အခုလို နွေရာသီရောက်ခါစ တပိုတွဲ တပေါင်းလ ဆိုရင် ကျွန်တော်တို့ဆီမှာ ဟင်းချက်စရာ အလွန်ရှားပါတယ်။ မိုးရာသီမှာ ပေါ်တဲ့မျှစ်ကို တောင်ရိုးပေါ် တက်ချိုးပြီး အချဉ်တည် ထားတဲ့ မျှစ်ချဉ်ရယ်၊ မန်ကျည်းသီးမှည့်၊ ချဉ်ပေါင်သီးခြောက်၊ ရုံးပတီသီးခြောက် စတာတွေက အညာ နွေရာသီရဲ့ ဟင်းစားများ ဖြစ်ကြပါတယ်။ နောက်ပြီး ထန်းရည်နည်(ကျွန်တော်တို့ ဆီမှာတော့ အလင်လို့ခေါ်သည်)ကလည်း တစ်ခါတစ်ရံ ချက်စားလို့ ကောင်းပါတယ်။ ထန်းရည်ခါး လုပ်ပြီးကျန်တဲ့ အနည်ကို ချက်စားကြတာပါ။ အရသာက နဲနဲချဉ်တယ်။ ဟင်းချက်စရာရှားတော့ သူလည်း ဟင်းတစ်မယ် ဖြစ်တာပါပဲ။ ထန်းရည်နည် ဟင်းလေးချက်ပြီး တမာရွက် ပြုတ်လေးနဲ့မြုတ်စားရတာ ကလည်း တစ်မျိုးကောင်းပါတယ်။ထန်းရည်နည်ကို အစေးကျအောင် ကျိုချက်လိုက်ရင်တော့ ပုန်းရည်ကြီးကဲ့သို့ သုပ်စားနိုင်ပါတယ်။ကျွန်တော်တို့ငယ်ငယ်က နွေရာသီဆိုရင် ထမင်းစား နည်းပါတယ်။ ရာသီဥတု ကလည်း ပူပြင်းတော့ ရေကိုသာ မကြာခဏ သောက် နေရတော့ ထမင်းစားနည်းတာ ထင်ပါတယ်။
ဒီဘက်ကပုံလေးကတမာချဉ်ပါ
နွေရာသီရောက်လို့ သစ်ရွက်တွေ ကြွေပြီး အသစ်ပြန်ထွက်ရင်တော့ သဘာဝ အစားအစာလေးတွေ စားရပါတယ်။တမာပင်တွေက ထွက်တဲ့တမာရွက်နုကို ဆီးသီး၊မန်ကျည်းသီးနဲ့ ရောပြုတ်ပြီး တို့စရာအဖြစ် စားသုံးကြတယ်။ တမာမှာလည်း ကျွန်တော်တို့ဆီမှာ အပင်နှစ်မျိုးရှိပါတယ်။ ကျွန်တော်တို့ဒေသ အခေါ် ကုလားတမာရယ်၊ ဗမာတမာရယ်ပေါ့။ ဗမာတမာကို စားသုံးသူများပါတယ်။အပင်ပေါတော့ ချေး(ဂျေး)များ ကြတာဖြစ်မှာပေါ့။ ဗမာတမာက စားလို့ပိုကောင်းပါတယ်။ တချို့အပင်တွေဆိုရင် အရွက်နုလေးများနဲ့အတူ အဖူးလေးများပါ တစ်ခါထဲထွက်ကြတယ်။ အဲ့ဒီအရွက်နဲ့ အဖူးရောပြီးထွက်တဲ့ ဗမာတမာပင်ကတော့ လူခူးတာနဲ့ ပြောင်တာပါပဲ။ တမာရွက်နုများကို အိမ်စားဖို့အတွက်သာမက ရောင်းစားရန်အတွက်ပါ ပြုလုပ်သူများလည်း ရှိပါတယ်။တမာရွက်နု ပေါ်ခါစဆိုရင် ဈေးအတော်ကောင်းပါတယ်။ တခြားရွာများက ထမင်းထုပ်နဲ့တောင် လာပြီးခူးကြတယ်။ တောထဲသွားလို့ကတော့ တမာရွက်တစ်အိုးပြုတ် စာလောက်က ဘယ်နားလေးမှာ ခူးခူး ရနိုင်တယ်ဗျ။ အခါးကြိုက်တဲ့သူတွေ အတွက်တော့ သိပ်ကောင်းပါတယ်။ ခရမ်းချဉ်သီးငါးပိချက်လေးနဲ့ တို့မြုတ်စားရကိုတော့ သဘောကျတယ်ဗျ။ ရှေးလူကြီးများက "အိမ်ရှေ့တမာ၊ အိမ်နောက် ခံတက် စီးပွားတက်" ဆိုပြီး ဆိုရိုးစကားထားခဲ့ပါတယ်။ တမာရွက်နဲ့ ခံတက်ရွက်ကို စားသုံးပြီး ကျန်းမာရေးကောင်းတော့ အလုပ်များများ လုပ်နိုင်ပြီး စီးပွားတက်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
ဒါကတော့ပွင့်တဲ့အဆင့်ရောက်နေတဲ့ကုလားတမာပါ
နောက်အရွက်တစ်မျိုးက သမုန်း(ခ)သမားမုန်း ပါတဲ့။ သူလည်း ဆေးဘက်ဝင် အပင်တစ်မျိုးပါပဲ။ သူ့အရွက်ကို စားသုံးပြီး ကျန်းမာရေး ကောင်းလို့ သမားတော်တွေ ဆေးမကုရဘဲ မုန်းလို့ သမားမုန်းပင် လို့ခေါ်ပါတယ်။ သူကတော့ တပေါင်းလ လောက်မှာ အရွက်နုတွေ ပြန်ထွက်ပါတယ်။ တမာရွက်လိုပဲ အဖူးနဲ့အရွက် တစ်ခါထဲ ထွက်တာပါ။ အဖူးများတဲ့အပင် ကိုတော့ လူကြိုက်များပါတယ်။ သမုန်းပင် တစ်ပင် နုပြီဆိုတာနဲ့ အဖူးနဲ့အရွက်အနုကို ခူးပြီး ဆီးချဉ်သီး ဒါမှမဟုတ် မန်ကျည်းသီးမှည့် လေးထည့်ပြီး မီးဖိုပေါ်တင်ပြုတ်ပါတယ်။ အရွက်နဲ့အဖူးလေးတွေ ကျက်တော့ မီးဖိုကချ ရေအေးလေး ထည့်ပြီး စိမ်ထားယုံပါပဲ။ သူက အဖန်ဓာတ်နဲနဲပါလို့ အချဉ်နဲ့ပြုတ်ရတာပါ။သမုန်းဖူးကိုလည်း ပြုတ်ပြီး မြို့ပေါ် တက်ရောင်းသူများ ရှိပါတယ်။ သူလည်းရာသီပေါ် အစားအစာ တစ်မျိုးဖြစ်တာကြောင့် သင့်တင့်တဲ့ ဈေးရပါတယ်။ သမုန်းဖူးပြုတ်ကို ကုလားပဲလှော်ထောင်းလေးရယ် ခရမ်းချဉ်သီးလေး တစ်လုံး လောက်ထည့်ပြီး နွေရာသီ နေ့လည်ခင်း စကားဝိုင်းမှာ ရေနွေးကြမ်းနဲ့ စားသုံးကြတယ်။ မန်ကျည်းသီးမှည့် ဟင်းလေးချက်ပြီး သမုန်းဖူးပြုတ် အတို့အမြုတ် လေးနဲ့ဆိုလည်း ထမင်းမြိန်တာပါပဲ။ငရုတ်သီးနဲ့ ကြက်သွန်ဖြူ ထောင်းလေး လည်းပါတယ်နော်။ ကျွန်တော် ငယ်ငယ်ကတော့ နွေရာသီ မနက်အိပ်ယာထ နံနက်စာ(ထမင်းကြမ်း) စားတဲ့အခါ အဖွားက သမုန်းဖူးသုပ်နဲ့ ကျွေးပါတယ်။ ကုလားပဲလှော် အစား နှမ်းလှော်ကို လည်းထည့်သုပ်နိုင်ပါတယ်။ အရသာကတော့ တစ်မျိုးစီပေါ့။ ဘာနဲ့ပဲသုပ်သုပ် စားလို့ အတော်ကောင်းပါတယ်။
ဒါလည်းကုလားတမာပါပဲ
နောက်တစ်ပင်က ဖလန်ပင် လို့ခေါ်ပါတယ်။ သူလည်း နွေရာသီမှာ အရွက်အဖူး ထွက်ပါတယ်။ ဒီအပင်ကတော့ အဖူးအပွင့်တွေ အရင်ထွက်တယ်။ ပြီးမှအရွက်က ထွက်ပါတယ်။ အဖူးအပွင့်လေးများကို ခူပြီးအထက်အတိုင်း အချဉ်လေးနဲ့ပြုတ်ပြီး နွေရာသီနေ့လည်ခင်းမှာ ရေနွေကြမ်းနဲ့ တွဲဖက်ပြီး စားသောက်နိုင်တယ်။ ပိုက်ဆံမကုန်တဲ့ ဘဘာဝ အမြည်းပေါ့။အဖူးအရွက် ပြုတ်ဆိုတော့ သိတဲ့အတိုင်း အတို့အမြုပ် လုပ်စားလို့လည်း ရတာပေါ့။ သူ့ကိုတော့ ငံပြာရည်ချက်လေး၊ငါးပိချက်လေးနဲ့ ထမင်းဝိုင်းမှာ တွဲဖက်ပြီး စားသုံးနိုင်ပါတယ်။နွေရာသီမှာ တောင်သူလုပ်ငန်းကလည်း ပါးတော့ နေ့လည်နေ့ခင်း နားနားနေနေ တစ်ရေးတစ်မော အိပ်စက်ပြီး အိပ်ယာထမှာ အရွက်သုပ်လေးနဲ့ရေနွေးကြမ်း သောက်ရတာကလည်း အရသာတစ်မျိုးထူးပါတယ်။
ထောက်ရှာပင်( from google )
ထောက်ရှာပင် သည်လည်း နွေရာသီမှာ အရွက်နုထွက်တဲ့ အပင်တစ်မျိုးပါ။ သူ့အရွက်ကလည်း ပြုတ်ပြီးတော့ သုပ်စားလို့ကောင်းပါတယ်။ ထောက်ရှာရွက်က အနည်းငယ် ခါးတဲ့ အရသာရှိပါတယ်။ ဒါကြောင့် သရက်သီးခြောက် မန်ကျည်းသီးမှည့် စတာလေးတွေနဲ့ ရောပြီး ပြုတ်ပေးရပါတယ်။ ကျက်တော့ ရေအေးလေးနဲ့ လဲပေးပြီး စိမ်ထားရပါတယ်။ထောက်ရှာရွက်ကိုလည်း အထက်မှာ ပြောခဲ့တဲ့ အတိုင်း သုပ်စားနိုင်ပါတယ်။ သူကနှမ်းလှော်လေးနဲ့ သုပ်ရင်ပိုပြီးတော့ စားလို့ကောင်းတယ်ဗျ။ အရသာက နဲနဲလေး ခါးသက်သက်နဲ့ စားရတာ ခံတွင်းရှင်း ပါတယ်။ထောက်ရှာရွက်သုပ်ကို ထမင်းနဲ့ တွဲဖက်ပြီး စားသုံးနိုင် သလို ရေနွေးကြမ်းဝိုင်းမှာလည်း အမြည်းအဖြစ် စားသုံးကြပါတယ်။ ညနေပိုင်းမှာ သရက်သီးခြောက်ကို နှမ်းလှော်လေးနဲ့ ချက်ပြီးတော့ ထောက်ရှာရွက်သုပ်လေးရယ်၊ ငရုတ်သီး ကြက်သွန်ဖြူ ထောင်းလေးရယ် ကလည်း ထမင်းမြိန်တဲ့ အညာဒေသ နွေရာသီဟင်း အစပ်လေး တစ်မျိုးပါပဲဗျာ။
ညောင်ချဉ်ဖူး ဆိုတာလည်း ရှိသေးတယ်ဗျ။ သူကလည်း နွေရာသီမှာပဲ အရွက်နုထွက်တယ်။ အဖူးလို့ခေါ်ပေမဲ့ အရွက်နုလေးတွေထွက်ဖို့ အဖူးလေးတွေ ဖြစ်နေတာပါပဲ အဖူးကတော့ နောက်ပိုင်း အရွက်ရင့်မှ ထွက်တာပါ။ အဲ့ဒီ အရွက်နုလေးတွေကိုလည်း ပြုတ်ပြီးတော့ အထက်ကပြောခဲ့သလို သုပ်စား နိုင်ပါတယ်။ သူကတော့ အဖန်ဓာတ်ပါတယ်။ ဒါကြောင့် အစားများရင် အစာမကြေတာ ဖြစ်တတ်ပါတယ်။ တန်ဆေးလွန်ဘေး ဆိုတာလိုပေါ့။ ဘေးဖြစ်အောင်တော့လည်း မစားကြပါဘူးဗျာ။ အခု ကျွန်တော်ပြောပြ ခဲ့တဲ့ အပင်များနဲ့ အရွက်အဖူးများဟာ ကျွန်တော်တို့ အညာဒေသမှာ ပေါများစွာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က နွေရာသီဆိုရင် အဖွားနဲ့ တောထဲထွက်ပြီး ထောက်ရှာရွက်၊သမုန်းဖူး၊တမာရွက်နု စတာတွေကို ခူးတယ်။ အိမ်ရောက်တော့ အဖွားက စိတ်ရှည်လက်ရှည် သန့်စင်အောင်လုပ်ပြီး တစ်အိုးစီ တည်ပြုတ်တယ်။ ပြီးရင်း မြေးတွေကို နေလည့်ခင်း ထမင်းကြမ်းနဲ့ အရွက်သုပ် အဆာပြေ လုပ်ကျွေးတယ်။ အဘကိုလည်း ရေနွေးကြမ်းနဲ့ အရွက်သုပ် အမြည်းလေးပေါ့။ တကယ်တော့ ဒါတွေက တောသဘာဝမှာမှ ရာသီအလိုက် ရနိုင်တဲ့ အစားအစာလေးတွေပါ။ တစ်နေရာနဲ့ တစ်နေရာ အခေါ်အဝေါ် လေးတွေ ကွဲပြားကောင်း ကွဲပြားနိုင်ပါတယ်။ ငွေကုန်ကြေးကျ သက်သာပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ရာသီစာ အရွက်အဖူးသုပ် လေးများကို အဝေးရောက်နေမှ ပိုပြီး တမ်းတမိတယ်ဗျာ။ အခုဆိုရင် မြန်မာပြည်မှာ တပေါင်းလ ထဲရောက်နေပြီ ဆိုတော့ ကျွန်တော်ပြောတဲ့ အပင်တွေက အရွက်အဖူးလေးတွေလဲ လှိုင်လှိုင်ပေါနေ လောက်ပြီပေါ့။ ကျွန်တော့်အဖွားလည်း အရင်တုန်းကလို မြေးတွေနဲ့ တောကို မထွက်နိုင်တော့ဘူး။ အရင်က သူသွားခဲ့နေရာ တွေကိုပဲ မြေးတွေကို ပြောပြပြီး သူ့ကိုယ်စား သွားခူးခိုင်း နေလောက်ပြီပေါ့ဗျာ။ အရင်က အဖွားနဲ့အတူ နွေရာသီမှာပေါ်တဲ့ အဖူးအရွက်တွေကို ခူးခဲ့တဲ့ မြေးဖြစ်သူ ကျွန်တော်ကတော့ အဖွားနဲ့ဝေးရာ၊ ကျွန်တော်ချစ်တဲ့ ရွာလေးနဲ့ဝေးရာ ဆီကို ရောက်နေတယ်။ ရာသီတွေ ဘယ်လို့ပဲ ပြောင်းလည်း နေပါစေ ဒီအဖူးအရွက်တွေကတော့ မပြောင်းလည်းပဲ နှစ်စဉ်နွေရာသီရောက်ရင် အချိန်မှန် ဖူးပွင့်ပြီးတော့ အညာသူ အညာသားတွေရဲ့ စားရေးမှာ အထောက်အကူ ပြုနေမှာကတော့ မလွဲပါဘူး....
ပြောခဲ့တာလေးတွေက ရာသီဥတုအလိုက် ရနိုင်တဲ့ အစားအစာ လေးတွေပါ။ တကယ်လို့ ကျွန်တော်တို့ ရွာလေးကို နွေရာသီမှာ အလည်တစ်ခေါက် ရောက်ခဲ့မယ် ဆိုရင်တော့ ကျွန်တော်ပြောခဲ့တဲ့ အပင်တွေက အရွက်အဖူးသုပ် လေးတွေကို မြည်းစမ်းခွင့် ရမှာပေါ့။ ဘာရယ်မဟုတ်ပါဘူး ရွာကိုသတိရလို့ အလွမ်းပြေ ရေးလိုက်တာပါ။ လာရောက် လည်ပတ်သူများ အနည်းငယ်ပဲဖြစ်ဖြစ် ဗဟုသုတရ တယ်ဆိုရင် ကျေနပ်ပါတယ်။
(ကုလားနဲ့ဗမာတမာကွဲပြားတာက အရွက်ချင်းလည်းမတူပါဘူး။ အပင်မှာလည်း ဗမာတမာက အပွေးထူပြီးတော့ ပိုပြီးသန်မာပါတယ်။ အရွက်လည်းကြီးပါတယ် အဖူးအပွင့်လည်း ကုလားတမာထက် ပိုပြီးသန်ပါတယ်။ အခါးရသာကတော့ဗမာက အနည်ငယ်ပေါ့ပါတယ်။ စားလို့လည်းပိုပြီးကောင်းပါတယ်။အလွန်အကျွံစားရင်တော့ ဘယ်တမာပဲ ဖြစ်ဖြစ် အကြောတက်ပါတယ်။ လွယ်လွယ်ပြောရရင် ကျွန်တော်တို့ဆီမှာကုလားတမာက ရွာထဲမှာပေါက်တာတွေများတယ်။)
0 comments:
Post a Comment