မယ်ဇလီကြီးပင်... |
အပေါ်ကအပင်ပုံလေးကို လူတိုင်းမြင်ဖူးတွေ့ဖူး ကြမယ်ထင်ပါတယ်။ ရွှေညာသားလေးတို့ဆီမှာတော့ မယ်ဇလီကြီးလို့ခေါ်ပါတယ်။ မယ်ဇလီအသေးကတော့ တန်ဆောင်မုန်းလပြည့်ညမှာ သုတ်စားတဲ့အပင်ပါ။ မယ်ဇလီကြီးကတော့ ဆေးအဖြစ်နဲ့သုံးတာများပါတယ်။ အပင်အရွယ်အစားကလည်း မယ်ဇလီအသေးနဲ့ ယှဉ်ရင် ပင်နိမ့်အမျိုးအစားပါ။ အရွက်တွေကတော့ မယ်ဇလီအသေးထက်ကြီးပါတယ်။ အပွင့်ချင်းလည်း မတူပါဘူး။ အရွက်ရဲ့ အရသာက ခါးသက်သက်ရှိပါတယ်။ မယ်ဇလီကြီးရွက်ကို အထူးသဖြင့် ၀မ်းနှုတ်ဆေး အဖြစ်အသုံးပြုပါတယ်။ အသုံးပြုတာကတော့လွယ်ပါတယ် မယ်ဇလီကြီးအရွက် မနုမရင့်ကို ညနေထမင်း စားချိန်မှာ ထမင်းနဲ့အတူ ရောစားပေးလိုက်ယုံပါပဲ။ ရွက်မွှာလေး နှစ်ရွက်သုံးရွက်လောက်ဆိုရင် လုံလောက်ပါတယ်။ အစ်မတစ်ယောက်ကို ဆေးနည်းပေးတာ သူကအညွှန့်လေးတစ်ခက်ကို ခူးပြီးတော့ ငါးပိရည်နဲ့တို့စားလိုက်တယ်တဲ့။ စားပြီးတော့ အစွမ်းပြလိုက်တာ အိမ်သာကိုလေးငါးခါလောက်ပြေးလိုက်ရ တယ်လို့ပြောပါတယ်။
နောက်တစ်နည်းကတော့ ယောကျာ်းလေးများ ပေါင်တွေမှာ မှိုစွဲတဲ့အခါ မယ်ဇလီကြီးရွက်က အတော်လေး အသုံးဝင်ပါတယ်။ မှိုစွဲတယ်ဆိုတာ ပွေးကဲ့သို့ အနာပုံစံမဖြစ်ပါဘူး။ အသားအရေမှာ ငါးပြားစေ့ ဆယ်ပြားစေ့၊ အရွယ်ခန့်ဖြူဖြူအကွက်တွေဖြစ်တာပါ။သိပ်တော့မနာပေမဲ့ အင်မတန် ယားပါတယ်။ ထူးသဖြင့်ပေါင်ကဲ့သို့သော အလင်းရောင်ကောင်းကောင်း မရတဲ့နေရာမျိုးတွေမှာ ဖြစ်တတ်ပါတယ်။ပေါင်မှာ
ဖြစ်တာဆိုတော့ လူကြားထဲ ကုတ်ပြန်ရင်လည်း အမြင်မတော်ဘူးလေ။ အတော်ကို ဆိုးပါတယ်။ ရေနဲ့ ဗက်တီးရီးယား ပိုးတစ်ခုခုကြောင့်ဖြစ်တယ်လို့ ထင်ပါတယ်။ ဆရာဝန်မဟုတ်တော့ သေချာတော့မသိပါဘူး။
မှတ်မှတ်ရရရွှေညာသားလေး ဆယ်တန်းနှစ်ကကျောင်းတက်တဲ့ ဘော်ဒါဆောင်မှာ ဖြစ်ဖူးပါတယ်။ရွှေညာ
သားလေးကအပြင်ကနေတက်တာမို့ သူငယ်ချင်းတွေနေတဲ့ အဆောင်ပေါ်သွားသွားလည်ပါတယ်။အဲ့ဒီမှာ နမ့်ဆန်ဘက်က ဂေါ်ရခါးသူငယ်ချင်းတစ်ယောက်က သူ့မှာအဲ့လိုဖြစ်နေတယ်ငါ့ကိုဆေးရှိရင်ပေးပါအုံးဆို လို့အိမ်မှာရှိတဲ့ မယ်ဇလီရွက်ကိုခူးပေးလိုက်ပါတယ်။ ကုတာကတော့လွယ်ပါတယ်ဖြစ်နေတဲ့မှိုကွက်ပေါ်ကို မယ်ဇလီကြီးအရွက်နဲ့ခပ်နာနာလေးပွတ်ပေးယုံပါပဲ။နှစ်ရက်လောက် ပွတ်တိုက်ပေးလိုက်ရင်လုံးဝပျောက် ပါတယ်။အဲ့ဒီဂေါ်ရခါးသူငယ်ချင်းအနာပျောက်သွားတော့မှတခြားသူငယ်ချင်းတွေကလည်းဆေးနည်းမေး ကြပါတယ်။ နောက်ဆုံးတော့ ယောကျာ်းလေးဆောင်တစ်ဆောင်လုံး ဖြစ်နေတယ်ဆိုတာသိလိုက်ရတယ်။ ဘယ်လောက်ထိလဲဆို အဒေါ်အိမ်မှာရှိတဲ့ မယ်ဇလီကြီးပင်က အရွက်လည်း အနုအရင့်တစ်ရွက်မှကို မကျန်အောင်ပါပဲ။ အဒေါ်က ကောင်လေး ဒီအပင်ကအရွက်တွေ ပိုးစားတာထင်တယ်နော်တဲ့ ပြောင်နေတာ ပဲလို့ပြောပါတယ်။ ဆေးကုသမားလည်း အင်းဟုတ်မှာပေါ့အဒေါ်လို့ ပြုံးစိစိနဲ့ပြောလိုက်ပါတယ်။
ဆေးဆရာလည်း အကုကောင်းလို့ မှိုစွဲခံရပါသေးတယ်။ ကိုယ်တိုင်ကုဖို့ကျတော့ဆေးကမကျန်တော့ပါဘူး။ ကိုယ့်အလှည်ကျတော့ အပင်ကကျန်တဲ့အရိုးကို ကျောက်ပြင်မှာသွေးပြီး လိမ်းလိုက်ရပါတယ်။မယုံမရှိနဲ့ ကိုယ်တွေ့ပါဗျာ။ ဖြစ်တာတော့ဖြစ်ခဲပါတယ်။ ဒါပေမဲ့ဖြစ်လာခဲ့ရင် ဆေးနည်းသိတော့ ငွေမကုန်ပဲအလွယ် တကူကုသလို့ရတာပေါ့ဗျာ။ ၀မ်းနှုတ်ဆေးအတော်များများမှာသုံးပါတယ်။သူတို့ဆေးညွှန်းမှာတော့ ဘုမ္မရာဇာ ဆိုတာ မယ်ဇလီကြီးကိုပြောတယ်လို့ ထင်ပါတယ်။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို အခြားနာမည်အခေါ်အဝေါ်များလည်း ရှိနိုင်ပါတယ်။ တခြားနာမည်လေးများရှိရင်လည်း ဗဟုသုတ အဖြစ်မျှဝေပေးစေချင်ပါတယ်ဗျာ။
ရွှေညာသားလေးဆီကို လာရောက်လည်ပတ်ရင်း အနည်းငယ်မျှသော ဗဟုသုတလေးရသွားတယ်ဆိုရင် ၀မ်းသာပါတယ်။ ကျွန်တော့်မိတ်ဆွေ ညီအစ်ကိုမောင်နှမများအားလုံး ရောဂါကင်းဝေးပြီး ကျန်းမာချမ်းသာ ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်ဗျာ။
မျိုးခန့်(စကားဝါမြေ)
0 comments:
Post a Comment