သြော်….ရာသီစက်ဝန်း တပတ်ပြည့်လို့ ဂိမာန်နွေကို…ရောက်ခဲ့ပြန်ပြီ။ အညာမှာမွေး အညာမှာကြီး အညာမှာပဲ နေလာခဲ့တော့ အညာရဲ့ အငွေ့အသက် လေးတွေကို လွမ်းတယ်၊ဆွေးတယ်၊တမ်းတတယ် ဆိုတာ မလွန်ပါဘူးနော်။အလွမ်းဓာတ်ခံ ရှိတဲ့ ကျွန်တော်အညာသား အခုတော့ သိပ်ချစ်တဲ့ အညာဒေသနဲ့ ဝေးရာတစ်မြေမှာ ရောက်နေတယ်။ ဒါပေမဲ့ အညာရဲ့ သုံးရာသီစက်ဝန်းက မြင်ကွင်းတွေကိုတော့ မျက်စိထဲမှာ အမြဲတမ်း မြင်ယောင်နေမိတယ်။ အခုလည်း အညာက နွေရာသီမြင်ကွင်းလေးတွေနဲ့ အတူ လွမ်းမောဖွယ်ရာ အကြောင်းလေးတွေကို မြင်ယောင်ခံစားပြီး စာစီလို့ပေးလိုက်ပါတယ်။
ပိုလွန်းတယ်လို့ မယူဆပါနဲ့နော်။ အခုဆို အညာနဲ့ ခွဲလာတာ သုံးနှစ်ပြည့်တော့မယ်။ နှစ်စဉ် အညာရဲ့ နွေရာသီအချိန်ကို ရောက်ရင် ရင်ထဲမှာ အလွမ်းဓာတ်တွေက ဘယ်ဆီက ပေါ်လာတယ် မပြောတတ်ဘူး။ အထူးသဖြင့် အညာနွေရဲ့ အရိပ်အယောင်တွေကို မျက်စိထဲမှာ ထင်ထင်လာတယ်။ မြို့မှာ မနေခဲ့ဖူးတော့ မြို့ရဲ့အရိပ်အယောင်တွေကိုတော့ သိပ်ပြီး မခံစားတတ်ခဲ့ဘူးပေါ့။ ကျောင်းတက်တုန်းက နွေရာသီ ရောက်ခါနီး နောက်ဆုံး စာမေးပွဲ ဖြေပြီးတဲ့အချိန်က လွမ်းမောဖွယ်ရာ လေးတွေ ဖြစ်ခဲ့ဖူးတယ်။ ချစ်တဲ့ သူငယ်ချင်းတွေ နဲ့ အတူ ကျောင်းတော်ကြီးကို ခွဲရလို့ လွမ်းခဲ့ဖူးတာပါ။ အခုတော့ အားလုံးထက် အညာကနွေကို ပိုလွမ်းမိတယ်။
နွေရာသီမှာ အရွက်တွေကုန်အောင် ကြွေကျပြီး တပင်လုံး ရဲရဲနီနေအောင်ပွင့်တဲ့ ရွာတောင်ဘက် အရီးစောတို့ ယာခင်းစပ်က လက်ပံပင်ကြီးကို လွမ်းမိတယ်။ လေတိုက်လို့ လက်ပံပွင့်တွေ ကြွေရင် အလုအယက် ကောက်ခဲ့ဖူးသလို၊ လက်ပံပင်ကြီးအောက်မှာ ဆော့ကစားခဲ့ဖူးတယ်။
စာမေးပွဲပြီးလို့ ရွာပြန်တဲ့အခါတိုင်း အညာနွေ နေပူပူအောက်မှာ ရောက်လာသမျှလူတွေကို အေးမြတဲ့အရိပ် အာဝါသတွေပေးတဲ့ ရွာဦးထိပ်က ထနောင်ပင်အိုကြီးကိုလည်း လွမ်းမိတယ်။ နောက်ပြီးတော့ ထနောင်းပင်ကြီးအောက်က ဦးလေးဖိုးငွေ တည်ထားတဲ့ သစ်သားသုံးခွဆိုင် ကြားမှာ ရေတွေစိမ့်နေအောင် အေးတဲ့ ရေအိုးလေးနဲ့ ၀ါးရိုးတတ် အုန်းမှုတ်ခွက်လေးကိုလည်း လွမ်းတယ်။ ထနောင်းပင်အိုနဲ့ ရေအိုးစင်လေးက အညာနွေ နေပူပူအောက်မှာ ရောက်လာတဲ့ ခရီးသွား ခရီးနားတွေကို အေးမြတဲ့ အရိပ်အာဝါသနဲ့အတူ ရေဆာလောင်မှု့ကိုပါ ဖြေသိမ့်ပေးတယ်။
အုန်းမှုတ်ခွက်အစား စတီးခွက်လေးနဲ့ ရေအိုးစင်( photo from google)
ကျောင်းသားဘ၀ နွေဦးပေါက်မှာ ဖြေတဲ့ နောက်ဆုံးအတန်းတင် စာမေးပွဲပြီးလို့ ပြန်လာချိန် ၀င်ရောက်နားခိုနေကျ ချောင်းအရှေ့ဘက်ထိပ်က ကိုကြီးဒီလုံးနဲ့ မအေးမိတို့ လင်မယားရဲ့ ထန်းလျက်တဲလေးကိုလဲ လွမ်းမိတယ်။
အညာနွေ နေညိုချိန်မှာ နေပူကို အံတုလို့ ချွေးတပျိုက်ပျိုက်နဲ့ ချောင်းထဲနဲ့အိမ် ခေါက်တုံ့ ခေါက်ပြန် ရေထမ်းခဲ့ရတာကိုလည်း လွမ်းမိတယ်။ ချောင်းထဲရေခပ်ဆင်းရင်း ချောင်းထိပ်က တမာပင်ကြီးပေါ် တမာရွက်တွေ တက်ခူးရတာကိုလည်း လွမ်းမိတယ်။ အမေ့လက်ရာ ငရုတ်သီးနောက်ကျသီးနဲ့ ခရမ်းချဉ်သီးထောင်းကို တမာရွက်ပြုတ်နဲ့ တို့စားခဲ့ရတာကိုလည်း လွမ်းမိတယ်။
အညာနွေ နေ့လည်မှာ တခါတခါ အမေလုပ်ကျွေးတဲ့ ပြောင်းဖူးစေ့နဲ့ ကုလားပဲ ရောပြုတ်ပြီး ဆီလေးဆမ်းလို့ သုပ်ကျွေးတတ်တဲ့ ပြောင်းဖူးစေ့ပြုတ် စေးထွေးထွေးကိုလည်း လွမ်းမိတယ်။
အညာနွေ နေပူပူအောက်မှာ ဆည်းလည်းသံ တချွင်ချွင်ပေးပြီး ထုံးသင်္ကန်းဖွေးဖွေးနဲ့ သပ္ပာယ်လှတဲ့ ရွာဦးကျောင်းက ဘုရားငါးဆူကိုလည်း လွမ်းမိတယ်။နွေရာသီမှာ ရွာထဲက ကလေးတွေကို ဗုဒ္ဓဘာသာ ယဉ်ကျေးမှု့ သင်တန်းတွေ သင်သင်ပေးတဲ့ ရွာဦးကျောင်းဆရာတော် ဦးရေ၀တ ကိုလည်း လွမ်းမိတယ်။
ဆယ့်နှစ်ရာသီပတ်လုံး ရွာသူရွာသားတွေကို ရေလှူပေးနေတဲ့ ရွာအနောက်ဘက်က စမ်းချောင်းလေးနဲ့ ချောင်းစပ်သဲခုံက လက်ယက်တွင်းလေးတွေ၊ အညာနွေမှာ မြင်တွေ့ရတဲ့ သစ်ရွက်ခြောက်တို့ ကြားမှ ချောင်းရေခပ်ဆိပ်ရဲ့ မြင်ကွင်းလေးတွေကို လွမ်းမိတယ်။
အညာနွေ နေ့လည်မှာ သူငယ်ချင်းတွေနဲ့ အတူသွားခဲ့တဲ့ ရွာမြောက်ဘက် လယ်ကွင်းထဲက အဖွားလှဒွန်းရဲ့ သရက်တောကိုလည်း လွမ်းမိတယ်။ သရက်သီးတွေကို အလုံးလိုက် ကျေအောင်ထုပြီး ဆားနဲ့တို့စား ရတာကို လည်း လွမ်းမိတာပဲ။
အညာနွေမှာ ပူအိုက်လွန်းလို့ ဦးလေးဖိုးသစ် ယာတောဘေးက ရိုးထဲသွားပြီး ရိုးရေ စိမ့်စိမ့်အေးအေးကို သူငယ်ချင်းတွေနဲ့ အတူ ရေချိုးခဲ့ရတာကိုလည်း လွမ်းမိတယ်။
နွေညနေမှာ သူငယ်ချင်း တစ်သိုက်နဲ့ ဦးလေးသောင်း တဲကို ထန်းရည် သောက်သွားခဲ့ရတာကိုတော့ အလွမ်းဆုံးပဲ။ ၀င်လုခါနီး နွေညနေစောင်းက နေလုံးကြီးကို ထန်းရည်ဝိုင်းမှ ငေးမောရင်း၊ ထန်းတောရိပ်က ကွင်းပြင်ကျယ်မှာ သူငယ်ချင်းတစု ၀ိုင်းဖွဲ့လို့ ထန်းရည်သောက်ခဲ့ရတာကို တော့ မပြောပါနဲ့။
ထန်းရည်ချို အေးစိမ့်စိမ့်(photo from google)
အညာနွေမှာ ပြုလုပ်တဲ့ အလှူပွဲမှာ ရွာရဲ့ကွမ်းတောင်ကိုင်များဖြစ်ကြတဲ့ စာဥနဲ့ထွေးညို၊ လူပျိုခေါင်း ကိုကြီးဖိုးတုတ်၊ အလှူထမင်းဝိုင်းက ၀က်သားအညာချက်၊ ချဉ်ပေါင်ဟင်းအရည်သောက်နဲ့ ငါးပိကြော်စပ်စပ်လေး ကိုလည်း လွမ်းမိတယ်။
အညာနွေ နေပူအောက်မှာ မညည်းမညူ နွေနေပူပူကို အံတုလို့နေကြတဲ့ လယ်ကွင်းထဲက လယ်ရိုးပြတ်တောတွေ၊ ထန်းတက်သမားတို့ရဲ့ ကျေးဇူးရှင် ကြီး၊ငယ်၊ရွတ်၊လတ် ထန်းပင်တောတွေ၊ အရွက်နုတွေ အစောထွက်တဲ့ ရွာတလင်းကုန်းက မန်ကျည်းပင်အို တို့ကိုလည်း လွမ်းမိတယ်။
အညာနွေ အပူရှိန်ပြင်းလို့ ညရောက်ရင် မအိပ်နိုင်လောက်အောင် ပူတဲ့ နွေည လသာသာ အိမ်တလင်းပြင်မှာ ဖျာခင်းလို့ ရေနွေးအိုးတစ်လုံးနဲ့ ကလေးတွေကို ပုံပြင်ပြောပြတတ်တဲ့ အဖိုးဦးသာလှ ကိုလည်းလွမ်းမိတယ်။
ပူပြင်းလှတဲ့ အညာနွေရဲ့ ညစဉ်တိုင်းမှာ ကြားရတတ်တဲ့ ရွာမီးကင်းတဲက နာရီသံချောင်းခေါက်သံ ကိုလည်း လွမ်းမိတယ်။
အညာနွေရာသီမှာ စားရတတ်တဲ့ အမေ့လက်ရာ သမုန်းဖူးသုပ်၊ ထောက်ရှာရွက်သုပ်၊ ဖလန်ပွင့်သုပ်၊ ညောင်ချဉ်ဖူးသုပ်၊ ချဉ်ပေါင်သီးခြောက်ဟင်း၊ သရက်သီးခြောက်ဟင်း၊ ငရုတ်သီးနဲ့ ကြက်သွန်ဖြူထောင်း၊ ကြောင်လျှာပွင့်ခြောက်၊ ဟင်းငုတ်ပွင့်ခြောက် စတဲ့ ကြေးမတန်တဲ့ ဟင်းစားတွေကို ပိုပြီး လွမ်းမိတယ်။
အညာနွေရဲ့ နေ့လည်ချိန်များမှာ ထန်းလျက်ရည် ချိုချိုရဲရဲမှာ မုန့်ဖတ်တွေထည့်ပြီး သောက်ခဲ့ရတဲ့ ရွာအနောက်ပိုင်းက အရီးမိညိုရဲ့ မုန့်လက်ဆောင် ကိုလည်း လွမ်းမိတယ်။
အညာနွေရဲ့ ညအခါမှာ ရွာပတ်ဝန်းကျင်က တောင်စွယ် တောင်တန်းတွေကိုကြည့်လိုက်ရင် ဆီမီးခွက်များ စီပြီးထွန်းထားသလို ထိန်ထိန်ညီးနေအောင် တောမီးတွေလောင်နေတဲ့ တောင်ရိုးတောင်တန်းတွေရဲ့ မြင်ကွင်းတွေကို လည်း လွမ်းမိတယ်။
နွေကာလမှာတိုက်ခတ် တတ်တဲ့ လေပွေလေရူးတွေနဲ့ ၀န်းကျင်တစ်ခို ဘယ်ဆီကိုပဲ ကြည့်ကြည့် ရိုးတံကျဲကျဲ သစ်ပင်တွေ၊ နွေလေအဝှေ့မှာ ဟိုမှဒီသို့ လွှင်ပါပြီး လေဟုန်စီးနေတတ်တဲ့ ရော်ဝါရွက်ခြောက်တွေ၊ ရွာဝင်လှည်းလမ်းကြောင်းက တလိမ့်လိမ့်တက်လာတတ်တဲ့ ဖုံလုံးကြီးတွေကိုလည်း လွမ်းမိတယ်။
လယ်သမားတို့ရဲ့ စပါးများ ရိတ်သိမ်းခြွေလှေ့ရာ တလင်းပြင်ထဲက ကောက်ရိုးပုံကြီးတွေ၊ ပြောင်းရိုးပုံတွေ၊ ပဲမှော်ပုံကြီးတွေကို အညာနွေ ရဲ့ သရုပ်နဲ့အတူ လွမ်းမိတယ်။
အညာနွေ နေပူပူမှာ ပင်ထက်ဆီမှ အဖော်မဲ့ အထီးကျန်စွာ တေးသီရာက ကြားရတတ်တဲ့ နွေဥသြရဲ့ လွမ်းမောဖွယ် တွန်ကျူးသံလေးကိုလည်း လွမ်းမိတယ်။
အညာနွေရဲ့ အဓိက ဇာတ်လိုက် ဖြစ်တဲ့ သင်္ကြန်ပွဲမှာ မိန်းခလေးတွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး တိုင်မှာ ကြိုးနဲ့တုတ်လို့ တမာခက်နဲ့ ရေဖျန်း ဆန်ကောနဲ့ ယပ်ခပ်ပေးခြင်းခံရတာကိုလည်း လွမ်းမိတယ်။အပျိုခေါင်း မကြီးစိန်ဋ္ဌေးက မျက်နှာကို ဆီဒယ်အိုးမှ အိုးမည်းတွေနဲ့ သုတ်လိမ်းပေးတာကိုလည်း လွမ်းမိတယ်။သူများကို ရေလောင်းချင်တော့ ကိုယ့်အလှည့်ကျတော့လည်း စိတ်မဆိုးဘဲ ကြည်ဖြူစွာလက်ခံရတယ်။( ဒီအကြောင်းလေးကို သင်္ကြန်အကြောင်းမှာ နောက်ထပ် အကျယ်တ၀င့် ရေးပေးပါမယ်။) ရွာဦးကျောင်းကိုလာတဲ့ ဥပုသ်သည်တွေကို နှစ်စဉ်ကျွေးမွေးနေကျ ကျေးရွာရဲ့စုပေါင်းကုသိုလ် မုန့်လုံးရေပေါ်နဲ့ သင်္ကြန်ဆန်ပြုတ်၊ သက်ကြီးဝါကြီးတွေကို ခြေသည်းလက်သည်းညှပ်ပေးခြင်း၊ ခေါင်းလျှော်ရေချိုးပေးခြင်း စတဲ့ ကျွန်တော်တို့ လူငယ်တွေရဲ့ စုပေါင်းကုသိုလ် ပြုလုပ်ကြတာလေးကိုလည်း လွမ်းမိတယ်။ သဘာဝတရော်စစ်စစ်နဲ့ ကင်ပွန်းသီးပြုတ်ရည် ရောပြီးပြုလုပ်ထားတဲ့ တရော်ကင်ပွန်းခေါင်းလျှော်ရည် မြေအင်တုံအိုးကြီးကိုလည်း မြင်ယောင်မိတယ်။
တစ်နှစ်မှာ တစ်ခါပွင့်တယ်ဆိုတဲ့ ရွာအရှေ့ဘက်က ပိတောက်ပင်အိုကြီးလည်း သင်္ကြန်အမှီ ပိတောက်ပန်းတွေ ပွင့်ဖို့ ဆွတ်ဖြန်းပေးတတ်တဲ့ သင်္ကြန်မိုးကို စောင့်မျှော်နေရော့မယ်။ ပိတောက်တွေပွင့်ရင် စာဥတို့ ထွေးညိုတို့ သူငယ်ချင်း တစ်စုကို ပိတောက်ပန်းတွေ တက်ခူးပေးခဲ့ရတာကိုလည်း လွမ်းမိတယ်။သင်္ကြန်တွင်း ချောင်းရေခပ်ဆိပ်မှာ သူငယ်ချင်းတွေနဲ့အတူ ရွာသူလုံမပျိုတို့ကို ဖလားခွက်ကိုယ်စီနဲ့ ရေလောင်းခဲ့တာကိုလည်း လွမ်းမိတယ်။
အထူးသဖြင့် ဆံဖြူ၊သွားကျိုး၊ ပါးရေတွန့်ပြီး ခါးကိုင်းနေတဲ့ အမေ၊ အညာနွေရဲ့ အပူဒဏ်ခံနိုင်ဖို့ သနပ်ခါးတွေ ပိန်းနေအောင် လိမ်းတတ်တဲ့အမေ၊ သားသမီးတွေ စားဖို့ မီးဖိုချောင်မှာ ပူပူလောင်လောင်နဲ့ ချွေးဖြိုင်ဖြိုင်ကျအောင် ချက်ပြုတ်ကျွေးရှာတဲ့ အမေနဲ့အတူ ထန်းရွက်အမိုးအောက်မှာ ကြမ်းခင်းကြားမှ တိုးထွက်လာသော လေနုအေးလေးတိုက်တာကို ခံစားရင်း အင်္ကျီဗလာနဲ့ အိပ်ခဲ့ရတဲ့ အညာက အမေ့ရဲ့ ထန်းရွက်မိုးအိမ်လေးကိုတော့ ကျွန်တော်ရင်ထဲမှာ နွေရာသီမှ မဟုတ်ပါဘူး ဆယ့်နှစ်ရာသီ ပတ်လုံး လွမ်းနေပါတယ်။
အဝေးရောက် ညီအစ်ကို မောင်နှမများနဲ့ အညာသူအညာသားများ ဒီပို့စ်လေးဖတ်ပြီး ကျွန်တော်နဲ့ ထပ်တူခံစားရင်း အညာနွေကို အလွမ်းဖြေနိုင်ကြပါစေ။
လိုအပ်တာလေးတွေ comment မှာ ထပ်ဖြည့် သွားအုံးဗျာ.... ဒါလေးတွေ ကတော့ ကျွန်တော် သိသမျှလေးတွေပါပဲ....
8 comments:
တကယ်လွမ်းသွားပါသည်...(ထန်းရည်မပါ)
ရှေ့က ပုံတွေ ကြည့်ရင်နဲ့ အညာကို သတိရနေတာ ထန်းရည်မြင်တော့ ထိန်းမရတော့ဘူး။ (အဲလိုပါဆို)
အညာကို ပြန်ချင်တယ်.. :)
အညာသား မဟုတ်ပေမယ့် အညာသားရေးတဲ့စာကို ဖတ်ပြီး အညာကို သွားလည်ချင်စိတ်တွေ တဖွဖွဖြစ်နေပြီ။ လက်ပံပွင့်ကိုတွေ့တော့ ကျော်ရဲအောင်၊ ရန်အောင်၊ မိုးဒီ၊ နန္ဒာလှိုင်တို့ သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတစ်ကားရှိတယ်လေ။ အရေးထဲ ဇာတ်ကားနာမည်မေ့နေလို့ အော်..."ကိုးဆယ်ဆသာလိမ့်မယ်"ဇာတ်ကားပါ။ အဲဒီကားကို သွားသတိရမိတယ်။ ရန်အောင်နဲ့နန္ဒာလှိုင်တို့ အဲဒီလက်ပံပင်အောက်မှာပဲ ချစ်ခြင်းမေတ္တာတွေ ဖလှယ်ခဲ့ကြတယ်လေ။ နောက်မှ တစ်ခေါက်လောက်တော့ အရောက်သွားပါဦးမယ်။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...
မျိုးခန့်ရေ ငါတော့ တော်တော်လွမ်းသွားတယ်ဟ...
အလွမ်းတွေ အားလုံးက ဒီပို့စ်ထဲမှာ စုနေတာကိုး..
ရာဇာ(ကျေးလက်သားလေး)
တစ်ကယ်လွမ်းသွားတယ်အကိုရေ...ဆိုးပ...
ပြန်လျှော်ပေး အလွမ်းတွေအတွက်....:D
ကောင်းသောနေ့လေးဖြစ်ပါစေ။
ပိုလွမ်းသွားအောင် ပြောအုန်းမယ်နော် ဒီနေ့ လက်ပံပွင့်ခြောက်နဲ့ ဝက်သား ချက်တယ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ကျေးဇူးတင်ပါတယ် SHWE ZIN U ရေ အလွမ်းတွေဖြည့်ပေးတဲ့အတွက်.......:P ပျော်ရွှင်ပါစေဗျာ...
Post a Comment