"ချွေးမ" တဲ့ ဒီစကားလုံးလေးက ပတ်ဝန်းကျင်မှာ ကြားနေကျ စကားလုံးလေးပါ။ သားယောကျာ်းလေး တွေ ရှိတဲ့ မိဘတိုင်း ချွေးမ နဲ့ မကင်းနိုင်ပါဘူးဗျာ။ လောကမှာ လူတစ်ကိုယ် စိတ်တစ်မျိုး ရှိကြတာ မှန်ပေမဲ့ ရွာမှာဖြစ်ခဲ့ဖူးတာလေး ကို ဗဟုသုတ အဖြစ်ရေးသား မျှဝေလိုက်ပါတယ်။
ထနောင်းကုန်း ရွာက ဦးထွန်းအေးနဲ့ ဒေါ်မယ်လှ တို့မှာ သားအကြီး ကိုမောင်ဝင်း၊ သမီးအလတ် မရွှေဋ္ဌေး နဲ့ သားအငယ်ဆုံး မောင်လှိုင် ဆိုပြီး သားသမီး သုံးယောက်ရှိပါတယ်။ ကိုမောင်ဝင်းနဲ့ မရွှေဋ္ဌေး ကတော့ အိမ်ထောင်တွေကျ လို့ သူ့အိုး သူ့အိမ်နဲ့ ရွာထဲမှာပဲ နေထိုင်ကြပါတယ်။ မိဘအိမ်ကို တစ်နေ့တစ်ခေါက်တော့ ရောက်ဖြစ်ကြတာပေါ့။ အိမ်မှာ အငယ်ဆုံး မောင်လှိုင်နဲ့ အဖေအမေရယ် သုံးယောက်ပဲ ကျန်ရစ်ခဲ့တယ်။ ဦးထွန်းအေးနဲ့ဒေါ်မယ်လှ မိသားစုက ထနောင်းကုန်း ရွာထဲမှာတော့ လယ်ယာမြေ ဧကများစွာ ပိုင်ဆိုင်ပြီး ခိုင်းနွား နှစ်ရှဉ်း အပြင် နွားမအုပ်ကြီးကလည်း ရှိသေးတယ်။ ထနောင်းကုန်း ရွာမှာတော့ လူချမ်းသာ စာရင်းဝင်ပေါ့။
သားကြီး ကိုမောင်ဝင်း မိန်းမယူတုန်းကလည်း မိဘတို့ ၀တ္တရားအတိုင်း တောင်းရမ်း လက်ထပ် မင်္ဂလာဆောင် ပေးခဲ့တယ်။ အခု အငယ်ကောင် မောင်လှိုင် တစ်ယောက်ကတော့ တောင်းရမ်းမခိုင်းဘဲ ခိုးပြေးတာဆိုတော့ အရင်ဆုံး တဖက်မိဘ ကျေနပ်အောင် သွားပြီး တောင်းပန်ရအုံးမယ်။ မိဘတိုင်းဟာ သားသမီးကိစနဲ့ယှဉ်လာရင် သူများရှေ့ ဒူးထောက် တောင်းပန်ရလည်း ၀န်မလေးတတ်ကြပါဘူး။ အခုလည်း ဦးထွန်းအေးနဲ့ ဒေါ်မယ်လှတို့ လင်မယား သားအတွက် သူများရှေ့ကို တောင်းပန်ဖို့ ရောက်ခဲ့ရပြီ။ ကိုယ့်လူက အမှားလုပ်ထားတော့လည်း တောင်းပန်ရပေမယ့်ပေါ့။ မိသင်းရဲ့ မိဘများကလည်း စိတ်တော့ဆိုးပေမဲ့ ဖြစ်ပြီးသွားတော့လည်း တဖက်သားရဲ့ တောင်းပန်မှု့ကို ကျေနပ်စွာလက်ခံခဲ့ပါတယ်။ နောက်ပြီး တစ်ရွာတည်းသားချင်း ဆိုတဲ့ ပတ်သက်မှု့ကလည်း ရှိပြန်သေးမဟုတ်လား။ နှစ်ဦးနှစ်ဖက် ပြေလည်စွာ တိုင်ပင်ညှိနှိုင်းပြီးတော့ ယောကျာ်းလေးဘက်က မိဘများက သူတို့ဝတ္တရားအတိုင်း မောင်လှိုင်နဲ့ မိသင်းကို ခမ်းခမ်းနားနား မင်္ဂလာဆောင်ပေးခဲ့ပါတယ်။
တောရွာမင်္ဂလာဆောင်ဆိုတာကလည်း သိတဲ့အတိုင်းပဲ။ မလုပ်ရင်သပ်သပ် လုပ်လိုက်လို့ကတော့ ၀က်သားကျွေး မှ ဆိုတာလို။ အခုလည်း ဦးထွန်းမောင်နဲ့ ဒေါ်မယ်လှတို့ သားဖြစ်သူ မင်္ဂလာဆောင် အတွက် ပြင်ဆင်ကြရပြီ။ ဖိတ်စာ ရိုက်ဖို့အတွက် ရွာက ကျောင်းဆရာ ကိုမိုးအေးကို ခေါ်ပြီး ဖိတ်စာ ရေးခိုင်းရတယ်။ ဖိတ်မည့်လူဦးရေ နဲ့ ကုန်ကျမည့် ဟင်းရာအတွက် ၀ယ်ဖို့ခြမ်းဖို့ ကို ရွာကအဖွဲ့အစည်းနဲ့ ခေါ်တိုင်ပင်ရတယ်။ လူပျိုအပျိုခေါင်းတွေကိုလည်း ခေါ်ပြီး သူတို့အပိုင်းက လိုအပ်တာ လေးတွေလုပ်ပေးဖို့ ပြောရတယ်။ မင်္ဂလာပွဲနေ့မှာ လာတဲ့ ပရိတ်သတ်ကို ဧည့်ခံဖို့ ယောကျာ်းလေး မိန်းခလေးတွေကို နေရာချဖို့ အတွက်ကတော့ အပျိုခေါင်း မစိန်ဋ္ဌေးက တာဝန်ယူလို့။ မိန်းမတောင်း သွားရင် အုပ်ရွက်ဖို့ မိန်းခလေးတွေကို လည်း သူကပဲ စီစဉ်ပေးတယ်။ တောရွာဓလေ့မှာ အပျိုလူပျိုကိစ္စ ဆိုရင် အပျိုခေါင်းဆောင်ရဲ့ အမိန့်က အခရာကျတယ်လေ။ အဲ့ဒီလို လိုအပ်တာတွေ ပြင်ဆင်ပြီးတော့ မင်္ဂလာဆောင် နေ့ကို ရောက်လာပါတယ်။
မောင်လှိုင်နဲ့ မိသင်းတို့ ဖူးစာကလည်း အဆန်းသားပဲ။ မောင်လှိုင်တစ်ယောက်က မိသားစုထဲမှာ ခပ်အေးအေး နေတတ်သူ၊ တောင်သူအလုပ်နဲ့ မိဘက လွဲရင် ကျန်တာကို သိပ်ပြီးတော့ စိတ်မ၀င်စား။ အသောက်အစားလည်း ကင်းတယ်။ တောင်သူအလုပ်ကို ကိုယ်တိုင်ဦးစီးပြီး မိဘနှစ်ပါးကို လုပ်ကျွေးနေသူ။ မိသင်းကတော့ ရွာက အပျိုတွေကြားမှာ နာမည်တစ်လုံးနဲ့ နေသူ။ မိန်းခလေးချင်း စကားများတာ၊ ရန်ဖြစ်တာ ဆိုရင် တဖက်လူက မိသင်းလို့သာ မှတ်လိုက်။ မိဘတွေဆုံးမတော့လည်း ရှေ့မှာတင်ပဲ နားထောင်တယ်။ ကွယ်ရာမှာတော့ သူ့ကို အပျိုတိုင်းက ကြောက်ကြတယ်။ မိသားစုထဲမှာလည်း ကျန်တဲ့သူတွေက အေးအေးဆေးဆေး သူတစ်ယောက်သာ အခုလို ခပ်စွာစွာနဲ့ စရိုက်ပါတယ်။ တစ်မိပေါက် တစ်ယောက်ထွန်းတဲ့ မိသင်းနဲ့ မောင်လှိုင်တို့ အကြောင်းလေးက ထန်းတပင်ရွာမှာတော့ စိတ်ဝင်စားစရာ အဖြစ်လေးပေါ့။
ရွာသူအပျိုချော တွေကတော့ မောင်လှိုင်ကသာ စမယ်ဆိုရင် ငြင်းမယ့်သူမရှိပါဘူး။ ဒါပေမဲ့ မောင်လှိုင်တစ်ယောက် ကတော့ စဖို့ရာ ဝေလာဝေးပဲ။ သူ့အိမ်က အလုပ်တွေနဲ့တင် မအားလပ်နိုင်အောင်ဖြစ်နေရတယ်။ အဲ့ဒီလိုနဲ့ မြှားနတ်မောင်က တစ်နေ့တော့ မောင်လှိုင်ဆီကို မျက်စိလည်ပြီး ရောက်လာသလား တည့်တည့်ပဲ လာသလား မပြောတတ်။ ချောင်းထဲ ရေခပ်သွားရင်း မိသင်းနဲ့ဆုံမိပါတယ်။ ချောင်းထဲ သဲခုံက လက်ယက်တွင်းလေးမှာ ရေခပ်ရင်း တစ်ယောက်ကို တစ်ယောက် အကြည့်ချင်းဆုံးရာက ကိုမောင်လှိုင်တစ်ယောက် မိသင်းကို စိတ်ဝင်စားသွားပါတယ်။ လက်ယက်တွင်းလေးမှာ ရေခပ်တာက တစ်တွင်းကို နှစ်ယောက်ထိုင်ပြီး ဟိုဘက်ဒီဘက် ယှဉ်ပြီးခပ်ရတယ်။ ရေထွက်ကကောင်းတော့ နှစ်ယောက် ခပ်လို့ရပါတယ်။ အဲ့ဒီနေ့ကတော့ သူတို့နှစ်ယောက် တစ်တွင်းထဲမှာ ရေအတူ ခပ်ရာက အကြည့်ချင်းဆုံ မိသွားတာပေါ့။ မိသင်းလည်း ရွာထဲက အပျိုတစ်ယောက်ပဲ မဟုတ်လား။ မောင်လှိုင်အကြောင်းကို သူလည်း သိပြီးသားဆိုတော့ စိတ်ထဲမှာ ကြိတ်ပြီး ၀မ်းသာနေတယ်။ ဘယ်တော့များ သူ့ကို မောင်လှိုင်က ချစ်ရေးဆိုလေ မလဲဆိုပြီးတော့ပေါ့။ မောင်လှိုင် တစ်ယောက်လည်း မိသင်းနဲ့ ချောင်းထဲမှာ အကြည့်ချင်း ဆုံပြီးကတည်းက စားလည်းမိသင်း၊ သွားလည်း မိသင်း နဲ့ စိတ်ထဲမှာ မိသင်းအကြောင်းကို သာပဲ တွေးနေမိပါတယ်။ နောက်တစ်ခါ တွေ့ရင် ချစ်တဲ့အကြောင်းတွေကို ဖွင့်ပြောလိုက်မယ် လို့လည်း တစ်ယောက်တည်း ရေရွတ်နေမိတယ်။
အဲ့ဒီလိုနဲ့ မောင်လှိုင်နဲ့ မိသင်း တို့ချစ်သူရည်စား ဘ၀ကို ရောက်သွားကြပါတယ်။ မောင်လှိုင်စိတ်ကူးက သူလည်း အိမ်မှာတစ်ယောက်တည်း အလုပ်တွေလုပ်ရ အဖေနဲ့အမေကလည်း အသက်အရွယ် ရလာတော့ အရင်ကလို အလုပ်တွေ သိပ်ပြီး မလုပ်နိုင်။ နွားမအုပ်နောက်ကို လိုက်ရတာက နေ့တိုင်း။ အကိုနဲ့ အမကလည်း သူ့အိုးသူ့အိမ်နဲ့ဆိုတော့ မကူညီနိုင်။ အလုပ်အားလုံး မောင်လှိုင်တစ်ယောက်တည်းသာ ပင်တိုင် လုပ်နေရတော့ သူလည်း ကူဖော်လောင်ဖက် ရှာဖို့ စိတ်ကူးမိတာပေါ့။ အဖေနဲ့အမေကို မိန်းမတောင်း ပေးဖို့ ပြောပြန်ရင်လည်း အရင်ကသူ့စကားနဲ့ သူ မိန်းမ မယူဘူးလို့ပြောထားတော့ မိဘကို မပြောရဲ။ နောက်ဆုံးတော့ သူငယ်ချင်း အပေါင်းအသင်း တွေနဲ့ တိုင်ပင်ပြီး အကြံဥာဏ်တောင်းတော့ ခိုးပြေးဖို့ ၀ိုင်းပြီး တိုက်တွန်းကြတယ်။ မိသင်းကို ချိန်းဖို့အတွက်လည်း သူငယ်ချင်းတွေကပဲ စီစဉ်ပေးလို့ မောင်လှိုင်တစ်ယောက် မိန်းမခိုးဖို့ အစီအစဉ် ဖြစ်မြောက်သွားပါတယ်။
မိသင်းမိဘတွေကလည်း တစ်ရွာတည်းသားချင်း အတွင်းသိ အချင်းသိ ဖြစ်တဲ့ မောင်လှိုင်ကို သူ့တို့သမီးနဲ့ သဘောတူစွာပဲ လက်ခံခဲ့ပါတယ်။ လူကြီးမိဘစုံရာနဲ့ လာတောင်းရမ်းပြီး မင်္ဂလာဆောင်ပေး ဖို့တော့ မိသင်းအမေဒေါ်ငွေကြည်က တောင်းဆိုပါတယ်။ ဦးထွန်းအေးနဲ့ ဒေါ်မယ်လှ တို့အခြေအနေ ကိုလည်း သိထားသူ မဟုတ်ပါလား။ သူတို့ဘက်ကို တင်ရမည့် အုပ် အရေအတွက် ကိုလည်း သေချာ စာရင်းပြုစုလို့ ခန်းဝင်ပစည်းကအစ ဒေါ်ငွေကြည်က လိုအပ်တာ တွေကို ပြောပါတယ်။ မောင်လှိုင်ဘက်ကလည်း မိန်းခလေးရှင် သဘောကျ လိုက်လုပ်ပေးပါတယ်။ မင်္ဂလာဆောင်ကလည်း ၀က်သားကျွေးပြီး ခမ်းခမ်းနားနား ဆောင်တာဆိုတော့ လူတွေကလည်း စည်းကားစွာနဲ့ အောင်မြင်စွာ ပြီးဆုံးသွားပါတယ်။
မင်္ဂလာဆောင်ပြီးတော့ မိသင်းတစ်ယောက် အထုပ်ကိုပိုက်လို့ မောင်လှိုင်အိမ်ကို လိုက်လာခဲ့ပါတယ်။ မောင်လှိုင်မိဘတွေကလည်း ရိုးရိုးအေးအေး သမားတွေ ဆိုတော့ မိသင်းကို ခင်ခင်မင်မင် ဆက်ဆံကြပါတယ်။ ဒေါ်မယ်လှကတော့ မိသင်းအကြောင်းကို သိထားသလို အနီးကပ်နေရတော့ မိသင်းအပေါ်မှာ ပိုပြီးအကဲခတ်ရတာပေါ့။ မိသင်းက ရွာထဲမှာ စွာသလောက် လက်ကလည်း လျင်သလားမမေနဲ့။ မိန်းမချင်း ရန်ဖြစ်လို့များ သူကခံရတယ်ဆိုတာ မရှိခဲ့ဘူး။ သူကြီးအိမ်ကို ရောက်ခါမှ ရောက်ရော သူကလက်ဦး အောင်လုပ်ခဲ့တာ ကများတယ်။ အဲ့ဒီလို စရိုက်ရှိတဲ့ မိသင်းနဲ့ ရိုးရိုးအေးအေး နေတတ်တဲ့ ဒေါ်မယ်လှတို့ အခုတော့ တစ်အိမ်ထဲမှာ အတူနေကြရပြီ။ ချစ်တာမုန်းတာ အသာထားလို့ သားဖြစ်သူနဲ့ ပတ်သက်နေတော့လည်း သည်းခံလို့ ဆက်ဆံရပေမပေါ့။ အိမ်မှာ လူတစ်ယောက် တိုးလာတော့ မောင်လှိုင်အတွက်လည်း အိမ်အလုပ်တွေ တစ်ယောက်ထဲ လုပ်ရတာ နည်းနည်းတော့ သက်သာလာတာပေါ့လေ။ဒါပေမဲ့ ခဏတာပါပဲ။ သူယူတဲ့ မိန်းမက အလုပ်ကို လက်ကြော တင်းအောင်လုပ်ချင်တာ မဟုတ်ဘူးလေ။
မိသင်းအိမ်ပေါ်ရောက်ပြီး မကြာခင်မှာပဲ ဦးထွန်းအေးနဲ့ ဒေါ်မယ်လှတို့အိမ်မှာ ဆူဆူညံညံ အသံလေးတွေ ကြားလာရပါတယ်။ မောင်လှိုင်တို့လင်မယား တစ်ယောက်ကိုတစ်ယောက် စကားပြော အဆင်မပြေရာက တစတစနဲ့ ရန်ဖြစ်တဲ့ အဆင့်ကို ရောက်လာပါတယ်။ မိသင်းကလည်း ခပ်စွာစွာ သမား သူ့မိဘ အိမ်မှာတုန်းက အလုပ်လုပ်ရတယ်ဆိုပေမဲ့ မောင်လှိုင်အိမ်လောက်တော့ မဆင်းရဲပါဘူး။ မောင်လှိုင်အိမ်မှာကတော့ လယ်တွေကလည်းများ ခိုင်းနွားတွေက နှစ်ရှဉ်းဆိုတော့ နွားလေးကောင်စာ နွားစာရိတ်ရတာပေါ့။ နွားမအုပ်ကတော့ ဦးထွန်းအေးနဲ့ ဒေါ်မယ်လှက တစ်လှည့်စီ လိုက်ကျောင်းလို့ အဆင်ပြေပါတယ်။ လယ်ယာအလုပ်တွေကိုတော့ မောင်လှိုင်နဲ့ မိသင်းကပဲ ဦးဆောင်ပြီး လုပ်ကိုင်ကြတယ်။တစ်နေ့နဲ့တစ်နေ့ အလုပ်တွေ မနားတမ်း လုပ်လာရတော့ မိသင်းတစ်ယောက်လည်း အသံကထွက်လာတာပေါ့။ သူ့အိမ်မှာတုန်းက ဒီလောက် ပင်ပန်းအောင် မလုပ်ခဲ့ရဘူးလေ။
မောင်လှိုင်ကတော့ အလုပ်ကို အရင်ကလည်း တစ်ယောက်ထဲလုပ်လာတာ မိန်းမယူလိုက်လို့လည်း သူ့အတွက်တော့ ထူးပြီးသက်သာလှတယ် မရှိပါဘူး။ တခါတလေတော့လည်း မိန်းမလုပ်သူကို နားလည်အောင် ပြောပြရတာပေါ့။ ပင်ပမ်းတယ် ဆိုတာလည်း မိုးဦးကျစ အချိန်နဲ့ ပေါင်းသင်မြက်နှုတ်ချိန် လောက်ပါပဲ။ နောက်တစ်ခါ သီးနှံသိမ်းဆည်းချိန် မှာလည်း လူငှားတချို့နဲ့ ခိုင်းတာကများတယ်။ ယာခင်းရှင်က ကြီးကြပ်ယုံ လောက်ပဲ။ လယ်သိမ်းချိန်မှာတော့ နည်းနည်း ပင်ပမ်းပါတယ်။စပါးသယ် စပါးလှေ့ ရတာက လူငှားပါလည်း မသက်သာလှဘူး။ ရတဲ့ စပါးကလည်း သူတို့မိသားစုတော့ တနှစ်စားလို့မကုန်ဘူး။ နှမ်း ဆိုလည်း ဒီအတိုင်းပဲ။ ဆီဝယ်ပြီး စားရတယ်ဆိုတာ မရှိဘူး။ ပဲ၊ ပြောင်း နေကြာ ဆိုတာတွေကတော့ သူတို့မိသားစုအတွက် အပိုဝင်ငွေပါပဲ။
လူ့လောဘ ဆိုတာကလည်း ခက်တော့အခက်သား။ မိသင်း တစ်ယောက် မောင်လှိုင်အိမ်မှာ မတောင့်မတနဲ့ နေလာတာ တစ်မိုးကုန်လို့ သီးနှံတွေ သိမ်းဆည်းပြီးချိန် အိမ်ပေါ်ကို ရောက်လာတဲ့ သီးနှံတွေကို ကြည့်ပြီးလောဘတွေ တက်လာပါတယ်။ သားကြီး ကိုမောင်ဝင်းမိန်းမ မသိန်းလှက မောင်လှိုင် အိမ်ထောင် မကျခင်တုန်းက သီးနှံသိမ်းချိန်ဆိုရင် အိမ်ကိုလာပြီး ကူညီလုပ်ပေးတယ်။ ယောက္ခမဖြစ်သူ ဒေါ်မယ်လှကလည်း ချွေးမဆိုပေမဲ့ မသိန်းလှကို ချစ်ပါတယ်။ ကိုယ့်သားနဲ့စပ်တော့ သမီးပဲမဟုတ်ပါလား။ ကူညီလုပ်ကိုင်ပေးလို့ တစ်တင်း တစ်တောင်းဆိုသလို ထည့်ပေးတတ်ပါတယ်။ မိသင်းရောက်လာတော့ မသိန်းလှလည်း အရင်ကလို အိမ်ကိုလာကူတာ မရှိတော့ဘူး။ မိသင်းကလည်း မလာလေ ကြိုက်လေပေါ့။ ဒါမှ သူတစ်ယောက်တည်း လက်ဝါးကြီးအုပ်လို့ ရမှာလေ။ မသိန်းလှကလည်း ခေသူတော့ မဟုတ်ဘူး။ မိသင်းလောက် မစွာပေမဲ့ ခပ်ညံ့ညံ့ထဲကတော့ မဟုတ်တာသေချာတယ်။ မိန်းမချင်းဆိုတော့ တစ်ယောက်အကြောင်း တစ်ယောက်သိပြီး ခပ်ကင်းကင်းနေတာလည်း ဖြစ်ပါတယ်။
အပိုင်း(၂) ဆက်ဖတ်ပါအုံး...
2 comments:
အားပေးသွားတယ်နော်... ဆက်ပြီးကြိုးစားထား...
အပိုင်း(၂)ကို စောင့်နေမယ်..
ရာဇာ(ကျေးတောသားလေး)
အပိုင်း (၂)ကို မျှော်နေမယ်နော်...ကျန်းမာရွှင်လန်း အေးချမ်းပါစေ...
Post a Comment