ကျွန်တော်တို့အကြီးလေးယောက်ကတော့ ထမင်းဟင်းကို ကောင်းကောင်းချက်တတ်ခဲ့ကြတယ်။ဝါသနာရယ်လို့မဟုတ်ဘဲ ဘ၀ရဲ့အခြေအနေအရပေါ့ဗျာ။ အမေအားတဲ့အခါအမေချက်၊ကျွန်တော်တို့တစ်တွေ အိမ်မှာရှိတဲ့အခါ ကျွန်တော်တို့ညီအစ်ကိုတစ်တွေ တစ်လှည့်စီချက်နဲ့ မိသားစုထမင်းဝိုင်းလေးကတော့ လက်ရာတစ်မျိုးစီနဲ့မရိုးရအောင်ပါပဲဗျာ။ လက်ရာအမျိုးမျိုးဆိုရာမှာလည်း အသားငါးကတော့ ဆယ်ခါ့တစ်ခါပေါ့ဗျာ။ ကိုယ့်ဒေသ အစားအစာလေးတွေကိုပဲ ကိုယ့်စိတ်ကြိုက် ချက်တာပေါ့။အဖေနဲ့အမေလည်း သားတွေရဲ့လက်ရာတစ်မျိုးစီနဲ့ ကျွန်တော်တို့မိသားစု ထမင်းဝိုင်းလေးက သိပ်ကိုကြည်နူးဖို့ကောင်းခဲ့တယ်ဗျ။
ကျွန်တော့်အဘအမေ့ရဲ့အဖေက အမေတို့ငယ်ငယ်ကတည်းက ယာတောမှာတဲနဲ့နေခဲ့တာ။ရွာထဲမှာအိမ်ရှိတယ်။ ကျွန်တော်တို့မိသားစုလည်း ကိုယ်ပိုင်အိမ်မဆောက်နိုင်သေးတော့ အဘကသူ့အိမ်မှာပဲနေခိုင်းတယ်။ အဘက တောထဲမှာနေပေမဲ့ ရွာမှာကသူ့ကို လူကြီးတစ်ယောက်လိုအားကိုးတယ်။ ရွာမှာအလှူအတန်းမှအစ သာရေးနာရေးအဆုံး အဘရဲ့အဆုံးအဖြတ်ကိုသာ နာခံကြတယ်။ ပြီးတော့အဘက ရွားဦးကျောင်းကို နံနက်တိုင်းအာရုဏ်ဆွမ်းဝတ် လည်းတာဝန်ယူထားတယ်။သူကတောထဲမှာ နေပေမယ့် ညနေပိုင်းရောက်ရင် သားသမီးတွေက ဆွမ်းချက်ဖို့အလှည့်ကျ ရွာကိုပြန်အိပ်ရတယ်။နောက်ပိုင်းမှာ ကျွန်တော်တို့မိသားစုကလည်း အဘအိမ်မှာနေတာဆိုတော့ ဆွမ်းချက်တာဝန်ကို အမေကပဲယူထားလိုက်တယ်။ အမေ့ညီမအငယ်ဆုံးက သူရွာပြန်လာတဲ့အခါ သူချက်တယ်။ ကျွန်တော့် အဖွားကတော့ တောထဲမှာပဲနေတာများတယ်။ ဆွမ်းဟင်းချက်ဖို့အတွက် တောထဲမှာရာသီအလိုက်ပေါ်တဲ့ အသီးအနှံလေးတွေ၊ှမျှစ်စိုလေးတွေ၊မှိုလေးတွေကိုတော့ လူကြုံနဲ့ထည့်ထည့်ပေးတတ်တယ်။တခါတလေလည်း သူကိုယ်တိုင်သားသမီး၊မြေးတွေဆီလာရင်း ယူလာတတ်တယ်။
ကျွန်တော်တို့ရွာမှာ ရွာဦးကျောင်းအတွက် အာရုဏ်ဆွမ်းကို နေစဥ့်ဆွမ်းဝတ် ခုနစ်အိမ်ခန့်က တာဝန်ယူပြီးချက်တယ်။ နေ့ဆွမ်းကိုတော့ အလှည့်ကျစနစ်နဲ့ ငါးအိမ်စီ ခွဲထားပေးတယ်။ပို့တဲ့ဆွမ်းအပြင် တစ်ရွာလုံးကိုလည်း ဆွမ်းခံလှည့်တာနဲ့ဆိုတော့ ရွာဦးကျောင်းမှာ ဆွမ်း၊ကွမ်းက ကျောင်းရှိကိုရင်ကျောင်းသားသာမက ဧည့်သည်လေးငါးယောက်လာရင်တောင် လောက်ငှအောင်ကျွေးနိုင်တယ်။အာရုဏ်ဆွမ်းချက်ရတာဆိုတော့ မနက်လေးနာရီထိုးရင်အိပ်ယာမှ ထပြီးကိုယ်လက်သန့်စင်ပြီး ချက်ကြတယ်။မိုးလင်းရင် ဆွမ်းဆိုင်းက အဆင်သင့်ပြင်ထားယုံပဲ၊ ကျောင်းကကိုရင်နဲ့ကျောင်းသားလေးတွေက လိုက်ပြီးယူတယ်။ညနေပိုင်းကျတော့ ပြန်ပြီးပို့ပေးတယ်။ ဆွမ်းဆိုင်းဆိုတာက ယခုလို ချိုင့်များနဲ့မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီမှာ မြေဖြင့်လုပ်တဲ့အိုးလေးတွေဝယ်လို့ရတယ်။ ဆွမ်းချက်ဖို့ဆိုပြီး အိုးသည်တွေဆီမှာ မှာလို့ရတယ်။ ထမင်းအိုးဆိုလည်း ဆန်နို့ဆီဗူး တစ်ဗူးဆံ့လေးပေါ့။ဟင်းအိုးဆိုလည်း ဟင်းတစ်ခွက်စာ ချက်နိုင်တဲ့မြေအိုးလေးတွေနဲ့ ချက်ပြီး ကျက်တော့ ထမင်းအိုးကိုအောက်ကထား အပေါ်ကဟင်းအိုးလေးဆင့်ပြီး ၀ါးနဲ့လုပ်ထားတဲ့ဆိုင်းလေးထဲမှာ ထည့်ပြီး သယ်သွားယုံပါပဲ။အညာဒေသရဲ့မှတ်သားစရာဓလေ့လေးတစ်ခုပေါ့ဗျာ။
အာရုဏ်ဆွမ်းဝတ်ချက်တာကိုပါ အမေကတာဝန်ယူထားတော့ အနက်အစောထပြီး ဆွမ်းချက်တဲ့အကျင့်ပါ ကျွန်တော်တို့တစ်တွေ ရခဲ့တယ်။အထူးသဖြင့် ကျွန်တော်အများဆုံးထချက်ရတယ်။ အကိုကြီးက အဘတို့တဲကိုသွားပြီးနေတော့ သူကသိပ်ပြီးမချက်ရတော့ဘူး။အမေကတော့မနက်ဆိုအမြဲတမ်းလိုလို အစောထပြီးဆွမ်းချက်ပါတယ်။ သူနေမကောင်းတဲ့အခါလောက်သာ ကျွန်တော်ကိုနှိုးတယ်။ကျွန်တော်လေးတန်းအောင်လို့ ငါးတန်းကိုဆက်တက်တဲ့ ကျောင်းကသုံးမိုင်လောက်ဝေးတယ်။ရွာကနေထမင်းထုပ် ထုပ်သွားရတယ်။ကျွန်တော်ကျောင်းတက်တော့ ထမင်းချိုင့်အတွက်ပါ အမေက ဆွမ်းနဲ့တစ်ခါထဲ အစောထချက်တယ်။ ထမင်းချိုင့်မှာတော့ ဟင်းရယ်လို့အထူးမပါဘူးပေါ့။ လဘက်ပဲလှော်သုပ်လေး၊ငါးပိကောင်ကင်းလေ၊သရက်သီးထောင်းလေးဆိုသလို အဆင်ပြေရာလေးတွေ ထည့်ထည့်ပေးတယ်။ ကျောင်းဖွင့်တာလည်း ကြာလာတော့နောက်ပိုင်း အမေ့ကို အစောမထခိုင်းတော့ပဲ ကျွန်တော်ကိုယ်တိုင် အစောထပြီး ဆွမ်းအတွက်ရယ်၊ကျွန်တော့်ထမင်းချိုင့်ရယ်၊အိမ်သားတွေအတွက်ရယ်ပါ ပေါင်းပြီးတော့ ထမင်းအိုးတည်ရတယ်။ အမေလည်း ယာခင်းထဲမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာတော့ဆိုတော့ အိပ်တဲ့အချိန်လေးပဲ နားရတာလေ။ တစ်ခါတလေတော့ အဖေက ထပြီးချက်ပေးတယ်။ အမေပင်းပန်းတာကို တွေးပြီးတော့ ကျွန်တော်ထမင်းချိုင့်နဲ့ဆွမ်းဝတ်အတွက်ကိုပါ ကိုယ်တိုင်းပဲအစောထချက်တယ်။ ထမင်းချက်ရင်း မီးဖိုဘေးမှာ စာကြည့်တတ်ခဲ့တယ်။ လူတွေမှာ အကျင့်ဆိုတာ တကယ်တော့လုပ်ယူလို့မခက်လှပါဘူး။
ကျောင်းသားဘ၀တုန်းက တောင်ဘက်ရွာဘုန်းတော်ကြီးကျောင်းမှ ကုလားတက်(အုန်းတုံး)ခေါက်သံကြားရင် ဆက်အိပ်လို့မရတော့ဘူး။အိပ်ယာထရမယ်၊ဆွမ်းချက်ရမယ်ဆိုတာကို အလိုလိုသိနေတယ်။ ထမင်းကျက်တော့ ဘုရားဆွမ်းတော်တင်ဖို့အရင်ဆုံးခူးပြီးတော့ ဆွမ်းချိုင့်အတွက်ခူး၊ကျွန်တော့်ထမင်းချိုင့်ထည့်ဖို့အတွက်ခူးတယ်။ အဲ့ဒါတွေအားလုံးပြီးမှ ကျွန်တော်ကျောင်းသွားဖို့အတွက်ပြင်ဆင်ရတယ်။ကျွန်တော်ဆွမ်းချက်တဲ့အချိန်ရောက်တော့ ဆွမ်းဆိုင်းကနေ ဆွမ်းချိုင့်ကို စပြီးသုံးပါပြီ။ မြေအိုးလေးများအစား ဒံအိုးပေါက်စအသစ်လေးကို ဆွမ်းထည့် အပေါ်က ကြွေအုပ်အငယ်လေးနဲ့ဟင်းထည့်ပြီး ဆိုင်းလေးကတော့ မပြောင်းပါဘူး။
မိုးလင်းစပြုပြီဆိုတာနဲ့ ကျောင်းလွယ်အိတ်ကိုပခုံးမှာလွယ်၊ထမင်းချိုင့်လေး လက်ကကိုင်ပြီး သုံးမိုင်ခရီးဝေးတဲ့ ကျောင်းကိုသွားတက်ခဲ့ရပါတယ်။အဲ့ဒီကျောင်းတက်ခဲ့တဲ့ ကာလတစ်လျှောက် န၀မတန်းအထိ ကိုယ်တိုင်ထမင်းထချက်ပြီး ထမင်းချိုင့်ထုပ် ကျောင်းတက်ခဲ့ရတာလေးကတော့ ဘ၀မှာအမှတ်တရလေး ဖြစ်ခဲ့ရပါတယ်ဗျာ။ အဲ့ဒီတုန်းကတော့ အမေ့ကိုလည်း အိပ်ရေး၀၀အိပ်စေချင်တဲ့စိတ်ရယ်၊ထမင်းချက်ရင်း မီးဖိုဘေးမှာစာကြည့်ရတာကို သဘောကျတာရယ်ကြောင့် ၀တ်မပျက်ပဲလုပ်လာခဲ့တာပါ။ကိုယ်ချက်တာက ဆွမ်းချိုင့်အတွက်လည်းပါတာဆိုတော့ ကုသိုလ်ရတယ်ဆိုတဲ့ အသိလေးလည်းစိတ်ထဲမှာရှိပါတယ်။ဘုရားတရားနဲ့မဝေးတာကလည်း ရွာကျောင်းမှာတုန်းက နံနက်ဆွမ်းဆိုင်းပို့ရင်း ဘုန်းကြီးကျောင်းသားလုပ်ခဲ့တာကြောင့်ပါဗျာ။
နောက်ပိုင်းတော့ ကျောင်းထမင်းချိုင့်တင်မဟုတ်ဘူး ကျောင်းပြန်တော့လည်း မိသားစုအတွက် ကိုယ်တိုင်ချက်ရတာပါပဲ။အဖေနဲ့အမေက စားဖို့အတွက်နေထွက်ကနေ၀င် အလုပ်လုပ်နေရတော့ အိမ်မှာရှိတဲ့ကျွန်တော်ကပဲ တာဝန်ယူပြီးချက်ပြုတ်ရတာပေါ့ဗျာ။တခါတလေ ညနေစာချက်ဖို့ဆန်ကို ကျောင်းအပြန်မှာဝယ်ပြီး ဆန်ထုပ်လေးပါထမ်းပြန်ရတဲ့ နေ့တွေလည်း တော်တော်များများရှိခဲ့ပါတယ်။အဲ့ဒီလို ကိုယ့်အစာကို ကိုယ်တိုင်ငယ်ငယ်ကတည်းက ချက်စားလာရတော့ အရွယ်ရောက်လာတဲ့အခါ မီးဖိုချောင်မြင်ရင် မနေနိုင်လောက်အောင်ကို ဖြစ်လာတော့တာပါပဲဗျာ။အခုအချိန်မှာတော့ ၀ါသနာလို့ပြောနိုင်ပြီပေါ့။ ကိုယ်မစားရပေမဲ့ သူများတွေအတွက် ချက်နေရလည်း စိတ်ကျေနပ်နေတာပဲဗျ။လက်ရာက တောသားဆိုတော့ တောချက်လေးတွေပဲဖြစ်တာပေါ့ဗျာ။ အမေသင်ပေးတဲ့ ဟင်းချက်နည်းလေးတွေကများတာပေါ့။
ကျွန်တော့်ဟင်းချက်လက်ရာနဲ့ပတ်သက်ပြီး အဋ္ဌမတန်းနှစ်တုန်းက အကြောင်းလေးပြောပြအုံးမယ်ဗျ။ရွာကနေကျောင်းသွားတက်ရတာ ဝေးတော့ ညနေပိုင်းကျောင်းဆင်ချိန်မှာသင်တဲ့ ကျူရှင်ကိုတက်ချင်တာ အချိန်မမှီလို့ ကျောင်းရှိတဲ့ရွာက အသိတစ်ယောက်အိမ်မှာနေခွင့်တောင်းပြီးတော့ ကိုယ့်အိုးကိုယ့်ခွက်နဲ့ ချက်စားပြီး ကျွန်တော်နဲ့အတန်းတူသူငယ်ချင်းတစ်ယောက်ရယ် ကျွန်တော့်ထက် တစ်နှစ်ငယ်တဲ့ညီလေးတစ်ယောက်ရယ် သူငယ်ချင်းသုံးယောက်နေကြတယ်။ ကျူရှင်ကလည်း အင်္ဂလိပ်စာ ဂရမ်မာ စတက်ဖူးတာပါ။အခန်းထဲမှာ သူများတွေက ပြောပြောနေရင် မခံချင်လွန်းလို့တက်ဖြစ်သွားတာ။ကျွန်တော်ကတော့ သုံးယောက်ထဲမှာ စားဖိုမှုးပေါ့ဗျာ။ ကျွန်တော်နဲ့အတန်းတူ သူငယ်ချင်းက သူ့မိသားစုမှာသူကအကြီးဆုံးသား ငယ်ငယ်တုန်းကချူချာလို့ အလိုလိုက်ထားတာ ဆိုတော့ အိမ်မျာဗိုလ်ကျနေတာပေါ့။ ဟင်းကိုအသားမပါရင်မစားဘူး သူလည်းကျောင်းတက်ချင်လို့သာ သူများအိမ်မှာနေရတာ သိပ်တော့စိတ်ပါပုံမရဘူးဗျ။ တစ်နေ့တော့ ကျွန်တော့်ကို ဘာဟင်းချက်မှာလဲမေးတယ် ကျွန်တော်က ငါးပိချက် ချက်မယ်လို့ပြောတော့ သူကအိမ်မှာဆို လုံးဝမစားဘူးတဲ့။ အဲ့ဒါဆိုလည်း မင်းအတွက်တခြားတစ်မျိုးလုပ်ပေးမယ်ပေါ့။စားဖိုမှုးဆိုတော့လည်း သိတဲ့အတိုင်းပေါ့ဗျာ စားသုံးသူအကြိုက်ကို လိုက်ပြီးတော့လုပ်ပေးရတာပေါ့။
ကျွန်တော်တို့နေတဲ့အိမ်မှာက ပေါက်ပန်းဖြူပင်တွေ သုံးပင်ရှိတယ်။ မြေကလဲကောင်းတော့ အပင်တွေကအရွက်တွေဝေေ၀ဆာဆာနဲ့ အဖူးအပွင့်တွေပါ ဖူးပွင့်နေတယ်။ ကျွန်တော်ကလည်း အိမ်မှာပေါက်ပန်းဖြူပင်ကိုမြင်တော့ အိမ်မှာအမေချက်ကျွေးနေကျ ငါးပိချက်နဲ့ပေါက်ပန်းဖြူရွက်ပြုတ်တို့စရာကို သွားသတိရပြီး အဲ့ဒီနေ့ညနေမှာ ငါးပိချက်ချက်ဖို့ စဉ်းစားမိပြီး သူ့ကိုပြောလိုက်တယ်။ အဲ့ဒါကြောင့် ကျွန်တော့်သူငယ်ချင်းကိုပဲ ပေါက်ပန်းဖြူပင်ပေါ်တက်ပြီး အရွက်၊အဖူးအပွင့်တွေကို ခူးပေးခိုင်းတယ်။သူကလည်း တက်ခူးပေးပါတယ်။ ပေါက်ပန်းဖြူရွက်နဲ့အဖူးအပွင့်လေးတွေကိုပြုတ်ပြီး ညနေထမင်းဝိုင်းမှာ ကျွန်တော်တို့သုံးယောက်ရယ် အိမ်ရှင်အဒေါ်ရယ် စုပြီးထမင်းစားကြတယ်။ သူ့အတွက်ကိုတော့ ခရမ်းချဉ်သီးထောင်းနဲ့ ငါးခြောက်လေးကင်ပေးထားတယ်။ စားပွဲဝိုင်းတစ်ခုထဲမှာ အတူတူစားကြတာဆိုတော့ ကျွန်တော်တို့နှစ်ယောက်နဲ့အိမ်ရှင်အဒေါ်ရယ်က ငါးပိချက်နဲ့ပေါက်ပန်းဖြူတွေရွက်ပြုတ်တွေကို တို့ကာစားနေတော့ သူလည်းစားချင်လာဟန်တူပါတယ်။ ငါမင်းငါးပိချက်ကို မြည်းကြည့်မယ်တဲ့။ကျွန်တော်လည်း စားကြည့်ပါပေါ့။ ငါတို့ရွာမှာတော့ ပြောစကားရှိတယ်နော်လို့။အိမ်နားက ကလေးတစ်ယောက်ကို အမေက လမ်းမှာတွေ့လို့ နင်တို့အိမ်ထမင်းဘယ်လောက်ချက်ရလဲမေးကြည့်တာ ကလေးလေးက ၀က်သားဟင်းချက်ရင် နို့ဆီဗူး(၆)လုံး၊ငါးပိချက်ဆိုရင် တစ်ပြည်ချက်ရတယ်တဲ့လို့။မင်းလည်းအဲ့ဒီလိုတော့ဖြစ်နေအုံးမယ်လို့ ကျွန်တော်ကပြောတော့ ဘယ်တော့မှမဖြစ်ဘူးကွတဲ့။သူနည်းနည်း မြည်းစားကြည့်ပြီးတော့ နောက်တစ်ကြိမ် ငါးပိချက်ပန်းကန်ကို ထပ်နှိုက်ပြန်တယ်။ ကျွန်တော်လည်းဘာမှမပြောဘဲ အသာအကဲခတ်နေရင်း ထမင်းဆက်စားနေတယ်။နောက်တော့ မောင်မင်းကြီးသားက ပေါက်ပန်းဖြူရွက်ပြုတ်လေး ထမင်းထဲမြုပ်လိုက် ငါးပိချက်လေးအပေါ်ကထည့်လိုက်နဲ့ စားနေတာ ချွေးတွေတောင်စို့နေပြီဗျာ။သူ့ဟင်းခွက်တွေဘက်ကို လက်ကမရောက်တော့ဘူးဗျ။ ငါးပိချက်ပန်းကန်ဆီကိုပဲ လက်ကဦးတည်နေတယ်။အဲ့ဒီနေ့ညနေက မနက်စာပါချက်ထားတဲ့ ထမင်းအိုးလည်း ညနေစာနဲ့တင် ပြောင်သွားပါတယ်ဗျာ။ နောက်ရက်တွေမှာ ကျောင်းကပြန်ရောက်တာနဲ့ သူကပေါက်ပန်းဖြူပင်ပေါ်တက်ပြီး အရွက်နဲ့အဖူးအပွင့်၊အသီးနုနုလေးများကို ခူးပေးတယ်။ကျွန်တော်လည်း ငါးပိချက်ကို အရင်နေ့ကအတိုင်း ထပ်ချက်ပေးလိုက်ပါတယ်။အိမ်မှာလုံးဝမစားတဲ့ကျွန်တော့်သူငယ်ချင်း ငါးပိချက်ပဲ အမြဲတမ်းချက်ခိုင်းနေလို့ တောင်းပန်ယူရတယ်ဗျာ။သူကတော့အခုရွာမှာ ကလေးအဖေဖြစ်နေပြီဗျ။ကျွန်တော်ကျောင်းပိတ်လို့ ရွာကိုပြန်ရင် သူကငါးပိချက်လေးချက်ကျွေးပါအုံး သူငယ်ချင်းဆိုပြီး အမြဲတမ်း ကျွန်တော့်ကိုစတယ်။ကျွန်တော်လက်ရာက အဲ့ဒီလောက်ကောင်းတာမဟုတ်လောက်ပါဘူးဗျာ။ သူကငါးပိချက်ကို မစားဖူးတာဖြစ်မှာပါ။

အပိုင်း(၃)မျှော်...
1 comments:
ငါးပိချက်လေးစားချင်လိုက်တား)
Post a Comment