photo credit>>> google images
ရွာကျောင်းမှာတုန်းကကျောင်းဝတ်စုံမဝတ်ခဲ့ရဘဲဖြစ်သလိုအဝတ်အစားနဲ့ပြေးလွှားကျောင်းတက်ရင်းလေးတန်း
ရောက်တော့အမေကကျနော်တို့ညီအစ်ကိုတွေအတွက်လက်ဖြစ်ဖျင်ကြမ်းပုဆိုးလေးတွေတစ်ယောက်နှစ်ထည်
ကျောင်းဖွင့်ချိန်အမီရက်ကန်းယက်ပြီးချုပ်ပေးတယ်။ကျောင်းစိမ်းဆိုလို့အစိမ်းရောင်ချည်းသက်သက်မဟုတ်ပါဘူး။
အစိမ်းရောင်ချည်ကိုတိုင်ပြီးအမည်းရောင်ချည်ဖောက်အနားမှာအဖြူရောင်တမြက်ခွဲထည့်ပြီး(ချည်လေးချောင်းကို တမြက်ဟုရက်ကန်းမှာရေတွက်)ယက်ထားတာပါ။မြင်လွယ်အောင်ပြောရရင်ယနေ့ခေတ်ကျောင်းသားအများစု
ဝတ်ကြတဲ့ဝက်ဝံတံဆိပ်ကျောင်းစိမ်းပုဆိုနဲ့အရောင်တူပါတယ်။မိန်းခလေးတွေအတွက်ကိုတော့အစိမ်းချည်တိုင်
အစိမ်းချည်နဲ့ဖောက်ပြီးယက်လေ့ရှိပါတယ်။သူတို့အတွက်ကိုတော့အနားကွပ်မထည့်ပါဘူး။
အဲ့ဒါကြောင့်အနားကွပ်ကိုကြည့်ပြီးယောကျာ်းလေးဝတ်မိန်းခလေးဝတ်အလွယ်တကူခွဲခြားနိုင်ပါတယ်။ဖျင်ကြမ်း
ဆိုတော့သိတဲ့အတိုင်းအသစ်ဆိုဝတ်ရတာတောင့်တောင်ကြီးနဲ့အဆင်မပြေပါဘူး။အဲ့ဒါကြောင့်ဖျင်ကြမ်းပုဆိုးသစ်
ကိုညအိပ်တဲ့အခါဝတ်အိပ်ခိုင်းပါတယ်။ပြီးရင်နှစ်ရေလောက်လျှော်ပြီးမှဝတ်လို့ကောင်းပါတယ်။လေးတန်းနှစ်မှာ
အဲ့ဒီဖျင်ကြမ်းပုဆိုးနဲ့နှစ်ပါးသွားခဲ့ရတာကိုပြန်မြင်ယောင်မိပါတယ်။
လေးတန်းအောင်လို့ငါးတန်းနှစ်ရောက်တော့ရွာနဲ့သုံးမိုင်ခန့်ဝေးတဲ့လက်ပံပျားကအထက်တန်းကျောင်းခွဲကိုသွား
ကျောင်းတက်ရပါတယ်။အဲ့ဒီလောက်ဝေးတဲ့ခရီးကိုပညာသင်နှစ်တစ်နှစ်လုံးခြေလျင်ခရီးနှင်ပြီးကျောင်းတဲ့ခဲ့ရတဲ့
အကျိုးကအခုချိန်ထိသူများနဲ့အတူယှဉ်လမ်းလျှောက်ရင်ကိုယ်ကရှေ့ကိုနှစ်လမ်းလောက်ပိုပိုရောက်နေတော့
တာပါပဲ။မနက်လင်းလို့(၆)နာရီခွဲလောက်ဆိုအိမ်ကနေထွက်နှစ်နာရီနီးပါးလမ်းလျှောက်ပြီး၊ကျောင်းတက်
ခေါင်းလောင်းမထိုးခင်ကျောင်းကိုရောက်ပါတယ်။နေသာတဲ့နေ့မှာသွားလို့ကောင်းပေမဲ့မိုးရွာတဲ့နေ့တွေဆိုရင်
လွယ်အိတ်ကတဖက်၊ဖိနပ်ကတဖက်၊ထမင်းချိုင့်ကပါသေးတယ်။မှတ်မှတ်ရရအဲ့ဒီကျောင်းမှာကိုးတန်းအထိနေ
ခဲ့တာ။မိုးတွင်းဆိုထီးတလက်ကောင်းကောင်းမကိုင်နိုင်ခဲ့ပါဘူး။ဒါကြောင့်မိုးတွင်းဆိုရင်လွယ်အိတ်ထဲမှာ
ကျန်ကျောင်းတံဆိပ်ငါးကျပ်တန်ကျွတ်ကျွတ်အိတ်အမြဲဆောင်ထားရပါတယ်။ကျောင်းပြန်လို့လမ်းမှာမိုးရွာရင်
လူသာစိုစေ၊စာအုပ်မစိုစေနဲ့ဆိုတဲ့အတိုင်းလွယ်အိတ်ကိုကျန်ကျောင်းအိတ်နဲ့စွပ်မိုးလုံအောင်ထုပ်လက်ကဆွဲပြီး
ကျန်တဖက်ကဖိနပ်ကိုကိုင်ရွှံ့ဗွက်ထဲမှာလမ်းလျှောက်ခဲ့ပြန်ခဲ့ရတာအဲ့ဒီအချိန်တုန်းကတော့စိတ်ညစ်စရာအလွန်
ကောင်းပါတယ်။ဒါပေမဲ့အခုနေများပြန်လည်ခံစားခွင့်ရရင်ပျော်နေမလားမပြောတတ်ပါဘူး။
သုံးမိုင်ခရီးကိုနေ့တိုင်းခြေလျင်လျှောက်ရတဲ့ကျနော်တို့ခြေထောက်မှာအမြဲရီးလေးခိုလိုက်တာကတော့အဲ့ဒီအချိန်
ကယိုးဒယားနိုင်ငံထုတ်လိပ်တံဆိပ်ဖော့ဖိနပ်လေးပါ။ဆင်ကြယ်တံဆိပ်ဖိနပ်စီးနိုင်တဲ့သူကမင်းသားဆိုတော့
ကိုယ်တွေကတော့ဖော့ဖိနပ်နဲ့ဆင်းရဲသားနေရာလောက်ပေါ့ဗျာ။နေ့တိုင်းသွားရပါများတော့ဖိနပ်နောက်မြီးတွေ
ကတိုတိုလိုက်လာတာကျောင်းနှစ်တဝက်လောက်ဆိုဖနောင့်မလုံတော့ဘူး။သို့သော်လည်းမပြတ်မချင်းတော့
နောက်မြီးတိုနဲ့ပဲဆက်လျှောက်ခဲ့ရတာပါပဲ။အဲ့ဒီလိပ်တံဆိပ်ဖိနပ်ဆိုတာလည်းခိုင်သလားမမေးနဲ့နောက်မြီးတို
အောက်ကခုံပါးသွားတဲ့အထိဖိနပ်တည်းကြိုးကဘယ့်နှယ်မှမနေဘူး။တခြားဖိနပ်ကိုပြောင်းတတ်ပြီးစီးလို့ရသေး
တယ်။အဲ့လောက်ထိခိုင်တဲ့ဖိနပ်နဲ့မှကျနော်တို့ကျောင်းသွားလမ်းခရီးကအဆင်ပြေပါတယ်။ကားလမ်းပေါ်ရောက်
တဲ့အခါတော့တခါတလေသနားတတ်တဲ့ကားသမားများ၊သားသမီးချင်းကိုယ်ချင်းစာတတ်တဲ့ကားသမားများက
ကျောင်းရှေ့ရောက်အောင်တင်ခေါ်တတ်ပါတယ်။အဲ့ဒီလိုအခါမျိုးဆိုရင်လေကျနော်တစ်တွေမှိုရတဲ့မျက်နှာလို
ပြုံးပျော်ရွှင်မြူးနေကြတာပေါ့။ကျောင်းကိုလည်းစောစောရောက်ပြီးကစားဖို့အချိန်လည်းရသေးတယ်။ဒီလိုကြုံ
တာကလည်းတနှစ်လုံးမှကံကောင်းရင်နှစ်ခါလောက်ပါ။ဘာလို့လဲဆိုတော့ကားသမားတွေကကျောင်းသားတွေ တင်ရတာအန္တရာယ်များလို့မတင်ချင်ကြဘူးတဲ့။အဲ့ဒီတော့ကျနော်တို့တစ်တွေလည်းနေ့စဉ်နေ့တိုင်း ၉၆၉၃
(ကိုယ့်ခြေထောက်ကိုယ်သုံး)နဲ့ပဲကျောင်းတက်ရတာများပါတယ်။တောသားတွေအဖို့တော့ဒီလောက်ခရီးက
စာမဖွဲ့လောက်ပါဘူးလေနော်။
အဲ့ဒီလောက်လမ်းလျှောက်ခဲ့ရတာမို့ခြေထောက်တွေကအခုထိအကျင့်ပါနေတုန်း။လမ်းသွားရင်ကိုယ်ကပုံမှန်
ပေမဲ့ဘေးကလူပြေးလိုက်ရတဲ့အဖြစ်။ဆောင်းရာသီရောက်ရင်သူများတွေအိပ်ကောင်းကွေးကောင်းတုန်း
ကျနော်တို့တစ်တွေကလွယ်အိတ်ကိုစလွယ်သိုင်း၊ပုဆိုလေးတွေခြုံလို့ကျောင်းသွားလမ်းပေါ်ရောက်နေပြီ။ ခဲနေတဲ့အုန်းဆီပုလင်းကိုမီးဖိုဘေးချပြီးပျော်လာတဲ့အုန်းဆီကိုခေါင်းမှာလိမ်းရွာ့အပြင်ရောက်တာနဲ့ခေါင်းပေါ်မှာ
အုန်းဆီပြန်ခဲသွားလို့ဆံပင်တွေကအတောင့်လိုက်လေးတွေ။အခုခေတ်ဂျယ်လ်တွေလောက်တော့ပျင်းတောင်
ပျင်းသေးပေါ့။နေမထွက်ခင်အထိကတော့ဆံပင်ကပုံမပျက်ဘူး။အဲ့ဒီအချိန်ဆိုလမ်းတွေကဖုန်တွေထခြေထောက်
တွေပေါ်ဖုန်တွေတင်ပြီးတဖြည်းဖြည်းခြေသလုံးတွေမှာပတ်ကြားအက်တွေထင်လာရော။ဖြတ်သွားနေကျချောင်း
ရေကလည်းခန်းစပြုတော့ကျောင်းကပြန်ရင်ချောင်းစပ်မှာထိုင်ခြေထောက်ကိုရေစိမ်ကပ်လာသမျှဖုန်တွေကို
ရေနူးပြီးခဲနဲ့ချေးတွန်းရင်းအပန်းဖြေကြတယ်။ပတ်ကြားအက်လေးတွေနဲ့တင်းနေတဲ့ခြေသလုံးကြွက်သားလေး
တွေပေါ်ကိုများစာမရလို့အရိုက်ခံရပြီဆိုသွေးလေးတွေများစို့လို့ပေါ့။အဲ့ဒီလိုနဲ့ဆောင်ကုန်ခါနီးရင်မိုးတွင်းမှာမြင်
ရတဲ့ရွှံတွေကခရောင်းလမ်းတွေဖြစ်စိမ်းစိုနေတဲ့သစ်ပင်တွေမြက်တောတွေကအဝါရောင်တွေပြောင်းကုန်ကြပြီ။
ကျောင်းသွားလမ်းတစ်လျှောက်ယာခင်းစပ်ကဆီးပင်တွေအောက်ဆီးသီးကောက်စား၊မန်းကျည်းပင်အောက်
ရောက်တော့မန်ကျည်းသီးကောက်စားနဲ့သွားလိုက်ပြန်လိုက်မောရပမ်းရမှန်းမသိဘဲကျောင်းတက်လာခဲ့တာ
ခက်ခဲတာတွေရှိခဲ့သလိုပျော်စရာတွေလည်းပြည့်နေခဲ့ပါတယ်။ဒါပေမဲ့လေအဲ့ဒီလိုအခက်အခဲတွေခရောင်းလမ်း
တွေဖြတ်ခဲ့ရခြင်းသည်ပင်ယခုလက်ရှိအခြေအနေကိုရောက်အောင်တွန်းပို့ခဲ့တာပါလားဆိုတဲ့အသိကစိတ်ထဲ
ဝင်လာချိန်မှာတော့ကြုံလာရမည့်အခက်အခဲတွေအတွက်ခွန်အားတွေဖြစ်လာပါတယ်။
လက်ရှိမှာမတောင့်မတမကြောင့်မကြနဲ့ပညာသင်ကြားခွင့်ရနေသော်လည်းတချိန်ကဖြတ်သန်းခဲ့ရတဲ့အဖြစ်တွေ
ကိုတော့ဘယ်တော့မှမေ့လို့မရပါဘူး။ပြန်တွေးလိုက်တိုင်းအစီအရီပေါ်ပေါ်လာလို့ဒီစာလေးတွေရေးနိုင်တာပါ။
နှစ်တွေကြာလာလို့အဟောင်းတွေကအသစ်ပြန်မဖြစ်လာနိုင်ပေမဲ့အဲ့ဒီအဟောင်းလေးတွေအတိုင်းပြန်ပြီးတသ
ခံစားရခြင်းသည်ပင်အသစ်နဲ့မလဲနိုင်တဲ့ရသကိုပေးစွမ်းနေတာပါ။ဒါကြောင့်ကျနော်ဖြင့်လေ အကြောင်းအခွင့်
တိုက်ဆိုင်လာတိုင်းကျောင်းသားဘဝဖြတ်သန်းခဲ့ရတဲ့အခက်အခဲဆုံးနေ့တွေကိုပြန်လည်အမှတ်ရလွမ်းဆွတ်
နေမိမှာပါ။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား
0 comments:
Post a Comment