အညာသားတို့ဆီမှာ သီတင်းကျွတ်လရောက်ပြီဆိုရင် ရွှေဖရုံသီးတွေပေါပါတယ်။အညာရွှေဖရုံသီးကစေးစေးလေးနဲ့စားလို့အင်မတန်ကောင်းပါတယ်။အညာမှာရွှေဖရုံသီးကို ဟင်းချိုချက်စားတယ်၊ မုန့်နှစ်နဲ့ကြော်စားတယ်။ ကောက်ညှင်းနဲ့ထမနှဲထိုးစားတယ်။အခြမ်းလိုက်ပြုတ်ပြီးဆီနဲ့ဆားရောဖျော်ပြီးတို့စားတယ်။ အမှည့်ကို ပါးပါးလှီး နေလှန်းပြီး ထန်းပိုဦးထန်းလျက်နဲ့ ဖရုံယိုထိုးစားကြတယ်။ သီတင်းကျွတ်ဘုရားပွဲဆိုရင်တော့ ရွာဦးကျောင်းမှာရွှေဖရုံသီးကိုဝက်သားနဲ့ရောချက်ပြီး ဘုရားပွဲလာသမျှလူတိုင်းကို ထမင်းကျွေးပါတယ်။ နေ့လယ်နေ့ခင်းမှာ အဖွားလုပ်ကျွေးတဲ့ ဖရုံသီး ကောက်ညှင်းထမနှဲက နွားကျောင်းပြန်လာတဲ့ ကျနော်တို့ မြေတစ်စုအတွက် အလွန်ကောင်းတဲ့ အဆာပြေအစားအစာပါပဲ။ အခုတော့လည်း အဲ့ဒီအစားအစာတွေနဲ့ဝေးနေတာကြာပါပြီ။
ထိုင်းနိုင်ငံမှာလည်းမြန်မာနဲ့နီးတော့အစားအစာအသီးအနှံတော်တော်များများကမြန်မာနဲ့တူလို့အညာသားအတွက် အဆင်ပြေလှပါတယ်။တလောက အညာဂွေးသီးမှည့်တွေ့လို့ ဝယ်စားသေးတယ်။ ဆီးဖြူသီးလည်းဝယ်လို့ရတယ်။ ချက်ပြုတ်စားဖြစ်တဲ့ဟင်းလေးတွေအကြောင်းအများဆုံးပြောဖြစ်တာကတော့ အိမ်ကအမေနဲ့ပါပဲ။ အဝေးမှာနေတဲ့သားအတွက် အမြဲတမ်းစိတ်ပူနေတတ်လို့ နှစ်သိမ့်ရင်း အဆင်ပြေတဲ့အကြောင်းကိုပြောပြရတာပေါ့။ အစားအစားတွေဘယ်လိုပေါကြောင်း အသီးအနှံတွေကမြန်မာပြည်မှာလိုဝယ်လိုရကြောင်းတွေပြောရင် ဝမ်းတွေသာလို့။ တခါတလေ ဒီဘက်နေ ဗွီဒီယိုခေါ်ပြီး ထမင်းစားရင်းစကားပြောပေါ့။အဓိကကကိုယ့်ကိုမြင်တဲ့အခါ အမေ့မျက်နှာပြုံးနေဖို့ပဲလေ။ အခုလည်း အမေနဲ့ပြောတုန်းက ပြောဖြစ်တဲ့ဟင်းခွက်လေးတွေကို အားလုံးအတွက်တင်ပေးလိုက်ပါတယ်ဗျာ။ချက်ပြုတ်နည်းကတော့သိပ်ပြီးမခက်ခဲတာကြောင့် သပ်သပ်မရေးတော့ပါဘူး။
ဒီဟင်းကတော့ အညာဖရုံသီးကိုပဲသီးနဲ့ရောပြီးပင်စိမ်းရွက်လေးအုပ်ပြီးချက်ထားတာပါ။ ရုံပတီးသီးနဲ့ မျှစ်ဆတ်ထည့်ချက်ရင်လည်းရပါတယ်။ ဒီဟင်းကို မန်ကျည်းသီးထောင်း ငါးခြောက်ဖုတ်သို့မဟုတ်ငါးပိကောင်ကြော်တို့နဲ့တွဲဖက်စားလို့အလွန်လိုက်ဖက်ပါတယ်။
ဒါကတော့ ရွှေဖရုံသီးဟင်းနဲ့တွဲဖက်စားဖို့ ဆိုင်ကဝယ်တဲ့ငါးပိကောင်ကြော်ကို ငရုတ်သီးကြက်သွန်တို့နဲ့ရောပြီး ပြန်ကြော်ထားတာပါ။ စားလို့အလွန်ကောင်းပါတယ်။
ကျနော်ကမျက်မှန်သမားမို့ ရွှေဖရုံသီးက မျက်စေ့နဲ့တည့်တယ်ဆိုတာ ဖတ်ရလို့ မကြာခဏ ဝယ်ပြီးချက်စားဖြစ်ပါတယ်။ကျောင်းကလူတွေကတော့အသီးအရွက်ပဲစားလို့ ကျန်းမာတာဆိုပြီးပြောကြတယ်။ ကိုယ်စားတဲ့အစားအစာအများစုကလည်း တခါတလေ ငါးနဲ့ကြက်ဥကလွဲရင် ကျန်တဲ့အချိန်က အသီးအရွက်ဟင်းတွေပဲများပါတယ်။ နောက်လည်းအညာဟင်းလေးတွေ တင်ပေးပါအုံးမယ်ဗျာ။ လာလည်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကိုဗစ်ကပ်ရောဂါဘေးမှ ကင်းဝေးကြပါစေလို့ ရွှေညာသားက ဆုတောင်းမေတ္တာပို့သပါတယ်။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွေညာသား
၁၃၈၂ ခုနှစ် တန်ဆောင်မုန်းလဆန်း (၅) ရက်
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၁၉) ရက်
0 comments:
Post a Comment