photo from google
အိမ်ထောင်ကျပြီး နှစ်နှစ်အကြာ မိသင်းမှာ သားဦးကိုယ်ဝန်ရှိပါတယ်။ မောင်လှိုင်တစ်ယောက်လည်း ကလေးအဖေ ဖြစ်တော့မည် ဆိုတော့ ရင်ထဲမှာပျော်ရွှင်နေပါတယ်။ မိန်းမဖြစ်သူ ကိုယ်လေးလက်ဝန် ရှိလာပြန်တော့ အလုပ်တွေကို သူတစ်ယောက်ထဲပြန်ပြီး အကုန်လုပ်ရတယ်။ မိသင်းကလည်း ဗိုက်ကို အကြောင်းပြလို့ ထမင်းဟင်းလေးတောင် ချက်ဖော်မရပါဘူး။ ဒေါ်မယ်လှခမြာ တောထဲ နွားမအုပ် ကျောင်းရာက ပြန်ရောက်မှ ချက်ကျွေးရတယ်။ မိသင်းကတော့ သနပ်ခါးအဖွေးသားနဲ့ ကြော့မော့လို့ ထမင်းအိုးလေးတောင် တည်ထားဖော်မရဘူး။ ဒါတွေကို မောင်လှိုင်တစ်ယောက် အသိသိနဲ့ မပြောဘဲ နေနေရတယ်။ မိခင်ဖြစ်သူ တောထဲကပြန်ရောက်မှ မောမောနဲ့ ချက်ပြုတ်ကျွေးတာကို သူ မျိုမကျ။ မိသင်း ကိုယ်ဝန် ဆောင်တယ်ဆိုတာကလည်း မလုပ်နိုင်မကိုင်နိုင်လောက်အောင် မဖြစ်သေး။ ထမင်းဟင်းလောက်တော့ ချက်နိုင်ပါသေးတယ်။ဒါပေမဲ့ မိသင်းတို့ကတော့ ချက်ဖို့ရာဝေလာဝေး ယောက္ခမ လုပ်သူချက်ကျွေးတာကိုပင် အခန့်သား ထိုင်စားလိုက်သေးတယ်။ သူ့ကိုပြောရင်တော့ ဗိုက်ကလေး ပွတ်ကာပွတ်ကာနဲ့ အကြောင်းပြစရာက ရှိနေတယ်မဟုတ်လား။မောင်လှိုင်လည်း စိတ်တိုတုန်း ပြောပေမဲ့ ကိုယ့်မိန်းမဆိုတော့ စိတ်တိုလည်း ခဏပါပဲ။ “လင်နဲ့ မယား လျှာနဲ့သွား ဆိုတာလို” ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ မိသင်းမီးဖွားခါနီး အချိန်ရောက်လာပါတယ်။ တောရွာဆိုတော့ တောဓလေ့ အရပ်လက်သည်နဲ့ မွေးဖွားကြရပါတယ်။ မိသင်းတစ်ယောက် သားဦးယောကျာ်းလေးကို ရွာကလက်သည်နဲ့ပဲ လွယ်လွယ်ကူကူမွေးဖွား နိုင်ခဲ့တယ်။ မောင်လှိုင်ကတော့ သားယောကျာ်းလေး မွေးတယ်ဆိုတော့ အပျော်ကြီးပျော်လို့။ ဦးထွန်းအေးနဲ့ ဒေါ်မယ်လှတို့ကလည်း မြေးတစ်ယောက်ထပ်တိုးပြန်တော့ ၀မ်းသာနေကြတယ်။ သားကြီး ကိုမောင်ဝင်း မှာက သမီးမိန်းခလေးနှစ်ယောက် ၊မရွှေဋ္ဌေးက သားလေးတစ်ယောက်၊ အခု မောင်လှိုင်က သားတစ်ယောက်ထပ်မွေးတော့ သူတို့မှာ မြေးတွေ လေးယောက်တောင် ရှိလာပြီပေါ့။ မြေးတွေထဲမှာ ယောကျာ်းလေးတွေပါလာပြီဆိုတော့ ဦးထွန်းအေးတို့လည်း မြေးတွေကို ရှင်ပြုပေးဖို့ တာဝန်တခု တိုးလာပြန်ပြီ။ ဦးထွန်းအေး စိတ်ထဲမှာ မြေးတွေး သင်္ကန်းနိုင်လောက်ရင် ရှင်ပြုပေးဖို့ကို ကြိုတင်ပြီး စီစဉ်ထားတယ်။ မိုးလေ၀သ ကောင်းလို့ စိုက်ပျိုးတဲ့ သီးနှံတွေ အဆင်ပြေရင် သူတို့အတွက် အလှူတစ်လှူ လုပ်ဖို့ဆိုတာ မခဲယဉ်းလှဘူးလေ။ မောင်လှိုင် စိတ်ထဲမှာလဲ ဦးထွန်းအေးလို စိတ်ကူးတွေက ရှိနေပါတယ်။ သားယောကျာ်းလေး မွေးသူတိုင်း တွေးတတ်တဲ့ သားကို ရှင်ပြုပေးရမယ်ဆိုတဲ့ အသိပေါ့။
မိသင်းကတော့ ကလေးမမွေးခင်တုန်းက ဗိုက်ကို အကြောင်းပြလို့ အလုပ်မလုပ်။ ကလေးမွေးပြီးတော့ ကလေးကို အကြောင်းပြနဲ့ တောအလုပ်မပြောနဲ့ အိမ်အလုပ်ကိုတောင် ကူညီဖော်မရဘူး။ ဒေါ်မယ်လှကတော့ မိန်းမချင်း ကိုယ်ချင်းစာပြီး ဘာမှမပြောပေမဲ့ သားဖြစ်သူ မောင်လှိုင်ကတော့ မနေနိုင်လို့ သူ့မိန်းမ မိသင်းကို ပြောရှာတယ်။“မိသင်း... နင် တော်တော်လည်း နေနိုင်ပါလားဟာ... ကလေးရှိတာလည်း ရှိတာပေါ့... အိမ်အလုပ်လေးဘာလေးလဲ နဲနဲပါးပါး ကူလုပ်အုံးလေ... အမေ့မှာ တောထဲကို နွားကျောင်းက လိုက်ရသေးတယ်။ ပြန်လာတော့လည်း အမောမပြေဘူး။ တစ်အိမ်လုံး စားဖို့ ချက်ပြုတ်ရသေးတယ်။ ထမင်းဟင်းလောက်တော့ နင်ချက်သင့်တာပေါ့ မိသင်းရာ”ဆိုပြီး မောင်လှိုင်ကပြောပြန်တော့“ကျုပ်လည်း ချက်ချင်တာပေါ့ ကိုမောင်လှိုင်ရယ် ကလေးက အောက်ချလို့ မရဘူးတော့... အောက်ချတာနဲ့ ငိုတော့တာပဲ” စတဲ့ မိန်းမဖြစ်သူက သားကို အကြောင်းပြပြီး ပြောပြန်တော့လည်း မောင်လှိုင်တစ်ယောက် စိတ်ပြေသွားရပြန်တယ်။
အဲ့ဒီလိုနဲ့ နေ့လရက်တွေ ကုန်လွန်ပြီး မောင်လှိုင်သားလေးလည်း ကြီးပြင်းလာခဲ့သလို...မောင်လှိုင်တို့ အိမ်ရဲ့အခြေအနေကလည်း သိသိသာသာ ပြောင်းလည်းလာပါတယ်။ အရင်က အိမ်ရဲ့ငွေကိုင် မောင်လှိုင်တစ်ယောက် မိန်းမဆီက ပြန်တောင်းပြီး သုံးရတဲ့ဘ၀ကို ရောက်လာတယ်။ အဆိုးဆုံးက မိန်းမလုပ်သူ ပြောသမျှကို မောင်လှိုင်တစ်ယောက် နားယောင်တတ်လာတာပဲ။ ဒေါ်မယ်လှက သားကြီးကိုမောင်ဝင်းအိမ်ကို သွားလာဝင်ထွက် မြေးတွေစားဖို့ စားစရာ သောက်စရာလေးတွေ ယူသွားပေး။ ဒါတွေကို မိသင်း မြင်တော့ ယောကျာ်းဖြစ်သူကို ပြန်ပြီး ပြောပြတယ်။ ဒေါ်မယ်လှ ဘက်ကကြည့်ပြန်တော့ ကိုမောင်ဝင်းလည်း သူ့သားပေပဲမဟုတ်လား။ မောင်လှိုင်ကို တော်သလို ကိုမောင်ဝင်းကိုလည်း တော်တာပဲလေ။ မိဘမေတ္တာဆိုတော့ သားသမီးကို ကျွေးချင်ပေးချင် ရှာမပေါ့။ အဲ့ဒါကို နားမလည် နိုင်သူက မိဘတစ်ယောက် နေရာကို ရောက်နေပြီ ဖြစ်တဲ့ မိသင်းရယ်ပါ။ အိမ်က ရှိတဲ့ ပစ္စည်းတွေကို လောဘတက်ပြီး နှမြောတွန့်တို နေပါတယ်။
ယောကျာ်းဖြစ်သူနဲ့ လည်း မကြာမကြာ ရန်ဖြစ်တယ်။ အဆိုးဆုံးကတော့ သူတို့ရန်ဖြစ်ရင် ယောက္ခမလုပ်သူ ဒေါ်မယ်လှကိုပါ ဆွဲဆွဲထည့်တတ်တယ်။ ကိုမောင်ဝင်းကို သူတို့မသိအောင် ဘာတွေတော့ ခိုးပေးတယ်၊ ယူပေးတယ် စသဖြင့်ပေါ့။ လုပ်ရတော့ အိမ်ပေါ်ကလူတွေ၊ ဆင်းရဲတော့ သူတို့သာ ဆင်းရဲတယ်။ စားရတော့ တစ်ယောက် စသဖြင့် ယောကျာ်းဖြစ်သူနဲ့ မိဘတွေကြားကို စိတ်ဝမ်းကွဲစေမဲ့ စကားတွေနဲ့ ရန်ဖြစ်ရာမှာ ထည့်ပြောပါတယ်။ မောင်လှိုင်ကလည်း မိန်းမဖြစ်သူစကားကို တစ်ခါမက ကြားရဖန်များလာတော့ မိခင်ဖြစ်သူ ဒေါ်မယ်လှ အပေါ်မှာပါ မယုံသင်္ကာစိတ်တွေ ဖြစ်လာပါတယ်။ အဲ့ဒီနောက်တော့ မိန်းမပြောသမျှကိုသာ အမှန်တွေပဲလို့ တွက်ပြီး မိဘနှစ်ပါးကို အကောင်းရယ်လို့ သူ မမြင်နိုင်တော့ပါဘူး။ “မဘက်လိုက်တော့ မိုက်ဘက်ပါ” ဆိုတဲ့ စကားက မောင်လှိုင်အတွက် အသက်ဝင်စ ပြုလာပြီ။ မိခင်ဖြစ်သူကို စကားပင်ကောင်းကောင်း မပြော။ ဦးထွန်းအေးကတော့ အရင်ကတည်းက ခပ်အေးအေးနေသူမို့ တော်ယုံကိစ္စ ၀င်ပါတယ်မရှိ။ ဒေါ်မယ်လှကတော့ မိခင်လည်းဖြစ်ပြန် မိန်းမသားလည်းဖြစ်တော့ ကောင်းရာကောင်းကြောင်း ၀င်ပြောရှာတယ်။ အရင်က သူပြောသမျှနားထောင်ခဲ့တဲ့ သားဖြစ်သူ မောင်လှိုင်ကတော့ မိန်းမရဲ့ သွေးခွဲမှု့တွေအောက်မှာ နားယောင်ပြီး မိခင်ကို ရန်သူအဖြစ် သတ်မှတ်နေလေတယ်။
ဘယ်လောက်အထိ ဆိုးသလဲဆိုရင် အရင်က အိမ်မကြီးပေါ်မှာ နေခဲ့တဲ့ ဦးထွန်းအေးနဲ့ ဒေါ်မယ်လှတို့ လင်မယားနှစ်ယောက်ဟာ အိမ်အောက်က ထမင်းချက်တဲ့ အိမ်လေးပေါ်ကို ဆင်းပေးရပါတယ်။ ထမင်းအိုးလည်း တစ်လုံးစီ ခွဲချက်တဲ့ အဆင့်ကိုရောက်သွားရတယ်။ အိမ်ကလယ်ယာလုပ်ငန်း တွေကိုတော့ မောင်လှိုင်တို့ လင်မယားက ဦးစီးပြီးလုပ်ကိုင်တယ်။ ရလာတဲ့အထဲကမှ မိဘနှစ်ပါး စားဖို့အတွက်ပေးပါတယ်။ အရင်က ကိုယ့်အိုးကိုယ့်အိမ်ပေါ်မှာ ဆန်၊ဆီ၊ဆားကို ကြိုက်သလို သုံးလို့ရခဲ့တဲ့ ဒေါ်မယ်လှ တစ်ယောက် သားဖြစ်သူ ချွေးမ အရှာကောင်းလို့ အခုတော့ ချွေးမဆီကို လက်ဖြန့်တောင်း ရတဲ့ ဘ၀ကိုရောက်သွားရရှာတယ်။ မိသင်းတို့ကတော့ သူ့အကြံတွေ အောင်မြင်လို့ ၀မ်းသာကြည်နူးနေပါတယ်။တစ်အိမ်လုံး လည်း မိသင်းရဲ့စီမံမှုကိုသာ နာခံနေရတယ်။ မိဘတွေ ဒီလိုဖြစ်တာကို သားအကြီးကိုမောင်ဝင်းနဲ့ သမီးအလတ် မရွှေဋ္ဌေးတို့က လာပြောတော့လည်း သူ့တို့ဘာသာ ဒီလိုနေချင်တယ် ပြောလို့ပါဆိုပြီး မိသင်းက အရင်ပြောတယ်။ မောင်လှိုင်ကတော့ မိန်းမလုပ်သမျှ အကောင်းချည်းပဲ လို့ထင်နေသူဖြစ်နေပြီလေ။ဆိုးတယ်ကောင်းတယ် တစ်ခွန်းမျှဝင်မပြော။ နေချင်တယ်မပြောလို့လည်း ဖြစ်မလား။ ဒေါ်မယ်လှ လုပ်သမျှကို မသင်္ကာတဲ့ မျက်လုံးတွေနဲ့ စောင့်ကြည့်ပြီး ကိုယ့်အိမ်ဖြစ်ပါလျက် ကြောက်နေရတဲ့ ဘ၀ ဆိုတော့ ကိုယ်ချင်းစာကြည့်ရင် သိနိုင်ပါတယ်။ ဆီ ဆိုရင်လည်း တစ်လကို တစ်ပုလင်း အလောက်ဆိုရင် လောက်အောင်သုံးပဲ။ လမကုန်ခင် ဆီ ကုန်လို့ကတော့ နောက်ထပ်မရတော့ဘူး။ မိသင်းတို့က ယောက္ခမကို အဲ့ဒီလောက်အထိ သြဇာလွှမ်းမိုးထားနိုင်ပါတယ်။
တစ်နေ့ ဒေါ်မယ်လှလည်း ဆီကုန်လို့ မိသင်းမရှိတုန်း အိမ်ပေါ် ဆီတက်ထည့်တာ မိသင်း ပြန်လာတော့ ဆီအိုးထဲက ဆီတွေလျော့နေတာ တွေ့လို့ ယောက္ခမကို သူခိုးပါဆိုပြီး တ၀ိုင်းလုံးကြားအောင် အော်ကြီး ဟစ်ကျယ်နဲ့ ပြောပါတယ်။ ဒေါ်မယ်လှ တစ်ယောက်လည်း သူ့လယ်သူ့ယာမှာ စိုက်ပျိုးလို့ရတဲ့ သီးနှံကို သုံးစွဲတာတောင် သူခိုးလို့ လူကြားအောင် အော်ပြီး အစွပ်စွဲခံရတော့ ရှက်စိတ်နဲ့ မျက်ရည်များပင် ကျရှာတယ်။ မောင်လှိုင် ပြောတာကလည်း ကြည့်ပါအုံး "အမေတို့က ပေးထားတာကို လောက်အောင်သုံးလေဗျာတဲ့" သူ့နေရာမှာ ဒေါ်မယ်လှသာဆိုရင် အငတ်ခံပြီးတော့ သူစားမည့် အစာကို သားအတွက် ပေးမှာပါ။ မောင်လှိုင်ကတော့ အဲ့ဒီလို မဟုတ်။
မိသင်းမိဘတွေကလည်း သူတို့သမီးအကြောင်းတွေကို ကြားနေ မြင်နေပေမဲ့ ဘယ်လိုမှ ပြောလို့မရခဲ့ဘူး။ မိသင်းကတော့ သူ့လုပ်ရပ်တွေကို အဟုတ်ထင်ပြီး ပိုလို့သာဆိုးလာပါတယ်။ ယောကျာ်းလုပ်သူ မောင်လှိုင်ကလည်း မိန်းမသဘောကျ စေလိုရာစေ ဖြစ်နေရှာပြီမဟုတ်လား။ အရင်က မိဘမှ မိဘဆိုတဲ့ ကိုမောင်လှိုင် အခုတော့ မိန်းမမှ မိန်းမ ဆိုပြီး ဖြစ်နေပြီ။ ဦးထွန်းအေးနဲ့ ဒေါ်မယ်လှတို့ လင်မယားလည်း သားသမီးတွေ လူလားမြောက်လို့ အိမ်ထောင်ကျမှ လယ်မြေဧက များစွာပိုင်ပါလျက် စားချင်တိုင်း မစားရ ၀တ်ချင်တိုင်း မ၀တ်ရတဲ့ ဘ၀ကို ရောက်ရရှာတယ်။ သမီးအလတ် မရွှေဋ္ဌေးကလည်း ယောကျာ်းရ ကံမကောင်းဘူး ပြောရမယ်။ ယောကျာ်းက နေထွက်ကနေ၀င် မူးနေတဲ့သူ။ မွေးထားတဲ့ သားလေးနဲ့ သမီးကို ကိုယ်တိုင်ရှာဖွေကျွေးမွေးနေရတော့ မိဘတွေ အကြောင်းကို သိနေပါလျက် ဘာမှ မလုပ်ပေးနိုင်ခဲ့။ ကိုမောင်ဝင်းကတော့ သူ့လယ်သူ့ယာလေးတွေနဲ့ အဆင်ပြေပါတယ်။ မိဘနှစ်ပါးကိုလည်း သူတို့နဲ့ လာနေဖို့ ခေါ်တယ်။ အဲ့ဒီတော့ မိသင်းက ဘာပြောတယ်မှတ်သလဲ။ အဲ့ဒီလို လိုက်နေတော့ ပတ်ဝန်းကျင်က သူတို့ကို ဘယ်လိုမြင်မလဲတဲ့လေ။ သူတော်ကောင်းတွေ ဆိုတော့ လူကဲ့ရဲ့မှာလည်း စိုးရိမ်ပုံ ရပါတယ်။ ဦးထွန်းအေးနဲ့ ဒေါ်မယ်လှတို့ လင်မယားလဲ အိမ်နိမ့်စံ ဘ၀နဲ့ သားနဲ့ချွေးမက ချကျွေးမှ စားရတဲ့ ဘ၀ကို ရောက်နေရရှာတယ်။
မိုးရာသီရဲ့ စပါးတွေသိမ်းပြီးတဲ့ တစ်နေ့မှာ တလင်းထဲကနေ စပါးတွေ အိမ်ကိုလှည်းနဲ့ တိုက်ပြီးသယ်ကြတယ်။ ဒီတစ်ခါတော့ မိသင်းက ဒေါ်မယ်လှကို တလင်းထဲ ခေါ်ပြီး စပါးပုံကြီးကို ပြပါတယ်။ ပြီးတော့ ဝေစုခွဲပေးမယ့် အစီအစဉ်ကို လည်း ယောက္ခမကို ပြောပြတယ်။ မိသင်းလူလည် ကျပုံက အားလုံးရတဲ့ စပါးတွေကို သုံးပုံ ပုံမယ်တဲ့။ အဲ့ဒီအထဲက တစ်ပုံကို နောက်နှစ်စာ မျိုးအတွက်ထားမယ်။ တစ်ပုံကို လူငှားခ ပေးဖို့ထားမယ်။ ကျန်တဲ့ တစ်ပုံထဲကမှ ဒေါ်မယ်လှတို့ လင်မယားနဲ့ မိသင်းတို့အတွက် တ၀က်စီခွဲယူကြတယ်။ ဟိုနှစ်ပုံကလည်း နာမည်တော့ တတ်ထားတာပေါ့ ဒါပေမဲ့ စပါးထည့်တော့ မိသင်းတို့ ဝေစုထဲကိုပဲ ရောက်သွားပါတယ်။ ဒေါ်မယ်လှတစ်ယောက်တော့ ချွေးမ အလိမ္မာကြီး ခွဲပေးသလောက်ကိုပဲ ယူရတာပေါ့။ မယူဘူး ငြင်းပြန်ရင်လည်း ငတ်မယ့်အခြေအနေ ဖြစ်သွားမှာလေ။ အဲ့ဒီအချိန်မှာ အမြဲတမ်း အေးအေးပဲ နေလာတဲ့ ဦးထွန်းအေး တစ်ယောက် ချွေးမဖြစ်သူရဲ့ လုပ်ရပ်တွေကို မခံနိုင်တဲ့ အဆုံး မောင်လှိုင်နဲ့ မိသင်းကို အိမ်ပေါ်က ဆင်းခိုင်းတယ်။ အဲ့ဒီနေ့ကတော့ ထနောင်းကုန်းရွာထဲမှာ အဆူညံဆုံးနဲ့ အချိန်အကြာဆုံး ရန်ပွဲဖြစ်ခဲ့တာပေါ့။ ပုထုစဉ်လူသားတွေပီပီ သည်းခံလို့မနိုင်တဲ့ အဆုံး ဒေါသဖြစ်တာပေါ့။
စပါးတွေကို တလင်းကနေ အိမ်ကို လှည်းနဲ့ တိုက်ပြီးသယ်ယူရင်း မိသင်းတစ်ယောက်ကတော့ ယောက္ခမအတွက် ပေးထားတဲ့ စပါးပုံကစပါးတွေကို သူ့ဘက်ထဲ ကျုံးထည့်။ ဒေါ်မယ်လှ တစ်ယောက်ကတော့ အိမ်ပြန်ပြီး စပါးထည့်ဖို့ ပုတ်တွေ ပြင်လို့ပေါ့။ တလင်းထဲမှာ မိသင်း လုပ်နေတာတွေကိုတော့ မသိရှာဘူး။ ဦးထွန်းအေးကတော့ အိမ်ပေါ်က ဆင်းဖို့ သားဖြစ်သူ မောင်လှိုင်ကိုပြောတယ်။ မောင်လှိုင်က တလင်းထဲရောက်တော့ သူ့အဖေက အိမ်ပေါ်ကဆင်းခိုင်းတဲ့ အကြောင်း မိသင်းကို ပြန်ပြောပြတယ်။ မောင်လှိုင့်စကားကို ကြားတော့ မိသင်းတစ်ယောက် ဒေါသူပုန်ထပြီး ထမီ တိုတိုဝတ်လို့ အိမ်ကို အပြေးရောက်လာတယ်။ ယောက္ခမဖြစ်သူ ဦးထွန်းအေးကို မဖွယ်မရာ စကားလုံးတွေနဲ့ ရိုင်းစိုင်းစွာ ရန်တွေ့တယ်။ ဆင်းရမယ်ဆိုရင်လည်း အိမ်ဝိုင်းကို တ၀က်စီခွဲပေးဖို့၊ အိမ်တွင်းပစ္စည်းတွေကိုလည်း ခွဲယူမယ် ရွှေငွေရတနာမှ အစ နွားမအုပ်အဆုံး ပိုင်ဆိုင်သမျှကို တ၀က်စီ ခွဲပေးမယ်ဆိုရင်တော့ ဆင်းပေးပါမယ်တဲ့။ မသေခင်က အမွေခွဲတဲ့ သဘောပေါ့လေ။ ဦးထွန်းအေးကလည်း သူတို့ လင်မယား မသေသေး သရွေ့ ဘာကိုမှ မိသင်းကို မပေးနိုင်ကြောင်း ပြန်ပြောတယ်။
မိန်းမဖြစ်သူ မိသင်းနဲ့ အဖေဖြစ်သူတို့ ရန်ဖြစ်နေတာကို အကောင်းအဆိုး အကြောင်းအကျိုး မဝေဖန်ဘဲ မိန်းမဘက်က ဆပ်ဆပ်ထိမခံ ဖြစ်နေသူက မောင်လှိုင်တစ်ယောက်။ မိန်းမကိုထိတော့ ဖခင်ကို ဖခင်မှန်း မသိတော့ “မယားထိ ဓားကြည့်ဆိုသလို”ကိုယ်ထိလက်ရောက် မဟုတ်ပေမဲ့ ရင့်သီးတဲ့ စကားတွေနဲ့ မောင်လှိုင်တစ်ယောက် ဖခင်ကို ပြစ်မှားနေပါတယ်။“ ကျုပ်က အဇာတသတ်လို ခြေဖ၀ါးကို ဓားနဲ့ခွဲ ဆားပက်ပြီး မီးကင်နေမယ့် လူစားမျိုး မဟုတ်ဘူးတဲ့၊ တစ်ခါတည်းကို သေအောင်သတ်မယ်” ဆိုတဲ့ စကားလုံးတွေနဲ့ စိတ်ထင်တိုင်း ပြောဆိုနေပါတယ်။ သားဖြစ်သူပြောတဲ့ စကားလုံးတွေကို ဖခင်ဖြစ်သူ ဦးထွန်းအေး ကြားတော့ “မင်းက မိန်းမတစ်ယောက် အတွက်နဲ့ မိဘကိုတောင် သတ်မယ်ဆိုတဲ့ စကားတွေ ပြောရဲနေပြီပေါ့” ဆိုပြီး သားဖြစ်သူကို ပြန်မေးပါတယ်။ “အေးပေါ့ကွာ မင်းကမှ သတ်ရဲတယ် ဆိုရင် အဖေကလည်း သေရဲရမှာပေါ့တဲ့” ဦးထွန်းအေး တစ်ယောက် သားဖြစ်သူရဲ့ မိုက်မဲမှု့တွေအတွက် စိတ်ထဲမှာ ခံစားရလွန်းပြီး မျက်ရည်များပင် ကျလာတယ်။ အဲ့ဒီအချိန်မှာ မောင်လှိုင်က တလင်းကို စပါးတိုက်သွားဖို့ လှည်းပေါ်ကို ရောက်နေတယ်။စိတ်ထဲကလည်း သွေးဆူနေတုန်းပေါ့။ ဦးထွန်းအေး တစ်ယောက် လှည်းရှေ့မှာ ရပ်လို့ “လူလေး မင်းအဖေ့ကို သတ်မယ်ဆို သတ်သွားလေကွာ” ဆိုပြီး လှည်းရှေ့မှာ ရပ်နေပါတယ်။ မောင်လှိုင်လည်း ဖခင်ဖြစ်သူ မျက်ရည်ကျပြီး လှည်းရှေ့မှာ ရပ်နေတာကို မြင်တော့မှ သူပြောမိတာတွေကို ပြန်စဉ်းစားပြီး “ငါ မှားများမှားသွားပြီလား”ဆိုတဲ့ အသိလေး တစ်ချက်ဝင်လာခဲ့ပါတယ်။ ပြီးမှ လှည်းပေါ်က ဆင်းလို့ ဖခင်ဖြစ်သူကို ရှိခိုးပြီး တောင်းပန်ရှာတယ်။ “အဖေ သားကို ခွင့်လွတ်ပါဗျာတဲ့” သူဘယ်လိုပဲ အသိဝင်လာခဲ့ ပေမဲ့ မောင်လှိုင်အတွက်က နောက်ကျသွားခဲ့ပါပြီ။ မိဘကို သတ်မယ်ဆိုပြီး နှုတ်နဲ့ ပြစ်မှားထားပြီးပြီ မဟုတ်ပါလား။ သူ့လုပ်ရပ်တွေ အတွက် သူပြန်ပြီး ပေးဆပ်ရမယ်ဆိုတာကို တော့ သူကိုယ်တိုင် တွေးမိပုံမပေါ်ဘူး။
အဲ့ဒီအဖြစ်တွေ ဖြစ်ပြီး မကြာခင်မှာ မိသင်းတစ်ယောက် ဒုတိယ သားလေးကို မွေးဖွားခဲ့တယ်။ နေတာကတော့ အရင်အတိုင်း မောင်လှိုင်အိမ်မှာပါပဲ။ ဦးထွန်းအေးနဲ့ ဒေါ်မယ်လှတို့လည်း အရင်အတိုင်းပဲ ဆက်နေကြတယ်။ ဒါပေမဲ့ အခေါ်အပြောတော့ အရင်ကလို မဟုတ်တော့။ မောင်လှိုင်တစ်ယောက်ကတော့ သားလေးတစ်ယောက် ထပ်မွေးလို့ ပျော်နေပေမယ့် မိဘဖြစ်သူတွေနဲ့ စကားမပြောရတာကို တော့ စိတ်ထဲမှာ ၀မ်းနည်းနေမိတယ်။ သူ့အကြောင်းတွေကိုလည်း ပြန်လည်မြင်ယောင်ရင်း မိန်းမစကားကို နားယောင်မိပြီး မိဘတွေ အပေါ်မှာ ပြစ်မှားခဲ့တာတွေကိုလည်း စိတ်ထဲမှာ တွေးမိနေတယ်။စိတ်ထဲမှာလည်း အတွေးတွေက ပြည့်နေတယ်။ သူကိုယ်တိုင် မိဘနေရာကို ရောက်လာတော့ မှ မိဘမေတ္တာကို နားလည်မိလာတယ်။
တစ်နေ့ မောင်လှိုင်တစ်ယောက် တောထဲက အပြန် အိမ်ရောက်တော့ အပြင်းဖျားပါတော့တယ်။ မိသင်းလည်း ရိုးရိုးဖျားတယ်ထင်ပြီး ဆေးမြီးတိုလေးတွေ တိုက်တယ်။ မောင်လှိုင်က အပူမကျ။ နောက်တော့ တောင်ဘက်ရွာက ဆရာခေါ်ပြီး ဆေထိုးဆေးသောက် လုပ်ပါတယ်။ အဲ့ဒီဆရာ ကတော့ ငှက်ဖျားရောဂါဆိုပြီး ငှက်ဖျားဆေးတွေ ထိုးပေးတယ်။ မောင်လှိုင်ရောဂါကတော့ သိသိသာသာ မပျောက်ကင်းပါဘူး။ သားဖြစ်သူ နေမကောင်း ဖြစ်တယ်ကြားပြန်တော့ မိဘတွေ ဖြစ်တဲ့ ဦးထွန်းအေးနဲ့ဒေါ်မယ်လှ တို့လည်း ဘယ်လိုမှမနေနိုင်တော့။ သားသမီးတွေ ဘယ်လောက်ပဲ ဆိုးဆိုး မိုက်မိုက် မိဘတွေကတော့ အမြဲတမ်းခွင့်လွတ်တတ်ကြပါတယ်။ အခုလည်း ဒေါ်မယ်လှ တစ်ယောက် သူ့သားမောင်လှိုင်အတွက် ရတက်မအေး ဖြစ်ရပြန်ပြီ။ ကောင်းနိုးရာရာ ဆေးတွေတိုက် သော်လည်း ရောဂါက ထူးခြားမလာ။ အဖျားက ပြတ်တယ်လို့မရှိ။ ညညဆို မောင်လှိုင်တစ်ယောက် အိပ်မက်ဆိုးတွေ မက်မက်ပြီး အော်တာက အိမ်နီးနားချင်းတွေပါ ကြားရတယ်။ ကယ်ပါယူပါ တစာစာနဲ့ ကြားရသူတွေပင် စိတ်မကောင်းဖြစ်မိပါတယ်။ အကိုဖြစ်သူ ကိုမောင်ဝင်းနဲ့ အစ်မ မရွှေဋ္ဌေးတို့လည်း မောင်လှိုင်ဆီကို သတင်းမေး လာကြတယ်။ မောင်လှိုင်ကတော့ အမေနဲ့ အကို အစ်မတွေ သူ့ဆီကို လာတော့ ၀မ်းသာဝမ်းနည်း ငိုရှာတယ်။ သူ့လုပ်ခဲ့တဲ့ အပြစ်တွေအတွက်လည်း သူ့ကို ခွင့်လွတ်ကြဖို့ မျက်ရည်ကြားက တောင်းပန်ရှာတယ်။
နောက်ဆုံး ရောဂါက ဘယ်လိုမှ မသက်သာတော့ ဦးထွန်းအေးတစ်ယောက် ရွာကလူတွေနဲ့ တိုင်ပင်ပြီး မောင်လှိုင်ကို မြို့ဆေးရုံပို့ဖို့ စီစဉ်ကြတယ်။ ဦးထွန်းအေး မောင်လှိုင်နားသွားတော့ မောင်လှိုင်တစ်ယောက် မျက်ရည်တွေကျပြီး လက်အုပ်လေးချီလို့ သူ့ကိုခွင့်လွတ်ဖို့ တောင်းပန်ရှာတယ်။ နောက်ပြီးတော့ သူ့သားလေးနှစ်ယောက်ကိုလည်း ရှင်ပြုပေးဖို့ ဖခင်ဖြစ်သူကို အတန်တန် မှာတယ်။ သူကိုယ့်သူတော့ သိနေပုံရပါတယ်။ အဲ့ဒီလိုနဲ့ ဦးထွန်းအေး စီစဉ်ထားတဲ့ အတိုင်း မောင်လှိုင်ကို မြို့ဆေးရုံပို့ကြတယ်။ သူ့ရဲ့ရောဂါအခြေအနေကြောင့်လား၊ ကံကုန်တယ်ပဲ ပြောရမလား၊ မိဘကို ပြစ်မှားခဲ့တဲ့ ၀စီကံကပဲ သူ့ကိုပြန်ပြီး အပြစ်ပေးလေ သလားမပြောတတ် ကိုမောင်လှိုင်တစ်ယောက် မြို့ဆေးရုံးကို ရောက်ပြီး နောက်နေ့မှာ ဆေးရုံးပေါ်မှာပဲ ဆုံးသွားရှာတယ်။ သူသိပ်ဖြစ်ချင်တဲ့ သားလေးတွေကို ရှင်ပြုပေးမယ်ဆိုတဲ့ ဆန္ဒတွေကိုလည်း အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ နောက်တခုက သူသိပ်ချစ်တဲ့ မိသင်းကို မိဘတွေနဲ့အတူ ထားရစ်ခဲ့တယ်။ မိသင်းတစ်ယောက် သားလေး နှစ်ယောက်ရယ် ယောက္ခမနှစ်ယောက်ရယ် ကို ဘယ်လိုလက်တွဲပြီးနေသွားမလဲ ဆိုတာကတော့ မပြောတတ်ပါဘူး။ အရင်ကဖြစ်ခဲ့သမျှတွေကို သင်ခန်းစာယူပြီး သူ့ကိုယ်သူပြင်မယ်ဆိုရင်တော့ ဦးထွန်းအေးနဲ့ ဒေါ်မယ်လှတို့အတွက် ချွေးမကောင်း တစ်ယောက်ဖြစ်လာမှာပေါ့။ သင်ခန်းစာ မယူပဲ ထပ်ပြီး မိုက်နေမယ်ဆိုရင်တော့ ချွေးမကောင်း မဖြစ်တဲ့ အပြင် သူ့သားလေးတွေ ဘ၀အတွက်ပါ အမည်းစက်ဖြစ်သွားပါလိမ့်မည်။
ကိုမောင်လှိုင်ဆုံးပြီး နောက်နှစ်မှာ ထနောင်းကုန်းရွာရဲ့ တခုသော ညနေစောင်းမှာ ရွာတောင်ပိုင်းမှ စည်ဗြောသံက ကြေကွဲလွမ်းမောဖွယ်ရာ ပေါ်ထွက်လာပါတယ်။ အဲ့ဒီ စည်ဗြောသံက သေဆုံးသွားရှာတဲ့ ကိုမောင်လှိုင်နဲ့ ကျန်ရစ်သူ မမိသင်းတို့ရဲ့ သားလှရတနာလေးနှစ်ယောက်ကို သာသနာ့ဘောင် သွတ်သွင်း ချီးမြှင့်တဲ့ သားရှင်ပြု အလှူတော်မင်္ဂလာပွဲမှ မောင်ရင်လောင်းဆံချ ချိန်မှာ ထွက်ပေါ်လာတဲ့ စည်ဗြောသံပဲဖြစ်ပါတယ်။ မိသင်းတစ်ယောက် သားလေးတွေရဲ့ ခေါင်းက ကျလာတဲ့ ဆံပင်တွေကို တဘက်နဲ့ခံရင်း မျက်ရည်တွေ စီးကျနေပါတယ်။ ကိုမောင်လှိုင်ကို သတိရလို့ပဲလား၊ သူမိုက်ခဲ့တာတွေကို နောင်တရမိလိုလား ဆိုတာကတော့ မိသင်းကိုယ်တိုင်မှ လွဲပြီး မည်သူမျှမသိနိုင်ပါဘူး။ သေဆုံးသွားသူ ကိုမောင်လှိုင်ကတော့ သားတွေရဲ့ ရှင်ပြုပွဲက တီးလိုက်တဲ့ စည်ဗြောသံကို ပြုံးပြီးနားထောင်နေသလား၊ သားကိုရင်လေး နှစ်ပါးကို သူ့မိုက်ပြစ်တွေအတွက် မမြင်ကွယ်ရာကနေ လက်အုပ်ချီလို့ ၀န်ချတောင်းပန်နေလေမလား ဆိုတာကိုတော့ ဘယ်သူက သိနိုင်ပါမည်လဲ…..
ဒီပို့စ်လေးကို ဖတ်ပြီးတော့ ကျွန်တော့် ညီအစ်ကိုတွေလည်း အမေ့အတွက် ချွေးမ အလိမ္မာလေးတွေ ရှာပေးနိုင်ပါစေ။ ကျွန်တော့် ညီမအစ်မများလည်း မမိသင်းကို သင်ခန်းစာယူလို့ သူနဲ့ ပြောင်းပြန် ယောက္ခမ တိုင်းအတွက် ချွေးမကောင်း၊ ချွေးမလိမ္မာလေးတွေ ဖြစ်အောင် ကြိုးစားပြီး မောင်တစ်ထမ်း မယ်တစ်ရွက်နဲ့ အိမ်ထောင်ရေးခရီးလမ်းကို သာယာပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။
လောကမှာ ချွေးမကောင်းတွေလည်း အများကြီးရှိပါတယ်။ ဒီပို့စ်လေးကိုရေးတာက ကိုမောင်လှိုင် မိန်းမ မမိသင်းရဲ့ စရိုက်လေးကို သင်ခန်းစာယူဖို့၊ ဗဟုသုတ ပွားစေဖို့အတွက် ရွာမှာဖြစ်ခဲ့တဲ့ အဖြစ်မှန်လေး အပေါ်မှာ အခြေခံပြီး ရေးသားခြင်းဖြစ်ပါတယ်။ လိုအပ်မှု့လေးတွေ အယူအဆလွဲမှားတာလေးတွေ ရှိခဲ့ရင် ရွှေညာသားလေး ရဲ့ အားနည်းမှု့သာဖြစ်ပါတယ်။ ယောက္ခမကို မိဘလို ချစ်တဲ့ ချွေးမကောင်း တစ်ယောက်အကြောင်းကို အဆင်သင့်ရင် ရေးပေးပါအုံးမယ်။
အားလုံးရဲ့ ထင်မြင်ချက်လေးများဟာ ကျွန်တော်ရှေ့ဆက်ဖို့အတွက် အားအင်တွေပါပဲ။ ကောင်းတာဆိုးတာ ပိုတာလိုတာလေးတွေကို ရင်ထဲက လာတဲ့အတိုင်း အကြံပြုပေးခဲ့ပါ။
အားလုံးကျန်းမာချမ်းသာကြပါစေ……
4 comments:
မှတ်သားစရာ လောကအကြောင်းလေးတွေ သိရှိရလို့ ကျေးဇူးပါအကိုရေ..
ကောင်းဒသောနေ့လေးဖြစ်ပါစေ။
သားကိုချစ်လို့ ချွေးမကိုအပြစ်မမြင်အိမ်နိမ့်စံနေရတာကိုတောင်ဒေါသအလျဉ်းမရှိလှတဲ့ဒေါ်မယ်လှသရုပ်မှာပီပြင်သလို မယားကိုချစ်လွန်းပိုအဖေကိုတောင်ဓါးကြိမ်းကြိမ်း ၀စီကံအမှားတွေရင်မှာပိုက်နောက်ဆုံးထွက်သက်ထိနောင်တတစ်လုံးတစ်ထွေးနဲ့ကိုမောင်လှိုင် လောဘကိုရင်မှာပိုက် အမျိုးအမျိုးသော မရိုးနိုင်စကားတွေနဲ့ လင်ယောကျာင်္းကိုကြိုးကိုင်ပြီး မိုက်လုံးကြိးခဲ့တဲ့မိသင်း သူမှာကျန်ရစ်တဲ့သားနှစ်ယောက်အတွက် ဘ၀ခရီးကိုဘယ်လိုဆက်လေမလဲဆိုတာကို..........။ အရမ်းဖတ်လို့ ကောင်းတယ် ကိုမျိုးခန့်ရေ အားပေးနေပါတယ်
ကိုအောင်အောင်သူလင်း 2010 အကယ်ဒမီ ဆုပေးပွဲကြရင်
အနောင်ဇာ လုပ်ခိုင်းမယ်နော်...။ အခုထဲက ကြိုပြောထား
တာ...။:PP
ကောင်းတယ် မျိုးခန့်ရေ... အားပေးနေတယ်...
ရာဇာ(ကျေးတောသားလေး)
ဘုန်းဘုန်းတို့ငှားနေတဲ့တိုက်အိမ်ရဲ့ ညာဘက်ခြမ်းက ချွေးမတစ်ယောက်လည်း မိသင်းလိုပါပဲ။ မိသင်းထက်တောင် ဆိုးသေးတယ်။ ယောက္ခမမိန်းမကို အိမ်ပေါ်က တွန်းချပစ်လို့ ပေါင် ကိုးချက်တောင် ချုပ်လိုက်ရတယ်တဲ့။ ကျန်တာတော့ ပြောမနေနဲ့။ ချွေးမကောင်းတွေလည်း အများကြီးပါပဲ။ လောကမှာ အမျိုးမျိုးပေါ့နော်။ ယောက္ခမကို မိဘလိုချစ်တဲ့ ချွေးမကောင်းတစ်ယောက်အကြောင်း စောင့်မျှော်နေမယ်နော်။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...
Post a Comment