ကြက်သွန်ကြော်နဲ့ဗူးသီးကြော်
ဗူးသီး၊ ရုံးပတီသီး၊ မြင်းခွာရွက်ကြော်
အကြော်နဲ့စားဖို့ မန်ကျည်းသီးမှည့်အချဉ်ရည်
ဗူးသီး၊ရုံးပတီသီး၊မြင်းခွာရွက်နဲ့ကြက်သွန်တို့ကိုပုစွန်ကြော်တဲ့တန်ပူရာမှုန့်အနှစ်ဖျော်ပြီးကြော်ထားတာပါဗျ။
ဘာမှရောစပ်စရာမလိုဘဲခပ်ပျစ်ပျစ်လေးဖျော်ပြီးနှစ်သက်ရာအသီးအနှံကိုနှစ်ပြီးကြော်လို့ရပါတယ်။
အကြော်မှာအချဉ်ရည်ကအဓိကကျတာမို့အညာသားလုပ်တဲ့အချဉ်ရည်ဖျော်နည်းကိုမျှဖော်ပြပေးလိုက်ပါတယ်။
မန်ကျည်းသီးမှည့်ကိုရေစင်အောင်အရင်ဆေးပြီးရေနွေးဆူပြီးသားနဲ့ဆယ့်ငါးမိနစ်ခန့်စိမ်ထားပါ။ငရုတ်သီး၊
ကြက်သွန်ဖြူ၊ချင်းသုံးမျိုးကိုခပ်ကြမ်းကြမ်းထောင်းပါ။သိပ်ပြီးညက်ဖို့မလိုပါဘူး။ပြီးရင်ထောင်းထားအရောကို
ပန်းကန်ထဲမှာထည့်ရေနွေးစိမ်ထားတဲ့မန်ကျည်းမှည့်ကိုလက်နဲ့ချေပြီးအပေါ်ပိုင်းအရည်ကိုစစ်ထည့်အပျစ်အကျဲ
ကိုရေနွေးနဲ့လိုသလိုစပ်ပြီးယူပါ။အဲ့ဒီနောက်ဆားနည်းနည်းပိုထည့်၊ငံပြာရည်အနည်းငယ်ထည့်၊အရသာမှုန့်
သို့မဟုတ်ဟင်းချိုမှုန့်၊သကြားတခုခုကိုသင့်တော်ယုံထည့်ပြီးမွှေပါ။အပေါ့အငန်ကိုတော့လိုအပ်သလိုပြင်လို့ ရပါတယ်။နောက်ဆုံးမှပူစီနံသို့မဟုတ်နံနံပင်ကိုကပ်ကြေးနဲ့ညှပ်ထည့်ပါ။တချို့ကတော့ဂေါ်ဖီထုပ်ကိုပါးပါး
လှီးပြီးထည့်ကြပါတယ်။ဆိုင်တွေမှာတော့ဂေါ်ဖီနဲ့ပူစီနံကိုသပ်သပ်ပန်းကန်နဲ့ထည့်ပေးပါတယ်။အကြော်ဆိုင်
နာမည်ကြီးတာမှာအချဉ်ရည်ကအဓိကကျပါတယ်။အကြော်ကောင်းတာနဲ့မပြည့်စုံပါဘူး။သူနဲ့တွဲဖက်စားသုံး
မည့်အချဉ်ရည်ကလည်းအရေးပါ ပါတယ်။
ငယ်ငယ်ကရွာမှာပွဲတွေရှိရင်အမေနဲ့အကြော်ရောင်းခဲ့ရတယ်။အမေ့ဆိုင်ကသူများဆိုင်တွေထက်စားသုံးသူ များပါတယ်။စားတဲ့သူတွေကိုဘာကွာလဲမေးကြည့်တော့ဒီဆိုင်ကအချဉ်ရည်ကစားလို့ပိုကောင်းတယ်လို့ပြော ပါတယ်။တချို့ဆိုထမင်းနဲ့စားဖို့အကြော်ဝယ်ရင်အချဉ်ရည်ပိုထည့်ခိုင်းပါတယ်။အချဉ်ရည်ကထမင်းနဲ့လည်း စားလို့ဖြစ်တယ်တဲ့။ပွဲပြီးလို့အမြတ်တွက်ရင်အမေ့ဆိုင်ကသူများထက်နည်းနည်းတော့ပိုပြီးအမြတ်ရပါတယ်။
ဝယ်စားတဲ့သူတွေလည်းကိုယ်စားသလိုမျိုးစားရပါစေဆိုတဲ့စေတနာကိုရှေ့ထားပြီးရောင်းတာကြောင့်
စေတနာကရောင်ပြန်ဟတ်တာထင်ပါတယ်။ဒီထက်ကောင်းတဲ့အချဉ်ရည်ဖျော်နည်းများလည်းရှိနိုင်ပါတယ်။
ဒီနည်းကအမေသင်ပေးထားတဲ့အတိုင်းရွှေညာသားဖျော်ထားတာပါး)
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။လာရောက်လည်ပတ်ကြတဲ့အတွက်လည်းကျေးဇူးတင်
ပါတယ်။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား
0 comments:
Post a Comment