တစ်ည မျိုးနောင်တို့ ညီအစ်ကို တစ်တွေ စာကျက်ပြီးလို့ အိပ်ယာ ၀င်ခဲ့ကြတယ်။ မိခင်ဖြစ်သူ ဒေါ်အေးရင် ကလည်း ဈေးရောင်းထွက်သွားတာ သိပ်ပြီးမကြာသေး။ သွားမည့် နေ့တုန်းကတော့ နှာတွေ နဲနဲစေးနေ တယ်ဆိုပြီး ဆေးသောက် သွားတယ်။ မှာတဲ့ ကုန်တွေကလည်း ၀ယ်ထားပြီးသား မသွားလို့ကလည်း မဖြစ်။ ကုန်တွေကလည်း နဲနဲများတာကြောင့် ညီမဖြစ်သူ မိအေးခင်ကိုပါ သူနဲ့အတူ အဖော်လိုက်ခဲ့ဖို့ ခေါ်ပြီး အိမ်ကထွက်သွားကြတယ်။ အိမ်မှာတော့ ထုံးစံအတိုင်း မျိုးနောင်တို့ ညီအစ်ကို တစ်တွေပဲ ကျန်ရစ်ခဲ့ ပါတယ်။ ဒေါ်အေးရင် ဈေးသွားရောင်းတဲ့ နေရာက သူ့အတွက် သိပ်ပြီးတော့ မစိမ်းလှဘူး။ အရင်တုန်းက အဲ့ဒီမှာ လေးငါးနှစ် နေလာခဲ့တာ ဆိုတော့ ကိုယ့်ရပ် ကိုယ့်ရွာလို ဖြစ်နေပါတယ်။ အကြီးကောင် မျိုးနောင်နဲ့ မိုးအေးကို လည်း အဲ့ဒီဒေသ မှာပဲ မွေးခဲ့ပါတယ်။ဈေးရောင်းလို့ကလည်း အဆင်ပြေ ကိုယ်နေခဲ့တဲ့ နေရာကလည်း ဖြစ်တော့ သိသူခင်သူ ကလည်းများပါတယ်။ အခုတစ်ခေါက် အိမ်ကထွက်တော့ မိခင် ဖြစ်သူနေလို့ သိပ်မကောင်း ဖြစ်နေတယ် ဆိုတာကိုတော့ မျိုးနောင်လည်း သတိထား မိတယ်။ မိခင်ဖြစ်သူ သွားမည့်လမ်း ဆိုတော့လည်း ဘာမှ မဟန့်တားလိုတာနဲ့ မပြောဖြစ်ခဲ့ ပါဘူး။ အဲ့ဒီညက သန်းခေါင်း ကျော်လောက်မှာ ရွာထဲက ခွေးတွေကလည်း တအားဟောင် နေတယ်။ အပြင်က လူတစ်ဦးဦး ၀င်လာတဲ့ ပုံစံမျိုးနဲ့ ဟောင်နေတာ။ မျိုးနောင်လည်း ခွေးဟောင်သံ ကြားတော့ လန့်နိုးလာတယ်။ ခွေးဟောင် သံတွေကို သေချာနားထောင် ကြည့်တော့ အိမ်နားကို နီးကပ်လာသလို စကားသံတွေပါ ကြားနေရတယ်။နောက်ပြီး ဦးလူမောင်အိမ် ဆိုတာကိုလည်း နားထဲမှာ ကြားမိတယ်။ အဲ့ဒီတော့မှ မျိုးနောင်လည်း ငါ့အဖေနာမည် မေးနေတာဆိုတော့ ငါတို့အိမ်ကို ရှာနေတာ ဖြစ်မယ်ဆိုပြီး အိပ်ယာမှထ မီးခွက်ကိုထွန်းလို့ သေချာအောင် အိမ်အောက် ဆင်းပြီး အကဲခတ်တော့ အမေဈေးရောင်း သွားတဲ့ဆီမှာ နေတဲ့ ရွာက ဦးလေးဘမောင် ဖြစ်နေတယ်။ သူက အိမ်ဝိုင်း ထဲဝင် လာပြီး ဦးလေးတွေ အဒေါ်တွေကို သွားနှိုးပေးခိုင်းတယ်။ အချိန်ကလည်း ညသန်းခေါင် ကျော်အချိန်ဆိုတော့ အားလုံးအိပ်မော ကျနေချိန်ပေါ့။ မျိုးနောင်လည်း ဦးလေးတွေ အဒေါ်တွေ အိမ်ကိုသွားပြီး နှိုးပေးပါတယ်။ဦလေးသန်းကျော် ထပါအုံးဗျ ကျွန်တော်မျိုးနောင်ပါ အမေဈေးရောင်း သွားတဲ့ဆီက လူလွှတ်လိုက်လို့ အိမ်မှာရောက်နေတယ် ဘာဖြစ်တာလဲတော့ သေချာမသိဘူး။ အဲ့ဒါ ဦးလေးတို့ကို နှိုးပေးခိုင်းလို့။ အော်…အေးအေး ဦးလေးအခုပဲ လာခဲ့မယ်။ အရီးမိကြည်… အရီးမိကြည် ထပါအုံးဗျ အမေဈေးရောင်းသွားတဲ့ ဆီက လူခေါ်လွှတ်လိုက်လို့ အရီးလေးတို့ကို ခေါ်ပေးခိုင်းတယ်။အေး မျိုးနောင်လား အရီးလေးလည်း ခွေးဟောင်သံတွေ ကြားလို့ နားစွင့်နေတာ ဘာများဖြစ်လဲ မသိဘူးဟယ်။လာလာ သွားရအောင်။မျိုးနောင်အိမ်ပြန်ရောက် တော့ အိမ်မှာ လူတွေပြည့်နေပြီ ခွေးဟောင် သံကြောင့် အိမ်နီးနားချင်းတွေရော ဆွေမျိုးတွေပါ နိုးပြီးတော့ အိမ်ကိုလာကြတာပါ။ ပြီးတော့ ဦးလေးဘမောင်က မိအေးရင်တို့ ညီအစ်မ နှစ်ယောက်တော့ လွိုင်ကော်ဆေးရုံမှာ အရေးပေါ်တင်ထားရတယ်။ ကုန်တွေနဲ့ ရထားကဆင်းတော့ နှစ်ယောက်လုံး ဖျားပြီး သတိလစ်ကုန်လို့ ဆေးရုံကို အမြန်တင်လိုက်ရတယ်။ အငယ်မကတော့ ဦးလေး ထွက်မလာခင် သတိရနေပြီ။ အေးရင်ကတော့ သတိမရသေးဘူး။ ပြောရမှာတော့ သိပ်စိတ်မကောင်းဘူး အေးရင် အခြေအနေက သိပ်ပြီးတော့ မကောင်းဘူးလို့ ဆရာဝန်က ပြောတယ်။ အဲ့ဒါမင်းတို့တွေ လူမောင်ကိုလည်း ဆက်သွယ်၊ ပြီးတော့ ဆွေမျိုးသားချင်း ထဲကလည်း ပြုစုဖို့ လိုက်နိုင်တဲ့သူ လိုက်ခဲဖို့လာခေါ်တာ။ သိပ်ပြီးတော့လည်း မစိုးရိမ်ကြပါနဲ့ ဆရာဝန်တွေလည်း ကြိုးစားပြီး ကုနေကြတယ်။ သူ့ကံပဲပေါ့။ အဲ့ဒီလို ပြောတော့ အားလုံးစိတ် မကောင်းဖြစ်ကြရတယ်။
မနက်ရောက်တော့ ဒေါ်အေးရင်ရဲ့အဖေရယ် အကိုအကြီးဆုံး ဦးသန်းကျော်ရယ်၊ ဦးလူမောင် ညီမ မသန်းစိန်ရယ်၊ ဦးလေးထွန်းရယ် အားလုံးပေါင်း လေးယောက် လာခေါ်တဲ့သူနဲ့ လိုက်သွားကြတယ်။ ဦးလူမောင် ဆီကိုလည်း လူလွှတ်ပြောခိုင်းပြီး နောက်ကလိုက်လာခဲ့ဖို့ မှာလိုက်တယ်။ဟိုရောက်ရင် လည်းရွာက လူတွေဆီကို အကျိုးအကြောင်း သိရအောင် အကြောင်းကြားဖို့ကို ဆွေမျိုးတွေက မှာလိုက်သေး တယ်။သူတို့တွေ အားလုံးထွက်သွား ကြတော့ ၀မ်းနည်းစွာ ကျန်ခဲ့သူက မျိုးနောင်နဲ့ သူ့ညီလေးတွေပါ။ "အေးရင်က သိပ်အခြေအနေ မကောင်းဘူးလို့ ဆရာဝန်က ပြောတယ်" ဆိုတဲ့ ဦးလေးဘမောင်ရဲ့ စကားကိုလည်း မျိုးနောင် ကိုယ်တိုင်ကြား လိုက်ရတယ်။ ကလေးတွေ ရှေ့မှာမို့ ပြောကောင်း အောင်ပြောတာဖြစ်မယ် ဆိုပြီး မျိုးနောင် မှီသလောက်ဥာဏ်လေးနဲ့ တွေးမိတယ်။နောက်တော့ ၀မ်းနည်းမှု့တွေနဲ့ အတူ ငိုမိပါတော့တယ်။ သူ့စိတ်ထဲမှာတော့ အမေ သေပြီဆိုတဲ့ အတွေးက လွမ်းမိုးထား ပြီမဟုတ်ပါလား။ အဲ့ဒီနေ့က စလို့ ကျောင်းကိုလည်း သွားသာ သွားနေရတယ် စိတ်မပါဘူး။ ဟိုကို လိုက်သွားတဲ့ သူတွေဆီကလည်း ဘာသတင်း အစအနမှ မရသေး။ ဆရာ စာသင်တဲ့ အချိန်မှာလည်း စိတ်က မိခင်ဆီကိုသာ ရောက်နေမိတယ်။ ရွာကလူတွေ လိုက်သွားလို့ သုံးရက် မြောက်နေ့မှာတော့ သတင်း စကြားရပါတယ်။ ကြားရတဲ့ သတင်းကလည်း မျိုးနောင်တို့ ညီအစ်ကိုတွေ အတွက် ၀မ်းသာစရာ သတင်းမဟုတ်။ ဒေါ်အေးရင် တစ်ယောက် အခုအချိန်ထိ သတိပြန်လည် မလာ သေးဘူးဆိုတာပဲ ဖြစ်တယ်။ စဖြစ်တဲ့နေ့ ကတည်းက အခုထိ သတိပြန်မလည် သေးဘူးဆိုတော့ ဒေါ်အေးရင် တစ်ယောက် အသက်ပြန်ရှင်ဖို့ရာ သေချာ ပါတော့မလား ဆိုတာက လည်း မျိုးနောင်နဲ့အတူ ရွာကလူတွေ အတွက် စိတ်ပူစရာ ဖြစ်နေပါတယ်။ မိအေးခင် ကတော့ စကားတွေ ကောင်းကောင်း ပြောနေပြီ အခြေအနေ ကောင်းတယ်။ မိအေးရင် ကိုတော့ ဆရာဝန်ကြီးတွေလည်း အစွမ်းကုန် ကြိုးစားပြီး ကုသပေး နေတဲ့အကြောင်း ကြားရပါတယ်။ ဖြစ်တာကတော့ အပြင်းဖျားရာကနေ ငှက်ဖျားရောဂါ ဖြစ်တယ်ဆိုတာ သိရတယ်။
မိခင်ဖြစ်သူရဲ့ သတင်းကြားပြီး ကတည်းက နေ့စဉ် စိတ်ပူပန် ခဲ့ရသူက မျိုးနောင်ပါ။ ညီငယ်တွေကတော့ သိပ်ပြီးတော့ မပူပင် တတ်ကြသေး။ ကျောင်းဆင်းတဲ့ အချိန်တိုင်း အိမ်ကို အမေများ ပြန်ရောက်နေပြီ လားဆိုတဲ့ အတွေးကလည်း စိတ်ထဲမှာ အမြဲတွေး နေမိတယ်။ ကျောင်းဆင်း ခေါင်းလောင်းသံ ကြားရတဲ့ အချိန်ဟာ မျိုးနောင် အတွက်တော့ တကယ့် အပျော်ဆုံး အချိန်ပါပဲ။ သူ့စိတ်ထဲမှာ အိမ်ရောက်ရင် အမေ့ကို တွေ့မှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ အိမ်ပြန်ရောက်လို့ အိမ်တံခါးက မနက် ကျောင်းသွားစဉ်က အတိုင်း ပိတ်လျက်သား ဆိုရင်တော့ အမောမပြေတဲ့ အပြင် ၀မ်းနည်း စိတ်တွေက ဖိစီးလာပြီး ထိုင်လို့သာ ငိုမိပါတယ်။ အရင်က အိမ်ပြန်ရောက်ရင် အမေဈေးရောင်း သွားတယ် ဆိုတဲ့အသိက ရှိနေတော့ မတွေ့ရင်လည်း ဘာမှမဖြစ်ခဲ့ဘူး။ ကိုယ်လုပ်စရာ ရှိတာကိုလုပ်ထားခဲ့ပြီး မိခင်ကို သွားကြိုနေကျ။ အခုလည်း ဈေးရောင်း သွားတာပါပဲ ဒါပေမဲ့ ဆေးရုံတင်ထားရလို့ သတိမလည်တာ သုံးရက်လောက်ရှိပြီ ဆိုတော့ ဒီအချိန် အမေ အသက်မှ ရှိသေးရဲ့လား ဆိုပြီးလည်း တွေးမိပြန်ရဲ့။ မျက်စိထဲမှာလည်း အမေ့ကိုပဲ မြင်ယောင် နေမိတယ်။ ပိုဆိုးတာက နောက်ကလိုက်သွားတဲ့ သူတွေဆီကလည်း ဘာမှနောက်ထပ် သတင်းမကြားရ။ မိုးချုပ်ရင် အိမ်ကနေ ရွာဝင်လမ်းဆီ ကိုသာလှမ်းမျှော် နေမိတယ်။ စိတ်ထဲမှာတော့ အမေနဲ့အတူ လာခေါ်လို့ လိုက်သွားတဲ့ သူတွေများ ပြန်လာမလား ဆိုတဲ့ အတွေးနဲ့ပေါ့။ ညနေစာ ထမင်းဝိုင်း ရောက်ပြန်တော့လည်း ညီအစ်ကိုတစ်တွေ မိခင်နဲ့အတူ စားနေကျဆိုတော့ ထမင်းဝိုင်းမှာ မိခင်ကို တမ်းတမိပြန်တယ်။ နောက်ဆုံးတော့ လည်းစိတ်ကို ထိန်းလို့ ကိုယ်လုပ်စရာ ရှိတာကို လုပ်ရပါတယ်။ စာကြည့်စရာ ရှိတာကြည့်လို့ ညီအစ်ကိုတစ်တွေ အိမ်မှာ အားငယ်စွာနဲ့ ညအမှောင်ကို ဖြတ်သန်းရပါတယ်။ အရင်တုန်းက ညအိပ်ယာဝင် ချိန်ဆိုရင် အမေ့ကို နင်းနှိပ်ပေးနေကျ။ အခုတော့ ကိုယ်မမြင်ရတဲ့ နေရာမှာ အမေတစ်ယောက် ဘယ်လိုများ ဝေဒနာတွေ ခံစားနေရလဲ မသိဘူး ဆိုပြီး အတွေးက ၀င်လာတော့ မျက်လုံးအိမ်မှ မျက်ရည်တို့က တားဆီးလို့ မရအောင် စီးဆင်းလာပြန်ပါတယ်။ ညီအငယ်ဆုံး လေးက အမေကို သတိရလို့ "အကိုကြီး အမေက ဘယ်တော့ ပြန်လာမှာလဲလို့" မေးတဲ့ အခါ ညီလေးကို ပွေ့ဖက်ရင်း "ပြန်လာမှာပေါ့ကွာ" ဆိုတဲ့ မသေချာမရေရာ တဲ့စကားနဲ့ နှစ်သိမ့်မိတယ်။ ဘုရားစင် ရှေ့မှာထိုင်လို့ တပည့်တော်၏ အမေ မြန်မြန်ကျန်းမာပြီး ရွာကို ပြန်လာနိုင်ပါစေလို့ ဘုရားထံမှာ ဆုတောင်းမိတာလည်း အကြိမ်ကြိမ်ပါပဲ။ ညကို ရောက်လိုသာ အိပ်ရတယ် အိပ်လို့မပျော်ခဲ့။ မနက်လင်း ပြန်တော့ ကျောင်းသွားဖို့ရာ ထမင်းထုပ်ဖို့ ကိုယ်တိုင် ပြင်ဆင် ရတယ်။ အမေအိမ်မှာ ရှိရင်တော့ ထမင်းချိုင့်ထဲ အဆင်သင့် ထည့်ပြီးမှ အိပ်ယာက နှိုးတယ်။ အခုတော့ ကိုယ်တိုင်ထလို့ ချက်ပြုတ်ပြင်ဆင်ရင်း အိမ်မှာကျန်ခဲ့မယ့် ညီနှစ်ယောက် စားဖို့အတွက်ပါ တခါတည်း လုပ်ထားပေးခဲ့ရတယ်။ ကျောင်းသွားဖို့ ပြင်ဆင်ပြီးတော့ ညီအစ်ကိုနှစ်ယောက် ထမင်းချိုင့် ကိုယ်စီ လွယ်အိတ်ကိုယ်စီနဲ့ ကျောင်းကိုသွား ညနေကျတော့ အပြေးနှင်လို့ အိမ်ကိုအရောက်ပြန် အမေ့အကြောင်း သတင်းစကားကိုပဲ အရင်ဆုံးနားထောင် မိတယ်။
တစ်ရက် ကျောင်းကပြန်ရောက်တော့ မျိုးနောင်တို့ ညီအစ်ကို တစ်တွေအတွက် ၀မ်းသာစရာ သတင်း ကြားရပါတယ်။ အဲ့ဒါကတော့ ဒေါ်အေးရင် တစ်ယောက် သတိပြန်လည် လာပြီဆိုတဲ့ သတင်းပါပဲ။ အဲ့ဒီ သတင်းကို ကြားရတော့ ၀မ်းအသာဆုံးက မျိုးနောင်တို့ ညီအစ်ကိုတွေပါ။ မျိုးနောင် အတွက်ကတော့ အဲ့ဒီ သတင်းက အားဆေးတစ်ခွက်ပါပဲ။ အရင်နေ့တွေက အိမ်ပြန်ရောက်ရင် ကျနေကျ မျက်ရည်တွေလည်း ဘယ်ဆီရောက်ကုန်သည် မသိတော့။ သူလုပ်နေကျ အလုပ်တွေ ကို လုပ်ရင်း ညီအစ်ကိုတစ်တွေ ပျော်ရွှင်နေကြတယ်။ ဒေါ်အေးရင် တစ်ယောက်ကတော့ ဆေးရုံပေါ်မှာ ကျန်းမာစဉ်က မနားမနေ သွားလာခဲ့တဲ့ ဒဏ်တွေကို နေမကောင်း ဖြစ်လိုက်မှ စုပြီးတော့ခံနေရတယ်။ သုံးလေးရက်လောက် လောကကြီးနဲ့ အဆက်အသွယ် ပြတ်နေရာမှ ပြန်ပြီး သတိရလာလို့ တော်သေးတယ်ပဲ ပြောရမှာပေါ့။ ဆေးရုံပေါ်မှာကတော့ နှစ်လလောက် နေပြီးကုသ ရအုံးမယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် အသက်မသေ တာပဲ ကံကောင်းလှပြီ မဟုတ်ပါလား။ ကျန်းမာရေးအတွက် ဆိုတော့လည်း ပျောက်ကင်းသည် အထိ ဆေးရုံမှာ နေရမှာပေါ့။ ကျန်းမာစဉ်က သားတွေ အတွက် ရည်ရွယ်ပြီး အလုပ်တွေ ကြိုးစားလုပ်ရာက ရလာတဲ့ ငွေလေးတွေလည်း ဆေးရုံတက်ရာမှာ သုံးလိုက်ရတယ်။ ခင်ပွန်းဖြစ်သူ ရတဲ့လုပ်အားခ လည်း ဆေးရုံတက်စရိတ်ထဲ သွားတာပါပဲ။
အိမ်မှာတော့ သားတွေက အမေလုပ်သူ ဈေးရောင်းမထွက်ခင် ၀ယ်ထားပေးခဲ့တဲ့ စားစရာလေးတွေနဲ့ လောလောဆယ် စားသောက်လို့ အဆင်ပြေနေတယ်။ မိခင်ဖြစ်သူက ဆေးရုံမှာ နှစ်လလောက် နေရအုံးမှာ ဆိုတော့ အိမ်မှာရှိတာလေး ကုန်ရင် ဆက်ပြီး စားဖို့အတွက် အဆင်မပြေ ဖြစ်မှာကိုလည်း မျိုးနောင် တစ်ယောက် စဉ်းစားမိပြန်တယ်။ ဆွေးမျိုး သားချင်းတွေ ရှိပေမဲ့ သူတို့တွေကိုလည်း အားကိုး လို့မရနိုင်တာကို သိထားတော့ ညီအစ်ကို တစ်တွေ စားရေးအတွက် အခက်ကြုံရမှာကို စိုးရိမ်မိတယ်။ ဒါနဲ့ ကြံရာမရ စဉ်းစားကြည့်တော့ ကိုယ်လုပ်တတ်တဲ့ အလုပ်ကလည်း ဖြစ်ဖြစ် မြောက်မြောက် မရှိ။ ရှိပြန်တော့လည်း အလုပ်ချိန်က ကျောင်းဖွင့်ရက်မှာ ဆိုတော့ အဆင်မပြေ။ နောက်ဆုံးတော့ ကျောင်းပိတ်တဲ့ စနေတနင်္ဂနွေမှာ ရွာက ပေါင်းနှုတ်အငှားလိုက်တဲ့ အဖွဲ့ခေါင်းဆောင် ကိုပြောပြပြီး သူတို့နဲ့ အတူ မြောက်ဘက်ရွာတွေက ငှက်ပျောခင်းတွေ ဆီကို ပေါင်းနှုတ်အငှား လိုက်ပါတယ်။ ပေါင်းနှုတ်ခ ရတာလေးနဲ့ ကျောင်းအပြန်မှာ ဆန်ကိုဝယ်ပြီး အိမ်ရောက်တော့ ညီအစ်ကိုတစ်တွေ ချက်ပြုတ်စားသောက်ခဲ့ပါတယ်။ ဒီလိုနဲ့ ကျောင်းဖွင့်ရက်မှာ ကျောင်းတက်၊ ကျောင်းပိတ်ရက်မှာ ပေါင်းနှုတ်အငှားလိုက် ရတာလေးနဲ့ ညီအစ်ကိုတစ်တွေ ချွေချွေ တာတာ စားရင်း မိခင်ဖြစ်သူ ဆေးရုံတက်နေစဉ် ကာလကို ဖြတ်သန်းခဲ့ပါတယ်။
လောကမှာ အခက်အခဲဆိုတာ ကတော့ လူတိုင်းမှာရှိတာပါပဲ။ နည်းတာ များတာတော့ ကွာကြတာ ပေါ့လေ။ အဲ့ဒီထဲကမှ ကျန်းမာရေးနဲ့ ပတ်သက်လာတဲ့ အခက်အခဲကတော့ ဆိုးဝါးလှပါတယ်။ လုပ်နိုင် ကိုင်နိုင် တုန်းက စုထားဆောင်းထား သမျှလေးတွေက ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဖြစ်လာရင် တက်တက် စင်အောင် ပြောင်တာပါပဲ။ အဲ့ဒါက သာမန် ငွေပိုငွေလျှံ ရှိတဲ့ လူတန်းစား အတွက်ပေါ့။ လူချမ်းသာ များအတွက်ကတော့ မှု့စရာအကြောင်း ရှိမှာမဟုတ်ပါဘူး။ ဒေါ်အေးရင် လို ဈေးရောင်းတဲ့ ဈေးသည်တစ်ယောက် အတွက်တော့ တကယ့်ကို မမှု့လို့မဖြစ်ပါဘူး။ ဒီနေ့ ရောင်းရတာက နောက်နေ့ အတွက် အရင်းပြန်လုပ်ရသလို မြတ်တဲ့ အထဲကလည်း သားတွေ ကျောင်းစရိတ်နဲ့ ၊မိသားစု စားဝတ်နေရေးမှာ မျှပြီးတော့ သုံးရသေးတော့ ငွေပိုငွေလျှံဆိုတာ ရှိဖို့ဆိုတာ မလွယ်ကူလှပါဘူး။ တကယ်တမ်း ဖြစ်လာတော့လည်း လူအသက်ထက် ဘာမှ အရေးမကြီးဘူး ဆိုပြီး မရှိ ရှိတာလေး ပေါင်နှံပြီးတော့ သုံးရတာမျိုးလည်း ရှိပါတယ်။ ဒေါ်အေးရင် တစ်ယောက်ကတော့ ဆေးရုံပေါ်မှာ ထူထူထောင်ထောင်နဲ့ ကျန်းမာရေး ကောင်းလာစ ပြုပြီ ဖြစ်သော်လည်း နေမကောင်းဖြစ်တုန်းက ဆေးတွေထိုးရ၊သွင်းရနဲ့ ပြန်ပြီး နဂိုအတိုင်း ဖြစ်ဖို့ရာ အချိန်အတော်ကြာ ပြန်ယူရအုံးမှာပါ။ ရောဂါ ပျောက်းကင်းလို့ ဆေးရုံးက ဆင်းခွင့်ပေးတော့ ခင်ပွန်းဖြစ်သူနဲ့အတူ ရွာကလိုက်သွားတဲ့ လူတွေရယ် ရွာကိုပြန်ရောက်လာတယ်။ မျိုးနောင် တစ်ယောက်ကတော့ မိခင်ဖြစ်သူ ဆေးရုံးက ဆင်းခွင့်ရပြီဆိုတဲ့ သတင်းကြားကတည်းက ပျော်လို့မဆုံးအောင် ဖြစ်နေတာပါ။ မိခင်ပြန်လာမည့် ရက်ကိုပဲ မျှော်နေမိတယ်။ ဒေါ်အေးရင် လည်း ရောဂါရဲ့နှိပ်စက်မှု့ရယ် ကျန်းမာစဉ်က ရုန်းကန် လှုပ်ရှားခဲ့တဲ့ ဒဏ်တွေရယ်၊ အားပြင်းတဲ့ ဆေးတွေထိုး ရ၊စားရတာတွေရယ်ကြောင့် အဖွားအို တစ်ယောက်လို ပိန်လှီသွားပါတယ်။သူရွာ ပြန်ရောက်တဲ့နေ့က သားဖြစ်သူ မျိုးနောင်ခမြာ အမေဆေးရုံးကဆင်းလာလို့ ၀မ်းသာသလို သူတို့နဲ့ ကွဲကွာနေစဉ် နှစ်လတာ အတွင်း မိခင်ဖြစ်သူ ရုပ်ရည်တွေ မမှတ်မိ နိုင်လောက်အောင် ပြောင်းလဲ သွားတာကို မြင်ရတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ငိုချင်စိတ်ကို မနည်းထိန်းပြီး မိခင်ဖြစ်သူကို ကြည့်နေမိတယ်။ ဒေါ်အေးရင်ကတော့ သားတွေမျက်နှာကို မြင်ရလို့ မျက်နှာမှာ အပြုံးတွေ ဝေနေ ပါတယ်။ သူ့ကိုယ်သူ နေမကောင်း သူတစ်ယောက် ဟုပင် ထင်တော့ပုံ မပေါ်ပါဘူး။ တကယ်လို့များ သူဆေးရုံ တက်နေစဉ်က သူ့သားတွေ အိမ်မှာကြုံခဲ့ ရတဲ့ အဖြစ်အပျက်လေး တွေကို ပြန်ပြောပြခဲ့ရင် အခုလိုပဲ ပြုံးရွှင်နိုင်မလား….. တကယ်လို့ ပြုံးရွှင်ခဲ့တယ်ဆိုရင်လည်း သူ့သားတွေအတွက် ဂုဏ်ယူတဲ့ အပြုံး ကျေနပ်ပီတိ ဖြစ်တဲ့ အပြုံးပဲဖြစ်ပါလိမ့်မယ်…. မပြုံးရွှင်ခဲ့ဘူး ဆိုရင်တော့ သူမကျန်းမာလို့ သူ့သားတွေ ဒီလိုရုန်းကန်ရတယ် ဆိုတဲ့ သားသမီးအပေါ် ထားတဲ့ မိခင်မေတ္တာကို မြင်နိုင်ပါလိမ့်မယ်…
အကြောင်းအရာအမှန်လေး တခုကို အခြေခံပြီးရေးသားပါသည်။
အဆင်မပြေတာများရှိရင် စာရေးသူရဲ့အားနည်းချက်သာဖြစ်ပါသည်။
လိုအပ်တာလေးတွေကို ဝေဖန်အကြံပြုပေးခဲ့ပါ...ကျေးဇူးတင်ပါတယ်
မျိုးခန့်(စကားဝါမြေ)
2 comments:
အရမ်းကိုကောင်းတယ် သူငယ်ချင်း ဖတ်ရင်းနဲ့မျက်ရည်တောင်လည်မိတယ် ဒီထက်ကောင်းတဲ့ ရသစာပေတွေကို ပုံဖော်နိုင်ပါစေ ဆက်လက်အားပေးနေပါတယ်
ကိုမျိုးရေ.. လာလည်ပါတယ်.. အဖြစ်ပျက်အားလုံး ထပ်တူခံစားရပါတယ်. (ရွာသားချင်းတူလို့) အမေကိုမျှော်တဲ့ သားတွေရဲ့ အဖြစ်ကိုလဲ မြင်မိပါတယ်။ မျှော်သာမျှော်ရ မျှော်အားမရှိတဲ့ အဖြစ်မို့ ထပ်တူ ဝမ်းနည်းရပါတယ်။ နောက်ထပ် အပိုင်းများ စောင့်ဖတ်ဖို့ စိတ်ပါသွားပြီ။
ဆန်းဝင်း (ကျောက်ပန်းတောင်း)။
Post a Comment