အလှူမှာကျွေးဖို့အတွက်ကိုတော့အများအားဖြင့်ကိုယ့်လယ်ရဆန်ကိုသာသုံးပါတယ်။ဆီဆိုလည်းကိုယ့်ယာထွက်နှမ်းကိုကြိတ်ပြီးသုံးပါ
တယ်။ဒါကြောင့်အလှူတစ်ခုလုပ်ဖို့စိတ်ထဲမှာကြံထားပြီဆိုရင်ဆန်နဲ့ဆီကိုကိုယ့်လယ်ယာကလုံလောက်အောင်ထွက်ပါမှအဆင်ပြေပါ
တယ်။တောင်သူလယ်သမားတွေဖြစ်တာကြောင့်အနှစ်နှစ်အလလကကြိုတင်ပြီးနည်းနည်းစီစုဆောင်းထားရပါတယ်။ပိုက်ဆံချမ်းသာ
တဲ့သူများအတွက်တော့ကြိုက်တဲ့အချိန်ထလှူနိုင်တာပေါ့ဗျာ။အဲ့ဒီလိုစုဆောင်းပြီးအလှူတစ်ခုလုပ်ဖို့လုံလောက်တဲ့အတိုင်းအတာကို
ရောက်မှလယ်ယာလုပ်ငန်းခွင်ပြီးတဲ့တပေါင်းတန်ခူးလတွေမှာရွာဦးဘုန်းကြီးကျောင်းကိုဆွမ်းအုပ်နဲ့သွားပြီးနေ့ကောင်းရက်မြတ်ရွေး
ပါတယ်။
အလှူရက်ရွေးပြီးပြီဆိုရင်တော့အိမ်ရှိလူအကုန်မနားရတော့ပါဘူး။အလှူရက်ကတကယ်ဆိုနှစ်ရက်ပဲရှိတာပါ။ဒါပေမဲ့အဲ့ဒီနှစ်ရက်အ
အတွက်ပြင်ဆင်ရတာကတစ်လနှစ်လလောက်ကြာပါတယ်။လိုအပ်သမျှအကုန်လုံးကိုထောင့်စေ့အောင်စီစဉ်ရတာမို့လူပင်ပန်းစိတ်
ပင်ပန်းဖြစ်ရပါတယ်။
တောရွာဓလေ့ဆိုတော့လည်းအလှူမှလှူရင်ဆိုင်းဝိုင်းနဲ့မင်းသမီးကလည်းမဖြစ်မနေပါအောင်ထည့်ရပါတယ်။နောက်ဆုံးဆိုင်းဝိုင်းကြီး
မထည့်နိုင်ရင်တောင်ခြောက်လုံးပတ်နဲ့ကျေးညိမ့်လေးတော့ပါရတယ်။အလှူကြီးလှူပြီးဗြောသံလေးမှမကြားရရင်တခုခုလိုနေသလိုခံ
စားရတယ်ဆိုပြီးပြောကြသလို၊အဲ့ဒါမှမပါရင်လည်းအလှူကလူမစည်ဘူးဆိုပြီးဆိုတဲ့သူကလည်းရှိပါသေးတယ်။ဒါကြောင့်ဆိုင်းဝိုင်းနဲ့
မင်းသမီးကိုလည်းမဖြစ်မနေငှားရပါတယ်။တောသူတောင်သားတွေအတွက်ဗွီဒီယိုဆိုတာလည်းအချိန်တိုင်းကြည့်ကြရတာမျိုးမဟုတ်
တော့အလှူအတန်းလေးရှိပါမှဆိုင်းသံဗုံသံကြားရတတ်တာမဟုတ်လား။ပွဲဝါသနာအိုးတွေပီပီဆိုင်းသံဗုံသံကြားလို့ကတော့ကောင်း
ကောင်းမကောင်းကောင်းပတ်စာခွာမှဖျာသိမ်းပြီးပြန်ကြတာပဲ။
အရင်တုန်းကတော့ဆိုင်းတို့မင်းသမီးတို့အတွက်ကုန်ကျစရိတ်ကိုဆွေမျိုးတွေကတစ်ဦးချင်းစီတာဝန်ယူကြတယ်။ဒါကြောင့်ဆွေမျိုးများ
များရှိတာလည်းအဲ့လိုနေရာတွေမှာအားကိုးရပြန်တယ်။ဒါပေမဲ့ဆွေမျိုးများတိုင်းလည်းမဟုတ်ပါဘူး။ကိုယ့်အခြေအနေကလည်းအတော်
အသင့်ရှိထားမှဆေးဖော်ကြောဖက်လုပ်ချင်တာကများပါတယ်။အလှူလှူဖို့ကြံစည်ထားလို့ရွာထဲသတင်းပျံ့သွားရင်ပွဲကြိုက်မမတို့က
ဘယ်သူ့ဆိုင်းကိုတော့ရအောင်ငှားတော်၊မင်းသမီးဘယ်သူကဖြင့်အကကောင်းတာစသဖြင့်အလှူရက်မရွေးခင်ကတည်းကဆိုင်းနဲ့
မင်းသမီးကိုနာမည်ရွေးပေးနေတတ်ကြတယ်။
ဆိုင်းနဲ့မင်းသမီးပြီးရင်နောက်ထပ်တခုကဘိသိတ်ဆရာလည်းငှားကြပါသေးတယ်။ဘိသိတ်ကတော့လူတိုင်းမထည့်ပါဘူး။သို့သော်
လည်းဆိုင်းနဲ့မင်းသမီးမှပါသေးရင်ဘိသိတ်ဆရာကဘယ်လောက်ကုန်မှာမို့လည်းမထူးပါဘူးထည့်လိုက်ပါဆိုရင်ထည့်ဖြစ်သွားတတ်
ပါတယ်။ကျုပ်တို့ရွာဘက်တွေကအလှူဘိသိတ်ဆိုရင်မင်းသမီးလည်းပါပါတယ်။ဘိသိတ်ဆရာတစ်ယောက်တည်းဘိသိတ်မြှောက်လေ့
မရှိပါဘူး။ဒါကြောင့်မင်းသမီးကောင်းမကောင်းဘိသိတ်ခန်းရောက်ရင်အဖြေသိရပါတယ်ဆိုပြီးတော့လည်းပြောတတ်ကြပါတယ်။
ဘိသိတ်ခန်းရောက်ရင်ညပိုင်းအငြိမ့်ခွင်မှာလိုဆိုချင်တာဆို၊ကချင်တာကလို့မရတော့ပါဘူး။တကယ့်ပညာရှင်ပီပီသီးချင်းကြီး၊သီချင်းခံ
နဲ့စည်းကျဝါးကျကရပါတယ်။ဘိသိတ်ဆရာကမင်းသမီးတို့တတ်အပ်တဲ့ပညာတွေစုံလင်အောင်တတ်မတတ်ဘိသိတ်ခန်းမှာမင်းသမီး
ကိုမေးပြီးဒိုးဆစ်တွေနဲ့အကခိုင်းပါတယ်။ဒါကြောင့်အလှူမှာဘိသိတ်ထည့်ဖို့ရည်ရွယ်ထားရင်မင်းသမီးငှားတဲ့စာချုပ်မှာလည်းဘိသိတ်
ခန်းအတွက်ပါထည့်ပြီးစာချုပ်ရပါတယ်။စာမချုပ်ခင်မင်းသမီးကိုဘိသိတ်ခန်းနိုင်မနိုင်မေးရပါသေးတယ်။ညပိုင်းအငြိမ့်နဲ့မောင်ရင်လောင်း
လှည့်တဲ့အခါကတာကသိပ်ပြီးပြဿနာမရှိသော်လည်းဘိသိတ်ခန်းမှာမကတတ်ရင်အရှက်ကွဲတတ်တာကြောင့်အငှားစာချုပ်မှာကတည်း
ကသေချာအောင်မေးပြီးစာချုပ်နဲ့ငှားရတာပါ။
ဘိသိတ်ခန်းမှာတော့ဆိုင်းကလည်းတကယ့်အနှစ်တွေကိုသာအသားပေးတီးသလို၊ဘိသိတ်ဆရာကလည်းသူတတ်သည့်ပညာနဲ့ဆိုပြော
ရင်းဆိုင်းကိုလည်းပညာစမ်း၊မင်းသမီးကိုလည်းပညာစမ်းနဲ့ဘိသိတ်ခန်းကြည့်ရတာလည်းတစ်မျိုးကောင်းပါတယ်။ဘိသိတ်ခန်းမှာလူတိုင်း
ဝမ်းနည်းစရာတခုကရှင်လောင်းတွေမိဘကန်တော့တဲ့အခန်းပါ။မိစုံဖစုံရှိတဲ့သူတွေတောင်မှအဲ့ဒီအခန်းရောက်ရင်မျက်ရည်ကျကြတယ်။
မိခင်ဖခင်စုံစုံလင်လင်မရှိတဲ့မောင်ရင်လောင်းဆိုပိုဆိုးပါတယ်။အဲ့ဒီခံစားမှု့ကတော့အလှူအ၀င်နေ့ဆိုင်းဝိုင်းရောက်လို့စပြီးဗြောတီးပြီဆို
ကတည်းကအရင်ကကွယ်လွန်သွားသူတွေကိုသတိရပြီးမျက်ရည်ကျကြတယ်။နောက်တခုကတော့ဘိသိတ်ခန်းသိမ်းခါနီးကိုရင်ဝတ်မည့်
ရှင်လောင်ကပရိတ်သတ်ထဲမှာသင်္ကန်းဖိုးလိုက်ပြီးအလှူခံတဲ့နေရာလေးပါရှင်လောင်းကသပိတ်လွယ်ပြီးဆိုင်းနောက်ထအကူအညီနဲ့
ပရိတ်သတ်ထဲလှည့်နေချိန်မှာဘိသိတ်ဆရာကဗောဓိရွှေကျောင်းသီချင်းကိုဆိုင်းဝိုင်းနဲ့တွဲပြီးသီဆိုပေးတော့ဘယ်ကိုလွမ်းလို့လွမ်းရမှန်း
မသိတဲ့ခံစားမှု့ကြီးကကြားရသူရောမြင်ရသူရောဝမ်းနည်းမှုကိုခံစားရစေပါတယ်။
မှတ်မှတ်ရရကျုပ်ဦးကြီးအလှူတုန်းကပိုဆိုးပါတယ်ဦးကြီးရဲ့ဇနီးကအလှူမတိုင်ခင်မှာပဲကွယ်လွန်ထားတော့ဘိသိတ်ခန်းနောက်ဆုံးပိုင်း
ရှင်လောင်းသင်္ကန်းဖိုးအလှူခံထွက်တဲ့အခါဗောဓိရွှေကျောင်းသီချင်းနဲ့ဆိုင်းဝိုင်းရဲ့တီးသံတွေကသေတဲ့သူကိုပိုပြီးသတိရစေပါတယ်။

ကျုပ်ညီဝမ်းကွဲမောင်ရင်လောင်းလည်းအလှူခံရင်းမျက်ရည်တွေကျလို့၊ပရိတ်သတ်တွေလည်းရှင်လောင်းကိုကြည့်ပြီးမျက်ရည်တွေကျ
နဲ့တကယ့်ကိုဝမ်းနည်းစရာကောင်းတဲ့အချိန်ပါ။
တချို့ကတော့ဘိသိတ်မထည့်ဘဲနေ့ခင်းပိုင်းမှာဆိုင်းနဲ့မင်းသမီးအငြိမ့်ကခိုင်းပြီးညနေပိုင်းကျမှအလှူရေစက်ချတရားနာယူလေ့ရှိပါတယ်
ညပိုင်းအငြိမ့်ခွင်ကိုတော့အလှူပထမနေ့(အလှူအ၀င်နေ့)ညမှာဖျော်ဖြေပါတယ်။မင်းသမီးမထွက်ခင်ဆိုင်းဆရာကလူကြီးကြိုက်၊လူငယ်
ကြိုက်စသဖြင့်ဆိုင်းပညာနဲ့ဧည့်ခံရပါတယ်။အဲ့ဒီနောက်မှမင်းသမီးထွက်ဖို့ဆိုင်းဝိုင်းကနရီချပေးပါတယ်။တချို့နာမည်ကြီးဆိုင်းတွေဆိုရင်
တော်တော်နဲ့မင်းသမီးမထွက်ရပါဘူး။ဆိုင်းကိုကြိုက်တဲ့ဆိုင်းဝါသနာအိုးတွေကသီးချင်းတွေတောင်းပြီးတီးခိုင်း၊ဆုငွေတွေချပြီးတီးခိုင်းနေ
ရင်ဆိုင်းဆရာလည်းမစားသာပါဘူး။မင်းသမီးဆိုလည်းဒီအတိုင်းပဲနာမည်ကြီးဆိုလိုကတော့မိုးလင်းချင်လင်းပါစေမထတမ်းကိုအားပေး
တတ်ကြတယ်။သီးချင်းတောင်းလိုက်၊ဆုငွေချလိုက်၊ဒိုးဆစ်ပေးပြီးကခိုင်းလိုက်နဲ့အပေးအယူကိုမျှနေတာပါပဲ။
ဒါကြောင့်ကျောက်ပန်းတောင်းကဆိုင်းနဲ့မင်းသမီးဆိုရင်လျှော့မတွက်ပါနဲ့။မင်းသမီးတိုင်းကျောက်ပန်းတောင်းကိုမခိုနိုင်သလို၊ဆိုင်းဆရာ
တိုင်းလည်းကျောက်ပန်းတောင်းမှာမကပ်နိုင်ပါဘူး။အဓိပ္ပာယ်ကတော့ဆိုင်းပညာမင်းသမီးပညာကောင်းကောင်းတတ်ကျွမ်းပါမှပွဲငှားသူ ရှိတာမို့တော်ယုံကတတ်တာနဲ့မလုံလောက်ပါဘူး။ဆိုင်းကောင်းမင်းသမီးကောင်းနဲ့ယဉ်ပါးနေတဲ့တောသူတောင်သားပရိတ်သတ်က လည်းဆိုင်းဝိုင်းဆိုအလှူအိမ်ရောက်လို့ဗြောခေါက်ကတည်းကအခြေအနေကိုခန့်မှန်းနိုင်သလိုမင်းသမီးဆိုလည်းယိုးဒယားကစပြီက
တည်းကသူ့ရဲ့ပညာကိုခန့်မှန်းတတ်ကြပါတယ်တစ်ခါတုန်းကဆိုချောက်ဘက်ကနာမည်ကြီးမင်းသမီးတလက်ရွာကပွဲတောင်းတဲ့

အကကိုမကပေးနိုင်လို့ငိုပြီးတောင်းပန်ရတဲ့အထိဖြစ်ခဲ့ဖူးပါတယ်။
ဆိုင်းနဲ့မင်းသမီးအတွက်လည်းဒီအလှူမှာတီးတာကတာရွာသူရွာသားတွေသဘောကျရင်နောက်နှစ်တွေအတွက်ပါအလားအလာ
ကောင်းပါတယ်။ဒါကြောင့်ကျောက်ပန်းတောင်းမြို့ပေါ်မှာဆိုင်းဘုတ်ချိတ်တဲ့ဆိုင်းနဲ့မင်းသမီးဆိုရင်ပရိတ်သတ်ရဲ့အစမ်းအသပ်ကိုခံနိုင်
ရည်ရှိတဲ့ဆိုင်းနဲ့မင်းသမီးလို့ပဲသာမှတ်လိုက်ပါ။လွန်ခဲ့တဲ့လေးငါးဆယ်နှစ်ကတော့၊ဆိုင်းဝိုင်းမှာဆိုရင်စိန်ခင်လှိုင်၊စိန်စတင်း၊စိန်ကိုလေး၊

စိန်းဒေါင်းတင်၊လှိုင်စတင်းစတဲ့ဆိုင်းဝိုင်းတွေကနာမည်ကြီးသလို့မင်းသမီးဆိုရင်လည်းမီမီကျော်၊သီတာမြင့်၊စန္ဒာအောင်၊ဇင်မာအောင်၊
ကြည်ကြည်နိုင်၊နန်းမြင့်နွယ်၊သက်ထားဇင်၊စတဲ့မင်းသမီးတွေကနာမည်ကြီးပါတယ်။ကျုပ်ကြည့်ဖူးတဲ့ကြည်ကြည်နိုင်ဆိုရင်ဇာတိက
လက်ပံပျားသူပါ။မင်းသမီးကရောမင်းသားကရောနှစ်မျိုးစလုံးရပါတယ်။နန်းမြင့်နွယ်ကကြည်ကြည်နိုင်ရဲ့သမီးပါ။သူလည်းသူ့အမေ

ခြေရာကိုမှီအောင်လိုက်ကနိုင်ပါတယ်။ဒါပေမဲ့သူကတဲ့မင်းသားအကတော့မတွေ့ဖူးပါဘူး။အငြိမ့်မင်းသမီးတွေအကြောင်းရေးရင်းနဲ့
အလှူကိုတောင်သတိရလာတယ်ဗျာ။တနေ့ကရွာမှာရှိတဲ့လေးလေးတွေဆီဖုန်းဆက်တော့ရွာမှာဒီနှစ်အလှူတွေရှိလားမေးလိုက်သေးတယ်။
ရှိပါ့တော်တဲ့။သုံးလှူများတောင်ဆိုပဲဗျာ။အလှူနဲ့ဝေးခဲ့တာလည်းလေးငါးဆယ်နှစ်ကြာပြီဆိုတော့ဒီခေတ်ဆိုင်းဝိုင်းနဲ့မင်းသမီးတွေကို
ကြည့်ချင်မိတယ်။
ကျောက်ပန်းတောင်းဆိုင်းနဲ့မင်းသမီးကအညာဒေသမှာတင်မဟုတ်ဘူးဗျ။တောင်ပေါ်ဒေသမှာလည်းနာမည်ကြီးတယ်။လွန်ခဲ့တဲ့သုံးလေးနှစ်က

လွိုင်ကော်နားမှာမြောက်ဘက်ရွာကအလုပ်သွားလုပ်ရင်းအဲ့ဒီမှာအိမ်ထောင်ကျပြီးအခြေတည်နေတော့သူတို့သားရှင်ပြုတဲ့အခါအညာထုံးစံအတိုင်း
လှူတာပေါ့။ဖျော်ဖြေရေးအတွက်ဆိုင်းနဲ့မင်းသမီးကိုလည်းကျောက်ပန်းတောင်းကပဲငှားပြီးညပိုင်းမှာအငြိမ့်နဲ့ဧည့်ခံပါတယ်။အညာမှာပွဲလုပ်တဲ့ပုံစံ
အတိုင်းရှေ့ပိုင်းဆိုင်းတီးနောက်ပိုင်းအငြိမ့်ကပေါ့။အဲ့ဒီမှာပရိတ်သတ်ကတုတ်တုတ်မျှမလှုပ်ဘဲအားပေးနေလို့နောက်ဆုံးဆိုင်းနဲ့မင်းသမီးကပဲပွဲကို
သိမ်းလိုက်ရတယ်တဲ့ဗျာ။
နောက်တစ်ပိုင်းမှအလှူရှင်လောင်းလှည့်တာနဲ့ကျွေးမွေးဧည့်ခံတာလေးတွေထပ်ပြောပြပါမယ်။ကျုပ်လည်းတစ်ယောက်ထဲပြန်တွေးရင်း

အခုလိုချရေးလိုက်တော့မသိသေးတဲ့သူတွေလညှ်းဗဟုသုတတိုးတာပေါ့ဗျာ။အခုရေးထားသမျှသည်ရွှေညာသားလေးတို့ရွာဘက်မှာမြင်
တွေ့ရတဲ့ရှင်ပြုအလှူပွဲများအကြောင်းသာလျှင်ဖြစ်ပါတယ်။တခြားအရပ်ဒေသရဲ့ထုံးစံတွေနဲ့တော့ကွဲလွဲတာမျိုးလေးတွေရှိနိုင်ပါတယ်။
အားပေးမှုကိုကျေးဇူးအထူးတင်ပါတယ်ဗျာ
ရွှေညာသားလေး
0 comments:
Post a Comment