မိုးရာသီရဲ့ ကျောင်းပိတ်တဲ့ တစ်ရက်မှာ အေးသုံတို့ သူငယ်ချင်းတစု တောထဲကို ထင်းခွေ သွားကြပါတယ်။ မိုးရာသီဆိုတော့ ထင်းခြောက်ကလည်း ရှားပါတယ်။ ရှိပြီးသား ထင်းခြောက်တွေလည်း မိုးရေစိုထားလို့ မိုးရာသီမှာ ဆိုရင် ထင်းခြောက်ရယ်လို့ ကောင်းကောင်း မရပါဘူး။ မိုးရေစိုထားတဲ့ ထင်းခြောက်လေးတွေကိုပဲ ခွေကြရတယ်။ ဒါပေမဲ့ ထင်းခွေရင်း မှိုတို့၊မျှစ်တို့၊ အရိပ်မထွက်၊ ဆူးပုတ်ရွက်၊ ကျီးအာရွက် စတဲ့ ဟင်းချက်စရာ တွေလည်း တောထဲထွက်ရင် ရတယ်။ "ဘုရားဖူးရင်း လိပ်ဥတူးရင်း" ဆိုသလို အခုလည်း မိအေးသုံ တို့က "ထင်းခွေ သွားရင်း မျှစ်ချိုးရင်း" ပေါ့လေ။
တောထဲရောက်တော့ အေးသုံတို့ တစ်တွေ လူစုခွဲပြီး ထင်းခွေ ကြပါတယ်။ ထင်းရှာရင်းနဲ့ မြင်ရာ အကုန်ကြည့်တာပေါ့။ တောသူတောင်သား မျက်စိကလည်း လျင်တယ်နော်။ ၀ါးရုံပင် တွေ့ရင် မျှစ်ရှိမရှိ ကြည့်ပြီးသားပဲ။ ချတောင်ပို့ မြင်ရင် မှိုပေါက်မပေါက် ကြည့်ပြီးသား။ ဟင်းရွက်အပင် ဆိုလည်း ဒီအတိုင်းပဲ။ မြင်တာနဲ့ ဒီအပင်က စားလို့ရတယ် ဟိုအပင်က စားလို့မရဘူး ဆိုတာကို ခွဲခြားပြီး ခူးတတ်တယ်။ ကံကောင်းတယ်လို့ပဲ ပြောရမလား ကံဆိုးတယ်ပဲ ပြောရမလား မပြောတတ်။ အေးသုံ တစ်ယောက် ထင်းရှာရင်းနဲ့ ဖျာနှစ်ချပ်စာ နေရာလောက် ကျင်းဖွဲ့ပြီး ပေါက်နေတဲ့ မှိုတွေကို တွေ့ပါတယ်။ လောကမှာ ရိုးသားမှု့ရှိတာက ကောင်းပါတယ်။ ဒါမေမဲ့ နေရာတိုင်းမှာတော့ ရိုးနေ အ နေလို့ မဖြစ်ဘူးလေ။ အေးသုံ တစ်ယောက် ကတော့ ရိုးတယ် အတယ် ဆိုတာထက် အပျော်လွန်တယ် ပြောရမှာပေါ့။ သိပ်ပြီး ရိုးလွန်းအလွန်း သူတော့ မဟုတ်ပါဘူး။ မှိုတွေ တွေ့တာကို ကိုယ့်ဘာသာ တိတ်တိတ်လေး မနှုတ်ဘဲ သူငယ်ချင်းတွေကို အားရ၀မ်းသာနဲ့ လှမ်းအော်ပြီး ခေါ်ပါတယ်။ မတော်သကာ တ၀က်လောက် ကိုယ်နှုတ်ပြီးမှ အော်ခေါ်တယ် ဆိုလည်း တော်သေးနော်။ အခုတော့ ကိုယ်က တစ်ပွင့်မှ မနှုတ်ဘဲ သူငယ်ချင်းတွေကို အော်ပြီးခေါ်နေ သတဲ့။ ကျင်းမှို ဆိုတာမျိုးက နေရာတိုင်းလည်း ပေါက်တာ မဟုတ်ဘူး။ တောထဲ သွားတိုင်းလည်း တွေ့နိုင်တာ မဟုတ်ဘူးလေ။ မိအေးသုံ တို့ကတော့ ရတောင့်ရခဲ အခွင့်အရေးကို အသုံးချလိုက်တာများ ကြည့်ပါအုံး။ ဟေး….." မိလုံး၊ ဖိုးမောင်၊ လှခင်၊ ထွေးလှနဲ့ ဖိုးထိန်တို့ ရေ…" လာကြဟေ့ ငါ ကျင်းမှိုတွေ တွေ့ထားတယ်ဟဲ့ ဆိုပြီး အော်ခေါ်ပါတယ်။ သူငယ်ချင်းတွေ ကလည်း သိပ်ပြီး ဝေးဝေးမှာ မဟုတ်တော့ ပြေးလာကြပြီး အလုအယက် မှိုတွေ နှုတ်လိုက်တာ မိအေးသုံ တစ်ယောက်တော့ မှိုတစ်ပွင့်မှကို မရလိုက်ပါဘူးတဲ့။ သူများတွေ နှုတ်ပြီးတော့မှ မိအေးသုံ ပြောလိုက်တာက "ဒီလိုမှန်း သိရင် တိတ်တိတ်လေး နေပါတယ်တဲ့" လေ။ မှို တစ်ကျင်းလုံးကို ကိုယ်တိုင် တွေ့ပါလျက် သူငယ်ချင်းတွေက ပြန်ဝေပေးမှ ရတဲ့ မိအေးသုံ လို လူမျိုးကလည်း အညာမှာ ရှိသေးဗျာ။ အညာသူတွေ ရိုးပုံများတော့ ကိုယ်တိုင် တွေ့ပါလျက် သူများပေးမှ ရတဲ့ အဖြစ်နော်။
စာဖတ်သူများလည်း တကယ်လို့ ရွှေထုပ်၊ စိန်ထုပ်၊ ဒေါ်လာထုပ် ကြီးများ တွေ့ရင် မိအေးသုံ ပဲ အော်ခေါ်မှာလား... တိတ်တိတ်လေး နေပြီး ကိုယ်တစ်ယောက်ထဲပဲ ယူမလား…. တိတ်တိတ် မနေရင်တော့ မိအေးသုံ အဖြစ်ကို သိတယ်နော်….မှိုတွေ သူများနောက် ပါသွားတာ ပြောပါတယ်…..:D
လာလည်ရင်းနဲ့ ပြုံးရွှင်နိုင်ပါစေဗျာ….
3 comments:
စဉ်းစားနေတာ မိုတစ်ပွင့်မှ မရဘူးဆိုလို့။ မိုကောက်သွားခါနီး ပါးစပ် အ၀တ်စည်း ထားရမယ်။
မပြောလို့လည်း မကောင်း၊ ပြောပြန်တော့လည်း မကောင်း၊ ဒီတော့ ကိုယ်လိုသလောက် ခူးပြီးမှပဲ ပြောတာအကောင်းဆုံးပဲ ထင်ပါတယ်။ မှိုဆိုရင် ပြောပါတယ်။ အမလေး ဒေါ်လာထုပ်တို့၊ ငွေထုပ်တို့ဆိုရင်တော့ (စဉ်းစားရလိမ့်မယ်)အဟိ။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...
ဟုတ်တယ်နော် ဘုန်းဘုန်းပြောသလိုပဲ မှိုဆိုရင်တော့
လိုသလောက်ခူးပြိးမှ ပြောမှာ....တခြားထုပ်တွေ ဆိုရင်တော့ အဟီး။
အားပေးဖတ်ရူသွားလျှက်။
ကောင်းသောနေ့လေးဖြစ်ပါစေအကို။
Post a Comment