မှိုကောက်တယ်ဆိုတာမြေမှာပေါက်နေတဲ့မှိုကိုနှုတ်ယူခြင်းဖြစ်ပါတယ်။လက်ပံကောက်တယ်၊ပဲကောက်တယ်၊ ပိုက်ဆံကောက်တယ်စသည့်ဖြင့်အမျိုးမျိုးသုံးကြပါတယ်။အခုပြောတဲ့မှိုကောက်တယ်ဆိုတာလည်း မှိုကိုမြေမှနှုတ်ယူခြင်းကိုခေါ်တာပါပဲ။ဒေသအလိုက်အခေါ်အဝေါ်ကွဲပြားသွားတာပါ။ထားပါတော့အခုပြောချင် တာလေးက ကျုပ်တို့ရွာမှာတောင်ရိုးပေါ်တက်ပြီးမှိုကောက်တဲ့ အကြောင်းလေးကိုဗဟုသုတအဖြစ် မျှဝေပေးပါအုံးမယ်။“မိုနာလီဇာအပြုံး၊မှိုရတဲ့မျက်နှာ”စတဲ့စကားလေးတွေလည်းအားလုံး ကြားဖူးကြမှာပေါ့။ မိုနာလီဇာကဘယ်လိုပြုံးလဲတော့ မမြင်ဖူးဘူးဗျ။ မှိုရတဲ့မျက်နှာကတော့ ကိုယ်တိုင်ကြုံဖူးတော့သိတယ်။ မြင်ဖူးချင်ရင်တော့ကိုယ်တိုင်မှိုကောက်နေသလို ခံစားပြီးတော့ မျက်နှာကိုပြန်ကြည့်လိုက်နော်။
ကျုပ်တို့အညာမှာ မိုးတွင်းကာလ၀ါဆိုဝါခေါင်ရောက်ရင်ရွာအနောက်ဘက်က တောင်ရိုးတောင်တန်းတွေမှာမှိုတွေပေါပေါများများပေါက်တယ်။တောင်ရိုးမှို(သို့)အင်တိုင်းမှိုလိုလည်းခေါ် ကြတယ်ဗျ။တောင်ရိုးပေါ်မှာပေါက်လို့တောင်ရိုးမှိုပေါ့ဗျာ။အင်တိုင်းဆိုတာကတော့အင်ဖက်ပင်တွေ အများစုရှိတဲ့တောင်ရိုးကိုအစွဲပြုပြီးတော့ခေါ်တာ။ပေါက်ရောက်တဲ့မှိုတွေကလည်းပေါများတော့ နာမည်တွေကလည်းအမျိုးမျိုးပါပဲ။ကျွန်တော်သိသလောက်လက်ထိမည်း၊ကိုရင်မှို၊မယ်သီလမှို၊သက်ရာမှို၊ ငှက်ချွေစာ၊တောင်ပို့မှို၊ကျင်းမှို၊မှိုဖြူ၊မှိုဝါ၊ဇီးဖြူမှို၊မှိုဖြူဘီးကျဲ၊မှိုဝါဘီးကျဲ(ဘီးကျဲဆိုတာမှိုရဲ့အတွင်းဘက်ကို ကြည့်ပြီးခွဲတာပါအတွင်းဘက်ကအကြောင်းလေးတွေကျဲနေရင်ဘီးကျဲပေါ့၊စိပ်နေရင်တော့ဘီးစိပ်လို့ခေါ်မှာပေါ့။ ဒါပေမဲ့ဘီးစိပ်မှိုလို့တော့မခေါ်ကြဘူး။)မှိုဖြူနဲ့မှိုဝါနှစ်မျိုးမှာဘီးမကျဲတာကိုဘီးစိပ်လို့ပဲမှတ်လို့ရပါ တယ်။
မယ်သီလမှို
မှိုကလည်းရာသီဥတုကိုမှီသေးတယ်ဗျ။မိုးဦးကောင်းရင် ၀ါဆိုဝါခေါင်မှာပေါက်တယ်။ နောက်သီတင်းကျွတ်လမှာလည်းပေါက်တယ်။မိုးဦးကျမကောင်းရင်တော့ဝါဆိုဝါခေါင်မှာသိပ်မပေါက်ဘဲ သီတင်းကျွတ်လမှာများများပေါက်တယ်။မိုးသုံးခုညီတဲ့နှစ်ဆိုရင်တော့မှိုနှစ်ကြိမ်ကောက်နိုင်တာပေါ့။မိုးဦးကောင်းရင် ၀ါဆိုဝါခေါင်လမှာ(၇)ရက်ခန့်ပေါက်တယ်။အဲ့ဒီလိုအချိန်ဆိုရင်တော့ တောင်ရိုးပေါ်မှာတစ်ရွာလုံးလိုလိုပဲ။ တချို့ကလည်းမနက်ပိုင်းယာထွန်၊နေ့လည်ပိုင်းမှာတောင်ရိုးပေါ်တက်ပြီးမှိုကောက်ကြတယ်။
အများစုက မှိုပေါက်ပြီဆိုရင် တစ်အိမ်ကိုတစ်ယောက်လောက်တော့တောင်ရိုးပေါ်မှိုကောက်လိုက်တယ်။ တချို့လူများတဲ့အိမ်ကျတော့သုံးလေးယောက်ပေါ့။သုံးလေးယောက်လိုက်ကောက်တော့ကိုယ့်အိမ်စားဖို့ တင်မဟုတ်ဘဲတခြားရွာတွေကိုပါသွားရောင်းဖို့ရတယ်လေ။ ကျူပ်ဦးလေးတစ်ယောက်ဆိုရင်သားသမီးတွေ ကလည်းများတော့မှိုတစ်ခါပေါက်ပြီးလို့မှိုတုန်းသွားရင် မှိုဖိုးနဲ့ဆန်နှစ်အိတ်လောက်ဝယ်နိုင်တယ်။ သူကဦးဆောင်ပြီးသားသမီးတွေနဲ့ မှိုကောက်ထွက်တာ ပျော်ဖို့သိပ်ကောင်းတယ်ဗျ။ပေါ်တုန်းပေါ်ခါလေးမှာ ပိုက်ဆံလေးရအောင်လုပ်ကြရတာပေါ့ဗျာ။
မှိုဝါဘီးကျဲ
မှိုကောက်လိုက်မယ့်သူက အိပ်ယာထတော့ပျင်းလို့မရဘူး။မနက်မှိုကောက်သွားမယ်ဆိုရင် ညကတည်းကစောစောအိပ်ရတယ်။မှိုထည့်ဖို့အတွက်တောင်းတစ်လုံးနဲ့ ပခုံးတင်ပုဆိုး(ကျုပ်တို့အညာမှာ ယာခင်းထဲပဲသွားသွား၊တောထဲထင်ခွေ၊နွားကျောင်း၊ဆိတ်ကျောင်းသွားတယ်ဆိုရင်ပုဆိုးအဟောင်းတစ်ထည် ကတော့ယောကျာ်းမိန်းမဘယ်သူသွားသွားယူသွားကြတယ်)တစ်ထည်ကိုအဆင်သင့်ထားလို့ပေါ့။ တောထဲရောက်လို့အသီးအရွက်တွေ့လည်ဒီပုဆိုးနဲ့ထုပ်၊ထင်းခွေတော့ခေါင်းခုစသည်ဖြင့်ပေါ့အဆင်သင့်ရာ သုံးကြတယ်။မြို့ကလူတွေအပြင်သွားရင်လက်ကိုင်အိတ်(ချိုင်းအောက်အိတ်)ယူသွားသလိုမျိုးပေါ့ဗျာ... သူတို့အိတ်ကအသွားကတည်းကထည့်သွားမှအပြန်ကျတော့လည်းအထုပ်နဲ့ပြန်ရတာ။ကျုပ်တို့ပခုံးတင်ပုဆိုးက တော့အသွားမှာဘာမှထည့်သွား စရာမလိုဘူး။အပြန်ကျမှသူ့ထဲကို ထည့်ပြီးထုပ်လာရုံပဲ။ချိုင်းအောက်အိတ် ဆိုတာကို သူငယ်ချင်းတစ်ယောက်ပြောတာလေးမှတ်ထားလို့ထည့်ရေးလိုက်တာပါ။အစတုန်းကတော့ ဘာကိုပြောတာလဲပေါ့။နောက်မှသူ့ကိုမေးတော့ချိုင်းအောက်မှာအိတ်ကိုထားလွယ်ရလို့ ချိုင်းအောက်အိတ် လို့ခေါ်တာတဲ့ဗျာ။လက်နဲ့တင်မကိုင်ဘဲ ချိုင်းအောက်မှာလည်းထားလွယ်တော့ချိုင်းအောက်အိတ်ဆိုလည်း ဟုတ်တာပဲလေ။မှိုကောက်တာကနေဘယ်ရောက်ကုန်ပါလိမ့်။အသုံးအနှုန်းလေးတွေကစပ်မိလာတော့ ဗဟုသုတအဖြစ်ထည့်ရေးတာပါ။မှိုထည့်ဖို့တောင်းရယ်၊ပခုံးတင်ပုဆိုးရယ်ကိုညကတည်းကအရန်သင့်ပြင် ဆင်ထားရတယ်။ဒါမှမနက်သွားတော့ ပြင်ဆင်ပြီးသားကိုချက်ချင်းယူသွားနိုင်မှာပေါ့။သန်းခေါင်ကြက်တွန်ပြီး နောက်ထပ်ကြက်တွေသုံးလေးခါတွန်ရင်အိပ်ယာကထကိုယ်နဲ့အတူသွားမယ့် အိမ်နီးနားချင်းအဖော်တွေကိုနှိုး မျက်နှာသစ်ပြီး တောင်းလေးကိုကိုင်ပုဆိုးလေးပခုံးပေါ်တင်လို့ အဖော်တသိုက်နဲ့တောင်ရိုးရှိရာဆီသို့ သွားကြတယ်။ဒီနေရာမှာကြက်တွန်သံဆိုတာကလည်းကျုပ်တို့အညာရဲ့ဗဟိုရ်စည်သံပဲဗျ။နာရီဆိုတာတွေ မပေါ်ခင်ကတည်းကကြက်တွန်သံကိုနားထောင်ပြီး အချိန်မှတ်သားကြတာ ယနေ့အထိပါပဲ။ကြက်ဦးတွန်ကို သက်ကြီးခေါင်းချချိန်၊သန်းခေါင်ကြက်၊လင်းကြက် စသည့်ဖြင့်ကြက်တွန်သံကိုအမှတ်အသားပြုကြတယ်။ ကြက်သုံးလေးခါတွန်ပြီးချိန်ကစလို့ ရွာကနေထွက်လာလိုက်ကြတာအာရုဏ်လာခါနီးတော့ တောင်ရိုးခြေကိုရောက်ကြပြီ။တချို့လည်းကိုယ့်ရှေ့ကကြိုရောက်နေသူတွေတောင်ရှိကြတယ်။ဝီရိယ ထားကြတာပေါ့။တောင်ရိုးခြေရောက်လို့ မှိုကိုသဲသဲကွဲကွဲ မမြင်ရသေးခင်
ကျင်းမှို
စုထိုင်ပြီးစကားပြောနေကြတယ်။နဲနဲလေးအလင်းရောင်လာရင် ထိုင်ရာမှထပြီးတော့ပါလာတဲ့ပုဆိုးကို စလွယ်သိုင်းလွယ်တောင်းကိုပုဆိုးထဲမှာထည့်တစ်တောင်ခန့်ရှိတဲ့တုတ်ချောင်းသေးသေးကို လက်ကကိုင်ပြီးတောင်ရိုးအောက်ခြေကနေစပြီးတက်ကြပြီ။သွားနေရင်းဖြူဖြူလေးတွေ့လို့ကတော့ တုတ်ကရောက်သွားပြီ။မှိုဟုတ်မဟုတ်လက်ထဲကတုတ်ချောင်းကသိတယ်။မှိုလေးပတ်ဝန်းကျင်ကို တုတ်ချောင်းလေးနဲ့ရှင်းပြီးတော့တောင်းထဲကိုကောက်ထည့်တယ်။မှိုတောင်းထဲထည့်တာကလည်း ထည့်ချင်သလိုထည့်မရဘူးဗျ။ပထမဆုံးရကတည်းကတစ်ပွင့်ချင်းစီကိုပက်လက်လှန်ပြီးတော့အပေါ်ကနေ ထည့်ထည့်သွားတာ။တောင်ရိုးပေါ်စတက်တက်ချင်းမှာတော့မှိုအဖြူရောင်ကိုသာမြင်ရတယ်။ ကျန်တဲ့အရောင်နဲ့မှိုကိုမမြင်တော့ခြေထောက်နဲ့အနင်းခံရတာပဲ။အဲဒီလိုနဲ့ဖြူဖြူမြင်ရာတုတ်နဲ့ထိုးပြီး ကောက်ရင်း အလင်းရောင်ရလာရင် တောင်းထဲမှာတချို့လည်းမှိုလေးငါးပွင်၊့တချို့ကဆယ်ပွင့် အဲ့ဒီလို ရကြပြီ။မှိုကိုသဲသဲကွဲကွဲမြင်ရတဲ့အချိန်ရောက်ရင်တာ့ မှိုအပေါက်များတဲ့တောင်ရိုးအလည်ပိုင်းကိုလူတွေ လည်းရောက်နေပြီ။သူ့ထက်ငါဟိုးနာကုန်းကုန်းဒီနားကုန်းကုန်းနဲ့ မှိုရှာရတာသိပ်ပြီးတော့ပျော်စရာ ကောင်းတာဗျာ။အဲ့ဒီအချိန်မျိုးမှာတော့မြွေဆိုတာလည်းမကြောက်ဘူး၊ကင်းဆိုတာလည်းမမှု့ဘူး၊ ခေါင်းထဲမှာမှိုမှမှိုပဲရှိတယ်ဗျ။မြွှေတို့ကင်းတို့ကလည်းတွေ့ခဲတယ်။တခုရှိတာကထုတ်ပနီ(ပဆွတ်)ကတော့ တွေ့တယ်ဗျ။မှိုဇောနဲ့တိုးရင်းဝှေ့ရင်းပဆွတ်အုံကို သွားတိုးမိရင်တော့ ခံပေတော့ပဲ။အဲ့ဒီလိုကိုယ်ရှာနေတုန်း မှိုပွင့်လေးများတွေ့လိုက်ရင်မျက်နှာကြီးကိုပြုံးနေတာပဲဗျာ။အဲ့ဒါပြောတာပေါ့မှိုရတဲ့မျက်နှာဆိုတာ။
(ဆက်ရေးပါမည်..)
0 comments:
Post a Comment