မှိုကလည်းမျက်စိရှင်ရှင်ထားပြီရှာမှတွေ့တာ။သူများရှေ့ရောက်ချင်ဇောနဲ့သွားလို့ကတော့မမြင်တဲ့အပြင် မှိုကိုနင်းတောင်နင်းခဲ့ သေးတယ်။ အေးအေးဆေးဆေးနဲ့စိတ်ရှည်ပြီးရှာမှမှိုကောင်းတွေ့တာ။ အထက်မှာပြောခဲ့တဲ့လက်ထိမည်းဆိုတဲ့မှိုကအရောင်ကလည်း အဖြူမကျအမည်းမကျဆိုတော့မြင်ဖို့မလွယ်ဘူး။မြေကြီးအရောင်နဲ့တူနေတာ။ အဲ့ဒီမှိုတစ်ပွင့်လောက်တွေ့ရင်တခြားကိုသိပ်မသွားတော့နဲ့။အဲ့ဒီနားပတ်ဝန်းကျင်ကိုပဲ စိတ်ရှည်ရှည်နဲ့ကြည့်ပြီးရှာလေးငါးဆယ်ပွင့်ကတော့တွေ့တယ်။သူကကျင်းဖွဲ့ပြီးတော့ပေါက်တာ။ ငှက်ချွေစာမှိုဆိုတာကတော့တောင်ရိုးမှိုထဲမှာဘုရင်ပဲ။ အရမ်းစားလို့ကောင်းတယ်။ အရသာကချိုနေတာပဲ။ သူပြီးရင်တောင်ပို့မှို။တောင်ပို့မှိုက ချလေးတွေလုပ်တဲ့တောင်ပို့ကနေပေါက်တာ။ တွေ့တော့တွေ့ခဲတယ်။ကံကောင်းလို့တွေ့ရင်လည်းတောင်ပို့တစ်ခုထဲနဲ့ အိမ်ပြန်ယုံပဲ။ တခြားမှိုကောက်စရာမလိုတော့ဘူး။ကျင်းမှိုကတော့ကျင်းဖွဲ့ပြီးပေါက်လို့ ကျင်းမှိုလို့ခေါ်တာပါ။သူကလည်း စားလို့ကောင်းတာပဲ။မြို့တက်ရောင်းရင်တော့ တောင်ပို့မှိုရယ်၊ကျင်းမှိုရယ်၊ငှက်ချွေစာမှိုရယ်၊ လက်ထိမည်းရယ်ကဈေးကောင်းရတယ်။ကျင်းမှိုကတော့တောင်ရိုးပေါ်မှမဟုတ်ဘူးဗျ ယာခင်းစပ်၊ချောင်းစပ်၊ချုံစပ်တွေမှာလည်းပေါက်တယ်။ငှက်ချွေစာမှိုဆိုလည်းအဲ့ဒီလိုပဲယာခင်းစပ်တွေ တောထဲကမန်ကျည်းပင်တွေ၊မြေသြဇာကောင်းတဲ့သစ်ပင်ရိပ်တွေမှာပေါက်တယ်။
တောင်ရိုးပေါ်မှာကတော့အများဆုံးတွေ့ရတာပေါ့။အအိပ်ကြီးတဲ့သူတွေကတော့မိုးလင်းခါနီးမှလာကြတယ်။ သူတို့ကသူအစောသွားတဲ့သူတွေပြန်လာရင် တောင်ရိုးခါးလယ် လောက်ရောက်နေပြီ ရှေ့ကအစောတက်တဲ့သူတွေမမြင်တဲ့မှိုတို့၊နင်းမိတဲ့မှိုတို့ရတာပေါ့။ မှိုကလည်းညပိုင်းမှာပေါက်တာများတယ်။ တချို့မှိုများဆိုမြေကြီးထဲကမထွက်သေးဘူး။ မြေကြီးလေးပတ်ကြားအက်ပြီးဖောင်းပွပွလေးနဲ့ အပြင်ထွက်မလို့ပြင်တုန်းရှိသေးတယ်။ မှိုကောက်တဲ့သူနဲ့တွေ့သွားတာ။ဇီးဖြူမှိုတို့၊သက်ရာမှိုတို့ကဇီးဖြူပင်၊သက်ရာပင်တွေအောက်မှာ ပေါက်တာများလို့အပင်နာမည်နဲ့စွဲပြီးခေါ်တာပါ။ကိုရင်မှိုဆိုတာကတော့အရောင်ကအ၀ါရောင်လေးနဲ့ ဘုန်းကြီးဆောင်းတဲ့ထီးလိုပဲအရိုးတံရှည်ရှည်လေး။မယ်သီလမှိုကတော့ မယ်သီလတွေဝတ်တဲ့ အင်္ကျီအရောင်ထက် နဲနဲလေးရင့်တယ်သူကပုပုလေးနဲ့မြေကြီးမှာကပ်ပေါက်တယ်။ကိုရင်မှိုလောက် မှိုရိုးတံမရှည်ဘူး။အရောင်ကိုခွဲပြီးတော့နာမည်ပေးထားတာပေါ့ဗျာ။လက်ထိမည်းမှိုဆိုတာကလည်း ထူးဆန်းတယ်ဗျ။သူ့မူလအရောင်က အဖြူလည်းမကျအမည်းလည်မဟုတ် ပေါ့လူလက်နဲ့ထိပြီးသွားရင် ထိတဲ့နေရာကစပြီးမည်းသွားတာ။နောက်ဆုံးအိမ်ရောက်ရင်တစ်ပွင့်လုံးမည်းသွားတာကမီးသွေးခဲလိုပဲ။ ဟင်းအိုးထဲရောက်ရင်လည်းသူကအမည်းအတိုင်းပဲ။တောင်ရိုးပေါ်မှာပေါက်တဲ့မှိုထဲမှာတော့ တောင်ပို့မှို၊ကျင်းမှိုနဲ့ငှက်ချွေစာပြီးရင်သူကအကောင်းဆုံးပဲ။သူ့ချည်းသပ်သပ်ရောင်းရင်ဈေးကောင်းရတယ်။ စားလို့လည်းကောင်းတယ်ဗျ။တောင်ရိုးထိပ်ပိုင်းရောက်ရင်နေလည်းထွက်လာပြီ။
ငှက်ရွှေစာမှို |
ကိုရင်မှို |
အဲ့ဒီအချိန်ဆိုရင်ပါလာတဲ့တောင်းလည်းပြည့်နေပြီ။တချို့ကတောင်းပြည့်တော့အင်ဖက်တွေခူးပြီးရသလောက် ထည့်တယ်။တောင်တန်းပေါ်မှာလည်းငှက်လေးတွေရဲ့တွန်ကျူးသံကကျီကျီကျာကျာကြားရပြီ။ မိုးရွာထားတုန်းကတင်ကျန်နေတဲ့ရေအိုင်လေးတွေကလည်း ကျောက်ခဲခွက်တွေထဲမှာတစ်ချို့၊ ကျောက်ခဲတွေကြားမှစီးဆင်းလို့တစ်သွယ်နဲ့ စိမ်းစိုနေတဲ့တောင်ရိုးပေါက်သစ်ပင်တွေကြားမှာ ပနံရလှတယ်။မှိုကောက်သူတွေအဖို့လည်းပါလာတဲ့တောင်းကမှိုတွေနဲ့ပြည့် ပြီဆိုတော့တောင်ကျရေအိုင်လေးနားမှာမှိုတောင်လေးချပြီးရေသောက်ရင်း အမောဖြေလို့၊အင်ဖက်ပင်ကနေကောင်းတဲ့ဖက်တွေကိုခူးပြီးတော့မှိုတောင်းပေါ်မှာအုပ်ရင်း အဖော်တစ်သိုက်နဲ့မှိုတောင်ထမ်းပြီးအိမ်ပြန်ဖို့ပြင်ဆင်နေပြီ။ရွာကထွက်လာကတည်းကတစ်ဖွဲ့ထဲမို့ အဖော်တွေအချင်းချင်းသူတော့ဘယ်လောက်ရလဲ၊ငါတော့ဘယ်လောက်လဲပြိုင်ရင်း၊ ဘယ်သူ့တောင်းကတော့ဘယ်မှိုတွေနဲ့ပြည့်နေတာပဲကောင်းလိုက်တာ။ ငါတော့လက်ထိမည်းတွေကျင်းလိုက်တွေ့ပါရဲ့ အရင်နေ့ကပေါက်ထားတာဆိုတော့ချစားနေလို့မယူခဲ့ရဘူး။ ငါမှာတော့ဘယ်အပင်ခြေကငှက်ချွေစာဘယ်နှစ်ပွင့်ရတာ၊ကျင်းမှိုလေးသုံးလေးပွင့်လည်းတွေ့သေးတယ်ဟဲ့၊ အနီးအနားထပ်ရှာတော့လည်းမတွေ့ဘူး အရင်နေ့ကတွေ့တဲ့သူမမြင်လို့ကျန်နေတာဖြစ်မှာ၊ စသည်ဖြင့်ကိုယ်ကြုံခဲ့ရတာလေးတွေကိုပြန်ပြောရင်း၊ရွာဆီသို့ မှိုရတဲ့ပြုံးရွှင်ရွှင်မျက်နှာတွေနဲ့ ပြန်လာကြတယ်။မြေပြန့်ရောက်ပြန်တော့လမ်းမှာတွေ့တဲ့မန်ကျည်းပင်ကနေ မန်ကျည်းသီးစိမ်းလေးငါးတောင့်ဆွဲခူးပြီးမှိုတောင်းမှာထည့်လိုက်သေး။ ဘယ်သူ့ယာတောမှာတော့ပင်စိမ်းတွေပေါတယ်ဟဲ့၊ပင်စိမ်းရွက်လေးခူးရင်းနဲ့ အဲ့ဒီဘက်ကနေလှည့်ပြန်ရအောင်၊စသဖြင့်မမောနိုင်မပမ်းနိုင်စကားတွေပြောရင်းမှိုတောင်းကိုယ်စီ၊ ပင်စိမ်းရွက်ကိုယ်စီ၊မန်ကျည်းသီးစိမ်းကိုယ်စီနဲ့ရွာအ၀င်းလမ်းမှာတော့ပြုံးပြုံး ပြုံးပြုံးနဲ့ပေါ့ဗျာ။
အိမ်ရောက်တော့ပါလာတဲ့တောင်းကိုချဆန်ကောတွေဆန်ကာတွေယူပြီး ရလာတဲ့မှိုကို ဆန်ကော၊ဆန်ကာထဲမှာ တစ်ပွင့်ချင်းစီ စီပြီးပက်လက်လှန်ထည့် အထားမခံလောက်တဲ့မှိုကိုတော့ ဒန်အိုးကြီးကြီးထဲမှာထည့်လို့ ရေနွေးလေးနဲ့ သဲတွေ၊ရွှံ့တွေပြောင် စင်အောင်ရေဆေးပြီးပါလာတဲ့မန်ကျည်းသီးစိမ်းကိုထောင်းလို့ တစ်အိမ်လုံးစာအတွက်ပေါပေါများများချက်ပါတယ်။ဟင်းအိုးကျက်ခါနီးတော့ ငရုတ်သီးအစိမ်းတောင့်လေးကိုထောင်းလို့ပင်စိမ်းရွက်လေးအုပ်ပြီး လတ်လတ်ဆတ်ဆတ် ကောက်လို့ရလာတဲ့မှိုဟင်းပူပူလောင်လောင်နဲ့ ဖရုံရွက်မျှစ်ဆတ်ဟင်းချိုလေးတွဲပြီး မိသားစုတွေဝိုင်းဖွဲ့စားသောက်ကြတယ်။ဆီဆိုတာမပါသလောက်ဖြစ်ပေမဲ့ထမင်းမြိန်လှတဲ့ ကျုပ်တို့တောသူတောင်သားတွေရဲ့မိသားစုထမင်းဝိုင်လေးပေါ့ဗျာ။
အိမ်ရောက်တော့ပါလာတဲ့တောင်းကိုချဆန်ကောတွေဆန်ကာတွေယူပြီး ရလာတဲ့မှိုကို ဆန်ကော၊ဆန်ကာထဲမှာ တစ်ပွင့်ချင်းစီ စီပြီးပက်လက်လှန်ထည့် အထားမခံလောက်တဲ့မှိုကိုတော့ ဒန်အိုးကြီးကြီးထဲမှာထည့်လို့ ရေနွေးလေးနဲ့ သဲတွေ၊ရွှံ့တွေပြောင် စင်အောင်ရေဆေးပြီးပါလာတဲ့မန်ကျည်းသီးစိမ်းကိုထောင်းလို့ တစ်အိမ်လုံးစာအတွက်ပေါပေါများများချက်ပါတယ်။ဟင်းအိုးကျက်ခါနီးတော့ ငရုတ်သီးအစိမ်းတောင့်လေးကိုထောင်းလို့ပင်စိမ်းရွက်လေးအုပ်ပြီး လတ်လတ်ဆတ်ဆတ် ကောက်လို့ရလာတဲ့မှိုဟင်းပူပူလောင်လောင်နဲ့ ဖရုံရွက်မျှစ်ဆတ်ဟင်းချိုလေးတွဲပြီး မိသားစုတွေဝိုင်းဖွဲ့စားသောက်ကြတယ်။ဆီဆိုတာမပါသလောက်ဖြစ်ပေမဲ့ထမင်းမြိန်လှတဲ့ ကျုပ်တို့တောသူတောင်သားတွေရဲ့မိသားစုထမင်းဝိုင်လေးပေါ့ဗျာ။
မှိုနဲ့ပင်စိမ်းငရုတ်သီးစပ်ဟင်း
မှိုနဲ့ကန်စွန်ရွက်ကြော်
တစ်ခါလောက်တောင်ရိုးပေါ်မှိုကောက်လိုက်ထားရင် နှစ်ရက်သုံးရက်လောက်ကတော့စားလို့ရတယ်။ မှိုကလည်းတစ်ခါပေါက်ရင်လေးငါးခြောက်ရက်လောက်ကြာတော့ နောက်တစ်ခါလောက်သွားကောက်ရင်မှိုဟင်းကိုအ၀မဟုတ်ဘူး အမုန်းစားလို့ရတယ်ဗျ။ သူ့အချိန်နဲ့သူပေါ်တာဆိုတော့လည်းမုန်းတယ်လည်းမရှိပါဘူးဗျာ။ မှိုပေါက်တဲ့အချိန်ဆိုရင်တော့ဘယ်အိမ်မေးမေး၊မနက်လည်းမှိုဟင်း၊ညလည်းမှိုဟင်းပဲ။တချို့ကျတော့ ထွက်ကောက်တုန်းကတော့ကိုယ့်အိမ်စားဖို့ပဲ အိမ်ပြန်ရောက်လို့မှိုတွေကလတ်ဆတ်ပြီးများနေတယ်ဆိုရင် အနီးအနားရွာတွေကိုငါးပိဖိုးဆားဖိုးရရဆိုပြီးသွားရောင်းကြတယ်။ ကိုယ်ကတောင်ရိုးနားနီးတော့နောက်ရက်သွားကောက်လို့အဆင်ပြေတယ်လေ။ တောင်ရိုးနဲ့ဝေးတဲ့ရွာတွေကလာကောက်ဖို့ဆိုတာမလွယ်လှတော့ သွားရောင်းတယ်ဆိုရင်ပါသလောက်ကုန်တာပါပဲ။ ဒါကြောင့်ကျုပ်ဦးလေးလိုမိသားစုများတဲ့သူတွေကသုံးလေးယောက် ထွက်ကောက်ပြီးတော့ ပြန်ရောင်းစားကြတာ။မှိုဖိုးနဲ့ဆန်အိတ်ဝယ်နိုင်ပါတယ်။တောင်ရိုးနဲ့ဝေးတဲ့သူတွေကလည်း တစ်နှစ်မှတစ်ခါပေါ်တဲ့ဟင်စားဆိုတော့မက်မောကြတယ်။သွားရောင်းတယ်ဆိုရင်အလုအယက်ဝယ်ကြတာ။ တချို့ကျတော့လည်းအပြင်ကိုထွက်မရောင်းဘူး ကိုယ့်ဘာသာပဲအိမ်မှာအခြောက်လှန်းထားတယ်။ နောင်တစ်ချိန်မှရေနွေးလေးဖျောပြီး ခရမ်းချဉ်သီးလေးနဲ့ချက်စားနိုင်တယ်။နေလှန်းထားတဲ့အခြောက် ဆိုတော့အစိုလတ်လတ်ဆတ်ဆတ်လောက်တော့မရသာမရှိလှဘူးပေါ့။ဒါပေမဲ့လည်းဟင်းစားရှားတဲ့ နွေရာသီမျိုးမှာဆိုရင်အသုံးဝင်တယ်ဗျ။ကျုပ်အဖွားကတော့မှိုပေါက်ချိန်ဆိုရင် သူကိုယ်တိုင်ထွက်မကောက်နိုင်ပေမဲ့သားသမီးတွေကိုလိုက်ကောက်ခိုင်းတယ်။ ရလာတဲ့မှိုကိုအခြောက်လှန်းပြီးတော့ မြေအိုးလေးတွေနဲ့ထည့်ပြီးသေချာသိမ်းတယ်။ နွေရာသီရောက်လို့ဟင်းစားရှားပြီဆိုရင် သူလုပ်ထားတဲ့မှိုခြောက်တို့၊ချဉ်ပေါင်းသီးခြောက်၊သရက်သီးခြောက် စတာတွေကိုနှမ်းလှော်လေးနဲ့ဟင်းအဖြစ်ချက်ကျွေးတော့တာပဲ။ မှိုကောက်တဲ့အကြောင်းလေးကိုဗဟုသုတရစေရန်ရည်ရွယ်ပြီးတော့ ဒီပို့စ်လေးရေးလိုက်တာပါ။ ကျုပ်ရွာမှာနေခဲ့တုန်းကတော့ အနောက်တောင်ရိုးမှာမှိုတွေပေါက်ပြီဆိုရင်သိပ်ပြီးပျော်တာ။ အဖေ့ညီမလုပ်သူ၊ကျုပ်အဒေါ်အပျိုကြီးက တောင်ရိုးမှာမှိုတွေပေါက်ပြီဆိုရင် တစ်ရက်မှအလွတ်မခံဘူး။ကျုပ်ကသူနဲ့လိုက်ပြီးမှိုကောက်နေကြ။မျှစ်တွေပေါက်ချိန်ဆိုလည် တူအရီးနှစ်ယောက်တောင်ရိုးပေါ်ကိုတက်ပြီးမျှစ်ချိုးထွက်တာပဲ။အဲ့ဒီလိုအညာဒေသမှာမွေးဖွားကြီးပြင်းလာခဲ့ တော့လည်းတကယ်တမ်းကိုယ့်ဇာတိမြေကိုခွဲပြီးနေရတော့အရင်တုန်းက လုပ်ခဲ့တာလေးတွေက တကယ်ကိုသတိရတမ်းတစရာလေးတွေပါပဲဗျာ။ဒီပို့စ်လေးကိုဖတ်ပြီးအိမ်နဲ့ဝေးနေသူတွေ အညာအကြောင်းလေး တွေကိုဗဟုသုတအနည်းငယ်ရတယ်ဆိုရင်ကျုပ်ကျေနပ်ပါတယ်.....
မျိုးခန့်(စကားဝါမြေ)
0 comments:
Post a Comment