တစ်နေ့က ကျောင်းသွားရင်း လမ်းမှာပန်းပွင့်နီနီရဲရဲတွေပွင့်နေတာ မြင်လို့ ဘာပင်လဲသေချာကြည့်လိုက်တော့ ရှားရှားပါးပါး လက်ပံပင်တစ်ပင်ဖြစ်နေတယ်ဗျ။ မြို့ပေါ်မှာ လက်ပံပင်မြင်ရဖို့ သိပ်မလွယ်ဘူးလေ။ အညာမှာဆိုရင်တော့ အခုချိန်မျိုး နေပူကျဲကျဲအောက်မှာ ရဲရဲနီနေအောင်ပွင့်တဲ့ လက်ပံပင်တွေကပေါတာကိုး။ နွေရာသီရောက်ရင် နွေလေရူးတွေကတိုက် သစ်ပင်တွေကသစ်ရွက်တွေကြွေ လက်ပံပင်တွေက အပွင့်တွေပွင့် တကယ့်လွမ်းမောစရာကောင်းတဲ့ ရှု့ခင်းတွေပါပဲ။ အခုတွေ့ရတဲ့ လက်ပံပင်ကိုမြင်ရတော့ နွေရဲ့ရှု့ခင်းကတခုခုလိုနေသလို၊ အဓိပ္ပာယ်မဲ့နေသလို ခံစားလိုက်ရတယ်။ ပတ်ဝန်းကျင်က ရိုးတံပြိုင်းပြိုင်း သစ်ပင်တွေအစား အထပ်မြင့်တိုက်တာအဆောက်အအုံတွေ၊ သစ်ရွက်ကြွေတွေအစား လှုပ်ရှားသွားလာနေကြတဲ့ များပြားလှသောလူတွေ၊ ကားတွေက လက်ပံပင်ရဲ့ပတ်ဝန်းကျင်မှာ နေရာယူနေကြတယ်။ အေးမြတဲ့နွေလေရူးတွေအစား ယာဉ်အမျိုးအစာပေါင်းစုံကထွက်တဲ့ မီးခိုးငွေ့တွေ ရောယှက်နေတဲ့ မွန်းကြပ်ကြပ်လေပူတွေက တိုက်ခတ်နေတယ်။ ကျေးငှက်သာရကာတို့ရဲ့အသံတွေအစား ကားသံ၊လူသံ၊ ဆောက်လုပ်ဆဲ တိုက်တာတွေဆီမှ အသံတွေက ဆူညံလို့ နေတယ်။ သြော်...ဘာမဆိုင်ညာမဆိုင် လက်ပံပင်ကိုမြင်တာနဲ့ တောကလက်ပံပင်နဲ့ မြို့ပေါ်ကလက်ပံပင်ရဲ့ ပတ်ဝန်းကျင်ကွာဟမှုလေးကို ယှဉ်ပြီးတော့ တွေးလိုက်မိသေးတယ်။
တခုတော့လည်းကောင်းပါတယ်လေ။ ဒီလက်ပံပင်လေးရှိနေတော့ တောရွာမှာကြီးပြင်းလာခဲ့တဲ့ အညာသားတစ်ယောက် အတွက်တော့ အညာအလွမ်းပြေ လက်ပံပွင့်လေးတွေ ကြည့်နိုင်တာပေါ့။ ရာသီဥတုပူပြင်းနေလို့သာ နွေရာသီရောက်နေပြီဆိုတာ သိရပေမဲ့ ပတ်ဝန်းကျင်မှာတော့ ဒါနွေရာသီပါလားဆိုတဲ့ သင်္ကေတပြစရာရယ်လို့ ထွေထွေထူးထူးမရှိလှဘူးလေ။ ဒီလက်ပံပင်လေး တစ်ပင်ရှိလို့ တော်သေးဗျ။ ကျောင်းသွားကျောင်းပြန် အညာနွေအလွမ်းပြေ ကြည့်ခွင့်ရနေတယ်။ လက်ပံပင်ကိုမြင်တိုင်းလည်း ရွာကဆွေမျိုးသားချင်တွေကိုသတိရ၊ သူငယ်ချင်းတွေကို သတိရနဲ့ အလွမ်းဝေဒနာတွေက ထထလာတယ်။
ရွာမှာကျောင်းတက်တုန်းကတော့ လက်ပံပွင့်ချိန်ရောက်ပြီဆိုရင် နောက်ဆုံးအတန်းတင်စာမေးပွဲတွေဖြေကြ၊ ကျောင်းမှာသူငယ်ချင်းတွေနဲ့ နှုတ်ဆက်ကြ။ စာမေးပွဲနောက်ဆုံးနေ့ဆို ရှိသမျှပေးသမျှမုန့်ဖိုးကို ကျောင်းမှာတင်အကုန်သုံး ပျော်စရာသိပ်ကောင်းခဲ့ရတာပေါ့လေ။ စာမေးပွဲပြီးလို့ ကျောင်းမှရွာသို့ပြန်ရာလမ်းတစ်လျှောက် နေပူပူအောက်မှာ တစ်ယောက်ကို တစ်ယောက်စလိုက်နောက်လိုက်နဲ့ ရွာထိပ်ကလက်ပံပင်ကြီးအောက်ရောက်ရင် ကိုယ်စီဝယ်လာခဲ့တဲ့ မုန့်ထုပ်လေးတွေကို ဖွင့်ဖောက်ပြီး သူငယ်ချင်းတွေ ပျော်ပျော်ပါးပါး စားကြသောက်ကြရင်း အေးအေးလူလူအနားယူပြီးမှ အိမ်ကိုပြန်ကြတာလေ။ တကယ့်အမှတ်တရအဖြစ်လေးတွေပေါ့ဗျာ...။
အခုအချိန်ကျတော့လည်း သူငယ်ချင်းတွေနဲ့လည်း တကွဲစီ တချို့လည်းအလုပ်တွေကိုယ်စီနဲ့၊ တချို့လည်းအိမ်ထောင်တွေကျ၊ သားတွေသမီးတွေနဲ့၊ တချို့လည်း တိုင်းတစ်ပါးမှာ အလုပ်တွေထွက်လုပ်သူလုပ် ဒီထဲမှာမှ အခုချိန်ထိ ကျောင်းသားလုပ်လို့ မပြီးသေးတဲ့ ကျုပ်တစ်ယောက်အတွက်သာ လက်ပံပွင့်ချိန်က အဓိပ္ပာယ်ရှိနေတော့တယ်။ လက်ပံပွင့်ချိန်မှာပဲ သူငယ်ချင်းတွေနဲ့ ခွဲခဲ့ရ၊ လက်ပံပွင့်ချိန်မှာပဲ သူတို့နဲ့ပျော်ရွှင်ခဲ့ရတာတွေကို အဆုံးသတ်ခဲ့ရတာဆိုတော့ ကျုပ်အတွက်တော့ လက်ပံပွင်ချိန်ရောက် တိုင်း သူငယ်ချင်းတွေကိုလည်းသတိရရင်း လွမ်းနေရအုံးမှာပါ။ သူတို့တွေကတော့ အကြောင်းကိုယ်စီနဲ့ သတိမှရနိုင်ကြသေးရဲ့ လားမပြောတတ်ပါဘူးဗျာ။ ဘာပဲဖြစ်ဖြစ်လေ လက်ပံပွင့်ချိန်တိုင်းဟာ ကျုပ်အတွက်တော့ ကျောင်းသားဘ၀က အဖြစ်လေးတွေကိုအမြဲတမ်းအမှတ်တရ ဖြစ်စေမှာပါ။ သူငယ်ချင်းတို့ရေ ငါကတော့မင်းတို့တွေနဲ့ ခွဲခွာခဲ့ကြတဲ့ လက်ပံပွင့်ချိန်မှာ အခုထိစာမေးပွဲတွေ ဖြေနေတုန်းပဲကွာ။ မင်းတို့တွေ သတိရမရဆိုတာ ငါမပြောနိုင်ပေမဲ့ ငါ့အတွက်တော့ မင်းတို့ကိုယ်စား လက်ပံပင်နဲ့လက်ပံပွင့်တွေ ရှိနေလို့ ဖြေသာပါသေးတယ်။ လက်ပံပွင့်ချိန်ရောက်တိုင်းလည်း ငါတို့ငယ်ငယ်ကကျောင်းသားဘ၀ကို ငါအမြဲတမ်းသတိရနေမှာပါ....။
အားလုံးပဲ လက်ပံတွေပွင့်တဲ့ နွေရာသီအချိန်လေးမှာ တစ်ချိန်တုန်းက သတိရစရာအဖြစ်လေးတွေကို ပြန်လည် အောက်မေ့နိုင်ကြပါစေဗျာ။
မျိုးခန့်(စကားဝါမြေ)
0 comments:
Post a Comment