အလုပ်လေးတွေများနေလို့စာတွေတောင်အဆက်ပြတ်သွားတယ်ဗျာ။အညာဓလေ့လေးတွေကိုပြောပြချင် တာတွေကတော့အများကြီးပဲဗျ။စိတ်ထဲမှာတော့စဉ်းစားထားတာတွေအများကြီးပဲ။စာလုံးလေးတွေအဖြစ် အကောင်အထည်မဖော်ဖြစ်တာ။ဒီနေ့တော့အပြင်မသွားခင်လေးနံနက်စာစားရင်းနဲ့အတွေးတခုဝင်လာ လို့ဒီပို့စ်လေးရေးလိုက်တယ်။စားရင်းနဲ့ရတဲ့အတွေးဆိုတော့အစားအစာအကြောင်းပဲပေါ့ဗျာ။ကျွန်တော်ရေ ခြားမြေခြားကိုအိမ်နဲ့ခွဲပြီးရောက်ဖူးတာဒါပထမဆုံးအကြိမ်ပါပဲ။ငယ်စဉ်ကဆိုအမေ့အိမ်ကိုမခွဲနိုင်လို့ညအိပ်ည နေခရီးဆိုရင်ဘယ်မှမလိုက်ဘူး။အဲ့ဒီလောက်အထိအမေ့အိမ်ကိုသံယောဇဉ်ကြီးတာ။ထားပါတော့ဗျာ။ ဟိုစကားလေးလိုပေါ့ပျော်ရာမှာမနေရ၊တော်ရမှာနေရဆိုတာလေ။ဒီနေ့လည်းတစ်ယောက်ထဲထမင်းစား နေရင်းနဲ့အိမ်အကြောင်းတွေးမိတယ်။အမေ့အိမ်မှာတုန်းကတော့အဖေအမေနဲ့ကျွန်တော်တို့ညီအစ်ကိုတစ် တွေပျော်ပျော်ပါးပါးထမင်းဝိုင်းဖွဲ့စားခဲ့ကြတာပေါ့။အမေကလည်းကျွန်တော်ဖုန်းဆက်တဲ့အခါပြောပါတယ် လူလေးရယ်တဲ့အမေကတော့မင်းတို့ကိုထမင်းစားချိန်ရောက်လို့ထမင်းခူးတိုင်းသတိရတယ်တဲ့။အထူးသ ဖြင့်မင်းတို့တွေကြိုက်တဲ့ဟင်းလေးတွေချက်တဲ့နေ့ဆိုရင်ထမင်းဝိုင်းမှာအမေမျက်ရည်ကျလို့မင်းအဖေက တောင်အမေ့ကိုဆူတယ်တဲ့။အမေမျက်ရည်ကျမယ်ဆိုလည်းကျလောက်စရာလေ။သားသမီးတွေအရွယ်မ ရောက်ခင်ကအိမ်ကထမင်းဝိုင်းမှာလူစုံတယ်။ကျွန်တော်တို့အရွယ်ရောက်လာတော့ကိုယ်စီအလုပ်လေး တွေနဲ့အမေ့အိမ်ကိုခွဲပြီးတာဝန်ကျရာမှာနေကြရတယ်။အမေ့ထမင်းဝိုင်းမှာလည်းလူလျော့သွားတာပေါ့ဗျာ
အမေ့ထမင်းဝိုင်းအကြောင်းပြောရင်ငယ်စဉ်ကစားခဲ့ရတဲ့ပြောင်းဖူးထမင်းတို့၊ပြောင်းထမင်းတို့အကြောင်း လည်းထည့်ပြောရမယ်ဗျ။ပြောင်းဖူးကိုတော့ပြုတ်၊ဖုတ်၊ကြော်လှော်ပြီးစားကြတာအပြင်ဆန်နဲ့ရောပြီး လည်းချက်စားကြတယ်။အထူးသဖြင့်ကျွန်တော်တို့ဒေသကတောရွာလေးတွေမှာပြောင်းဖူးတွေခြောက် သွားရင်ထမင်းထဲမှာထည့်ပြီးချက်စားကြတယ်။ဆန်တစ်ပြည်ချက်ရတဲ့အိုးမှာပြောင်းဖူးလေးနို့ဆီသုံးဗူး လောက်ထည့်ချက်ရင်ဆန်သုံးဗူးသက်တာတယ်ဗျ။မိသားစုများတဲ့အိမ်တွေမှာဆိုရင်အဲ့ဒီလိုပဲချက်စား ကြတယ်။ကိုယ့်လယ်ယာကထွက်တဲ့သီးနှံကိုစားရေးမှာပြန်ပြီးအသုံးပြုကြတာပေါ့။ပြောင်းဆန်ကိုလည်း အဲ့ဒီလိုပဲဆန်နဲ့ရောချက်ပြီးစားကြတယ်။သူကတော့လုပ်ရတာနဲနဲလက်ဝင်တယ်။ဆန်နဲ့ရောချက်တဲ့အဆင့် ရောက်ဖို့ပြောင်းနှံကထုတ်ပြီးသားပြောင်းစေ့ကိုမောင်းစင်မှာထောင်းပြီးမှချက်လို့ရတယ်။ပြောင်းဖူးက တော့စပြီးခြောက်ခါစအချိန်မှာဆိုရင်ဒီအတိုင်းပဲအခွံခွာပြီးဓားထက်ထက်နဲ့အညှာဘက်ကနေစပြီးတော့ ပါးပါးလေးလှီးပေးရတယ်။ရလာတဲ့ပြောင်းဖူးလှီးပြီးသားလေးတွေကိုမှထမင်းချက်တဲ့အထဲကိုထည့်ချက် တာ။ချက်တဲ့အခါလည်းဆန်နဲ့တစ်ခါထဲထည့်စရာမလိုဘူး။ဆန်ကိုအရင်ရေဆေးပြီးမီးဖိုပေါ်မှာတည်ထား ထမင်းအိုးပွက်လို့ထမင်းရည်ငှဲ့ခါနီးမှလှီးထားတဲ့ပြောင်းဖူးကိုထည့်မွှေပြီးခဏလောက်ကြာတော့ထမင်း ရည်ငှဲ့ပေးလိုက်ရင်ရပြီ။ထမင်းအိုးကိုမီးဖိုပေါ်မှာမီးလေးအေးအေးနဲ့နှပ်ထားလိုက်တာပဲ။ပြောင်းဖူးကဆန် နဲ့အတူနပ်သွားတယ်။ပြောင်းဖူးတွေအရမ်းခြောက်သွားပြီဆိုရင်တော့လှီးလို့ကောင်းအောင်မီးဖိုပေါ်မှာရေ နွေးပွက်ပွက်ဆူနဲ့တည်ပေးရတယ်။ရေနွေးဖျောတာပေါ့။အဲ့ဒီရေနွေးဖျောပြီးသားကိုမှအထက်ကလိုပဲဓား ထက်ထက်နဲ့လှီးပြီးထမင်းအိုးမှာထည့်ချက်တယ်။
ပြောင်းထမင်းကတော့ထမင်းအိုးစပြီးတည်ကတည်းကဆန်နဲ့အတူရေဆေးပြီးချက်ရတယ်။ထမင်းအိုးပွက် ရင်ဆန်နဲ့အတူငှဲ့လို့ရမည့်အနေအထားရောက်ရင်ထမင်းရည်ငှဲ့ပေးပြီးမီးဖိုပေါ်မှာနှပ်ထားလိုက်တယ်။ ထမင်းအိုးကျက်ရင်တော့ပြောင်းထမင်းပူပူလေးရပြီပေါ့။ဒီချက်နည်းလေးတွေလည်းအမေ့အိမ်မှာတုန်းက အမေသင်ပေးထားလို့မှတ်မိနေတာ။မောင်းစင်မှာပြောင်းထောင်းရင်အမေကမောင်းခွက်နားမှာနေပြီး တော့ပြောင်းဆန်ပျာတယ်ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ကနောက်ကနေမောင်းထောင်းပေးတယ်။ ပြောင်းဖူးကတော့တစ်ယောက်ထဲလုပ်လို့ရတယ်။ထမင်းအိုးအရင်တည်ပြီးမှပြောင်းဖူးလှီးလည်းထမင်းအိုး မပွက်ခင်ပြီးတယ်။တခုတော့ရှိတာပေါ့ပြောင်းဆန်ကတစ်ခါထောင်းထားရင်သုံးလေးရက်စာအဆင်ပြေ တယ်။ပြောင်းဖူးကတော့တစ်နပ်စာတစ်ခါလှီးရတယ်။ငယ်ငယ်တုန်းကတော့ပြောင်းဖူးပေါ်ချိန်ဆိုရင် ပြောင်းဖူးပြုတ်ပြောင်းဖူးဖုတ်၊ပြောင်းဖူးကြော်စတာတွေစားရတာကိုသဘောကျတယ်။ပြောင်းဖူးထမင်းကို တော့မီးဖိုကချပြီးခါစပူပူလေးကိုဆီဆမ်းစားတာရယ်၊မနက်အစောထမင်းကြော်ရယ်ကိုအကြိုက်ဆုံးပဲ။ ညကကျန်တဲ့ထမင်းကိုမနက်အစောမှာအမေကဆီလေးနဲ့ပြန်ကြော်ပေးတာအရမ်းစားလို့ကောင်းတယ်။ နောက်တခုကကျွန်တော်တို့အိမ်မှာစိုက်တဲ့ပြောင်းဖူးကခြောက်သွားလည်းထမင်းမှာထည့်ချက်ရင်စေးစေး လေးနဲ့စားရတာကောင်းတယ်။အမေနာမည်ပေးထားကတော့(ပက်လက်လန်)ပြောင်းဖူးတဲ့။ရွာကလူတွေ လည်းအဲ့ဒီလိုပဲခေါ်ကြတယ်။ပြောင်းဖူးကလည်းအမျိုးအစားတွေအများသားဗျ။ကျွန်တ်ာသိသလောက် ပက်လက်လန်ပြောင်းဖူးအစေ့တုတ်၊ချိတ်ကြား၊ခွေးလံ၊အဖြူ၊အနီစတဲ့အမည်တွေကိုသိသလိုစားလည်းစား ခဲ့ဖူးတယ်။အစေ့တုတ်နဲ့ခွေးလံပြောင်းဖူးကတော့တော်တော်လေးကြမ်းပါတယ်။ပက်လက်လန်၊ချိတ်ကြား၊ ပြောင်းဖူးအဖြူ၊အနီစတာ တွေကတော့စေးစေးလေးနဲ့စားရတာနူးညံ့တယ်ဗျ။
ပက်လက်လန်ပြောင်းဖူးလို့ဘာကြောင့်ခေါ်တာလဲဆိုတော့အဲ့ဒီပြောင်းဖူးပြုတ်ကိုစားတဲ့အခါပါးစပ်နဲ့ကိုက် ပြီးဆွဲရင်ပြောင်းဖူးကစေးတော့ဆွဲကိုက်ရတာနောက်ပက်လက်လန်လို့သူ့နာမည်ကိုအဲ့ဒီလိုခေါ်တာတဲ့ဗျ။ စေးတာကတော့တကယ်စေးပါတယ်။သူနဲ့ချက်တဲ့ထမင်းဆိုရင်အေးသွားလည်းမမာဘူး။ပျော့ပျော့လေးပဲ။ ထမင်းပူပူကိုဆီလေးဆမ်းပြီးစားရတာအတော်ကောင်းတယ်ဗျ။မနက်အစောမှာမမေကြော်ကြော်ကျွေးတဲ့ ပြောင်းဖူးထမင်းကြော်ကလည်းကောင်းတာပဲ။ထိုင်ဝမ်ပြောင်းဖူးတို့၊သကြားပြောင်းဖူးဆိုတာတွေကအခု နောက်ပိုင်းမှာပေါ်တဲ့ပြောင်းဖူးအမျိုးအစားတွေ။စားရတာအရသာရှိသလိုနဲ့ဗိုက်မပြည့်ပါဘူး။ကျွန်တော် တို့ဆီကပြောင်းဖူးတွေကတော့နှစ်ဖူးလောက်စားရင်ဗိုက်ပြည့်တယ်။အစေ့တုတ်ပြောင်းဖူးဆိုရင်အဖူးတွေ ကသန်တော့တစ်ဖူးလောက်စားလိုက်ရင်ကိုဗိုက်ပြည့်တာပဲ။ပြောင်းဖူးကသရေစာအဖြစ်တင်မဟုတ်ဘူးဆန် နဲ့ရောချက်တာရယ်၊ဟင်းလည်းချက်စားလို့ရတယ်။ဟင်းကတော့ပြောင်းဖူးအစိုကိုချက်မှကောင်းတာဗျ။ ပြောင်းဖူးဟင်းချိုပေါ့။ကျွန်တော်တို့အညာမှာပြောင်းဖူးပေါ်ချိန်ဆိုရင်ပြောင်းဖူးဟင်းချိုကိုလည်းချက်စား ကြတယ်။ပြောင်းဖူးပေါ်ချိန်မှာဖရုံရွက်တို့မျှစ်တို့ကလည်းပေါတယ်။တောထဲကချိုးလာတဲ့မျှစ်ကိုရေနဲ့နှစ်ည လောက်စိမ်လိုက်ရင်မျှစ်ဆတ်ဆိုတာရတယ်။ပြောင်းဖူးဟင်းချိုမှာမျှစ်ဆတ်လေးနဲ့ဖရုံရွက်လေးထည့်ပြီး မန်ကျည်းသီးစိမ်းထောင်းလေးနဲ့စားခဲ့ရတဲ့အမေ့အိမ်ကထမင်းဝိုင်းကိုသတိရမိတယ်။ပြောင်းဖူးဟင်ချို ချက်တာကလည်းသိပ်ပြီးမခက်ပါဘူး။ပထမဆုံးဟင်းချိုချက်မည့်အိုးကိုရေသင့်တော်ရုံထည့်ငါးပိလေးအ နည်းငယ်ဆား၊ကြက်သွန်၊ဆီစတာလေးတွေထည့်ပြီးတော့ရေကျက်အောင်တည်ထားတယ်။မျှစ်ဆတ် ထည့်မယ်ဆိုရင်တော့တစ်ခါတည်းထည့်ပြီးတော့တည်ထားပေါ့။ပြောင်းဖူးအစိုကိုအမွေးတွေပြောင်စင် အောင်သင်ပြီးတော့ဓားနဲ့လှီးလို့ငရုတ်ဆုံဒါမှမဟုတ်နို့ဆီဗူးလေးထဲထည့်ထောင်းပြီးဟင်းအိုးရေဆူမှာ ထည့်မွှေတယ်။ပြောင်းဖူးထည့်ပြီးလို့ဟင်းအိုးပြန်ပွက်ရင်ဖရုံညွှန့်လေးထည့်ပြီးတော့ပူပူလေးစားလို့ရပါပြီ။ ပြောင်းဖူးဟင်းချိုချက်ရင်မန်ကျည်းသီးစိမ်းထောင်းကမပါမဖြစ်ပဲ။
ပြောင်းဆန်ထမင်းကိုတော့သိပ်ပြီးမကြိုက်ဘူး။ဒါပေမဲ့လည်းအိမ်မှာချက်တဲ့အခါတော့စားရတာပါပဲ။မစား ချင်လို့လည်းမရဘူးလေ။အငတ်မှမနေနိုင်တာ။ပြောင်းမှာလည်းအမျိုးအစားတွေကများတယ်။ဆန်ပြောင်း ထွက်တိုးပြောင်း၊ခွံပြောင်းစသည်ဖြင့်အမျိုးမျိုးပါပဲ။ဒေသလိုက်ပြီးတော့အခေါ်အဝေါ်လေးတွေကွဲသွား တယ်။ဆန်းပြောင်းကတော့စားလို့သိပ်ပြီးမဆိုးလှဘူး။ထွက်တိုးပြောင်းကတော့အစေ့ကအဖြူပေမယ့်ဆန် နဲ့ရောချက်လိုက်ရင်အနီရောင်ပြောင်းသွားတယ်။သူနဲ့ပေါင်းတဲ့ဆန်ပါဖြူရာကနီသွားရတယ်။အမြင်တော့ နဲနဲဆိုးပေမယ့်ပူပူလေးမှာစားရင်တော့ကောင်းပါတယ်။ပြောင်းဖူးထမင်းလောက်တော့မနူးညံ့ဘူး။အဲ့ဒီလို ထမင်းလေးတွေလည်းအမေ့အိမ်မှာတုန်းကစားခဲ့ရတယ်။အဲ့ဒီတုန်းကဘာမှမဟုတ်ခဲ့ပေမယ့်အခုအချိန်မှာ ပြန်တွေးမိတော့သတိရစရာလေးတွေပါပဲ။မှတ်မိပါသေးတယ်။ဒီကိုလာခါနီးအဲ့ဒီပြောင်းဖူးထမင်းအမေ့ကို ချက်ကျွေးခိုင်းလို့အမေကငါ့သားရယ်မင်းကလည်းအခုထိကြမ်းတမ်းတဲ့ထမင်းကိုစားချင်တုန်းပဲလားတဲ့။ ဘာရယ်မဟုတ်ပါဘူးငယ်စဉ်ကစားလာခဲ့တာလေးကိုသတိရပြီးမစားရတာလဲကြာလို့အမေ့ကိုချက်ကျွေး ခိုင်းတာပါ။ဖုန်းဆက်တဲ့အခါအမေကမေးသေးတယ်မင်းတို့ဆီမှာပြောင်ဖူးရောစားရလားတဲ့။အိမ်မှာတော့ ပြောင်းဖူးတွေပေါ်နေပြီ။ငါ့သားတွေကိုသိပ်ပြီးသတိရတာပဲလို့ဝမ်းနည်းတဲ့အသံနဲ့ပြောရှာတယ်။ပြောင်းဖူး တွေပေါတဲ့အချိန်ဆိုရင်သားတွေအတွက်ပြည်ဝင်အိုးကြီးနဲ့မပျင်းမရိပြုတ်ကျွေးတာ။ကျောင်းဆင်းလို့အိမ် ရောက်ရင်ပြောင်းဖူးပြုတ်ကအဆင်သင့်ပဲ။ဆီနဲ့ဆားရောပြီးတော့တို့စားဖို့ပါလုပ်ထားတာလေးကပါသေး တယ်။ထမင်းစားရင်းနဲ့ရလာတဲ့အတွေးကလည်းစာလုံးလေးတွေချရေးလိုက်တော့ဝတ္ထုလည်းမဟုတ်၊ ဆောင်းပါးလည်းမမည်တဲ့စာတစ်စောင်ရလာတယ်ဗျာ။စာဖတ်သူတွေလည်းဒီပို့စ်လေးဖတ်ပြီးတော့အ နည်းငယ်မျှဗဟုသုတလေးရတယ်ဆိုရင်ရေးရကျိုးနပ်ပါတယ်။လိုတာပိုတာလေးများရှိရင်လည်းဝေဖန် အကြံပြုပေးကြပါလို့....
2 comments:
အမေ့အိမ်က ပြောင်းဖူးထမင်းလေး တော်တော်စားကောင်းမယ့် ပုံပဲ။ ဒါပေမယ့် ခုက ညနေဘက်ဖြစ်နေလို့ မထက်ဖြန်မှ တစ်ခါလာပြီး စားတော့မယ်။ အင်း ကာယကံ၇ှင်က ကပ်မှ စားရမှာပါလေ။ ရဟန်းဆိုတာ ဒီလိုပဲ။ (ပျော်ရွှင်စေဘို့ပါ) အေးချမ်းပါစေ။
တင်ပါ့ဘုရား...ကပ်ရမှာပေါ့...ဘုန်းကြီးကျောင်းသားလုပ်တုန်းကတော့ ဆွမ်းသပိတ်ထဲမှာ ရွာထဲကအိမ်တွေက လောင်းထည့်တဲ့ဆွမ်းလေးတွေက ပြောင်းဖူးထမင်းလည်းပါတယ် ပြောင်းဆန်ထမင်းလည်းပါတယ် ဆန်ထမင်းလည်းပါတယ် အဲ့ဒီတုန်းကတော့ ဆန်ထမင်းတုံးလေးတွေကို ရွေးပြီးစားဖြစ်တယ်...ကျန်တာတွေက စားရတာရိုးနေလို့...လာလည်တာကျေးဇူး တင်ပါတယ်ဘုန်းဘုန်းဘုရား...
Post a Comment