ဇွန်ပန်း- အပွင့်သေးသော်လည်း သင်းပျံ့တဲ့မွှေးရနံ့ပေးစွမ်းတဲ့ပန်းလေးတွေပါ။ အိမ်ဝိုင်းထဲမှာဇွန်ပန်းရုံ တစ်ရုံလောက်ရှိလျှင် ပန်းပွင်ချိန်ဆို တစ်အိမ်လုံးမွှေးပျံ့နေတာပါပဲ။ မိတ္ထီလာမှာ တာဝန်ကျနေစဉ်တုန်းက ညနေပိုင်းဆို ဇွန်ပန်းကုံးလေးတွေကိုဝယ်ပြီး ဘုရားလှူပါတယ်။ ဘုရားစင်မှာတင်ထားပေမဲ့ တစ်ခန်းလုံး ကိုမွှေးပျံ့နေတာပါပဲ။ ဇွန်ပန်းလေးတွေ ခြောက်သွားရင်တော့ ရေနွေးထဲမှာ ထည့်သောက်ရင်လည်း အဆင်ပြေပါတယ်။ ကျွန်တော်ကတော့ ရေနွေးကြိုက်သူမို့ ဇွန်ပန်းခြောက်လေးတွေကို လဘက်ခြောက်နဲ့ ရောပြီး ရေနွေးခတ်သောက်ပါတယ်။ အနံ့သိပ်မပြင်းတော့ သောက်ရတာ တစ်မျိုးကောင်း ပါတယ်။ လဘက်ခြောက်အရသာ သီးသန့်ကြိုက်ရင်တော့ မထည့်ပါနဲ့။ စံပယ်ပန်း လဘက်ခြောက် ကြိုက်သူများ စံပယ်ပန်းအစား ဇွန်ပန်းလည်း ထည့်သောက်ရင် ကောင်းပါကြောင်း သတင်းကောင်းပါးပါရစေဗျာ။
ဇလပ်ပန်း
စံပယ်ပန်း
ဇီဇ၀ါပန်း
ညမွှေးပန်း
ဒီပန်းလေးတွေထဲမှာ အောက်ဆုံးပုံထဲက ညမွှေးပန်းဆိုတဲ့ ပန်းလေးကို ယနေ့အထိအမှတ်တရ ရှိပါတယ်။ ရွှေညာသားလေး ဘုန်းကြီးကျောင်းသားတုန်းက မနက်အစောစော အိပ်ယာထပြီး ပန်းကောက် ဘုရားလှူခဲ့ရတဲ့ပန်းလေးမို့ပါ။ ရှားရှားပါးပါး ရွာကဘုန်းကြီးကျောင်းမှာ တစ်ပင်တည်းရှိတဲ့ ပန်းပင်လေးပါ။ သူက ညပိုင်းမှပွင့်တာဆိုတော့ နေလည်နေ့ခင်းမှာ ပန်းပွင့်ကိုမမြင်ရပါဘူး။ ညနေပိုင်းရောက်ရင်တော့ ညမှာပွင့်မည့် ပန်းအဖူးလေးတွေကို မြင်ရတတ်တယ်။ ပန်းပင်က ရွာဘက်နဲ့နီးတဲ့ ဘုန်းကြီးကျောင်းဝန်း ခြံစည်းရိုးနားမှာမို့ ရွာထဲကပန်းကြိုက်သူတွေလည်း တခါတခါ လာလာကောက်ပါတယ်။
အဲ့ဒီပန်းပွင့်ချိန်ဆိုရင် ဘုန်းကြီးကျောင်းသား ကျုပ်အတွက်တော့ ပန်းကောက်ပြီး ဘုရားလှူရတာ တာဝန်တခုလိုပါပဲ။ ဘုန်းကြီးကျောင်းသားဆိုတော့ မိုးလင်းအောင်လည်း မအိပ်ရဘူးလေ။ မနက်လေးနာရီထိုးပြီ ဆိုတာနဲ့ အိပ်ယာထ မျက်နှာသစ်၊ မီးလင်းဖိုထဲမှာ ရေနွေးအိုးတည်။ ပြီးတာနဲ့ ပန်းပင်အောက် ပန်းသွားကောက်။ ရလာတဲ့ ပန်းလေးတွေကို ရေဖလားထဲမှာ ရေဆေး ပန်းကန်ပြားလေးနဲ့ ထည့်ပြီး ဘုရားရှိခိုးရင်း ပန်းကပ်ပါတယ်။
တခါတလေတော့ ရွာထဲကပန်းလာကောက်သူတွေဦးသွားရင် ကျုပ်အတွက် ပန်းပွင့်ရတာနည်းပါတယ်။ နည်းသော်လည်း ရှိသမျှလေးနဲ့ ၀တ်မပျက်ရအောင်တော့ ကပ်လှူတာပါပဲ။ ဘာရယ်တော့မဟုတ်ပါဘူး အဲ့ဒီအချိန်တုန်းကတော့ ဘုန်းကြီးကျောင်းသားအတွေးနဲ့ ဒီပန်းလေးတွေ အပင်အောက်မှာ အလကားထားရင်လည်း ညှိုးနွမ်းသွားမှာပဲ ဘုရားလှူတော့ ကုသိုလ်ရတာပေါ့ဆိုပြီး ဘုရားပန်းကပ်တာပါ။ အဲ့ဒီလိုလေး မနက်တိုင်းပြုလုပ်ရတော့ စိတ်ထဲမှာလည်း ပျော်ရွှင်မှု့ကိုခံစားရတယ်။ ရေနွေးတည်ရင်း မီးဖိုဘေးမှာထိုင်နေရတာထက် ပန်းပင်အောက်သွားပြီး ပန်းကောက်ရတာက အိပ်ချင်စိတ် ကိုပြေစေတယ်လေ။ ဆောင်းတွင်းဆိုရင် မီးတင်းကုပ်ထဲက မီးဖိုဘေးမှာ ဘုန်းဘုန်းအတွက် ရေနွေးအိုးတည်ရင်း ပုဆိုးလေးနဲ့ ကွေးပြီးအိပ်ခဲ့ရတာကိုလည်း မှတ်မိသေးတယ်။
အခုတော့ ငယ်ဆရာဖြစ်တဲ့ ဘုန်းဘုန်းလည်း မရှိတော့ပါဘူး။ ဘုန်းဘုန်းစိုက်ခဲ့တဲ့ ညမွှေးပန်းပင်လေးလည်း မရှိတော့ပါဘူး။ ဘုန်းဘုန်းတပည့်လဲ ရွာကနေထွက်လာ ခဲ့တာ နှစ်တော်တော် ကြာပါပြီ။ ရွာကိုပြန်ရောက်လို့ ဘုန်းဘုန်းကျောင်းကိုရောက်ရင် ငယ်ငယ်က ဘုန်းကြီးကျောင်းသား ဘ၀ကို တွေးမိတိုင်း ဘုန်းဘုန်းကို သတိရမိပါတယ်။ ဘုန်းဘုန်းနားမှာ နေခဲ့ရလို့ ကျုပ်လည်း သစ်ပင်စိုက်ရတာ အတော့်ကိုဝါသနာပါပါတယ်။ ဘုန်းဘုန်းကလည်း ကျောင်းဝန်းထဲမှာ သစ်ပင်တွေ စုံနေအောင်စိုက်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်လူတွေက သိပ်ပြီးဂရုမစိုက်တော့ တော်တော်များများ သစ်ပင်တွေလည်း မရှိတော့ပါဘူး။
လာရောက်လည်ပတ်ရင်း ပန်းလေးတွေကြည့်ပြီး စိတ်ကြည့်နူးမှုရနိုင်ကြပါစေဗျာ။
0 comments:
Post a Comment