ကိုဗစ်ကာလမှာ အညာသားတို့ကျောင်းထဲက ညနေပိုင်းရောင်းတဲ့ ဟင်းချက်စရာဈေးလေးကအမြဲတမ်း
ရောင်းပေးလို့ အပြင်မထွက်ရပေမဲ့ အသီးအရွက်လေးတွေ ဝယ်စားလို့ရသေးတယ်။
တနေ့ ညနေခင်းဈေးသွားရင်း ထန်းသီးဆံရောင်းနေတာတွေ့လို့ ဝယ်ပြီးချက်စားဖြစ်တယ်။
အညာမှာထန်းသီးဟင်းချက်ရင်ဇွန်းထိုးကော်လို့ရတဲ့အနေအထားကိုချက်စားတာများတယ်။
ထန်းသီးဆံကမနုမရင့်အရည်မခမ်းခင်အနေအထား။သူတို့ရောင်းတာကထန်းသီးဆံကိုတခုချင်းစီသေချာ
ထွင်ပြီးတော့အိတ်ထဲမှာထည့်ထားတာ။အပြင်ကကြည့်တော့မာနေတယ်ထင်ရပေမဲ့ဓားနဲ့လှီးလိုက်တော့
အထဲကအရည်လေးတွေပါသေးတယ်။ဟင်းချက်လို့ကောင်းတဲ့အနေအထားပါပဲ။မန်ကျည်းရွက်လည်းတွေ့တာနဲ့
တစ်ဆယ်ဖိုးဝယ်ပြီးထန်းသီးနဲ့ချက်စားဖြစ်ပါတယ်။တော်တော်များများကတော့မစားဖူးကြဘူးပြောတယ်။
ကျနော်တို့အညာဘက်မှာကထန်းသီးပေါ်ချိန်ဆိုထန်းသီးဟင်းကရာသီစာဟင်းတခွက်ပါ။ထန်းသီးမရင့်မချင်း
မန်ကျည်းရွက်နဲ့ချက်စားကြတယ်။သရက်သီးစိမ်းနဲ့လည်းချက်စားလို့ရတယ်။ထန်းသီးရဲ့အချိုဓာတ်နဲ့
မန်ကျည်းရွက်ချဉ်နဲ့ဆိုတော့အရသာကချဉ်ဖြုန်းဖြုန်းလေးပေါ့။
ထန်းသီးမချက်ခင်အနေအထား
ဟင်းချက်နည်းကလွယ်ပါတယ်။ချက်မည့်အိုးထဲကိုထန်းသီးထည့်ကြက်သွန်တစ်လုံးခရမ်းချဉ်သီးတစ်လုံး
ငါးပိအနည်းငယ်ဆီဆားနနွင်းသင့်တော်ရုံထည့်ပြီးရေနည်းနည်းနဲ့အရင်လုံးပါ။ဆီသတ်ပြီးချက်လို့လည်း
ရပါတယ်။ဟင်းအိုးပွက်လာလို့ ထည့်ထားတာတွေကျက်လောက်ပြီဆိုမှမန်ကျည်းရွက်ကိုထည့်ပြီးမွှေပါ
မန်ကျည်းရွက်ထည့်ပြီးရေနည်းနည်းထပ်ဖြည့်မီးအေးအေးနဲ့ချက်ပါ။နောက်ဆုံးအိုးချခါနီးရင်ငရုတ်သီးစိမ်းကို
ကြက်သွန်ဖြူတစ်လုံးနဲ့အလုံးကွဲထောင်းပြီးအုပ်ပါ။နံနံပင် သို့မဟုတ် ပင်စိမ်းရွက်ကြိုက်ပါက ထည့်နိုင်ပါတယ်
ကြက်သွန်ဖြူငရုတ်သီးစိမ်းနဲ့တင် ဟင်းကစားချင်စဖွယ်မွှေးကြိုင်နေပါပြီ။ထန်းသီးဟင်းကိုတော့ ငါးပိကောင်ကြော် ငါးခြောက်မီးဖုတ် စတာတွေနဲ့တွဲဖက်ပြီးစားသုံးနိုင်ပါတယ်။ အစပ်မကြိုက်ရင်တော့
ငရုတ်သီးမထည့်ဘဲကြက်သွန်ဖြူထောင်းအုပ်ပါ။ ငရုတ်သီးကိုကြက်သွန်ဖြူနဲ့ရောထောင်းပြီး
ထန်းသီးဟင်းနဲ့တွဲဖက်စားလို့လည်းကောင်းပါတယ်။
ချိုချဉ်အရသာလေးနဲ့ ထမင်းမြိန်စေတဲ့ ထန်းသီးဟင်းပါဗျ
နံနံပင်အသင့်ရှိတာနဲ့ နံနံပင်အုပ်ထားပါတယ်
ငရုတ်သီးကိုကြက်သွန်ဖြူထောင်း
ထန်းသီးဟင်းနဲ့ငရုတ်သီးကြက်သွန်ဖြူထောင်း
ကျနော့်အတွက်တော့ အမေ့အိမ်နဲ့ခွဲနေရချိန်မှာ ဒီလိုဟင်းမျိုးလေးတွေစားရတာဘာနဲ့မှမလဲနိုင်တဲ့အရသာပါပဲ
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကိုဗစ်ရောဂါဘေးမှကင်းဝေးကြပါစေလို့ ရွှေညာသားက မေတ္တာပို့သပါတယ်ဗျာ။လာလည်ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။
အားပေးမှုကိုအစဉ်လေးစာလျက်
ရွှေညာသား
၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် (၇) ရက်
၂၀၂၀ ပြည့်နှစ် ဇူလိုင်လ (၁၁) ရက်
0 comments:
Post a Comment