ပုပ္ပားတောင်အဝေးမှရှု့ခင်း
ပုပ္ပားတောင်ဟာ မြန်မာပြည်အလယ်ပိုင်းက မန္တလေးတိုင်း၊ မြင်ခြံခရိုင်၊ကျောက်ပန်းတောင်း မြို့နယ်မှာ တည်ရှိ ပါတယ်။ ပင်လယ်ရေမျက်နှာပြင် အထက် (၄၉၈၁ ပေ) အမြင့်မှာတည်ရှိပါတယ်။ ပုပ္ပားတောင်လို့ပြောလိုက်ရင် မြန်မာပြည်ရဲ့ နတ်များစုဝေးရာ နေရာဆိုတာကို လူတိုင်းသိကြမှာပါ။ ပုဂံရာဇ၀င်နဲ့ ဆက်စပ်နေတဲ့ ပန်းဆက်သမား ကိုဗျတ္တနဲ့ မယ်ဝဏ္ဏတို့ရဲ ဇာတ်လမ်းကလည်း ထင်းရှားတဲ့ရာဇ၀င်တစ်ခု အနေနဲ့ရှိပါတယ်။ပုပ္ပား ဘုရားဖူးဆိုပေမဲ့ တကယ်တမ်း လူသိများတာက တောင်ကလပ်ကိုပါ။တောင်ကလပ်ကတော့ ပုပ္ပားတောင်မကြီး ရဲ့အနောက်ဘက်အစွယ်မှာ တည်ရှိပါတယ်။တောင်ကလပ်ပတ်ဝန်းကျင်မှာ လူနေများပြီး ဈေဆိုင်များ နတ်နန်း များနဲ့ လူစည်ကားပါတယ်။ပုပ္ပားတောင်မကြီးပေါ်ကိုတော့ တက်ရောက်သူနည်းလှပါတယ်။ပုပ္ပားတောင်ကို ကားနဲ့လည်းတက်နိုင်ပါတယ်။ ကျောက်ပန်းတောင်းကနေ ပုဂံကိုသွားမယ်ဆိုရင် အရင်ဆုံး ပုပ္ပားတောင်ကလပ် ကိုဝင်ပြီးမှ ဗျတ္တပန်းဆက်လမ်း(ပုပ္ပားနဲ့ပုဂံ)အတိုင်း ပုဂံကိုသွားကြပါတယ်။တောင်ကလပ် ...
မယ်ဝဏ္ဏနဲ့တောင်ပြုန်းမင်းညီနောင်
အခုကျွန်တော်ပြောပြမှာက ကျွန်တော်တို့ရွာဘက်ကနေ ပုပ္ပားတောင်ကို ခြေလျင်တက်တဲ့ခရီးစဉ်ပါ။ ကျွန်တော်တို့ရွာကနေ ပုပ္ပားတောင် ကိုလှမ်းမြင်နေရပေမဲ့ တကယ်တမ်းသွားမယ်ဆိုရင်တော့ အမြင်နီး၍ခရီးဝေး ဆိုသလို ရောက်အောင်သွားမယ် ဆိုရင် တစ်နေ့ကုန်ပါတယ်။ ကျောက်ပန်းတောင်းကနေပြီး ကားနဲ့သွားမယ်ဆိုရင်တော့ နေ့ချင်းပြန်ရောက်ပါ တယ်။ခြေလျင်ခရီးကတော့ နဲနဲပင်ပမ်းတာပေါ့ဗျာ။ ဒါပေမဲ့ ဒေသန္တရ ဗဟုသုတ ရှာမှီးလိုသူတွေအတွက် တော့ သွားသင့်တဲ့ခရီးပါ။ တောသူတောင်သားတွေ အတွက်ကတော့ ပင်ပန်းတယ်ဆိုတာကို စာမဖွဲ့တော့ဘူးလေ။ ဒါကြောင့် တောင်သူလုပ်ငန်းခွင်သိမ်းတဲ့ အခါမျိုးမှာနီးနီးနားနား ပုပ္ပားကိုပဲ ဘုရားဖူးသွားကြတယ်။ သင်္ကြန်ကာလ ဆိုရင်တော့ပုပ္ပားမှာလူအစည်ကားဆုံးပေါ့။ ဘုရားဖူးဆိုတာထက် လူငယ်တွေ ပျော်ပွဲစားထွက်တယ်ဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်။ တောသူတောသားတွေ ပျော်ပွဲစားထွက်ကြတာပေါ့။ ကျွန်တော်တို့ရွာကနေ ပုပ္ပားတောင်မကြီးကို ခြေလျင်သွားမယ်ဆိုရင် ရွာကညနေ သုံးနာရီလောက်မှာစထွက်တယ်။ ညနေဆိုလို့ ညပိုင်းသွားတာ မဟုတ်ဘူးနော်။ ပုပ္ပားတောင်ခြေက ရွာကိုသွားပြီးတော့ ညအိပ်ပြီး အဲ့ဒီရွာကနေ နံနက်အစောထ ပုပ္ပားတောင်ပေါ် ကိုတက်တာ။ ကျွန်တော်တို့ရွာ မြောက်ဘက်မှာက လွန်အိုင်၊ဘိုတဲ စီးမ၊ဆည် လျှော်တော၊နတ်ကန်လည် ဆိုပြီးတော့ရွာတွေ ရှိတယ်။ ကျွန်တော်တို့ရွာနဲ့စာရင် အဲ့ဒီရွာတွေက ကုန်းပေါ်နဲနဲရောက်တယ်။လျှော်တောနဲ့ နတ်ကန်လည်က ပုပ္ပားတောင်နဲ့ ပိုနီးတော့ ညနေပိုင်းမှာ လျှော်တောရွာကို ရောက်အောင်သွားပြီးတော့ ညအိပ်တယ်။ အဲ့ဒီရွာ ကနေမှ မနက်အစော ထပြီးတောင်ပေါ်ကို ခြေလျင်တက်ကြတာ။ အသိမိတ်ဆွေရှိရင်တော့ အသိမိတ်ဆွေအိမ်မှာ တည်းခိုနိုင်သလို မရှိရင်တော့ ကျေးရွာစာသင်ကျောင်းမှာ နားပြီးတော့ သွားလို့ရပါတယ်။ ကျွန်တော်တို့သွားခဲ့တုန်းက ရွာကလူငယ်တွေစုပြီး သွားကြတာဆိုတော့ လျှော်တောရွာက သူကြီးနဲ့ခင်မင်တာကြောင့် သူကြီးအိမ်မှာပဲ ညအိပ်ပြီး ပုပ္ပားတောင်ပေါ်ကို တက်တယ်။ အခုကျွန်တော်ပြော ခဲ့တဲ့ရွာတွေက အများစု ငှက်ပျောစိုက်ခြင်းနဲ့ အသက်မွေးကြတယ်။ တခြားလယ်တို့၊ကြက်သွန်၊ပဲစင်းငုံစတဲ့ ရာသီပေါ်သီးနှံတွေလည်း စိုက်ပျိုးကြပါတယ်။ ငှက်ပျောကတော့ အများဆုံးပေါ့။ သူတို့ရွာတွေက မြေပြန့်လွင်ပြင် နည်းတယ် ပုပ္ပားတောင်ကြီး မီးတောင်ပေါက်တုန်းက ကျန်ခဲ့တဲ့ ချော်ကျောက်တွေက နေရာတိုင်းမှာ ရှိတယ်ဆိုတော့ အဲ့ဒီကျောက်ခဲကြားမှာပဲ သစ်ပင်တွေစိုက်ပျိုးပြီးတော့ လုပ်ကိုင်စားသောက် ကြရတာ။ ငှက်ပျောတွေက မြေပြန်လွင်ပြင် မဟုတ်လည်း စိုက်ပျိုးလို့အဆင်ပြေတယ်ဗျ။
ပုပ္ပားတောင်ပုံ ကျွန်တော်တို့ရွာဘက်မှ မြင်ကွင်းက(ယက်ကန်းစင်က လက်ခတ်ပုံနဲ့တူပါတယ်)
စကောတ၀ိုင်းစာလောက် မြေပြင်လေးရှိရင် အဲ့ဒီမှာ ကျင်း(တွင်း)တူးပြီး စိုက်လို့ရတယ်။ အဲ့ဒီရွာတွေက သူတွေကတော့ ငှက်ပျောစိုက်တာ ကျွမ်းကျင်ကြတယ်။ နောက်ပြီး ငှက်ပျောက တစ်ခါစိုက်ထားပြီးရင် လေးငါးနှစ်က အသစ်ပြန်စိုက်စရာမလိုဘူးလေ။ရှိပြီးသားအပင်ကို ပေါင်းသင်၊မြက်နှုတ်ပြီး မြေသြဇာလေး ထည့်ပေးနေယုံပဲ။ လူလည်းသိပ်ပြီးတော့ မပင်ပမ်းဘူးလေ။ ပေါင်းသင်မြက်နှုတ်တယ်ဆိုတာလည်း အပင်တွေအောက်ထိုင်ပြီးတော့ အေးအေးဆေးဆေး ပေါင်းသင်ပေးယုံပဲ။နေတောင်မပူဘူး ဆိုတော့ လူသက်သာတာပေါ့။ ဒါကြောင့် ငှက်ပျောကိုလူတိုင်းနီးပါးစိုက်ပျိုးကြတယ်။ လယ်ယာကိုင်းကျွန်းလုပ်သူတွေ နဲ့စာရင် သူတို့ကချောင်လည်ကြတယ်။ ဈေးသုံးလိုတယ်ဆိုရင် မြို့သွားရင်း ငှက်ပျောခိုင်လေး နှစ်ခိုင်လောက် ထမ်းသွားလိုက် ငါးပိဖိုးဆားဖိုးတော့ အသာလေးပေါ့။ ငှက်ပျောတွေ လှိုင်လှိုင်ပေါတဲ့ ၀ါဆိုလ သီတင်းကျွတ်လရောက်ရင် သူတို့တွေလက်ဖျား ငွေသီးနေတော့တာပါပဲ။ ပုပ္ပားတောင်သွားရင်း ငှက်ပျောသီး အကြောင်းရောက်နေပြီ။ ဗဟုသုတရှာရင်း သွားကြမှာဆိုတော့ အဲ့ဒီနားက ရွာလေးတွေအကြောင်းကို ပြောပြတာပါ။ ပြီးတော့အဲ့ဒီရွာတွေ ငှက်ပျောခြံတွေဆိုတာက စာရေးသူနဲ့လည်း ရင်းနှီးပြီးသားတွေ ဖြစ်နေတယ်။ သူတို့တွေဆီမှာ ငှက်ပျောသီးတွေ လှိုင်လှိုင်ပေါတဲ့အချိန် ၀ါဆိုလ မိုးရာသီထဲမှာဆိုတော့ ငှက်ပျောတွေခုတ်ပြီးရင် ကားလမ်းဆီကိုရောက်အောင် သယ်ရတာ သိပ်ခက်တယ်။ လှည်းနဲ့ပို့တာရှိသလို လူတွေလည်းပခုံးထမ်းနဲ့ ပို့ကြတယ်။ထမ်းခကတော့ အဖီး(ငှက်ပျောသီးအဖီး)ရေနဲ့ ရတာပေါ့။ တစ်ဖီးကို သုံးကျပ်ဆိုရင် ဆယ်ဖီးထမ်းနိုင်ရင် သုံးဆယ်ရတယ်။ အဖီးဆိုတာလည်း သူတို့ကတစ်ဖီး ချင်းခွဲထားတာမဟုတ်ဘူးဗျ။ ငှက်ပျောခိုင်ကို အပင်ကနေခုတ်ပြီးတော့ ငှက်ပျောဖက်နဲ့ ပြန်ပြီးလုံနေအောင်ထုပ်ထားတာ။ ငှက်ပျောခိုင်အညှာတံမှာ အဖီးအရေအတွက်ကို ဓားနဲ့ထစ်ပြီးတော့ မှတ်ထားပေးတယ်။ ထမ်းမည့်သူက ကိုယ့်ဘာသာအခိုင်ကိုကြည့်ပြီးတော့ ယူရတာပေါ့။ ကျွန်တော်ရွာမှာတုန်းက ကျောင်းပိတ်ရင် ငှက်ပျောသီးအငှားလိုက်ထမ်းတယ်။ မုန်းဖို့ရတာပေါ့ဆိုပြီးတော့ သူများတွေနဲ့လိုက်ထမ်းတာ။ တစ်ဖက်ကိုဆယ်ဖီးနဲ့ အဖီးနှစ်ဆယ် ဆိုရင် တစ်ဖီးသုံးကျပ်နှုန်းနဲ့ ငွေခြောက်ဆယ်ရတယ်။ အဲ့ဒီတုန်းကတော့ ငွေခြောက်ဆယ်ဆိုလည်း ကျွန်တော်တို့လို ကျောင်းသားငယ် တွေအတွက်က များတာပေါ့။ ဈေးကလည်းအဲ့ဒီလောက်ပါပဲ။ တစ်ခါတစ်လေ လူခေါ်ရတာခက်ရင် ဈေးပိုပေးပြီးတော့ အပြိုင်ခေါ်တယ်။ အဲ့ဒီအခါမျိုးဆိုရင်တော့ လေးငါးခြောက်ကျပ်အထိ ရတာပေါ့။ ထမ်းရတာလည်း တကယ်တော့ မသက်သာလှဘူး။ ရွာကနေအစောထ အဖွဲ့ခေါင်းဆောင်က ဦးဆောင်ပြီး ငှက်ပျောခြံရှိရာကို သွားကြတာ။ ခြံထဲရောက်ပြီဆိုတာနဲ့ လူတွေက အတင်းပြေးကြတာပဲ။ ငှက်ပျောခိုင်တွေ ပုံထားတဲ့အပုံရှာကြတာလေ။ အပုံနားရောက်တော့ သူ့ထက်ငါဦးအောင် ငှက်ပျောခိုင် အညှာသေးတာကို ရွေးပြီးတော့ယူထားကြတာ။မပြေးဘဲနောက်ကနေခဲ့လို့ကတော့ သူတို့မလိုချင်တဲ့ အသန်မာဆုံး ငှက်ပျောခိုင် ထမ်းပေတော့ပဲ။ ငှက်ပျောသီးဆိုတာမျိုးကလည်း မြေသြဇာနဲ့ မိုးနဲ့ရေနဲ့ မျှတလို့ ကတော့ သန်မာထွားကျိုင်းသလားမမေးနဲ့ဗျ။ အဲ့ဒီလိုအခါမျိုးဆိုရင် သန်မာတဲ့ ငှက်ပျောခိုင်ကိုပဲ အဖီးသုံးဆယ်ထမ်းချင်သူက နှစ်ဆယ့်ငါးဖီးလောက် ထမ်းနိုင်တော့တယ်။ငှက်ပျောသီးထက် အညှာကပိုလေး တာလေ။ ဒီကြားထဲငှက်ပျောဖက်ကပါသေးတယ်။ဒီလိုပဲ ပိုက်ဆံလိုချင်တော့လည်း ထမ်းကြရတာပဲ။ ထမ်းပြီးပြန်ကြတော့လည်း သူ့ထက်ငါ ပြေးပြေးလွှားလွှားနဲ့ အပြိုင်အဆိုင် သွားကြတော့ မောလို့မောမှန်းမသိကြဘူး။ရွာကိုပြန်ထမ်းတာက အဆင်းလမ်းဖြစ်တော့ သိပ်ပြီးမပင်ပမ်းဘူး။ ရွာရောက်လို့ ခဏနားပြီး ကားလမ်းဘက်ကို ထမ်းပြီဆိုရင်တော့ မသွားချင်တော့ဘူး။ ငှက်ပျောခြံထဲတုန်းက ပြေးခဲ့သမျှ အပြန်လမ်းမှာပြေးခဲ့သမျှ ရွာရောက်လို့နားပြီးတော့ ဟိုဘက်ကို ဆက်ထမ်းပို့မယ်ဆိုတော့ ခြေထောက်တွေ ကမသွားချင်တော့ဘူး။ ဒါကြောင့်တချို့က ရွာကိုမ၀င်ဘဲ ကားလမ်းရှိရာကို တစ်ခါထဲသွားပို့ကြတယ်။ အပြန်ကျမှ အေးအေးဆေးဆေး နားကြတာပေါ့။ ကျွန်တော် စပြီးလိုက်ထမ်းခါစက သူများတွေလိုမပြေးတတ် တော့ သူများမကြိုက်တဲ့ ငှက်ပျောခိုင်ကို ထမ်းရတာကများတယ်။ နောက်တော့ သဘောပေါက်သွားပြီး ခြံဝင် ပြီဆိုတာနဲ့ ပြေးတော့တာပဲ။ အဲ့ဒီအခါမျိုးကျတော့ ငှက်ပျောညှာသေးတာလေးဆိုရင် နှစ်ဆယ်ထမ်းနေကျက နှစ်ဆယ့်ငါးဖီးလည်း ဖြစ်ချင်ဖြစ်သွားတာပေါ့။ နောက်နေ့ပွဲစားက ဈေးပြန်လို့ အငှားထမ်းခ ပိုက်ဆံလေးများ ချေပြီဆိုရင် မောထားသမျှလေးတွေလည်း ဘယ်ရောက်ကုန်မှန်းမသိတော့ဘူးဗျာ။ရွာကလူငယ်လူရွယ်တွေ ကအဲ့ဒီလိုနဲ့ အားတဲ့အချိန်လေးတွေမှာ ငှက်ပျောသီးအငှားလိုက်ထမ်းပြီး ပိုက်ဆံလေးတွေစု ပွဲလမ်းသဘင် ရှိတော့ ကိုယ့်စုထားတာလေးနဲ့ မလောက်ရင် မအေမိဘဆီကို ထပ်ဖြည့်ခိုင်းပြီး အင်္ကျီစ၊ပုဆိုး စတာလေးတွေ ၀ယ်ဝတ်ကျတယ်။အတုယူစရာကောင်းတဲ့ တောဓလေ့တစ်ခုပေါ့ဗျာ။လှည်းနဲ့ကတော့ နွားတွေပင်ပမ်းတာပေါ့။ လယ်ယာလုပ်ငန်းခွင်ဝင်ချိန်ဆိုတော့ ငွေရပေ့မယ့်လည်း နွားတွေကို သနားပြီး လှည်းငှားလိုက်သူက ရှားပါတယ်။ ပြီးတော့လမ်းကလည်း ရွှံှ့ဗွက်တွေနဲ့ဆိုတော့ နွားတွေလည်း မသက်သာဘူး။ လူတွေတောင် ကိုယ့်တစ်နိုင်လေးထမ်းရတာ ဗွက်ထူတဲ့ နေရာဆို အထမ်းနဲ့ရုန်းရတာ မလွယ်လှဘူး။ သီတင်းကျွတ်လမှာ ထွက်တဲ့ငှက်ပျောဆိုရင် အတော်လေးသန်တာ။ တစ်ဖက်ဆယ်ဖီးကို မနည်းထမ်းယူရတယ်။ရွာမှာ သီတင်းကျွတ်လ မင်္ဂလာဆောင်ရင် ငှက်ပျောသီးသန်သန်မာမာ တွေစားရတယ်။ မိန်းခလေးဘက်ကို အုပ်တင်ရတာလည်း ငှက်ပျောပွဲနဲ့ လာတဲ့ဧည့်သည်ကိုလည်းငှက်ပျောသီးမှည့်နဲ့ ဧည်ခံတာက ထုံးစံတစ်ခုပေါ့။ ဒါကြောင့် ရွာမှာလူပျိုတွေကို စရင် ငှက်ပျောသီးဘယ်တော့ စားရမှလဲလို့မေးကြတယ်။(တခြားတော့မတွေးပါနဲ့နော် မင်္ဂလာဆောင်ရင် ငှက်ပျောသီးမှည့်ကျွေးတာက ဓလေ့တစ်ခုမို့ပါ) စုံတွဲတစ်တွဲ မင်္ဂလာဆောင်မယ်ဆိုရင် ယောကျာ်းလေးဘက်က မိဘတွေ အရင်ဆုံးစဉ်းစားရတာက ငှက်ပျောသီးဘယ်လောက် ၀ယ်ရမလဲဆိုတာ အရင်ဆုံးစဉ်းစားရတဲ့ကိစ္စတစ်ခု။မိန်းခလေးဘက်ကို တင်ရမယ့် အုပ်အရေအတွက်အပါအ၀င် ရွာက ကာလသား ကာလသမီး(လူပျို-အပျို)အဖွဲ့ကို ငှက်ပျောသီးအဖီးဘယ်လောက်ပေးရမလဲ ဆိုတာကလည်း ပါတယ်။အားလုံးစဉ်းစားပြီးရင်တော့ ပွဲမစခင်တပတ်လောက်ကတည်းက ငှက်ပျောခြံကို ငှက်ပျောသီးသွား ၀ယ်ပြီး မှည့်အောင်အုပ်ထားရတယ်။ မင်္ဂလာတစ်ဆောင်ဆိုရင် အနည်းဆုံး ငှက်ပျောဖီး(၂၀၀)လောက် ကတော့ မဖြစ်မနေ၀ယ်ရတယ်။ အဝေးကလာတဲ့ဧည့်သည်ကိုတော့ လဘက်ပဲကြော်နဲ့ ဧည့်ခံပြီး ထမင်းကျွေးတယ်။ ရွာကရင်းနှီးတဲ့သူတွေ ဆွေးမျိုးသားချင်းတွေကိုတော့ အိမ်လာရင် ငှက်ပျောသီးမှည့်နဲ့ ဧည့်ခံကျွေးမွေးကြတယ်။မင်္ဂလာဆောင်ညမှာ သတို့သားသတို့သမီးက ကာလသားခေါင်း(လူပျိုခေါင်း) အိမ်မှာ ရွာက လူပျိုအပျိုတွေနဲ့စုပြီးတော့ ပျော်ပွဲစားကြတယ်။သူတို့အဖွဲ့အတွက်ရတဲ့လဘက်ပဲကြော်သုပ် ငှက်ပျောသီး ထန်းလျက် စတာတွေနဲ့ ၀ိုင်းဖွဲ့စားသောက်ရင်း အဖွဲ့ရဲ့လုပ်ငန်းစဉ်လေးတွေ ရန်ပုံငွေရတဲ့အတိုင်းအတာ စတာလေးတွေကို ၀ိုင်းဝန်းဆွေးနွေးကြတယ်။ပုပ္ပားခရီးပြန်ဆက်မယ်နော်။ ရွာကနေညနေပိုင်းထွက်ပြီး ငှက်ပျောခြံတွေထဲအတိုင်း လျှော်တောရွာကိုအရောက်သွားကြတယ်။လမ်းသွားရင်း ငှက်ပျောခြံထဲမှာ ငှက်ပျောသီးအမှည့်၊ သြဇာသီး၊မာလကာသီး စတာတွေတွေ့ရင် ခူးစားသွားလို့ရတယ်။စီးပွားဖြစ်တော့ လုပ်လို့မရဘူးပေါ့။ကျွန်တော်တို့သွားခဲ့တဲ့အချိန်က သင်္ကြန်နားနီးပြီဆိုတော့ ရာသီဥတုကလည်း ပူပြင်းစပြုနေပြီ။ ငှက်ပျောခြံတွေထဲမှာ သီဟိုသရက်သီးတွေ မှည့်နေတာတွေ့လို့ ခူးပြီးစားခဲ့သေးတယ်။ သီဟိုရ်သရက်အစေ့အပေါ်ကအသီးအိမ်ကိုစားရတာ။အစေ့ခူးပြီးအပင်မှာချန်ခဲ့တဲ့အသီးအိမ်အမှည့်တွေက စားလို့ကောင်းတယ်။ သူ့အရသာကနဲနဲလေး အဖန်ဓာတ်ပါတယ်။ လျှော်တောရွာကို ကျွန်တော်တို့အဖွဲ့ ညနေမှောင်ခါနီးမှာရောက်တယ်။သူကြီးအိမ်မှာ တည်းခိုမည့်အကြောင်း ကြိုပြောထားတော့သူကြီးက ထမင်းဟင်းတွေအရန်သင့်ချက်ထားတယ်။ကျွန်တော်တို့အဖွဲ့ရောက်တော့ ခဏနားရေမိုးချိုးပြီး သူတို့ချက် ထားတဲ့ထမင်းဟင်းကို ရွာကယူလာနဲ့ အကြော်အလှော်တွေနဲ့ စားသောက်ပြီးတော့ မနက်သွားမည့် အစီအစဉ်ကို သူကြီးနဲ့တိုင်ပင်ပြီးတော့ ခဏတာအိပ်စက်ခဲ့ကြတယ်။ညနှစ်နာရီလောက်မှာတော့တစ်ဖွဲ့လုံး အိပ်ယာနိုးနေကြပြီ မိန်းခလေတွေကတော့ဖြီးလိမ်းပြင်ဆင်နေကြတယ်။ အားလုံးပြင်ဆင်ပြီးတော့ သုံးနာရီ လောက်မှာ လျှော်တောရွာမှစထွက်တယ်။ သူကြီးကတောင်ပေါ်ရောက်ရင် စားဖို့ထမင်းဟင်းတွေချက်ပြီး စတီးချိုင့်တွေနဲ့ထည့်ပေးလိုက်တယ်။ ကျွန်တော်တို့အဖွဲ့လည်း လိုအပ်တဲ့ ရေဗူးတို့ ထမင်းချိုင့်တို့ကို ဝေငှသယ်ယူကြပြီး ခရီးစဉ်ကို စတင်ပါတယ်။ သူကြီးသားက ကျွန်တော်တို့အဖွဲ့ကို လမ်းညွှန်ပြီးလိုက်ပို့ပေး ပါတယ်။သူကပုပ္ပားတောင်မှာ တာဝန်ကျတဲ့ တောခေါင်းဆိုတော့ တောလည်းကျွမ်းကျင်ပါတယ်။ ရွာကစထွက်တော့ မိုးမလင်းသေးခင်မို့ ကျောက်ခဲတွေ ကြားမှာလက်နှိပ်ဓာတ်မီး တ၀င်းဝင်းနဲ့ သွားရတာ ပျော်ဖို့ကောင်းပါတယ်။ဆက်ရေးပါမည်...
0 comments:
Post a Comment