အညာသားလက်ရာ ငါးသလောက်ပေါင်း
![]() |
ဘဝမှာ ဟင်းအမျိုးမျိုးချက်ဖူးခဲ့လှပေမဲ့၊ ငါးသလောက်ဟင်းကိုတော့ ဒီတကြိမ်ပထမဆုံးချက်ဖူးတာပါပဲ။ မြန်မာပြည်မှာတုန်းကလည်း သူများချက်တာစားဖူးပေမဲ့ ကိုယ်တိုင်တခါမှမချက်ဖူးခဲ့ပါဘူး။ ကျနော်စိတ်ထဲမှာက ငါးသလောက်ဆိုရင် pressure cooker နဲ့ချက်မှအရိုးနူးတယ်လို့ပဲထင်ထားတာ။ အဲဒါကြောင့် တခါမှ ချက်ကြည့်ဖို့ မစဉ်းစားခဲ့ပါဘူး။ အဓိက ကတော့ လေလုံးအိုး pressure cooker မရှိတာလည်းပါမှာတော့။ ဒီတခါတော့ ကျောင်းထဲက ညနေပိုင်း ဟင်းချက်စရာအသီးအရွက်၊ ငါးနဲ့ အစားအစာ ရောင်းတဲ့ဈေးလေးမှာ ငါးသလောက်ရောင်းနေတာတွေ့လို့ စမ်းပြီးချက်ကြည့်ဖို့ စိတ်ကူးရတာနဲ့ ငါးသလောက်အနေတော် တကောင်ဝယ်ခဲ့တယ်။ ဒီမှာက အသားဈေးပေါတယ်လို့ ပြောနိုင်ပေမဲ့ ငါးတို့ ပုစွန်တို့ ပင်လယ်စာတို့ဆို ဈေးနည်းနည်းမြင်တယ်။ ကျောင်းထဲမှာ တဆင့်လာရောင်းကြတာမို့လည်းအပြင်ထက်တော့ ဈေးပိုတယ်။ ကျနော်က အသားငါးထက် အသီးအရွက်ပိုစားတဲ့သူမို့ ငါးတို့ ပုစွန်တို့ကို တခါတရံမှပဲဝယ်စားဖြစ်တယ်။ ငါးသလောက် ဝယ်လာခဲ့ ပြီးတော့ ချက်နည်းကို ယူကျု့မှာရှာကြည့်တယ်။ တချို့လည်း ထမင်းပေါင်းအိူးနဲ့ ပေါင်းနည်းပြထားတာတွေ့တယ်။ အရိုးနူးအောင်ချက်ဖို့ဆိုရင် အချိန်တော််တော် ပေးရမှာမို့ ဝယ်မိတာမှားပြီလားလို့တွေးမိသေးတယ်။ နောက်တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့စမ်းကြည့်မယ်ဆိုပြီး ထမင်းပေါင်းအိုးမသုံးဘဲ ကိုယ့်မှာရှိတဲ့ non-stick frying pan နဲ့ပဲချက်ဖြစ်တယ်။ ပထမဆုံး ငါးကိုသန့်စင် အရသာနဲ့ ရှာလကာရည်နည်းနည်းထည့်နှပ်ထားပြီး၊ အနှစ်အတွက် ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူချင်းထောင်းကို ဆီသတ်တယ်။ အဲဒီနောက် အရသာနယ်ထားထဲငါးသလောက်ထည့်ပြီး လုံးတယ်။ ခဏနေတော့ ငါးကိုအထက်အောက်လှန်ပေးပြီး ငါးမြုပ်အောင် ရေနွေးထည့် အဖုံးပိတ်ပြီး မီးအေးအေးနဲ့နှပ်ထားလိုလတယ်။ ကျောင်းကအပြန်မှ စချက်တာမို့ ည ၈ နာရီခွဲမှ ၉ နာရီခွဲအထိ ၁ နာရီချက်ပြီး မီးပိတ်ထားလိုက်တယ်။ နောက်နေ့ နံနက်ကျတော့ ထမင်းချက်ရင်း ညကကျန်တဲ့ရေကိုခမ်းအောင် မိနစ် ၃၀ လောက်ထပ်တည်ထားလိုက်တယ်။ ပုံမှန်အတိုင်းဆို ငါးဟင်းက မိနစ် ၃၀ လောက်ဆိုကျက်တာမို့ ငါးအရိုးနူးအောင် ဘယ်လောက်ကြာကြာ ချက်ရမလဲပဲလို့ စိတ်ကတွေးနေတာ။
ညနေပိုင်းကျောင်းကပြန်ရောက်တော့ ရေနွေးအိုးတည် ငါးမြုပ်အောင် ရေနွေးထပ်ထည့်ပြီး မီးအေးအေးနဲ့ ၂ ရေခမ်းအောင်ချက်တယ်။ ည ၉ နာရီခွဲပြီး ငါးရိုးအခြေအနေကိုစစ်ကြည့်တော့ လက်နဲ့ဖဲ့လိုရတဲ့ အခြေအနေဖြစ်နေပြီ။ အဲဒီနောက် ကြက်သွန်နီအခွံခွာပြီးသား အလုံးလိုက်၊ ကြက်သွန်ဖြူအမွှာ၊ ခရမ်းချဉ်သီးလေးစိပ်ထိုးထည့် ရေနွေးထပ်ထည့်ပြီး ထပ်ချက်တယ်။ ရေခမ်းခါနီးတော့ ငါးခေါင်းပိုင်းက အရိုးကို မြည်းကြည့်တာ နူးနေပြီ။ အဲဒီမှာ ငါးသလောက်အရိုးနူးအောင် ငါချက်တတ်ပြီ ဆိုပြီးထအော်တာပဲ။ အလုပ်တခု ကိုယ်တိုင်အစအဆုံး လုပ်လိုက်လို့ အဆင်ပြေသွားတဲ့အခါ ခံစားရတဲ့ ပီတိက ပြောမပြတတ်အောင်ပဲ။ ပီအိတ်ချ်ဒီလုပ်တဲ့ ကာလတလျှောက်မှာ အကြိမ်များစွာ မှားလိုက် ပြင်လိုက်နဲ့ နောက်ဆုံးအောင်မြင်သွားတိုင်း ခံစားရတဲ့ ခံစားမှုနဲ့အတူတူပဲ။ အဲဒီညက ကိုယ်ချက်တဲ့ ငါးဟင်းအိုးကို ကြည့်ပြီး ပျော်နေလိုက်တာများလေ။ နောက်နေ့က တပိုတွဲလပြည့်နေ့ဆိုတော့ နံနက်ပိုင်း ဘုရားဆွမ်းကပ်ဖို့အတွက် ဆွမ်းချက်ရင်း ငါးဟင်းအိုးကိုပါ နည်းနည်းထပ်နွှေးလိုက်တယ်။ မုံညှင်းရွက်နဲ့ပန်းမုံလာကို အမြန်လေးကြော်တယ်။ အားလုံးပြင်ဆင်ပြီးတော့ မြတ်စွာဘုရားရှင်နှင့် သံဃာတော် အရှင်သူမြတ်တို့အား ရည်မှန်း၍ ငါးသလောက်ဟင်းနဲ့ ဆွမ်းကပ်လှူ၊ ဘုရားရှိခိုးပြီး ကျေးဇူးရှင်မိဘနှစ်ပါးနဲ့အတူ၊ (၇) ရက်သားသမီး၊ ၃၁ ဘုံ၊ အရပ်ဆယ်မျက်နှာ၊ အနန္တစကြာဝဠာ၌ ရှိကြကုန်သော ဝေနေယျများစွာ သတ္တဝါအားလုံးတို့အား နှလုံးစိတ်ဝမ်းအေးချမ်းကြစေရန်၊ ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြစေရန် မေတ္တာပို့ပြီး ပြုပြုသမျှကုသိုလ်ကို အမျှဝေတယ်။ ကိုဗစ်ကာလ ၂၀၂၀ ဇွန်လမှာ အခန်းတွင်း ၁၄ ရက် ကွာရန်တင်းဝင်ရကတည်းက နံနက်တိုင်း ဆွမ်းကပ်လှူခဲ့တာ ယနေ့ထိ မပျက်သေးဘူး။ အဆိုးထဲက အကောင်းလို့ ဆိုရမည့် အလေ့အကျင့်လေးတခု ရလာခဲ့တာပေါ့။ ဘယ်လောက်ပဲ အရေးကြီးတဲ့ ကိစ္စလုပ်စရာရှိပါစေ ဆွမ်းကပ်တာကိုတော့ မပျက်မကွက်လုပ်ပါတယ်။ ဘဝရဲ့အစိတ်အပိုင်းတခုလိုဖြစ်လာတော့ နံနက်မိုးလင်း အိပ်ရာထတာနဲ့ ဆွမ်းချက်၊ ဆွမ်းကပ်ဖို့လုပ်ရင်းနဲ့ နံနက်ပိုင်းကုသိုလ်ပြုရတာ အလေ့အကျင့်ဖြစ်လာတယ်။
0 comments:
Post a Comment