စာတွေထဲမှာ တော့ ကြွက်သေ တခု အရင်းပြု၍ ဆိုပြီး တွေ့ဖူးတယ်။ ကျွန်တော် ကြားဖူးတဲ့ ၀က်တစ်ကောင် ကိုအကြောင်းပြုပြီး ရွာနာမည်လေးတွေ ဖြစ်လာတာကိုလည်း ဗဟုသုတ အဖြစ် ပြောပြပါအုံးမယ်။
ကျွန်တော်တို့ ရွာနာမည် သမိုင်းကြောင်းလို့ပြောရမလား ပါးစပ်ရာဇ၀င်လို့ခေါ်မလား အတိအကျတော့ အထောက်အထား မရှိပါဘူး။ ကျွန်တော်တို့က ပါးစပ်ရာဇ၀င် အဖြစ်ပြန်ကြားခဲ့ရတာဆိုတော့ ပါးစပ်ရာဇ၀င်လို့ပဲ ပြောတာက အဆင်ပြေပါတယ်။ ကျွန်တော် သိတတ်စအရွယ်တုန်းက အဖွားကို ကျွန်တော်တို့ ရွာနာမည် အကြောင်း မေးဖူးတယ်။ ဘာလိုလဲဆိုတော့ ကျောင်းမှာ စာစီစာကုံး ရေးခိုင်းရင် ဆရာမက ကိုယ့်အကြောင်းကို ပြန်ရေးခိုင်းတိုင်း ရွာနာမည်က မဖြစ်မနေထည့်ရလို့ပါ။ ကျွန်တော်၏အကြောင်း စာစီစာကုံး ရေးရတော့ ကိုယ့်မိဘနာမည်က စပြီး နေတဲ့ရွာနာမည်၊ မိဘတွေရဲ့အလုပ်အကိုင် စတာတွေပါ ထည့်ပြီးရေး ရတယ်။ အဲ့ဒီမှာ ရွာနာမည်ကိုရေးရင် ကျွန်တော်တို့ ကျောင်းသားတိုင်း ဘာကြောင့် အဲ့ဒီလို နာမည်ကြီး ပေးထားတာလဲလို့ သိချင်ကြတယ်။ အိမ်ပြန်ရောက်တော့ အဖွားကို မေးကြည့်တယ်။ ကျွန်တော်အဖွား ပြောပြတာလေးက ဒီလိုဗျ….
ရှေးတုန်းက ကျွန်တော်အဖွားရဲ့ အဖိုးအဖွားတွေ လက်ထက်တုန်းကပေါ့ဗျာ ကျွန်တော်တို့ရွာက ရွာသူရွာသားတွေ တောင်ရိုးပေါ်မှာ တက်ပြီး ယာခင်းတွေလုပ်စားကြတယ်တဲ့။ အဲ့ဒီအချိန်တုန်းကတော့ တောင်ရိုးဆိုတာက အခုအချိန်ထက် တောနက်တယ်လို့ ပြောတယ်။ တောဝက်တွေ သမင်တွေလည်း ပေါတယ်တဲ့။ တောဝက်တွေက လည်းလူတွေ စိုက်ပျိုးတဲ့ ယာခင်းတွေကို ၀င်ရောက်စားသောက် ကြတယ်။ မြေတွေကို လူပြီးတော့ ဖျက်ဆီးကြတယ်။ အဲ့ဒီလိုနဲ့ တစ်နေ့ကျတော့ တောဝက်ကြီးတစ်ကောင်က တောင်ရိုးပေါ်ကနေ မျက်စိလည်ပြီး လူတွေနေတဲ့ ရွာတွေဘက်ကို ရောက်လာတယ်။ တောဝက်ကြီး ပထမဆုံး ရောက်တဲ့ ရွာကလူတွေက ရွာထဲကို မ၀င်နိုင်အောင် မောင်းထုတ်တယ်။ တုတ်တွေနဲ့ ရိုက် ခဲတွေနဲ့ပစ်ကြတယ်။ ခဲတွေနဲ့ဝိုင်းပစ်တော့ ၀က်ကြီးကရွာထဲကို မ၀င်တော့ဘဲ ထွက်သွားပါတယ်။ အဲ့ဒီရွာမှာတော့ ၀က်ကြီးကို ပစ်တဲ့ ခဲတွေ ပုံပြီးကျန်ခဲ့လို့ ရွာနာမည်ကို ကျောက်(ခဲ)ပုံတဲ့။ "ကျောက်ပုံရွာ" ပေါ့ဗျာ။
ဝက်ကြီးလည်း အဲ့ဒီရွာက ခဲနဲ့ ၀ိုင်းပစ်လို့ ပြေးလာရာက နောက်တစ်ရွာကို ရောက်တော့ ခြေထောက်မထောက် နိုင်တော့ဘူးတဲ့။ ခြေထောက်နာပြီး ၀က်ကြီး ဖြတ်သွားတဲ့ ရွာကိုတော့ "၀က်မထောက်ရွာ"ဆိုပြီး ခေါ်ပါတယ်။
အဲ့ဒီရွာကနေ မောင်းထုတ်တော့ ပြေးရင်းနဲ့ နောက်တစ်ရွာအရောက်မှာတော့ ၀က်ကြီးရဲ့ ခေါင်းမှာ သွေးတွေ ရဲနေလို့ "ခေါင်းရဲရွာ" လို့ ခေါ်ပါသတဲ့။
နောက်ဆုံးပိတ် ရွာရောက်တော့ ၀က်ကြီး ဘာဖြစ်သွားမယ်ထင်သလဲ။ သေသွားမှာပေါ့နော်။ ၀က်ကြီးက အဲ့ဒီရွာမှာ သေသွားတယ်။ ၀က်သေတော့ ၀က်သားတွေလည်း ရမှာပေါ့။ အဲ့ဒီဝက်သားတွေကို ရွာကလူတွေက ကုန်အောင် မစားနိုင်လို့ အချဉ်တည်ပြီး စားကြပါတယ်တဲ့။ အဲ့ဒါကြောင့် ၀က်ကြီး နောက်ဆုံးရောက်ခဲ့တဲ့ ရွာနာမည်ကို ၀က်သေရွာလို့ မခေါ်ဘဲ "၀က်သားချဉ်(၀က်သချဉ်) "ရွာလို့ ခေါ်ပါသတဲ့။
ရာဇ၀င်လေးကတော့ ဒါပါပဲနော်။ အဲ့ဒီ ရွာနာမည်တွေက ယနေ့ထက်တိုင် ဒီနာမည်တွေ အတိုင်းပဲ ခေါ်တွင်နေပါတယ်။ ကျောက်ပန်းတောင်း မြို့နယ်ထဲမှာ ပါဝင်တယ်။ တစ်ရွာနဲ့ တစ်ရွာလည်း သိပ်ပြီး မဝေးလှဘူး။ ကျောက်ပုံရွာနဲ့ ၀က်မထောက်ရွာဆိုရင် အသံကျယ်တဲ့သူ လှမ်းအော်ပြီး ခေါ်ရင်တောင် ကြားရတယ်။ ၀က်သချဉ်ရွာနဲ့ ဆိုလည်း သိပ်မဝေးဘူး။ ဒီအကြောင်းလေးက မှန်ချင်မှလည်း မှန်မယ်ပေါ့… ရွာကလူကြီးတွေကိုတော့ ဘယ်သူ့ကိုမေးမေး ဒီအတိုင်းပဲ ဖြေကြတယ်…..:P
စာဖတ်ရင်းနဲ့ ရွှေညာသားလေးက ဘယ်ရွာက ဖြစ်မယ်ဆိုတာလေး ဖြေပေးခဲ့ပါလား… အပျင်းပြေ ပေါ့ဗျာ….:P
အားလုံးကျန်းမာရွှင်လန်းကြပါစေ….
4 comments:
ကျွန်တော့် အထင် ကျောက်ပုံဖြစ်မယ် ထင်ပါ့...
:P
ရောက်တာက အမြဲ ရောက်တယ်ဟေ့ ကွန်မန့် မပေးဖြစ်တာ..
အားပေးနေတယ် ကြိုးစားထား
ဝက်ပုံပြင်လေး နားထောင်သွားတယ်အကို:P
ကောင်းသောနေ့လေးဖြစ်ပါစေ။
ဝက်သချဉ်ရွာက ရွှေညာသားလေးရေးထားတဲ့ ၀က်ပုံပြင်ကို လာရောက်ဖတ်မှတ်သွားပါကြောင်း...ကျန်းမာရွှင်လန်း အေးချမ်းပါစေ...
ဘုန်းဘုန်းပြောတာနဲ့ နည်းနည်းတော့ နီးစပ်ပါတယ်...:P
Post a Comment