အပင်ပေါ်ကခရမ်းကဆော့သီး... |
မြန်မာလိုရေးထားတဲ့ခရမ်းကဆော့ပါတဲ့စာသားအကုန်ကျလာပါတယ်...။ဒါနဲ့အပင်ပုံကိုလိုချင်တာဘယ်လိုရှာ
ရမှန်းမသိဘူး။အင်္ဂလိပ်လိုခေါ်တာလည်းမသိတော့ပွဲပြတ်ရောပဲ...။အဲ့ဒါနဲ့လူပြိန်းနည်းသုံးပြီးတော့ small eggplant ဆိုပြီးရိုက်ကြည့်တော့ခရမ်းသီးပုံတွေနဲ့အတူခရမ်းကဆော့ပင်ပုံလေးပါကျလာတာတွေ့လို့
ဝမ်းသားသွားပါတယ်။
ရွာမှာဆိုရင်တော့အပင်တွေပေါတယ်လေ...။တောထဲမှာလည်းရှိတာပဲ...အိမ်ခြံစည်းရိုးမှာလည်းခူးလို့ရတာမို့
အေးဆေးပဲပေါ့ဗျာ။စားချင်မှလိုသလောက်ခူးလိုက်ယုံပဲ။ခရမ်းကဆော့ပင်ကဆူးပါတယ်။အရွက်ကတော့ခရမ်း
ပင်နဲ့တူပါတယ်...။အပင်အရွယ်အစားကလူတစ်ရပ်ကျော်ကျော်လောက်ရှိတတ်ပါတယ်။တစ်ခါတလေလည်း
လက်ခုပ်တစ်ပေါင်ပေါ့ဗျာ...။အပွင့်လေးတွေကလည်းခရမ်းရောင်ဖျော့ဖျော့လေးပါပဲ။ခရမ်းပွင့်လောက်မကြီး
ပေမဲ့ခရမ်းပွင့်လိုပါပဲ...။ခရမ်းသီးနဲ့မတူတာကတော့ခရမ်းကဆော့ကအပင်မြင့်တာရယ်၊အပင်ကိုယ်ထည်နဲ့
အကိုင်းတွေမှာဆူးလေးတွေပါတာရယ်၊ခရမ်းကဆော့သီးကအခိုင်လိုက်သီးပြီးအရွယ်အစားအားဖြင့်အလုံး
လေးတွေပါ။ရုက္ခဗေဒသမားတွေကတော့ပိုပြီးတိတိကျကျသိမှာပေါ့ဗျာ...။ကျုပ်ကတော့မျက်စိနဲ့မြင်ဖူးတာကို
ပဲမှတ်ထားတာမို့သိသလောက်လေးတွေပြောပြတာပါ..။
ဈေးထဲကခရမ်းကဆော့သီး... :) |
သိသလောက်လေးပြောပြမယ်နော်...။ဗဟုသုတပေါ့...။
ကဆော့သီးအိုးကင်းတိုက်...“ကွန်းခိုရာ”မှ ယူခဲ့တာပါ... :) |
ခရမ်းကဆော့သီးကိုထောင်းစားမယ်ဆိုရင်အရင်ဆုံးခရမ်းကဆော့သီးလေးတွေကိုအညှာခြွေပြီးတော့မီးဖုတ်
ပါ။အသီးလေးတွေကသေးတော့မီးဖုတ်ရတာအဆင်မပြေရင်အိုးကင်းထဲထည့်ပြီးလှော်လိုက်ပေါ့ဗျာ။
ကျုပ်ကတော့ခရမ်းကဆော့သီးထောင်းမယ်ဆိုရင်အလုံးကြီးတာလေးတွေကိုရွေးပြီးခူးပါတယ်။ပြီးရင်
မီးဖိုထဲမှမီးခဲကိုဖယ်ပြီးပြာပူလေးကိုကျင်းလေးလုပ်ပြီးခရမ်းကဆော့သီးတွေထည့်ပါတယ်။ပြီးရင်အပေါ်ကနေ
ပြာပူနဲ့ပြန်ဖုံးပေးပါတယ်။အပေါ်မှာမီးခဲတွေပါတင်ပေးထားပြီးဆယ်မိနစ်လောက်ကြာတော့မီးခဲတွေပြန်ဖယ်
ထုတ်၊ပြာပူတွေကိုဖယ်ပြီးခရမ်းကဆော့သီးလေးတွေကိုမီးဖိုအပြင်ဖက်ယက်ထုတ်ပါတယ်။ငါးပိဆီးဖြူသီး
တစ်လုံးစာလောက်ကိုလည်းမီးခဲပေါ်မှာတင်ပြီးဖုတ်ပါတယ်။ခရမ်းကဆော့သီးကိုအိုးကင်းနဲ့လှော်
တာကတော့အလွယ်ဆုံးပေါ့...။မီးအုံးတာကတော့ပိုပြီးအနံ့မွှေးတယ်လို့ခံစားရလို့ဒုက္ခခံပြီးလုပ်တာပါ။
မီးအုံးပြီးသားခရမ်းကဆော့သီးတွေကိုပန်းကန်ပြားထဲမှာထည့်ပြီးပြာတွေကုန်အောင်လက်နဲ့ဖွဖွလေးပွတ်ပြီး
ဖယ်ထားပေးပါ။ကြက်သွန်ဖြူတစ်ဥ၊ငရုတ်သီးစိမ်း၊ငါးပိမီးဖုတ်ရယ်ကိုငရုတ်ဆုံမှာရောထောင်းပြီးညက်ရင်
မီးအုံးထားတဲ့ခရမ်းကဆော့သီးလေးတွေထည့်ထောင်းလိုက်ပါ။ဒါဆိုရင်တော့ငပိနံ့လေးသင်းနေတဲ့
ခရမ်းကဆော့သီးထောင်းမွှေးမွှေးလေးရပါပြီ။တတ်နိုင်ရင်တော့ပုစွန်ခြောက်လေးထည့်ထောင်းနိုင်ပါတယ်။
ကျုပ်တို့ရွာမှာပုစွန်ခြောက်ကလူချမ်းသာတွေစားတဲ့အစားအစာလို့ပဲမှတ်တာလေ။ဈေးပေါတဲ့ပုစွန်အပွခြောက်
လေးတွေတော့စားဖူးပါတယ်။ရွာမှာခေါ်တဲ့ဒုံးခြောက်ကိုတော့မိတ္ထီလာကျောင်းတက်တော့မှာအဒေါ်ကျွေးလို့
စားဖူးတာပဲ။
“ခ”စာရင်းဝင်အသီးလေးများ... :) |
နောက်တစ်မျိုးကတော့ခရမ်းကဆော့သီးကိုငါးပိနဲ့ကြော်စားကြပါတယ်။ထောင်းတာလောက်တော့လက်မ၀င်
ဘူးပေါ့ဗျာ။ကြော်မယ်ဆိုရင်ကြက်သွန်နီနှစ်လုံးလောက်ကိုအရင်ကြော်၊ကြက်သွန်နွမ်းတော့ငါးပိအနေတော်ထည့်
ငါးပိကျရင်ခရမ်းကဆော့သီးကိုအလုံးကွဲယုံလေးထောင်းပြီးထည့်၊စိတ်ရှည်တယ်ဆိုရင်တော့ဓားနဲ့ထက်ခြမ်းလေး
တွေခွဲပြီးထည့်လို့လည်းရပါတယ်။ကျုပ်ကတော့အစားအသောက်ဆိုစိတ်ရှည်တယ်။ဓားနဲ့သေချာလေးတစ်လုံးချင်း
ခွဲပြီးထည့်တယ်။ခရမ်းကဆော့သီးကျက်ပြီဆိုရင်ငရုတ်သီးအစိုဖြစ်ဖြစ်အခြောက်ဖြစ်ဖြစ်ကိုကြက်သွန်ဖြူလေးနဲ့
ရောထောင်းပြီးအုပ်လိုက်ပေါ့ဗျာ။အဲ့ဒါဆိုရင်တော့ထမင်းမြိန်စေတဲ့ခရမ်းကဆော့သီးကြော်မွှေးမွှေးလေးရပါပြီ...။
ဒီနေရာမှာလည်းပုစွန်ခြောက်ရှိရင်ထည့်ကြော်နိုင်ပါတယ်။
ဒါလေးကတော့ “ကွန်းခိုရာ“ဘလော့ကမလာတာပါ...ကဆော့သီးငါးပိချက် |
ခရမ်းကဆော့သီးမန်ကျည်းသီးစိမ်းချက်ကတော့ကျုပ်အသည်းစွဲဟင်းတစ်ခွက်ပါပဲ။ဟင်းချက်တာကတော့မခက်
ပါဘူး။မန်းကျည်းသီးကအမြဲတမ်းမရတာကခက်တာ။ခရမ်းကဆော့သီးကိုမန်ကျည်းသီးစိမ်းနဲ့ချက်မယ်ဆိုရင်
အရင်ဆုံးမန်းကျည်းသီးကိုညက်အောင်ထောင်းပါ။ဆားလေးနည်းနည်းထည့်ထောင်းရင်မန်ကျည်းသီးထောင်းက
အရောင်မပြောင်းပါဘူး။မဟုတ်ရင်တော့ထောင်းပြီးခဏကြာရင်ထောင်းပြီးသားမန်ကျည်းသီးကအနီရောင်ပြောင်း
သွားတတ်ပါတယ်။မန်ကျည်းသီးထောင်းပြီးရင်တော့ဟင်းစချက်လို့ရပါပြီ။ဒယ်အိုးထဲမှာခရမ်းချဉ်သီးသုံးလေးလုံး၊
ကြက်သွန်နီ၊ဆားငါးပိစတဲ့ဟင်းခတ်လေးတွေထည့်ပြီးဆီနည်းနည်းထည့်လက်ဆေးရေလေးနဲ့အရင်လုံးလိုက်ပါ။
ခရမ်းချဉ်သီးနဲ့အဆာပလာတွေကျက်ရင်ထောင်းထားတဲ့မန်းကျည်းသီးထည့်ပြီးကျအောင်ချက်ပါ။မန်ကျည်းသီး
နဲ့ချက်တာမို့ငါးပိကိုအနည်းငယ်ပိုထည့်မှအဆင်ပြေပါမယ်။မန်ကျည်းသီးကျက်ပြီးဆိုရင်ခရမ်းကဆော့သီးကို
အထက်မှာပြောသလိုပဲဓားနဲ့ထက်ခြမ်းခွဲလို့ဖြစ်စေ၊ငရုတ်ဆုံမှာအလုံးကွဲလေးထောင်းလို့ဖြစ်စေအဆင်ပြေသလို
လုပ်ပြီးထည့်ပါ။ပြီးရင်ဆယ်မိနစ်ခန့်မီးအေးအေးလေးနဲ့ဟင်းအိုးကိုအဖုံးအုပ်ပြီးချက်ပါရေလေးစပ်စပ်နဲ့နယ်စားလို့
ရမည့်ဟင်းတစ်ခွက်ပေါ့ဗျာ။ပြီးရင်တော့ငရုတ်သီးစိမ်းကိုသုံးပိုင်းချိုးပြီးလိုသလောက်ထည့်ပါ။
နောက်ဆုံးမှာတော့ပင်စိမ်းရွက်လေးအုပ်ပြီးတော့ဟင်းအိုးကိုမီးဖိုပေါ်မှချပါ။ဒီဟင်းနဲ့တွဲစားဖို့အတွက်ကတော့
ဒန့်သလွန်ရွက်ဟင်းချိုဖြစ်ဖြစ်၊ဖရုံရွက်ဟင်းချိုဖြစ်ဖြစ်၊ရွက်စိမ်းဟင်းချိုလေးကအလိုက်ဖက်ဆုံးပါပဲ။
ဘာအသားဟင်းမှမပါဘဲထမင်းမြိန်စေမည့်ဟင်းတစ်ခွက်ဖြစ်ပါတယ်။စာရေးရင်းသွာရည်တွေမြိုချရတာလည်း
အခါခါပဲ။ဖတ်တဲ့သူတွေတော့ဘယ်လိုနေမလဲမသိဘူးဗျ...။
ခရမ်းကဆော့သီးငါးပိချက်ဆိုရင်လည်းဒီအတိုင်းပါပဲ...။မန်ကျည်းသီးမထည့်တာပဲကွာပါတယ်။ကျန်တာကတော့
အတူတူပါပဲ။ခရမ်းကဆော့သီးငါးပိချက်ဆိုရင်တော့ပုစွန်ခြောက်လေးထည့်ရင်ကောင်းပါတယ်။ကျုပ်ချက်ဖူးတာ
ကတော့ပုစွန်ခြောက်မပါပါဘူး။ဒါပေမဲ့ပါရင်ပိုကောင်းမယ်ဆိုတာသိလို့ပါ...။
တို့စားရန်အသင့်... “ကွန်းခိုရာ” မှယူလာတာပါ... :) |
ခရမ်းကဆော့သီးကိုငါးပိရည်နဲ့တို့စရာအဖြစ်လည်းစားသုံးလို့ရပါသေးတယ်။တချို့ကတော့ပြုတ်ပြီးတော့တို့စား
ပါတယ်။ကျုပ်ကတော့အစိမ်းလိုက်တို့စားရတာကိုပိုပြီးနှစ်သက်ပါတယ်။တကျွတ်ကျွတ်နဲ့ဝါးစားရတာကိုသဘော
ကျလို့ပါ။အစိမ်းလိုက်စားတာကအရသာလည်းပိုရှိပါတယ်။အကြိုက်ချင်းမတူနိုင်တော့ကြိုက်နှစ်သက်သလိုစီမံ
ပါနော်..။ငါးပိရည်မဟုတ်ဘဲခရမ်းချဉ်သီးငါးပိချက်၊ငံပြာရည်ချက်စတာလေးတွေနဲ့တွဲဖက်ပြီးအတို့အဖြစ်စားသုံး
နိုင်ပါတယ်။အိမ်ဝိုင်းထဲမှာခရမ်ကဆော့ပင်တစ်ပင်လောက်ရှိရင်ဟင်းအတွက်အတော်လေးကိုအဆင်ပြေပါတယ်။
မစားရတာလည်းအတော်လေးကိုကြာပါပြီ...။ရွာကိုပြန်မရောက်တာလည်းကြာတော့ရွာချက်
ဟင်းလေးတွေကိုသတိရမိတယ်။
ရွှေညာသားလေးဆီကိုလာလည်ရင်းနဲ့တင်သမျှပို့စ်လေးတွေဖတ်ပြီးအနည်းငယ်သောဗဟုသုတလေးတွေရသွား
တယ်ဆိုရင်ရေးရကျိုးနပ်ပါတယ်ဗျာ...။အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီးကောင်းကျိုးလိုအင်ဆန္ဒတွေ
ပြည့်ဝကြပါစေ...။
လေးစားလျက်
မျိုးခန့်(စကားဝါမြေ)
0 comments:
Post a Comment