မိလုံးတို့အဖွဲ့လည်း လယ်ထဲကို ပြန်ဆင်းခဲ့ကြသည်။ လယ်ထဲရောက်တော့ ပန်းမှုံက ဘယ်သူ့မှစကားမပြောဘဲ ကောက်ပင်တွေကိုသာ စိုက်နေလေသည်။
"ဟဲ့ ပန်းမှုံ ညည်းကလည်းအေ ငါတို့က ပျော်ချင်လို့ စတာပါဟဲ့။ နောက်ဆို ညည်းမကြိုက်ရင် မစတော့ပါဘူးအေ ငါတို့ကို စကားလေးဘာလေး ပြန်ပြောပါအုံးဟဲ့။" စိတ်ဆိုးသွားသော ပန်းမှုံကို မိလုံးက ကောက်ပင်တွေ စိုက်ရင်းက ပြန်ချော့နေသည်။
"မိလုံးမ အခုမှ လာချော့မနေနဲ့ စတုန်းကစပြီးတော့ တကယ်ပဲ ဧည့်သည်ရှေ့မှာမှ လာစတယ်"
"ငါတို့က ပျော်လို့ပါဟယ် ညည်းကလည်း တကယ်ဖြစ်သွားတော့လည်း ကောင်းတာပေါ့ဟယ် ညည်းရုပ်ရည်နဲ့ မြို့သားတစ်ယောက်တော့ ခေါင်းခေါက်ယူလို့ရပါတယ်အေ့" မိလုံးက ပြန်ချော့ရင်းကပင် စဖြစ်အောင် စလိုက်သေးသည်။
"မိလုံးမ နော် စလာပြန်ပြီ ဒီတစ်ခါဆို ငါနင့်ကို တစ်သက်လုံး မခေါ်တော့ဘူး မှတ်ထား"
"အဲ့လိုတော့ မလုပ်လိုက်ပါနဲ့ ပန်းမှုံရယ် ဒီရွာထဲ ပြေးကြည့်မှ ခင်စရာဆိုလို့ ဒီလူတွေပဲ ရှိတာ ညည်းမကြိုက်ရင် ငါတကယ်မစတော့ပါဘူးအေ နော်" ပန်းမှုံက တစ်သက်လုံး မခေါ်တော့ဘူး ကြိမ်းလိုက်တော့မှ မိလုံးတစ်ယောက် လက်လျှော့သွားတော့သည်။
"ဒါဆိုလည်း ပြီးတာပဲ နင့်စကား သေချာမှတ်ထားနော်"
"အေးပါဟယ် မှတ်ထားပါ့မယ် စိတ်ချ ဟုတ်ပြီလား"
"ကဲကဲ ပန်းမှုံနဲ့မိလုံးတို့ တော်ကြတော့ လယ်က သိပ်လည်းမကျန်တော့ဘူးအေ နောက်တစ်ငန်းပေါက်ရင် ပြီးပါပြီ ငါတို့ အားစိုက်ပြီး စိုက်လိုက်ကြအုံးစို့ နေလည်းမြင့်ပြီ တော်ကြာ အရီးလေး ထမင်းပို့ရောက်လာတော့မယ်" အေးအေးဆေးဆေး နေတတ်သူ ဘုမက ဆော်အောပြီး စိုက်လက်စကောက်ငန်းကို အပြီး သတ်ပြီး နောက်ဆုံးတစ်ငန်းကို စစိုက်လိုက်ကြသည်။
#############
ပန်းမှုံလည်း ဧည့်သည်ရှေ့မှာမို့ ရှက်ရှက်နဲ့ မိလုံးကို စိတ်ဆိုးချင်ယောင်ဆောင်ပြီး ပြေးထွက်ခဲ့သော်လည်း စိတ်ထဲမှာတော့ မိလုံးစတာကိုပင် ကျေနပ်နေမိသည်။ အခါတိုင်း သူငယ်ချင်းတစ်တွေ စုဆုံမိကြပေမဲ့ အခုလို မစမနောက်ဘဲ အလုပ်ကိုသာအာရုံစိုက်ပြီး လုပ်ခဲ့ကြသည်။ စသည်ဆိုအုံးတော့ တစ်ရွာထဲသားချင်းတွေမို့ ဒီတစ်ခါလောက် မဖြစ်မိတာကိုတော့ သတိထားမိသည်။ လင်းထွန်းနဲ့စတော့မှ ဘာဖြစ်လို့ ရင်ခုန်မိတာပါလိမ့်။ သူကမြို့သားတစ်ယောက် ငါကကျေးတောသူ ကောက်စိုက်သမ ဘ၀ချင်းက ကွာခြားလှတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလေ။ အို သူက ဧည့်သည်တစ်ယောက်မို့ သူ့အပေါ် ငါသတိထားမိတာဖြစ်မှာပါ ဆိုပြီး စိတ်ထဲက တွေးမိသည်။
"ဟဲ့ ပန်းမှုံ မိန်းမ စကားလေး ဘာလေးပြောပါအုံးဟဲ့ ငါလည်း တောင်းပန်ပြီးပါပြီ ဘာလဲ ညည်းက မကျေနပ်သေးဘူးလား" စကားတစ်ခွန်းမှ မပြောဘဲ ကောက်ပင်တွေကို အချက်မှန်မှန် ထိုးစိုက်နေသော ပန်းမှုံကို မိလုံးက မေးလိုက်သည်။
"မဟုတ်ပါဘူးဟာ ငါ ကျေနပ်ပါတယ် မိလုံးကလည်း" တွေးနေတဲ့အတွေးတို့ကို ဖျောက်ပြီး မိလုံးအမေးကို ပန်းမှုံ ပြန်ဖြေလိုက်သည်။
"ဒါဆိုလည်း စကားပြောအုံးလေအေ ညည်းက တကတည်း တေမိမ လုပ်တော့မလို့လား မသိဘူး" မိလုံးက အေးစက်စက် ဖြစ်နေသော ပန်းမှုံကို ကြည့်ပြီး ပြောလိုက်သည်။
"မမိလုံး" ရုတ်တရက်ခေါ်သံကြောင့် မိလုံးအသံလာရာဆီသို့ လှည့်ကြည့်လိုက်သည်။ ပျိုးထမ်းနေသော လင်းထွန်းက လယ်ကန်သင်းပေါ်မှ ခေါ်လိုက်ခြင်းဖြစ်သည်။
"အော် လင်းထွန်း ပြောလေ ငါ့ကိုခေါ်တာ ဘာပြောမလို့လဲ"
"ဟုတ်ကဲ့ နောက်ထပ် ပျိုးဘယ် နှစ်လက်လောက် သယ်ပေးရအုံးမလဲ မေးချင်လို့ပါ" လင်းထွန်းက ပျိုးဆက်သယ်ဖို့ရန်အတွက် မိလုံးကို မေးလိုက်သည်။
"အင်း ဒီစိုက်လက်စ ငန်းပေါက်ရင် ပြီးပြီဆိုတော့ နောက်ထပ် ပျိုးနှစ်လက်လောက်ဆိုရင် ရပါပြီ နှစ်လက်လောက်ပဲ သယ်ခဲ့ပါ" မိလုံးက သူတို့စိုက်ရန် ကျန်သေးတဲ့ လယ်အကျယ်ကို ကြည့်ပြီး လင်းထွန်းကို ပျိုးသယ်ဖို့ပြောလိုက်သည်။
"ဟုတ်ကဲ့ ဒါဆို ကျွန်တော် သွားသယ်လိုက်အုံးမယ် အကို အေးကိုလည်း အရီးလေးကို သွားကြိုတယ် ခဏနေရင်တော့ ထမင်းတောင်း ရောက်လာတော့မှာပါ" လင်းထွန်းက ပြောပြီး ပျိုးသယ်ဖို့ ထွက်သွားသည်။
"ဟဲ့ ကောင်မတွေ မြို့သားက ထင်တောင်မထင်ရဘူးနော် အပင်ပန်းတော့ ခံနိုင်သားပဲအေ့ ဒီနေ့ငါတို့စိုက်သမျှ ပျိုးပင်တွေ သူသယ်ပေးတာတော့" တောင်သူလုပ်တာကို စိတ်ဝင်စားတယ် ထင်ပါ့အေ။
"မမိလုံးကလည်း သူက မြို့မှာနေတယ်ဆိုပေမဲ့ သူတို့မိဘတွေက အရင်တုန်းက ရွာမှာနေသွားကြတာလေတော် နောက်ပြီး သူ့ကို ရွာမှာပဲ မွေးသွားတာဆိုတော့ သူလည်း တောင်သူတစ္ဆေ၀င်စားတာပဲ ဖြစ်မှာပါ။ ကံကောင်းလို့ ရွာမှာနေပြီး တောင်သူမလုပ်ရဘဲ မြို့ရောက်သွားတာနေမှာပေါ့" အေးချစ်က ပြောတော့ ဘေးက ကောက်စိုက်သမတွေကပါ ၀ိုင်းပြီး ထောက်ခံကြသည်။
"ဟုတ်ပါ့အေ သူတို့များကြတော့လည်း ကံကောင်းပါ့ ငါတို့များကြတော့လည်း လေးတန်းအောင်ပြီးကလည်းက ဒီလယ်ထဲ၊ကိုင်းထဲ ၀င်လုပ်ခဲ့ရတာ နောက်ထပ် ဘယ်လောက်များ ကြာအုံးမလဲမပါဘူးအေ" ဘုမကပါ တောင်သူလယ်သမား ဘ၀ကို စိတ်ကုန်ဟန်ဖြင့် ရင်ဖွင့်လိုက်သေးသည်။
ကဲကဲ နေလည်းမြင့်ပြီ လက်ထဲက ကောက်ပင်လေးတွေ လက်စသတ်ကြတော့။ ပန်းမှုံတို့တစ်တွေ လယ်စိုက်ပြီးလို့ ခြေလက်ဆေးပြီးတော့ အေးကိုတို့ သားအမိလည်း ထမင်းတောင်းနဲ့ ရောက်လာသည်။
"ငါ့တူမတွေ ထမင်းဆာနေပြီလားအေ အရီးလေးလည်း တစ်ယောက်ထဲမနိုင်လို့ အေးကိုအလာကို စောင့်နေရတာနဲ့ နဲနဲနောက်ကျသွားတယ်အေ"
"ရပါတယ် အရီးလေးရဲ့ ကျုပ်တို့လည်း အခုလေးပဲ ကောက်စိုက်ပြီးလို့ ခြေလက်ဆေးပြီးတာ" မိလုံးက ခေါင်းမှာ ပေါင်းထားတဲ့ ပုဆိုးနဲ့ လက်ကိုသုတ်ရင်း ပြောလိုက်သည်။
"အေးအေး လာကြအေ လယ်ကန်သင်းမှာပဲ ၀ိုင်းဖွဲ့ပြီး စားလိုက်ကြ ဟင်းကတော့ သိပ်မကောင်းဘူးတော် အရီးလေးလည်း ရှိတာလေးကိုပဲ စားဖြစ်အောင် ချက်လာရတယ် အသားငါးလေး ကြုံရင်တော့လည်း အဟုတ်သားအေ့ ငါ့တူမတွေ ပင်ပန်းလှတာ အားတောင်နာတယ်" ဒေါ်ဖွားစိန်က ကောက်စိုက်သမတွေကို ဟင်းကောင်း ချက်မကျွေးရလို့ စိတ်မကောင်းဖြစ်စွာ ပြောလိုက်သည်။
"အဲ့လိုလဲ ဘယ်မဟုတ်ပါ့မလဲ အရီးလေးရယ် ကျုပ်တို့အတွက်က မန်ကျည်းသီးစိမ်းဟင်းနဲ့ ငရုတ်သီးထောင်းလေးပါရင် အဆင်ပြေလှပါပြီတော်။ အရီးလေးက ငါးပိကောင် ကြော်ထားလိုက်သေးတယ်ဆိုတော့ ထမင်းတော့ စားမြိန်အုံးမှာပဲ" ပန်းမှုံက ဒေါ်ဖွားစိန်ကို နှစ်သိမ့်စကားပြောပြီး ထမင်းစားဖို့အတွက် ပြင်ဆင်သည်။
"ဟဲ့ အေးကို လာဟ နင်တို့ညီအစ်ကိုပါ ငါတို့နဲ့ တစ်ခါထဲ ၀င်စားလေ နင်တို့လည်း မနက်ကတည်းက ပျိုးသယ်ရတာ တော်တော်ပင်ပန်းရောပေါ့ လာလာ" မိလုံးက အေးကိုနဲ့ လင်းထွန်းကိုပါ သူတို့နဲ့အတူ ထမင်စားဖို့ခေါ်လိုက်သည်။
"ဟုတ်သားပဲ လူလေး တစ်ခါထဲဝင်စားလိုက် ငါ့တူလင်းထွန်းလည်း ထမင်းဆာလောက်ပြီ လာလာ ကိုယ့်မောင်နှမတွေ ဘာမှရှက်စရာမလိုဘူး လယ်ကန်သင်းမှာ ထမင်းစားဖူးတာပေါ့" ဒေါ်ဖွားစိန်က အေးကိုနဲ့လင်းထွန်းကို ပန်းမှုံတို့နဲ့ ထမင်းအတူစားဖို့ ပြောသည်။
လင်းထွန်းနဲ့အေးကိုလည်း ထမင်းက ဆာနေကြပြီမို့ မငြင်းတော့ဘဲ ပန်းမှုံတို့ ကောက်စိုက်သမတွေနဲ့အတူ လယ်ကန်သင်းမှာ ၀ိုင်းဖွဲ့ပြီး ထမင်းအတူ စားလိုက်ကြသည်။
"ရော့ လင်းထွန်း ဒါက တို့ကောက်စိုက်သမတွေရဲ့ အသည်းစွဲ မန်ကျည်းသီးစိမ်းဟင်း ငါတို့ရွာမှာ ကောက်စိုက်ချိန်ဆိုရင် မန်ကျည်းသီးစိမ်းဟင်းက မပါမဖြစ်ပဲ။ မနက်က ငါစမိတဲ့အတွက်လည်း နင့်ကိုရော ပန်းမှုံကိုရော ငါတောင်းပန်ပါတယ်။" မိလုံးက လင်းထွန်းပန်းကန်ထဲသို့ မန်ကျည်းသီးစိမ်းဟင်း ထည့်ပေးရင်း တောင်းပန်စကား ဆိုလိုက်သည်။
"ဟုတ်ကဲ့ ရပါတယ် မမိလုံး။ ကျွန်တော်က မပန်းမှုံကို အားနာနေတာ သူများတွေရှေ့မှာ အစခံလိုက်ရလို့ သူရှက်သွားတာလေ။ ဟင်းထည့်ပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ မပန်းမှုံကိုလည်း ကျွန်တော်ကြောင့် အခုလိုဖြစ်ရတဲ့အတွက် ကျွန်တော်တောင်းပန်ပါတယ်။ နောက်ပြီး အားလုံးနဲ့ အခုလို လယ်ကန်သင်းမှာ ၀ိုင်းဖွဲ့ပြီး စားသောက်ရတဲ့ ဒီထမင်းဝိုင်းလေးကို ဘယ်တော့မှ မေ့လိုရမှာ မဟုတ်ပါဘူး" လင်းထွန်းက မိလုံးကို ဟင်းထည့်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောရင်း ပန်းမှုံကိုပါ တစ်ခါထဲ တောင်းပန်လိုက်သည်။
"ကဲကဲ ထမင်းစားကြပါ ဘာမှမဖြစ်ဘူးလို့ပဲ သဘောထားလိုက် ကျုပ်ကလည်း ပြန်ပြီးတောင်းပန်တယ်။ ဟဲ့အေးကို ငါ့ကို ထမင်းထည့်ပေးအုံး နင်ကလည်း အိုးနားနေပြီး ကုန်းသိပ်နေတာပဲ။ အေးချစ် ရော့ ငါးပိကောင်ကြော် ထည့်စားလေ။ လင်းထွန်း ၀အောင်ထည့်စားနော် ကျုပ်တို့ကတော့ အခုလို လယ်စိုက်ချိန် လယ်ကန်သင်းမှာ ထမင်းစားရတာကို သိပ်ပျော်တာပဲ။ ရွှံ့ထဲဗွက်ထဲကနေ တက်ပြီး ဆာဆာနဲ့ စားရတာမို့ ဟင်းကောင်းဆိုတာလည်း သတိကိုမရပါဘူးတော် ဘာဟင်းနဲ့ဖြစ်ဖြစ် နှစ်ပန်းကန်လောက်တော့ အသာလေးပဲ" ပန်းမှုံက ထမင်းတွေကို အားရပါးရ နယ်ရင်း စကားတွေ ပြောနေလေသည်။
"ငါ့တူမတို့ စားလို့ရော အဆင်ပြေရဲ့လား" စိုက်ပြီးသား လယ်ကိုကြည့်ပြီးပြန်လာသော ဒေါ်ဖွားစိန်က မေးလိုက်သည်။
"အဆင်ပြေပါ့တော် အရီးလေး လက်ရာက စားလို့ကောင်းချက် ကျုပ်ဖြင့် ဗိုက်ဆာဆာနဲ့ ထမင်းနှစ်ခါထပ်ထည့်ရတယ်" မိလုံးက ထမင်းစားကောင်းကြောင်း ဒေါ်ဖွားစိန်ကို ပြန်ပြောလိုက်သည်။
"စားကောင်းတယ်ဆိုလို့ ၀မ်းသာပါတယ်အေ အရီးလေးက ဟင်းကောင်းကောင်း မကျွေးရလို့ စိတ်မကောင်းဖြစ်နေတာ"
"ဘာမှ စိတ်မကောင်း ဖြစ်မနေနဲ့ အရီးလေးရေ တောထဲပါလာတဲ့ ထမင်းနဲ့ ဟင်းကတော့ အပြတ်ဖြတ်ပေးလိုက်တယ် အိမ်ကလူတွေအတွက်တော့ ထပ်သာချက်ပေရော့" ပန်းမှုံကပါ ထမင်းဟင်းတွေ အကုန်စားလိုက်ကြောင်း ပြောတော့ ဒေါ်ဖွားစိန်မျက်နှာလည်း ပြုံးရွှင်နေလေသည်။
###################
ဒေါ်ဖွားစိန်တို့ လယ်စိုက်ပြီး တပတ်ခန့်ကြာတော့ အလည်ရောက်နေတဲ့ လင်းထွန်းလည်း ကျောင်းဖွင့်ခါနီးပြီမို့ မြို့ကိုပြန်ဖို့ရာ ပြင်ဆင်နေသည်။ ဒေါ်ဖွားစိန်၏သား အေးကိုကလည်း လင်းထွန်းကို ကားဂိတ်လိုက်ပို့ဖို့ရန်အတွက် လှည်းကောက်နေသည်။
ဒေါ်ဖွားစိန်ကတော့ တူတော်မောင်အတွက် ဆွေးမျိုးသားချင်းတွေက လာပေးထားတဲ့ လက်ဆောင်တွေကို အိတ်ကြီးကြီးနဲ့ စုထည့်လို့ ထုပ်ပိုးနေသည်။
"အရီးလေးရေ အရီးလေး" မိလုံးနဲ့ ပန်းမှုံက လက်ထဲမှာ အထုပ်ကိုယ်စီကိုင်ပြီး ဒေါ်ဖွားစိန်ကို ခေါ်ရင်း အပြေးရောက်လာသည်။
"ဟဲ့ မိလုံးနဲ့ ပန်းမှုံ ဘာတုန်းဟဲ့ အမောတကောနဲ့" ဒေါ်ဖွားစိန်က သူ့အိမ်ရောက်လာသော မိလုံးနဲ့ပန်းမှုံကို ဆီးမေးလိုက်သည်။
"ဟိုလေ မနေ့ညနေတုန်းက ချောင်းထဲမှာ အေးကိုက ရေခပ်ရင်း လင်းထွန်းဒီနေ့ပြန်မယ်ဆိုတာပြောလို့ လက်ဆောင်လာပေးတာ။ ညတုန်းက လာမလို့ပဲ မိုးနဲနဲကျနေလို့ အခုမနက်မှ ပြေးလာလိုက်တာ။ သွားများသွားပြီလားလို့ တော်ပါသေးရဲ့" မိလုံးက သူတို့လာတဲ့အကြောင်းကို ရှင်းပြလိုက်သည်။
"အေးအေ ခဏနေ သွားတော့မှာ အခုပြင်ဆင်နေတာ။ လင်းထွန်းရေ လင်းထွန်း ဒီမှာ မိလုံးနဲ့ ပန်းမှုံရောက်နေတယ် မင်းကို လက်ဆောင်လာပေးတာတဲ့ ပြီးရင်အောက်ဆင်းခဲ့တော့ကွယ် မင်းအကိုလည်း လှည်းကောက်ပြီးပြီ" ဒေါ်ဖွားစိန်က လင်းထွန်းကို ခေါ်လိုက်သည်။
"ဟုတ်ကဲ့ အရီးလေး လာပါပြီ" လင်းထွန်းလည်း သူ့အရီးလေး ခေါ်သံကြောင့် ကျောပိုးအိတ်ကို လွယ်ပြီး အိမ်ပေါ်မှဆင်းလာသည်။ နဂိုကတည်းက ရုပ်အဆင်းပြေပြစ်သူမို့ အ၀တ်အစား တောက်တောက် ပြောင်ပြောင် ၀တ်ဆင်လိုက်တော့ တကယ့်မြို့သားတစ်ယောက်လို ကြည့်ကောင်းလှသည်။
"မမိလုံးတို့ရောက်နေပါလား လက်ထဲမှာလဲ အထုပ်တွေနဲ့" လင်းထွန်းက လက်ထဲမှာ အထုပ်ကိုယ်စီနဲ့ ထိုင်နေသော မိလုံးနဲ့ပန်းမှုံကို ကြည့်ပြီးပြောလိုက်သည်။
"ဟုတ်တယ် နင်ဒီနေ့ပြန်မယ်ကြားလို့ ငါတို့ လက်ဆောင်လာပေးတာ မိုးကျတာသိပ်မကြာသေးတော့ တခြားပေးစရာ ဘာမှမရှိဘူးဟယ်။ သီးနှံပေါ်ချိန်ဆိုရင်တော့ မြေပဲလေးဘာလေး ပေးရတာပေါ့။ အခုတော့ နွေတုန်းက အခြောက်လှန်းထားတဲ့ လက်ပံခေါင်းလေးတွေ လာပေးတာ။ နင့်အမေက ငါတို့ရွာက တက်သွားတာဆိုတော့ အလွမ်းပြေချက်စားရတာပေါ့။ တန်ဖိုးတော့မရှိဘူးပေါ့ဟာ ငါတို့တောသူတောင်သားတွေ ဘ၀တော့ နင်လည်းသိမှာပါ"
"ဘယ်ဟုတ်ပါ့မလဲ မမိလုံးရယ်။ မြို့မှာဆို လက်ပံခေါင်းက ၀ယ်လို့လွယ်တာမဟုတ်ဘူး။ လက်ပံခေါင်းဟင်းကို အိမ်မှာ အမေချက်ချက်ကျွေးလို့ စားဖူးတယ်။ ကျွန်တော်လည်း ဒီရွာသားပါဗျ။ လက်ပံခေါင်းဟင်းကို ကြိုက်ပါတယ်။ အမေကမှာလိုက်လို့ အရီးလေးကိုတောင် ပြောထားသေးတယ်။ အခုလို တကူတက လက်ဆောင်လာပေးတာကိုပဲ ၀မ်းသာလှပါပြီ ကျေးဇူးလည်းတင်ပါတယ်" လင်းထွန်းက မိလုံးကို လက်ဆောင်လာပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောလိုက်သည်။
"ငါကတော့ အိမ်မှာရှိတဲ့ ထန်းလျက်အိုးထဲက ထန်းလျက်ခဲလေးတွေ ထည့်လာခဲ့တယ်။ မိလုံးပြောသလိုပဲဟ အခုမှ စိုက်ကြပျိုးကြ တုန်းဆိုတော့ ဘာမှမရှိကြဘူး။ သီးနှံပေါ်ချိန်ဆိုရင်တော့ ယာခင်းထွက်လေးတွေ ပေါသေးတယ်။ ရပါတယ် မပန်းမှုံရယ် အခုလို သတိတရ လက်ဆောင်လာပေးတာကိုပဲ ၀မ်းသာလှပါပြီ" ပန်းမှုံကိုလည်း လက်ဆောင်လာပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း လင်းထွန်းကပြောလိုက်သည်။
"မမိလုံးနဲ့ မပန်းမှုံတို့လည်း အလုပ်အားတဲ့အခါ မြို့ကိုလာလည်ကြအုံးလေ အကိုအေးကိုတို့ လာတဲ့အခါ လိုက်ခဲ့ပေါ့။ ဘုရားလေးဘာလေး ဖူးရင်း မြို့ကိုရောက်ဖူးအောင် လာခဲ့ကြပါ။ ဟိုမှာ ကျွန်တော်တို့အိမ်ရှိနေတာပဲ တည်းဖို့ခိုဖို့ ဘာမှစိတ်မပူနဲ့ တစ်ရွာတည်းသားချင်းတွေပဲ အားနာစရာမရှိပါဘူး။ လာဖြစ်အောင် လာခဲ့ကြပါနော် လည်စရာအားလုံးကို ကျွန်တော်လိုက်ပို့ပေးပါ့မယ်" လင်းထွန်းက မိလုံးနဲ့ပန်းမှုံတို့ကို မြို့သို့အလည်လာခဲ့ဖို့ ဖိတ်ခေါ်နေသည်။
"လင်းထွန်းရေ ငါ့ညီ အကိုတို့ သွားကြစို့ကွာ မိုးရာသီဆိုတော့ မိုးကပြောလို့မရဘူး။ ကားဂိတ်မရောက်ခင် မိုးကျလာအုံးမယ်။ အထုပ်တွေ လှည်းပေါ်ကို အကိုအားလုံးတင်ပြီးပြီ သွားကြစို့" အေးကိုက လင်းထွန်းကို ကားဂိတ်သွားဖို့ရန်အတွက် ခေါ်လိုက်သည်။
"အရီးလေး၊ မမိလုံးနဲ့ မပန်းမှုံ ကျွန်တော်ကို ခွင့်ပြုပါအုံး ပြန်လိုက်ပါအုံးမယ် အရီးလေးတို့ လယ်စိုက်ရင်းမှာ ဖြစ်ခဲ့တာလေးတွေကိုတော့ ကျွန်တော် အမြဲသတိရနေမှာပါ။ ကျွန်တော်တို့ဆီကိုလည်း လာဖြစ်အောင် လာခဲ့ပါနော်" လင်းထွန်းက မိလုံး၊ပန်းမှုံနဲ့ သူ့အရီးလေး ဒေါ်ဖွားစိန်တို့ကို လက်ပြနှုတ်ဆက်ပြီး လှည်းပေါ်တက်သွားတော့သည်။
မိလုံးနဲ့ပန်းမှုံတို့လည်း လင်းထွန်းတို့ လှည်းထွက်သွားရာဆီသို့ လက်ပြနှုတ်ဆက်ပြီး ပြန်လာခဲ့ကြသည်။
လင်းထွန်း တစ်ယောက် လက်ပြနှုတ်ဆက်ပြီး ပြန်သွားသော်လည်း စိတ်ထဲက တကယ်ပဲ လက်ပြနှုတ်ဆက်သွားချင်လား၊ ဧည့်သည်တစ်ယောက်မို့ ငါသတိထားမိတာ ဖြစ်မှာပါလေ ဆိုတဲ့ အတွေးတွေးမိတဲ့ ပန်းမှုံရင်ထဲမှာရော တကယ်ပဲ စိတ်ထဲကပါလို့ လက်ပြနှုတ်ဆက်တာလား ဆိုတာကိုတော့……..။
ကျွန်တော် ခံစားမိတာလေးကို ရေးသားခြင်းမျှသာဖြစ်ပါသည်။ အဆီအလျော်မတည့် တာလေးများရှိခဲ့ရင် စိတ်ထဲရှိတဲ့အတိုင်း ပြောခဲ့ပါ။ အားလုံးရဲ့ အမြင်လေးများကို စောင့်မျှော်လျက်ပါ…..။
လာရောက်အားပေးကြသူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်ဗျာ...။
3 comments:
မိလုံးတို့...ပန်းမှုံတို့အကြောင်းလေးဖတ်သွားတယ်နော်
မကျည်းသီးစိမ်းနုနုလေးတွေကိုဟင်ချက်စားတာကျွန်မလဲကြိုက်တယ်...
အင့် မပြီးသေးဘူး ထင်တယ်နော်။ လင်းထွန်း နောက်တစ်ခေါက် ရွာပြန်လာဦးမှာပါလေ။ အဲဒီအချိန်ကျရင် လင်းထွန်းနဲ့ပန်းမှုံတို့နှစ်ယောက် ပြန်ဆုံဆည်းကြရဦးမှာပါ။ (ဘုန်းဘုန်းမကြားသေးတဲ့ မြန်မာစကားလုံးတွေလည်း အများကြီးပါတယ်။ ဥပမာ ပျိုးထမ်းတာစသည်ပေါ့။ ရှေ့နောက်အဆက်အစပ်မရှိဘဲနဲ့ ပျိုးထမ်းတယ်လို့ တစ်စုံတစ်ယောက်ကပြောလာရင် နားလည်မှာမဟုတ်ဘူး။ )ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...
ဟေ့
ဇာတ်လမ်းကိုပေါင်းပေးလေ အဲလိုကြိး တိုးလို့ တန်းလန်းကြီးမလုပ်နဲ့ လေ
Post a Comment