ကျောက်ဖရုံပင်ကိုလူတိုင်းမြင်ဖူးကြမည်ထင်ပါတယ်။ ကျုပ်တို့ရွာမှာတော့ အခုလိုနွေရာသီ အလှူတွေပေါ တဲ့အချိန်ဆို ကျောက်ဖရုံးသီးစိုက်တဲ့သူက ၀င်ငွေကောင်းကြတယ်။ ဘာလို့လဲ ဆိုတော့ အလှူရှင်က အလှူ လှူဖို့ စီစဉ်ပြီဆိုကတည်းက အကျွေးအမွေးအတွက် ကျောက်ဖရုံသီးကို မပါမဖြစ် ထည့်စီစဉ်ရတယ်။ ရွာရဲ့ထုံးစံက အလှူဝင်နေ့ညနေ ကစပြီးတစ်ရွာလုံး မီးခိုးတိတ်ကျွေးတာဆိုတော့ ၀က်သားကျွေးတဲ့ အလှူဆိုရင် အလှူဝင်နေ့ ညနေပိုင်းမှာ ကျောက်ဖရုံသီးနဲ့ ၀က်ကလီစာကို ချက်ကျွေးတဲ့ဓလေ့က ယနေ့ထိတိုင်ပါပဲ။ ကျောက်ဖရုံသီးများများ ၀က်ကလီစာ ပါလေကာနဲ့အလှူဝင်ညနေထမင်းက စားလို့ အတော်ကောင်းပါတယ်။
အလှူပွဲကြီးနေ့မှာတော့ ၀က်သားဟင်းနဲ့ချဉ်ပေါင်ရွက်ချဉ်ရည်ဟင်း၊ ငါးပိကြော် နဲ့ ဖိတ်ကြားထားသမျှ ရပ်နီးရပ်ဝေးဧည့်သည်တွေကိုကျွေးမွေးဧည့်ခံပါတယ်။ ထမင်းဆိုလည်း အလျှံအပယ်၊ ဟင်းဆိုလည်း မိုးဗြဲဒယ်လေးငါးလုံးခန့်နဲ့ လာသမျှလူမစားရသူမရှိအောင် အလှူ့ရှင်က ကျွေးမွေးပါတယ်။
အိမ်ဝိုင်းထဲမှာ ကျောက်ဖရုံပင် သုံးလေးပင်လောက်စိုက်ထားရင် ငွေသုံးလေးထောင်ကတော့ အသာလေး ပါ။ ကျောက်ဖရုံပင်ကစိုက်ထားပြီးရင်အထူးတလည် ပြုစုနေဖို့မလိုပါဘူး။ နွားတင်ကုတ်အမိုးပေါ်တင်ပေးလိုက် ရင် သူ့ဘာသာဖူးပွင့်ပြီးသီးနေတာပါပဲ။ တချို့လည်းစင်ခံပြီးတော့ စိုက်ကြတယ်။ တချို့လည်း တောထဲက အသစ်တက်ထားတဲ့လယ်ကန်သင်းမှာ စိုက်ကြတယ်။ ကျောက်ဖရုံသီးတွေ ရင်မှည့်လာပြီဆိုရင် အခွံတွေက ဖြူပြာပြာဖြစ်လာပါတယ်။
နွားတင်းကုတ်အမိုးပေါ်မှာများ ကျောက်ဖရုံပင်တင်ထားရင် ကျောက်ဖရုံသီတွေရင့်တဲ့အခါဆို အဝေးကနေ ကြည့်ရတာ အမြင်တစ်မျိုးကောင်းလှတယ်။ လသာတဲ့ ညမျိုးတွမှာ ဖြူဖွေးဖွေးကျောက်ဖရုံသီးတွေကို တင်းကုတ်အမိုးပေါ်မှာ အထင်းသားမြင်တွေ့နိုင်ပါတယ်။ နောက်ပြီး တခြားအသီးအနှံလို လှည့်လည်ရောင်း ချစရာမလိုဘူး။ ကျောက်ဖရုံသီးရှိတယ်ဆိုတာသိရင် ၀ယ်ချင်သူက အိမ်တိုင်ယာရောက်လာဝယ်ပါတယ်။ တခြားရွာတွေကလည်း လှည်းနဲ့လာဝယ်ကြတယ်။ အရင်းမရှိ အမြတ်များများရတဲ့ သီးနှံတစ်မျိုးပေါ့ဗျာ။
ကျောက်ဖရုံသီးကို မနုမရင့်အချိန်မှာ ဟင်းချိုချက်စားရင်လည်း စားလို့ကောင်းပါတယ်။ သူ့အရွက်ကတော့ ဖရုံရွက်နဲ့ယှဉ်ရင် အမွှေးထူတာကြောင့် သိပ်ပြီးဟင်းချက်မစားကြပါဘူး။ အကောင်းဆုံးတွဲဖက်ကတော့ ၀က်ကလီစာ ဒါမှမဟုတ် ၀က်သားနဲ့ အတော်လေး ဖက်မိပါတယ်။ ကျုပ်ကတော့ ရွာကအလှူတွေမှာ ကျွေးနေကျ ၀က်ကလီစာနဲ့ချက်တာကိုပဲ စားဖူးပါတယ်။ နောက်ပြီး အဲ့ဒီဟင်းက လူရွှင်တော် တွေအတွက် ပျက်စရာပြက်လုံးတစ်ခုလည်း ဖြစ်ပါတယ်။ အလှူဝင်နေ့ည အငြိမ့်စင်ပေါ်ရောက် ရင် လူရွှင်တော်တွေ အမြဲတမ်းထည့်ပြက်တဲ့ ပြက်လုံးပေါ့။ အဓိကကတော့ ဟင်းထဲမှာ ကျောက်ဖရုံသီးက များများဝက်ကလီစာကနည်းနည်းမို့ဝက်ကလီစာဖတ်ဘယ်လိုရှာရတယ်ဆိုတာကိုရယ်စရာအဖြစ် ပြက်တာပါ။
ကျောက်ဖရုံသီးကို ဆေးဘက်မှာလည်းသုံးတယ်လို့တော့ကြာဖူးပါတယ်။ ရွာမှာတော့ သိပ်ပြီးသုံးတာမတွေ့ မိပါဘူး။ ကျောက်ဖရုံယိုဆိုတာလည်း စားတော့စားဖူးတယ် ဘယ်လိုလုပ်လဲဆိုတာမသိပါဘူး။ ရွာမှာတော့ ဟင်းချက်စားတာကလွဲရင် ဆေးဘက်မှာသုံးတာ မတွေ့ဖူးပါဘူး။ သိသူများရှိရင် ဗဟုသုတအဖြစ် မျှဝေပေး ပါအုံးဗျာ....။
မျိုးခန့်(စကားဝါမြေ)
1 comments:
Nice post. I like it.
Iora
Post a Comment