက်ကျတတ်သည်။ ဖိုးသစ်အိပ်ယာထပြီး မျက်နှာသစ် ကျောင်းသွားဖို့ ပြင်ဆင်ပြီးတော့ သားအမိနှစ်ယောက်အတူတူ ထမင်းကြမ်းစားကြသည်။ မယ်အေးလှတစ်ယောက်လည်း ရွာဦးကျောင်းက တုန်းခေါက်ကတည်းက အိပ်ယာမှထပြီး လုပ်လိုက်ရတာ အခုမှပဲထိုင်ရတော့သည်။ ဒါလည်း ကြာကြာထိုင်ရမည် မဟုတ်။ နံနက်စာ စားပြီးပြန်တော့ နေ့လည်စာ အတွက် ချက်ဖို့ကျန်သေးသည်။ သားအမိနှစ်ယောက် ထမင်းစားပြီးတော့ ဖိုးသစ်လည်း ကျောင်းသွားဖို့ လွယ်အိတ်ကို ကောက်လွယ်ပြီး ကျောင်းသို့ထွက်ခဲ့သည်။

Monday, June 13, 2011

အလည်ခရီးမှ အမှတ်တရ ဓာတ်ပုံလေးများ

အရင်ပို့စ်မှာ စာတွေနဲ့မို့ ဓာတ်ပုံလေးတွေ သိပ်ပြီးမထည့်လိုက်ရဘူး။ ဒါကြောင့် ဓာတ်ပုံလေးတွေပဲ သီးသန့် တင်ပေးလိုက်ပါတယ်။ အရုပ်ပြတိုက်မှာက ကင်မရာယူခွင့်မရပါဘူး။ ပိုက်ဆံများများပေးရင်တော့ ရိုက်ခွင့်ရမှာပေါ့။ အရုပ်လေးတွေကတော့ ရှေးကျတာကလွဲလို့ တခြားထူးထူးခြားခြား မရှိပါဘူး။ ကျွန်တော်တို့ဆီက ဘုရားပွဲဈေးမှာရောင်းတဲ့ အိုးပုတ်၊ချိုးရုပ် လေးတွေလိုပဲ ရွှံ့နဲ့လုပ်ထားတာ ပုံစံမျိုးစုံ၊ အရောင်မျိုးစုံပေါ့။  ဓာတ်ပုံထဲမှာ မပါလို့ ပြောပြတာပါ။ ကဲ အောက်ကဓာတ်ပုံလေးတွေ ကတော့ လျှပ်တစ်ပြတ် ရိုက်ချက်လေးတွေပေါ့။ ကြည့်ရှု့အားပေးသွားပါအုံးနော်။

 ဘုရားကျောင်းကို အဝေးမှလှမ်းမြင်ရတဲ့ပုံပါ


 ဘုရားကျောင်းပေါ်တက်တဲ့လမ်းပါ။ ကျွန်တော်တို့က တခြားလမ်းကနေ ပတ်ပြီး တက်ခဲ့ပါတယ်။


စားသောက်ဆိုင်ရှေ့တစ်နေရာ

 ဒီနေရာလေးကက သူတို့တွေ ဓာတ်ပုံလာရိုက်တဲ့နေရာပါ။ ရှု့ခင်းသာ သဘောမျိုးပေါ့ဗျာ။
 ပြုံးပျော်ကြည်နူးနေကြတဲ့ သတို့သားနဲ့သတို့သမီး။ နိုင်ငံခြားသားတွေက ဓာတ်ပုံဝိုင်းရိုက်တယ်ဆိုတာကို ပြောချင်လို့ထင်တယ် ကျွန်တော်တို့ကို ဓာတ်ပုံအတင်းရိုက်ခိုင်းတယ်။ သူတို့ကင်မရာသမားကလည်း ကျွန်တော်တို့ကို ပြန်ရိုက်ပေးသေးဗျာ။ ဒီအချိန်လောက်ဆို သတင်းစာထဲများ ပါပြီလားမသိဘူး။

 ဒါကတော့ ဘုရားကျောင်းရှေ့က ရုပ်ထုပါ။

ချဲဂဏန်းပေးနေတာထင်တယ် မြင်အောင်ကြည့်နော်။
 အပေါ်ကပုံက ဘုရားကျောင်းထဲကပုံပါ။ အထက်နားလေးက သုံးပုံက သူတို့ ဘုရားရယ်၊ ဘုရားသားတော်ရယ်၊ ဘုရားဝိညာဉ်ရယ်ပါတဲ့။ သုံးယောက်မဟုတ်ပါဘူးတဲ့။ တစ်ယောက်ထဲပါပဲ။ စရိုက်သုံးမျိုး ရှိတယ်ပြောတာလို့ထင်တာပဲ။ ဆရာမကတော့ နေကို ဥပမာပေးပြောတယ်။ နေက တခုတည်းပေမဲ့ အလင်းရောင်ပေးတယ်၊ အပူဓာတ်လည်းပေးတယ်၊ အဲ့ဒီသဘောပဲတဲ့ဗျာ။
ဒီပုံကတော့ ဘုရားကျောင်းထဲက ဘုန်းကြီးတွေပါ။ နှစ်ယောက် ဘာတွေပြောနေလဲတော့ မသိပါဘူး။ မသိမသာလေး လှမ်းရိုက်လာတာ။ ကျွန်တော်တို့ သွားတဲ့ကျောင်းက ဘုန်းကြီးတွေပဲ နေတာတဲ့။ မယ်သီလတွေပဲ နေတဲ့ကျောင်းလည်းရှိတယ်ပြောတယ်။ သူတို့တွေအကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်းတယ်ဗျ။ သူများကို အကူအညီမတောင်းဘူးတဲ့ သူ့တို့ဘာသာပဲ လုပ်ကိုင်စားသောက်ကြတယ်ပြောတယ်။ စိုက်ပျိုးလို့ရတာကနေ ရောင်းချပြီး စားဖို့၊၀တ်ဖို့နဲ့ လိုအပ်တဲ့အသုံးအဆောင်ကို ၀ယ်ကြတယ်တဲ့။ လည်ပင်းမှာ ရွှေရောင်လက်ဝါးကပ်တိုင် ဆွဲထားတဲ့ ဘုန်းကြီးတွေလည်း တွေ့ခဲ့သေးတယ်။ သူတို့ကတော့ ရာထူးကြီးကြီးတွေ ဖြစ်မှာပေါ့။